ဦးနှောက် အသိဉာဏ်ဟာ
အပြောင်းအလဲ အတွက်
စွမ်းဆောင်ရည် ဖြစ်တယ်။
စတီဖင် ဟော့ကင်း
မကြာသေးခင်က ကွယ်လွန်သွားတဲ့ မျက်မှောက်ခေတ်ရဲ့ ဉာဏ်ကြီးရှင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင် စတီဖင် ဟော့ကင်း (Stephen Hawking) ရဲ့ ပြောစကား တရပ် ဖြစ်ပါတယ်။
ထူးခြားတာကတော့ စတီဖင် ဟော့ကင်းဟာ နှစ်ပေါင်းများစွာ ဘီးတပ် ကုလားထိုင်နဲ့သာ သွားလာ လှုပ်ရှားခဲ့ရတဲ့ မသန်စွမ်း တဦးလည်း ဖြစ်နေခြင်းပါပဲ။
အဲဒီ စတီဖင် ဟော့ကင်း ပြောကြားခဲ့ဖူးတဲ့ စကားကို အမှတ်ရစေတဲ့ အတွေ့အကြုံ တခု၊ စတီဖင် ဟော့ကင်းကိုလည်း အမှတ် ရစေတဲ့ အတွေ့အကြုံ တခု ရှမ်းပြည်နယ် အင်းလေး ဒေသ ရောက်ခဲ့စဉ် တွေ့ကြုံခဲ့ရပါတယ်။
အောင်ပန်းမြို့မှာ မေလ ၁၀ ရက်က ကျင်းပတဲ့ ကဗျာဆရာကြီး ဒဂုန်တာရာ ရာပြည့် အကြို မွေးနေ့ပွဲကို စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ အတူ သွားရောက်ရင်း အင်းလေး ဒေသကို ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
အင်းလေးကန် ဟဲယာရွာမမှာရှိတဲ့ အင်းဝန်ကြီး ဒေါက်တာ ထွန်းလှိုင်က မွေးနေ့ပွဲလာ စာရေးဆရာ၊ ကဗျာဆရာ တချို့ ကို စားဖို့၊ နေဖို့ တာဝန်ယူတယ် အလည်လာစေချင်တယ် ဆိုတဲ့ ဖိတ်ကြားချက်နဲ့ အင်းလေးကို ရောက်ခဲ့ရတာပါ။
ဟဲယာရွာမကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက ရောက်ရောက်ချင်း ခေတ္တနားပြီး မိနစ် ၂၀ ၊ ၂၅ မိနစ်လောက် စက်လှေ စီးသွားရတဲ့၊ ရှေးဟောင်း ဘုရား စေတီ ပုထိုးတွေ ရှိတယ်ဆိုတဲ့ အင်းတိန် ရွာဘက်ကို စာရေးဆရာ၊ ကဗျာဆရာ တချို့ နဲ့ အတူ အလည်အပတ် သဘော သွားရောက်ခဲ့ပါတယ်။
အဲဒီရွာမှာ ရှိတဲ့ ရွှေအင်းတိန် ဘုရားက နှစ်ပေါင်း ထောင်ချီ သက်တမ်း ရှိပြီး ရှေးဟောင်း အရန်စေတီ ဘုရားပေါင်း ၁၀၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။
အင်းတိန်ကို သွားတဲ့ ခရီးဟာ ချောင်းကလေး တခုသဖွယ်၊ တူးမြောင်းကလေး တခုသဖွယ်ကနေ သွားရတဲ့၊ ရေတွေ မို့မောက် နေတဲ့ ရေလမ်းခရီး တခု ဖြစ်ပါတယ်။
အခုတခေါက် အင်းလေး ကန်ကို ရောက်တဲ့အချိန်ဟာ ကန်ထဲမှာ ရေတွေက အရင်နှစ်တွေတုန်းကထက် ပိုများလာ တယ် လို့လည်း တွေ့မြင် ခံစားရပါတယ်။
စီးလာတဲ့ စက်လှေ အင်းတိန် နယ်နိမိတ် အဝင်ကနေ စပြီး သတိထားမိတာကတော့ အင်းတိန်ရွာ တရွာလုံး ဝါးတောတွေ နဲ့ စိမ်းစို နေတာကိုပါပဲ။ ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ ဂျပန်နိုင်ငံက ဝါးတောတွေ၊ တရုတ်နိုင်ငံက ဝါးတောတွေကို သတိရစေ ပါ တယ်။
စက်လှေ ကပ်ရတဲ့ ဆိပ်ခံတံတား နေရာကလည်း အထင်ကရ ရွှေအင်းတိန် ဘုရား မုခ်ဝ ရှေ့မှာပဲ ဖြစ်ပါတယ်။ ရောက် ရောက် ချင်း ဆိုသလို အင်းတိန် ဆည်ဘက်ကို သွားကြည့်ကြပါတယ်။ စက်လှေလာရာ လမ်းကြောင်းက အင်းတိန် ဆည် က လွှတ်လိုက်တဲ့ ရေတွေနဲ့ ဆက်နေတာပါ။
အင်းတိန်ဆည်ကနေ လွှတ်ထားတဲ့ ရေတွေ စီးကျနေပုံကလည်း ရေတံခွန် အငယ်စားလေး တခုလို ဖြစ်နေလို့ ရေဆင်း ချိုးတဲ့ လူတွေ၊ ရေဆော့နေတဲ့ လူတွေလည်း ရှိပါတယ်။ ဆည်နားနီးတဲ့ ရေတွေ ကလည်း ကြည်စိမ်းလို့နေပါတယ်။
အတူလာတဲ့ အဖော်တချို့က ရွှေအင်းတိန် ဘုရားဘက်ကို သွားနှင့်ပြီ ဖြစ်လို့ ဒေသခံ တဦးကို မေးပြီး ရွာပတ် လမ်းကနေ ရွှေအင်းတိန် ဘုရားစောင်းတန်းကို လမ်းခုလတ်က ဖြတ်ဝင်လိုက် မိပါတယ်။
စောင်းတန်းထဲမှာ မင်းသား၊ မင်းသမီး၊ ဇော်ဂျီ၊ ဘီလူးရုပ် စတဲ့ အရုပ်ကလေးတွေ၊ ဘုရားဆင်းတု အပါအဝင် ရှေးဟောင်း ပစ္စည်းလို့ ယူဆရတဲ့ ရုပ်တု ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေ၊ ရွှေချည်ထိုး လက်ရာတွေ၊ ရိုးရာ အဝတ် အထည် တွေနဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေကို တွေ့မြင်ရပါတယ်။
ဒေသခံ အမျိုးသမီးတဦးကို တွေ့လို့ စောင်းတန်း အရှည် ဘယ်လောက်ရှိလဲလို့ မေးကြည့်တော့ ၃ ဒသမ ၃ ဖာလုံ ရှည်ပြီးတော့ တိုင်ပေါင်း ၄၀၃ တိုင်ရှိတယ်လို့ ပြန်ဖြေပါတယ်။ ဘုရားပေါ်က ကမ္ပည်းမှတ်တမ်း တခုမှာတော့ စောင်းတန်း အရှည်က ပေ ၂၂၀၀ ကျော် ရှိတယ်လို့ တွေ့ခဲ့ရပါတယ်။
ဘုရားပေါ်တက်ဖို့ လျှောက်လာရင်း စောင်းတန်းတနေရာမှာ ယွန်းခွက်၊ ယွန်းဘူး လေးတွေ ခင်းကျင်း ထားတဲ့ ဆိုင်သေးသေး တဆိုင်ကို တွေ့ရပါတယ်။
ယွန်းပစ္စည်းလေးတွေကို စိတ်ဝင်တစား ကြည့်မိရင်း ခြေထောက် တဖက်မှာ စုတ်တံညှပ်ပြီး ယွန်းခွက်လေး တခု ပေါ် ဆေးခြယ်နေသူကို သတိ ထားမိလိုက်ပါတယ်။
အဲဒီ ဆေးခြယ်နေသူကို ကြည့်လိုက်တော့ ပိုစိတ်ဝင်စားသွား မိပါတယ်။ သူ့မှာ လက် ၂ ဘက်လုံး အသုံးပြုလို့ မရအောင် ချို့ယွင်း နေပါတယ်။ အဲဒီ အပြင် ညာခြေထောက်ကလည်း ခြေသလုံး အောက်ပိုင်း မရှိပါဘူး။
သူ ခုနက ယွန်းခွက်ကလေးကို ခြေသလုံး အောက်ပိုင်းမရှိတဲ့ ညာခြေနဲ့ ထိန်းပြီး ဘယ်ဘက် ခြေထောက်နဲ့ ဆေးခြယ် နေခြင်း ဖြစ်ပါတယ်။
ဓာတ်ပုံ ရိုက်လို့ ရမလား လို့ အဲဒီ ဆေးခြယ်နေသူကို မေးလိုက်တော့ သူက ရပါတယ်လို့ ပြုံးပြီး ပြောပါတယ်။
သူ ဆေးခြယ်နေပုံတွေ၊ ယွန်းဘူးလေးတွေ၊ ယွန်းခွက်လေးတွေကို ဓာတ်ပုံ ရိုက်ယူရင်း မေးခွန်း တချို့ကိုလည်း မေးကြည့် လိုက်မိပါတယ်။
ဒီ ယွန်းပန်းချီ ပညာကို ဘယ်လို သင်ယူ တတ်ခဲ့တာလဲ ဆိုတော့ အဖေ့ဆီက အရင် ပန်းချီ အခြေခံသင်ပြီးနောက် တနှစ်လောက်သာ သင်ယူခဲ့ရတာလို့ ပြန်ဖြေပါတယ်။
သူက ပြုံးပြီး ပြောနေသလို သူ့အသံကလည်း သိမ်မွေ့နူးညံ့ပါတယ်။
အဲဒီလို ပြောဆို မေးမြန်းနေစဉ်မှာပဲ နိုင်ငံခြားသား တချို့ကလည်း သူ့ဆိုင် ရှေ့ကို ရောက်လာပြီ စိတ်ဝင်တစား ကြည့်ရှု လေ့လာကြပါတယ်။
နိုင်ငံခြားသား တဦးက သူ့လက်ရာ ယွန်းဘူးလေး တဘူးကို ယူကြည့်ရင်း ကျပ် ၈၀၀၀ နဲ့ ဝယ်ယူလိုက်ပါတယ်။ ပြီးတော့ သူနဲ့ သူ့ဆိုင်လေးကို ဓာတ်ပုံတွေလည်း ရိုက်ယူပါတယ်။
အဲဒီလို သူတို့ ရဲ့ ဆက်ဆံ လှုပ်ရှားမှုတွေကိုလည်း ဓာတ်ပုံ မှတ်တမ်း ယူထားလိုက်ပါတယ်။
နိုင်ငံခြားသားတွေ သူ့ဆိုင်က ထွက်သွားပြီးတော့မှ သူ့အမည်ကို မေးလိုက်ရပါတယ်။
သူ့အမည်က ကိုထွေး လို့ ခေါ်ပါတယ်လို့ သူက အသံတိုးတိုးနဲ့ပဲ ပြန်ဖြေပါတယ်။
ကိုထွေးက ဒီဘုရားစောင်းတန်းမှာ ယွန်းပန်းချီ၊ ယွန်းပစ္စည်းလေးတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာ ၁၈ နှစ် လောက် ရှိပြီလို့လည်း ပြောပြပါတယ်။
သူ့မှာ ဖခင် မရှိတော့ ပါဘူး၊ ကျောင်း ပညာကိုလည်း မူလတန်း အဆင့်သာ သင်ကြားဖူးပြီး မိခင်အိုကြီးနဲ့ အမေတခု သားတခု ဘဝကို ရိုးဖြောင့်စွာ ဖြတ်သန်းနေသူပါ။ အခုတွေ့တဲ့ အချိန်မှာ သူ့ အသက်က ၄၀ ရှိနေပြီတဲ့။ လက်ရှိ သူ နေထိုင်ရာ အိမ်ကတော့ ဟဲယာရွာမမှာလို့လည်း သူက ပြောပြပါတယ်။
ကိုထွေးရဲ့ ဘဝ ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ သူ့ရဲ့ ကြိုးစား ရုန်းကန်မှုတွေ၊ စိတ်ဓာတ် ခံယူချက်နဲ့ ဘဝ ဒဿန တွေကို ပြည့်ပြည့်စုံစုံ မေးမြန်းပြီး ဓာတ်ပုံမှတ်တမ်း၊ ရုပ်သံ မှတ်တမ်းတွေ ပြုလုပ်ချင်ပေမယ့်လည်း အဖွဲ့နဲ့ လာရလို့ အချိန် နည်းပါး နေတဲ့အတွက် အနည်းအကျဉ်းပဲ မေးမြန်း သိခွင့် ရခဲ့ပါတယ်။
ကိုထွေးရဲ့ ဆိုင်ကနေ ထွက်ခွာလာပြီးတဲ့ အခါမှာတော့ အတွေးတချို့ ခေါင်းထဲဝင်ရောက် လာခဲ့ပါတယ်။
သိပ္ပံပညာရှင် စတီဖင် ဟော့ကင်း ဟာ ရေခံမြေခံ ကောင်းတဲ့ ပညာတတ်၊ ပညာရှင် အသိုင်းအဝိုင်း၊ တတ်နိုင်တဲ့ အသိုင်း အဝိုင်းက မွေးဖွား ရှင်သန်လာသူ ဖြစ်ပါတယ်။
ကိုထွေးကတော့ မသန်စွမ်းတဦး ဖြစ်ပြီး မပြည့်စုံတဲ့ ဘဝပေး အခြေအနေကို လက်ခံကာ အရှုံးမပေးစတမ်း စိတ်ဓာတ် နဲ့ ရှင်သန်နေရတယ် ဆိုတာ ထင်သာ မြင်သာ ရှိလှပါတယ်။
ပြီးတော့ အေးမြတဲ့ ဘာသာ သာသနာရဲ့ အရိပ်မှာ ခိုလှုံရင်း ပန်းချီ အနုပညာနဲ့ သန့်စင်စွာ အသက်မွေးမှုပြုပြီး သူတတ်စွမ်း သလောက် အမေအိုကို လုပ်ကျွေးနေသူလည်း ဖြစ်ပါတယ်။
လောကမှာ ကိုယ်လက် အင်္ဂါ ပြည့်စုံ ရဲ့သားနဲ့ ခွက်ဆွဲ တောင်းစားနေသူ အတုအယောင်တွေ၊ သူတပါးကို မှီခိုပြီး အနေချောင် အစားချောင် အချောင်လိုက် နေထိုင်တဲ့ အချောင်သမား အခွင့်အရေး သမားတွေ၊ အခွင့်ထူးခံတွေ များစွာ ကြုံဖူးကြ မှာပါ။
ကိုထွေးကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ ဘဝနဲ့ ရှင်သန် နေထိုင်ရသူ ပါ။ ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ အရှင်သခင် ဖြစ်နေသူဟာ ကိုထွေးလို လူမျိုးပဲလို့ ဆိုချင်ပါတယ်။
ဒါကြောင့် အင်းတိန်ကို သွားခဲ့ရတဲ့ ခရီးစဉ်ဟာ ဘဝအားမာန်နဲ့ စိတ်ပီတိကို ရရှိစေတဲ့ ခရီးစဉ်လို့လည်း ဆိုလိုက်ချင်ပါ တယ်။ ။