ဆောင်းပါး

ထူးထူးခြားခြား နေပြည်တော် ပျဉ်းမနားမြို့က မင်းဝင်တောင်ဘုရား

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် ပျဉ်းမနားမြို့ မင်းဝင်တောင်ပေါ်မှာ စိန္တာမုနိကျောင်းတိုက် ဆရာတော် အရှင် စန္ဒိမာသာရ တည်ထားတော်မူတဲ့ စေတီနဲ့ ဘုရားဆင်းတုတော်တွေဟာ အမည်ပေး ထူးခြားပြီး တမူကွဲပြားနေတဲ့ ဘုရားရုပ်တုတွေရဲ့ မုဒြာဟန်တွေကြောင့် ထေရဝါဒ အယူ အဆဆိုင်ရာ အငြင်းပွားမှုတွေ ရှိသလို ဒီဘုရားတွေကိုပဲ မြင်ဖူးချင်လို့ လာရောက် လေ့လာ ဖူးမျှော်ကြသူ တွေလည်း တော်တော်များများ ရှိနေပါပြီ။

ဒီဘုရားတွေကို တည်ထားတဲ့ မင်းဝင်တောင်ပေါ်က စိန္တာမုနိကျောင်းတိုက်ကို ဒီတပတ်ရုံးပိတ်ရက်ဖြစ်တဲ့ မေလ ၁၉ ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ ဘုရားရုပ်တုတွေရဲ့ မုဒြာဟန်ကွဲပြားနေမှုတွေ၊ အမည်ပေးထားပုံတွေကို တွေ့ရတော့ ပြီးခဲ့တဲ့ အပတ်က မန္တလေးမြို့မှာ အခုလို မုဒြာဟန်တွေကွဲနေတဲ့ ဘုရားတွေကို ပြန်လည်ပြုပြင်ဖို့ မြို့နယ်သံဃမဟာနယကရဲ့ ဆုံးဖြတ်ချက်ကို သွားသတိရမိပါတယ်။

ပျဉ်းမနားမြို့ မင်းဝင်တောင်ပေါ်မှာ စိန္တာမုနိကျောင်းတိုက်တွင် တည်ထားသော စေတီနှင့် ဗုဒ္ဓဆင်းတုတော်များ (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

မန္တလေး မြို့နယ်သံဃမဟာနာယက ဆရာတော်ကြီးတွေက ချမ်အေးသာစံ မြို့နယ် ၆၂ လမ်းနှင့် လမ်း ၃၀ ထောင့် ဝေပုုလ္လာရာမ မက္ခရာကျောင်းတိုုက် ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရစရိယာ ရုပ်တုတော်ကြီးဝင်း အတွင်း တည်ထားတဲ့ မုဒြာဟန် အမျိုးမျိုး ဗုဒ္ဓ ရုပ်ပွားတော်တွေဟာ ထေရဝါဒ သာသနာတော်နဲ့လည်း ကိုုက်ညီမှုမရှိ၊ ဗုုဒ္̔ဓဘာသာတွေရဲ့ အမြင်မှာလည်း တင့်တယ်မှု မရှိတဲ့ ရုပ်ပွားတော်တွေကို အများအမြင် ကြည်ညိုသပ္ပါယ်နိုင်ဖို့ ဒကာ၊ ဒကာမတွေကို ခေါ်ယူတွေ့ဆုံပြီး မိန့်ကြားခဲ့တာဖြစ်ပါတယ်။

အခုလည်း ပျဉ်းမနားမြို့ မင်းဝင်တောင် စိန္တာမုနိကျောင်းတိုက်မှာတွေ့ရတဲ့ ရုပ်ပွားတော်တွေရဲ့ မုဒြာဟန်တွေဟာ မန္တလေးက အဖြစ်တွေနဲ့ အတော်ဆင်နေတာကြောင့် သတိရမိသွားခြင်းဖြစ်ပါတယ်။

ပျဉ်းမနားမြို့ မင်းဝင်တောင်ပေါ်မှာ စိန္တာမုနိကျောင်းတိုက်တွင် တည်ထားသော စေတီနှင့် ဗုဒ္ဓဆင်းတုတော်များ (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

စိန္တာမုနိကျောင်းတိုက် ဆရာတော်ရဲ့ အဆိုအရတော့ ဒီဘုရားတွေဟာ ပုဂံခေတ်ကတည်းက ရှိခဲ့တာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ် ကာလမှာ မီးကွင်းခဲ့လို့ မီးကွင်း ဘုရားလို့ ခေါ်တဲ့ ဘုရား၊ ပိဋကတ် ၃ ပုံ သယ်ဆောင်လာတဲ့ ရှင်အရဟံနဲ့ အနော်ရထာ ဘုရင်ကြီးကို ကျေးဇူးတင်လို့ ဆောက်ပေး ထားတဲ့ စေတနာ နန်းတော်နဲ့ လူသားတွေ လောကီချမ်းသာရအောင် ပညာ၊ ဉာဏ်ပညာ၊ ခွန်အား ဗလ ပြည်စုံအောင် ရည်ရွယ်ချက်နဲ့ စေတီ၊ ဘုရားတွေကို တည်ထားကိုးကွယ်တာလို့ သိရပါတယ်။

လွှတ်တော်မြဲစေ၊ ပုလ္လင်မြဲစေ၊ အာဏာတည်စေ၊ ရာထူးတိုးစေ၊ မြန်မာပြည် ကျန်းမာချမ်းသာစေလို့ ပေးထားတဲ့ စေတီတွေ ကိုလည်း  တွေ့ခဲ့ရပြီး အဲဒီလို နာမည်ပေးထားတာ ကိုယ့်သဘောနဲ့ကိုယ် ပေးတာမဟုတ်ဘဲ ဒီလိုတွေ လုပ်ရမယ်ဆိုလို့ လိုက်လုပ်ရတာ ဖြစ် ကြောင်း၊ လွှတ်တော်မြဲစေလို့ ဆုတောင်းခဲ့လို့ ဒီမိုကရေစီရပြီး အုပ်ချုပ်နိုင်တာလို့ ဆရာတော်က မိန့်ပါတယ်။

ပျဉ်းမနားမြို့ မင်းဝင်တောင်ပေါ်မှာ စိန္တာမုနိကျောင်းတိုက်တွင် တည်ထားသော စေတီနှင့် ဗုဒ္ဓဆင်းတုတော်များ (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

“သူများတွေ စေတီ ၁ ဆူတည်ရင် နှစ်နဲ့ချီကြာတယ်။ ငါ ၄ နာရီပဲ ကြာတယ်။ ၉ မိနစ်နဲ့ တည်တဲ့ ဘုရားတောင် ရှိသေးတယ်။ သူဟာသူ မြန်နေတာတော့ မတတ်နိုင်ဘူး။ မင်းဆီကလည်း အလှူခံပြီး တည်တာ မဟုတ်ဘူး။ ဘယ်သူ့ဆီမှလည်း အလှူမခံဘူး”လို့ အရှင် စန္ဒိမာသာရက မိန့်ပါတယ်။

အဲဒီ မင်းဝင်တောင်ပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ကို အမှူးထားပြီး ဗိုလ်ချုပ် သိန်းနိုင်ရဲ့ အလှူ၊ သူရ ဦးရွှေမန်း နာမည် လှူထားတဲ့ ဘုရား၊ တိုင်းမှူး အမည်တွေ၊ အစိုးရ အရာရှိ အကြီးကြီးတွေ၊ ကုမ္ဗဏီကြီးတွေက လှူထားတဲ့ ဘုရားတွေ ရှိပြီး လက်ရှိ အာဏာရပါတီက လူပုဂ္ဂိုလ်တချို့ပါ ဆရာတော်ဆီ လာရောက် ဖူးမျှော်တယ်လို့လည်း သိရပါတယ်။

ပျဉ်းမနားမြို့ မင်းဝင်တောင်ပေါ်မှာ စိန္တာမုနိကျောင်းတိုက်တွင် တည်ထားသော စေတီနှင့် ဗုဒ္ဓဆင်းတုတော်များ (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

အဲဒီအထဲက စေတီ တဆူရဲ့ အမည်ဟာဆိုရင် အလှူရှင်ရဲ့ အမည်နဲ့ အတော်ကို တူနေတာ တွေ့ရပါတယ်။ အလှူရှင်နာမည်က မသီရိဆွေ ဖြစ်ပြီးတော့ စေတီရဲ့ အမည်ကတော့ “သီရိရွှေစင် စေတီရှင်” ပါတဲ့။ ပြီးတော့ တရားထိုင်တဲ့နေရာမှာလည်း ဝင်စမ၊ ထွက်စမတွေနဲ့ ထိုင်ရတာ ဖြစ်ပြီး ထူးခြားချက်ကတော့ မြှားလေးတွေအတိုင်း ဝင်ထွက်ရတာမျိုးတွေကြောင့် တခြားနေရာက ဘုရားတွေနဲ့ မတူတာကတော့ အမှန်ပါပဲ။

“သူတို့က ဗဟုသုတမရှိလို့ ဘုန်းဘုန်းကို တိုက်ခိုက်ကြတာ။ ဘုန်းဘုန်းက ဘာမှ မဖြစ်ဘူး။ သူတို့ပဲ ရှုံးသွားတာ။ ဒါမျိုး မရှိဘူး။ ဘုရား မဟုတ်ဘူးဆိုပြီး ပြောကြတယ်။ ဘုရားက လက်ကို အနောက်ပစ်ထားတယ်ဆိုပြီး ဝေဖန်ကြတာပေါ့။ ဘုန်းဘုန်းက စိတ်မဆိုးဘူး။ ပျဉ်းမနား လူတွေကလည်း တိုင်တယ်။ ဘုန်းဘုန်းက မလုပ်ပါဘူး။ ဘာမှလည်း အရေးယူစရာ မရှိပါဘူး။ ဒီဘုရားတွေကို ကိုးကွယ်ရင် ပီယသိဒ္ဓိ၊ ဒါနသိဒ္ဓိတွေ ရတာပေါ့။ ရန်တွေ ရှင်းတာပေါ့”လို့ ဆရာတော်က မိန့်ပါတယ်။

ပျဉ်းမနားမြို့ မင်းဝင်တောင်ပေါ်မှာ စိန္တာမုနိကျောင်းတိုက်တွင် တည်ထားသော စေတီနှင့် ဗုဒ္ဓဆင်းတုတော်များ (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

မီဒီယာတွေကလည်း ဒီဘုရားဆင်းတုတော်တွေ၊ စေတီတွေနဲ့ ပတ်သက်ပြီး ဖွကြတယ်လို့ ဆရာတော်က မြင်ပါတယ်။ နောက်ပိုင်းတော့ မီဒီယာတွေလဲ မလုပ်နိုင်တော့ကြောင်း အခုခေတ် လူငယ်တွေဟာ နေရာဒေသစုံ မရောက်ဘူးဘဲ ဝေဖန်နေကြတာပဲလို့ ဆရာတော်ကပဲ မိန့်ပါတယ်။

အဲဒီ မင်းဝင်တောင်ပေါ်မှာ စေတီ၊ ဘုရားပေါင်း ၂၀၀ ကျော်ရှိပြီး တနိုင်ငံလုံးမှာဆိုရင် စေတီ၊ ဘုရား ၃၂၀၀ ကျော် တည်ပြီးပြီလို့ သိရပါတယ်။

ပျဉ်းမနားမြို့ မင်းဝင်တောင်ပေါ်မှာ စိန္တာမုနိကျောင်းတိုက်တွင် တည်ထားသော စေတီနှင့် ဗုဒ္ဓဆင်းတုတော်များ (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

“မနှစ်ကလည်း ပိဋကတ် ၃ ပုံ နန်းတော် တည်တယ်။ ဝါဝါဝင်း၊ ရာဇာဝင်း တည်တယ်။ ဘုရားနီကို မွမ်းမံတာပေါ့။ သစ္စာဆို တည်ထားတဲ့ ဘုရားတွေချည်းပဲ။ မသိဘဲနဲ့ ဝိုင်းတိုက်ခိုက်ကြတယ်။ ဖေ့ဘုတ်တင်တဲ့ကောင်တွေလည်း စီးပွားရေးတွေကျကုန်ပြီ။ သာသနာရေး ဦးစီးဌာနကလည်း လာစစ်သေးတယ်။ လူတွေက ငယ်ငယ်လေးတွေပါ။ ခက်တယ်” လို့ ဆရာတော်က မိန့်ပါတယ်။

မင်းဝင်တောင်ပေါ်က စိန္တာမုနိကျောင်းတိုက်ကို လာသမျှ ဒကာ၊ ဒကာမတွေကို စတုဒီသာ ထမင်း၊ ဟင်းတွေနဲ့ ဧည့်ခံ ကျွေးမွေး ပါတယ်။ ဒီထမင်းစားရင် အန္တရာယ်ကင်း၊ ကျန်းမာရေး ကောင်းတယ်လို့ ယုံကြည်ကြလို့ တချို့ဆိုရင် သပ်သပ်ကို လာရောက် စားသောက်နေကြသူတွေလည်း ရှိပါတယ်။

ပျဉ်းမနားမြို့ မင်းဝင်တောင်ပေါ်မှာ စိန္တာမုနိကျောင်းတိုက်တွင် တည်ထားသော စေတီနှင့် ဗုဒ္ဓဆင်းတုတော်များ (ဓာတ်ပုံ – ထက်နိုင်ဇော်၊ ဧရာဝတီ)

ဆရာတော်ကတော့ သူဟာ သမ္မာသမ္ဗုဒ္ဓ ဆုပန်ထားတယ်လို့ ဧရာဝတီကို မိန့်ကြားပြီး ဝါတော် ၃၀၊ သက်တော် ၈၀ ရှိပြီ ဖြစ်ကြောင်း၊ သူ ဘုရားတည်တော့မယ်ဆိုရင် အလှူခံစရာ မလိုဘဲ အုတ်သဲကျောက် လှူမယ့်သူတွေ အလိုလို ပေါ်လာကြောင်း ဆရာတော်က မိန့်ဆိုခဲ့ကြောင်းပါ .

ဆက်စပ် ဖတ်ရှုရန် – မန္တလေးက မုဒြာဟန်အမျိုးမျိုး ဗုဒ္ဓရုပ်ပွားတော်များ ပြန်လည်ပြုပြင်ရန် သံဃနာယက ဆရာတော်များ မိန့်ကြားပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading