ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့သွားရာ လမ်းဘေးရှိ အိမ်လေးတလုံးတွင် ကျေးရွာ အုပ်ချုပ်ရေးခေါင်းဆောင်များနှင့် အမျိုးသမီးတချို့ ကြမ်းပြင်ပေါ်တွင်ထိုင်နေကြသည်။ သားရေကွင်းကို လက်ချောင်းများတွင် ရစ်ပတ် ဆော့ကစားနေသော ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း သူတို့နှင့်အတူ ရှိနေသည်။
ဤကလေး အပါအဝင် မူလတန်းကျောင်းသူ ၄ ဦး ရွာ၏ တပါးတည်းသော ဘုန်းကြီး၏ ကျောင်းတွင် လပေါင်းအတန်ကြာ သွားရောက်နေထိုင်စဉ် လိင်ကျွန်ပမာ ပြုမူခံရမှုများအကြောင်းကို ၎င်းတို့က ဝမ်းနည်းတုန်လှုပ်စွာ ပြောပြနေကြသည်။
ကလေးများ နေ့ခင်းဘက်တွင် စာသင်ကျောင်းသွား၊ ကျောင်းဆင်းလျှင် အနီးရှိ ဘုန်းကြီးကျောင်းသို့ ပြန်ကာ ဝေယျာဝစ္စ လုပ်ကိုင်၊ စာကျက်၊ အိပ်စက်နေသည်ဟု တမိုင်ခန့်အကွာမှ မိဘများက ယူဆခဲ့ကြသည်။ အံ့သြထိတ်လန့်ဖွယ် ဖြစ်ရပ်များအကြောင်းက ကလေးများ နွေကျောင်းပိတ်ရက်အိမ်ပြန်ရောက်ပြီး ရက်အတန်ကြာမှ ပေါ်ပေါက်လာသည်။
ကလေးတို့၏ ဖြစ်ရပ်အကြောင်း ရုတ်တရက် ကြားလိုက်ရသည့်နေ့ကဆိုလျှင် လွန်စွာ စိတ်ဆိုး၊ ဒေါသ ဖြစ်ခဲ့ရပြီး ဘုန်းကြီးကျောင်းသို့ အရောက်ပြေးသွားရန်ပင် စဉ်းစားမိသည်ဟု ဆယ်နှစ်သမီး၏ မိခင်က ဆိုသည်။
“လူဆိုရင်တော့ အဲ့ဒီနေ့ကတည်းက ဓားနဲ့ တက်ခုတ်တယ်။ ဘုန်းကြီးဆိုတော့ လုပ်လို့မရဘူးလေ” ဟု ဆယ်နှစ်သမီး၏ မိခင်က မချိတင်ကဲပြောသည်။
မူလတန်းကျောင်းတက်နေသည့် မိန်းကလေးများ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းမှာ မိသားစုများ ဆင်းရဲနွမ်းပါးမှု၊ ယုံလွယ်မှုတို့ကြောင့် ဖြစ်ကြောင်း ထိုကလေးတို့၏ မိဘအုပ်ထိန်းသူများက ပြောကြသည်။
ချို့တဲ့၊ ပညာမဲ့ခြင်း
ဆယ်နှစ်သမီး၏ အိမ်သည် စာသင်ကျောင်းနှင့် တမိုင်ဝန်းကျင် ကွာဝေးသည်။ စက်ဘီးဝယ်စီးနိုင်လျှင်ပင် ထိုလမ်းမှာ ကုန်းတက်ကုန်းဆင်းများသဖြင့် သွားလာရ ခက်ခဲလှသည်။ မိသားစု တနေ့ဝင်ငွေမှာ ထောင်ဂဏန်းအနည်းငယ်မျှဖြစ်သောကြောင့် ဆိုင်ကယ်တက္ကစီဖြင့် ကျောင်းပို့ရန် မစဉ်းစားကြချေ။
ဤအခြေအနေတွင် ဘုန်းကြီးက ၎င်းထံသို့ ကလေးပို့ထားရန် ကမ်းလှမ်းခဲ့ရာ မိဘတို့က ရင်သွေး ၅ ဦးထဲမှ အကြီးဆုံးဖြစ်သော ဆယ်နှစ်သမီးကို ဘုန်းကြီးကျောင်းသို့ ဝမ်းသာအားရ ပို့လိုက်သည်။
ပုသိမ်မြို့မှ ၁၉ မိုင်ခန့် ဝေးကွာသည့် ရေသိုးရွာရှိ ၎င်းတို့၏ ဆယ်ပေပတ်လည် တဲအိမ်ငယ်သည် အမိုးအကာ စုံလင်ခြင်း မရှိပေ။ ဒေသခံ အများစုကဲ့သို့ ထင်းခုတ်၊ မီးသွေးဖုတ် အပါအဝင် ကျပန်းအလုပ်မျိုးစုံ လုပ်ကိုင်ကြသည်။ အလုပ်အကိုင် စုံလင်သော်လည်း ဝင်ငွေနည်းလှသောကြောင့် ပင်လယ်ငါးဟင်း ချက်သည့်နေ့သည် မိသားစုအတွက် အပျော်ရွှင်ဆုံးနေ့များထဲတွင် ပါဝင်သည်။
နောက်ထပ်ကလေးတဦးမှာ ရေသိုးမှပင် ဖြစ်ပြီး ၁၂ နှစ်အရွယ် ရှိပြီဖြစ်သည်။ မိသားစုဝင် ၄ ဦးသာရှိသော သူတို့အိမ်သည် တခြားအိမ်များထက် ပိုမို အမြင်တင့်တယ်နေသောကြောင့် ဝင်ငွေပိုကောင်းသည့် မိသားစုဟု ထင်စရာရှိသည်။ သို့သော်လည်း သူ၏ မိဘများသည် အခြားသော ဒေသခံများနည်းတူ ရုန်းကန်နေရသူများပင်။
အိမ်နှင့် ဝေးကွာစဉ် ကြမ္မာဆိုးကြုံခဲ့ရသူများထဲမှ အခြား နှစ်ဦးမှာ ရေသိုးရွာနှင့် တမိုင်ခန့်ဝေးသည့် နေရာတွင် နေထိုင်ကြသူများ ဖြစ်သည်။ မဒေါ့ကုန်းရွာမှ အဆိုပါ ၁၄ နှစ်နှင့် ဆယ်နှစ်အရွယ် ညီအစ်မ၏ မိသားစုသည်လည်း နေ့စဉ် ဝင်ငွေ ၃ဝဝဝ မှ ၅ဝဝဝ ကျပ် ကြားသာရှိသည့်အတွက် ၎င်းတို့ကျောင်းတက်စရိတ် မလွယ်ကူပေ။
၎င်းတို့၏မိဘများက ဦးနန္ဒသီရိကို ဘုန်းကြီးမဖြစ်ခင်က ရင်းနှီးခဲ့ဖူးခြင်း၊ ကျောင်းစရိတ် တာဝန်ယူမည်ဟု သဘောတူခြင်းတို့ကြောင့် သမီးနှစ်ဦးကို ယုံကြည်စွာ အပ်နှံခဲ့သည်ဟု ဆိုသည်။
ဤသို့ဖြင့် မိန်းကလေးများသည် ပညာရေးအတွက် မိဘအိမ်မှ စိတ္တသုခဘုန်းကြီးကျောင်းသို့ သွားရောက်နေထိုင်ကြသူများ ဖြစ်လာသည်။
ရွာထိပ် ရေသိုးချောင်းအနီး မြေ ၂ ဧကပေါ်တွင် တည်ရှိသည့် ထိုကျောင်းအတွင်း ပေ ၂ဝ ပတ်လည်ခန့်ရှိမည့် သစ်သား ကျောင်းဆောင်တွင် သူတို့ နေထိုင်ကြသည်။ ပျဉ်ခင်းထားသော ထိုကျောင်းဆောင်တွင် သီးသန့်ဖွဲ့ထားသော အခန်းတခန်းရှိရာ ကျက်သရေခန်းဟု ခေါ်ကြသည်။ ညဘက်ရောက်လျှင် ဘုန်းကြီးက ထိုအခန်းအတွင်း၊ မိန်းကလေးများက အခန်းအနီး၊ ကိုရင်တပါးနှင့် ယောကျ်ားလေးများက မလှမ်းမကမ်းတွင် အိပ်စက်ကြသည်ဟု ဆိုသည်။
ကျက်သရေခန်း ဆိုသည်မှာ ဘုန်းကြီးကျောင်းတွင် အစားအစာနှင့် အခြား အလှူခံရရှိထားသော ပစ္စည်းတချို့ သိုလှောင်သည့်နေရာဖြစ်သည်။ သို့သော်လည်း မိန်းကလေးများအတွက်မူ ထိုအခန်းသည် မကြာခဏဆိုသလိုပင် ငရဲခန်း ဖြစ်လာခဲ့သည်။
ငရဲခန်း
၂ဝ၁၇ ဇွန်လ ကျောင်းစတက်ကြပြီး တပတ်ခန့်အကြာတွင် ဘုန်းကြီးက ၎င်းတို့ကို စတင် လိင်ဆက်ဆံခဲ့သည်ဟု ဆိုသည်။ နေ့ညမရွေး ၎င်းလိင်ဆက်ဆံလိုသည့်အခါတိုင်း “ရဲဘော်တို့ … မာဆတ်” ဟုဆိုကာ နှစ်ယောက် သုံးယောက်ခန့်ကို ခေါ်နှိပ်ခိုင်းသည်၊ ထိုတကြိမ်အတွက် သူ၏ သားကောင် ဖြစ်လာမည့်သူမှာ အခန်းထဲမှ နောက်ဆုံးထွက်ရသူဖြစ်သည်ဟု မိန်းကလေးတို့၏ ပြောဆိုချက်အရ သိရသည်။
နေ့ခင်းဘက် အနိုင်ကျင့်မှုများမှာ ယောကျ်ားလေးတို့ ကျောင်းအပြင်ဘက်တွင် ဆော့ကစားလေ့ရှိသည့် အချိန်တွင် ဖြစ်ပေါ်တတ်ပြီး ကျောင်းဆောင်အတွင်း ဝင်လာပါကလည်း နှင်ထုတ်ခံရသည်ဟု ဆယ်နှစ်သမီးက ပြောသည်။
“ကျောင်းပေါ်တက်လာရင် မင်းတို့ခြေထောက်က သဲတွေနဲ့၊ ကျောင်းပေါ်မတက်နဲ့၊ သွား … မင်းက ထမင်းသွားချက်၊ ရေသွားခပ်ဆိုပြီး သူလုပ်ချင်တဲ့ တယောက်ကို ခေါ်ထားတယ်” ဟု ဆယ်နှစ်သမီးက ပြောပြပြီး သက်ပြင်းရှည်တချက် ချလိုက်သည်။
အဓမ္မပြုကျင့်စဉ် အခြားတဦးကို ကင်းစောင့်ခိုင်းထားကြောင်း၊ မိဘများကို အသိပေးပါက အရိုက်ခံရမည်ဟု ခြိမ်းခြောက်ကြောင်း၊ အဓမ္မပြုကျင့်စဉ် ကွန်ဒုံး အသုံးပြုခြင်း မရှိကြောင်း ကလေးများက ပြောသည်။
၁၄ နှစ် သမီးသည်လည်း ကျောင်းရောက်ပြီး တပတ်ခန့် အကြာတွင် အဓမ္မကျင့်ခံရသည်ဟု ဆိုသည်။
“ဆရာတော့် မျက်နှာမှာ ချွေးတွေနဲ့။ သမီးက ဘာလုပ်မလို့လဲ ဘုန်းဘုန်းလို့ မေးတော့ သမီးကို ဘာမှမပြောဘူး။ ပြီးတော့ ဆရာတော်က သင်းပိုင် မချွတ်ဘဲ သမီးကို လုပ်တယ်” ဟု ၁၄ နှစ် သမီးက ပြောပြသည်။
ထိုကဲ့သို့ ပြုကျင့်ခံရပြီးတိုင်း မိန်းမကိုယ်မှ သွေးထွက်ကာ အလွန်နာကျင်ရသည်ဟု မျက်ရည်ဝဲနေသော ၁၄ နှစ် သမီးက ဆိုသည်။
“တခါတလေ လမ်းမလျှောက်နိုင်ဘူး။ ခြေထောက်တွေက တန်းနေတယ်” ဟု သူက မျက်လွှာချကာ ပြောပြသည်။ သူ့စကားသံက တချက်တချက် သိသိသာသာ တိမ်ဝင် သွားတတ်သည်။
စတုတ္ထတန်း တနှစ်လုံး အတန်းဖော်များ အပါအဝင် မည်သူ့ကိုမျှ ဖွင့်မပြောခဲ့ဟု ဆိုသည်။ သူက သူ့ထက် ၄ နှစ် ငယ်သော ညီမဖြစ်သူလည်း စော်ကားခံခဲ့ရသည်ဟု ပြောသည်။ ကာယကံရှင်ကို ဆက်လက် တွေ့ဆုံ မေးမြန်းရာတွင်မူ မေးခွန်းများကို ပြန်လည် ဖြေဆိုခြင်း မရှိပေ။
အဓမ္မကျင့်ခံခဲ့ရသည့် ကလေးများအနက် အဖွံ့ထွားဆုံး ဖြစ်သော ၁၄ နှစ် သမီးတွင် ကိုယ်ဝန်ရှိသည့်လက္ခဏာ မတွေ့ရကြောင်း ၎င်း၏ ဖခင်ထံမှ သိရသည်။
“သူ့မြေးအရွယ် ကလေးငယ်လေးတွေပါ။ ဒီအရွယ်ကလေးတွေကိုတော့ သူ ဒီလို မလုပ်သင့်ပါဘူး” ဟု ၎င်းက ဆို့နင့်စွာ ပြောသည်။
၁၄ နှစ် သမီးသည် တခြားသူနှင့် မျက်လုံးချင်းဆုံ စကားမပြောရဲသည်မှာ အတန်ကြာပြီဟု အစ်မဖြစ်သူက ဆိုသည်။
“ကျောင်းပိတ်ရက်ပြန်လာလို့ သူ့ကြည့်ရင် ထိုင်းမှိုင်းနေတာပဲ။ အပျိုစဖြစ်လို့ ဒီလိုဖြစ်တယ်လို့ပဲ ကိုယ်တွေကတော့ ထင်ခဲ့တာပေါ့” ဟု သူက ဆိုသည်။
မကြာသေးခင်က ထိုဒေသသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ကျန်မိန်းကလေး နှစ်ဦးကို ဆက်သွယ် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။
ကျောင်းတွင် နေထိုင်ခဲ့သော ယောကျ်ားလေးများအနက်မှ တဦးကို တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ ကျက်သရေခန်းအတွင်း မတရားကျင့်မှုများ ပေါ်ပေါက်ခဲ့သည် ဟူသော မိန်းကလေးများ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး မသိရှိကြောင်း ၎င်းက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတဦးဖြစ်သော ဦးစောဝင်းက ကျောင်းတွင် ယောကျာ်းလေး၊ မိန်းကလေး စုစုပေါင်း ၁၁ ဦး နေထိုင်ခဲ့ကြောင်း ပြောသည်။ ယခုအခါ ကျောင်းတွင် မည်သူမျှ နေထိုင်ခြင်း မရှိဘဲ ခြံတံခါးကို ရွာလူကြီးတို့က သော့ခတ်ထားသည်။
ဦးနန္ဒသီရိ ဘယ်သူလဲ
ဦးနန္ဒသီရိ ရေသိုးကျေးရွာသို့ ရောက်နေသည်မှာ ဆယ်နှစ်ဝန်းကျင်ခန့် ရှိပြီဟု ဒေသခံတို့က ခန့်မှန်းသည်။
ရွာရောက်ပြီး ၃ နှစ်ကြာသည့်အခါ စိတ္တသုခကျောင်းတွင် ရဟန်းခံသည်။ လွန်ခဲ့သည့် ၅ နှစ်က ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားရာ သူက ထိုကျောင်း၏ တာဝန်ခံ အလိုအလျောက် ဖြစ်သွားကြောင်း၊ သူ့လက်ထက်တွင် ကျောင်းသို့ လှူဒါန်းကြသည့် ဆွမ်းနှင့် ဝတ္ထုပစ္စည်း လျော့နည်းသွားကြောင်း ဒေသခံတချို့က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရွာသားတချို့ကို မေးမြန်းကြည့်ရာ ဦးနန္ဒသီရိ မည်သည့်ဒေသမှ ရောက်လာမှန်း မသိကြဟု ဆိုကြသည်။
Myanmar Now က ဖတ်ရှုရသော ရဲမှတ်တမ်းတခုတွင် ဦးနန္ဒသီရိ၏ အမည်ကွဲများနှင့် အသက်ကို “ဥူးနန္ဒသီရိ (ခ) ဦးလူလေး (ခ) ဦးခင်မောင်ဦး အသက် (၅၆) နှစ်” ဟု ဖော်ပြထားသည်။
ထိုမှတ်တမ်းမှာ သူ့ကို တွေ့သည့်နေရာတွင် ဖမ်းဆီးရန် ရဲစခန်းအများအပြားသို့ အကြောင်းကြားသော ပေးစာ ဖြစ်သည်။ ထိုစခန်းတို့မှာ ပုသိမ်ဝန်းကျင် ရဲစခန်းများအပြင် စစ်ကိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲစခန်းလည်း ပါဝင်သည်။ စုံစမ်းဆဲ ကာလတွင် ဦးနန္ဒသီရိအကြောင်း ဖြေကြားရန် အဆင်သင့်မဖြစ်သေးဟု ပုသိမ်ဝန်းကျင်မှ တာဝန်ကျရဲအရာရှိများက ပြောကြသည်။
ဦးနန္ဒသီရိသည် ကျောင်းမြေတွင်ရှိနေသော ဆက်သွယ်ရေး တာဝါတိုင်ကြောင့် ပုံမှန်ဝင်ငွေ ရနေပြီး နှစ်စဉ် ကထိန်ပွဲတော်ကာလ ရောက်တိုင်း ငွေဆောင်မြို့ဘက်မှ လှူဒါန်းငွေမှာ ၁ဝ သိန်းကျော်အထိ ရှိတတ်သည်ဟု ထိုကျောင်းတွင် ၂ နှစ်ကြာ သာသနာ့ဘောင် ဝင်ဖူးသည့် ဒေသခံ ဦးလှအေးက ပြောသည်။
တိုင်းရင်းဆေးဆရာလက်မှတ် ကိုင်ဆောင်ထားသည်ဟုဆိုသော ဦးနန္ဒသီရိထံ ရပ်နီးရပ်ဝေးမှ လာရောက်ပြီး ကုသမှုခံယူသူများ ရှိသည်ဟု သူက ဆက်ပြောသည်။
မိန်းကလေးများ ကျောင်းသို့ လာရောက် နေထိုင်ပြီး ရက်များမကြာမီ သူ၏ အခန်းထဲတွင် မိန်းကလေးတချို့ကို တွေ့ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်နေသည်ကို တွေ့ရသဖြင့် ကန့်ကွက်ခဲ့ဖူးကြောင်း ဦးလှအေးက ဆိုသည်။
“ကလေးနှစ်ယောက်ရဲ့ နို့သီးခေါင်းကို တယောက်တဖက်စီ သူ့လက်နဲ့ ပွတ်နေတာ၊ ဦးဇင်း ဒီလိုနေလို့ မသင့်တော်ဘူးပြောတော့ ငါ့အကြောင်းနဲ့ငါ၊ မင်းနဲ့မဆိုင်ဘူးလို့ ပြောတယ်” ဟု ဦးလှအေးက ရှင်းပြသည်။
နောက်ပိုင်းတွင် ဦးနန္ဒသီရိက သူ့ကို ကျောင်းအသစ်ရှာပြီး ပြောင်းရွှေ့နေထိုင်စေခဲ့ရာ သူက တခါတည်း လူထွက်လိုက်သည်။
“ကျနော် ရှိနေရင် ကျောင်းထဲက အကြောင်းတွေ တနေ့မပေါ် တနေ့ပေါ်မယ်ဆိုတာ သူသိတယ် ” ဟု ဦးလှအေးက မချိတင်ကဲပြောသည်။
ဦးနန္ဒသီရိထံမှ နေ့စဉ် ကျောင်းမုန့်ဖိုး ၂ဝဝ စီ ရရှိကြောင်း၊ ရံဖန်ရံခါတွင် မုန့်ဖိုး တစ်ထောင်မှ နှစ်သောင်းအထိ ပေးတတ်ကြောင်း အဓမ္မပြုကျင့်ခံရသည်ဆိုသည့် ကလေးများက ပြောသည်။ ကလေးတို့ မုန့်ဖိုးရသည်ကိုလည်း သိရှိကြောင်း ၎င်းတို့၏ မိဘများ၊ ရွာလူကြီးများက ပြောကြသည်။
တိမ်းရှောင်
စာမေးပွဲများအပြီး နွေကျောင်းပိတ်ရှည်ရောက်သည့်အခါ ကလေးများအားလုံး အိမ်သို့ ပြန်ကြသည်။
ရက်များမကြာမီ ဦးနန္ဒသီရိ ရွာထဲသို့လာပြီး ဆယ်နှစ်သမီး၏ မိခင်နှင့် တွေ့ရာ ကလေးများကို သတိရကြောင်း၊ သမီးဖြစ်သူကို ကျောင်းဝေယျာဝစ္စလုပ်ဆောင်ရန် စေလွှတ်စေလိုကြောင်း မှာကြားလိုက်သည်။
မိခင်က ဆယ်နှစ်သမီးကို ကျောင်းသို့သွားခိုင်းရာမှ ကလေးက ကျက်သရေခန်းအတွင်း ကြုံတွေ့ခဲ့ရသည့် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်ဟု ဆိုသည်။
“နောက်တခါ မေကြီး သွားခိုင်းမှာစိုးလို့ ဖွင့်ပြောလိုက်တာ” ဟု ဆယ်နှစ်သမီးက Myanmar Now ကို ပြောသည်။
ထိုသို့ဖွင့်ပြောလိုက်သည့် နံနက်မှာပင် သူ၏ မိခင်က တခြားမိန်းကလေးများ၏ အိမ်သို့ သွားရောက် မေးမြန်း တိုင်ပင်ရာ ရွာကလေးရှိ မိသားစုတချို့ကြား ပွက်လောရိုက်သွားလေသည်။
တနေကုန် မေးမြန်းဆွေးနွေးပြီးနောက် သန်းခေါင်ယံတွင် မိဘများသည် ထိုဖြစ်ရပ်ကို တိုင်ကြားရန် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ သလပ်ခွာရဲစခန်းသို့ သွားရောက်ခဲ့ကြသည်။
ထိုအချိန်တွင် ဦးနန္ဒသီရိလည်း သူ၏ကျောင်းမှ ထွက်ခွာသွားပြီဖြစ်သည်။ ညတွင်းချင်း သွားရောက်သည့် နေရာမှာ အနီးဆုံး ဘုန်းကြီးကျောင်းတခုဖြစ်သည့် သလပ်ခွာကျောင်းတိုက်ဖြစ်ကြောင်း သိရသည်။
မကြာသေးမီရက်ပိုင်းအတွင်း Myanmar Now က သလပ်ခွာ ကျောင်းထိုင်ဆရာတော်ဦးကောဝိဒကို တွေ့ဆုံ မေးမြန်းခဲ့သည်။ ဦးနန္ဒသီရိသည် သလပ်ခွာကျောင်းတွင် တညသာ တည်းခိုနေထိုင်သွားသည်ဟု ဆရာတော်က မိန့်သည်။ နောက်တနေ့နံနက်တွင်မူ ပုသိမ်မြို့သို့ သွားရောက်မည်ဟု ဆိုကာ ထွက်ခွာသွားပြီး ပြန်ရောက်လာခြင်း မရှိတော့ဟု ဆိုသည်။
ကလေးများကို ကျောင်းတွင် လက်ခံထားခြင်းမှာ သူ၏ ပရဟိတလုပ်ငန်းဟု နားလည်ခဲ့ကြောင်း၊ ယခု ဖြစ်ရပ်ကြောင့် သံဃာထုကို တိုက်ခိုက်လှုံ့ဆော်နေသူတို့ ပိုမို ထိုးနှက်ဖွယ် အနေအထား ဖြစ်နိုင်သောကြောင့် တိမ်းရှောင်နေသူနှင့် ပတ်သက်ပြီး သတင်းရလျှင် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မည် ဖြစ်ကြောင်း ဦးကောဝိဒက မှတ်ချက်ပေးသည်။
“အခုကလည်း သာသနာကို အဖက်ဖက်က ထိုးနှက်နေတဲ့အချိန်။ ကလေးငယ်လေးတွေပေါ်မှာတော့ အမှန်တကယ်ကြီး ဖြစ်နေတာဆိုတော့ သတင်းကြားတာနဲ့ ကြားသလိုပေးမှာပါ” ဟု ဦးကောဝိဒက မိန့်သည်။
မုဒိမ်းကျင့်သည်ဟု စွပ်စွဲခံရသူကို ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
“အခုက တလပတ်ဝန်းကျင်လောက်ပဲရှိသေးတယ် ဆိုတော့ တခြား ဘုန်းကြီးချင်းရော၊ စည်းရုံးရေးနဲ့ရော ကြိုးတော့ ကြိုးစားကြည့်နေပါတယ်။ လေးငါးလလောက် ပတ်ဝန်းကျင် ရှိလို့မှ လိုက်စုံစမ်းလို့ မမိရင် ကျနော်တို့က တခြား အထောက်အထားတွေနဲ့ တရားခံပြေးအဖြစ် တရားစွဲတင်တာပေါ့” ဟု ရဲမှူးကြီးက မေ ၂၃ ရက်နေ့တွင် ပြောသည်။
တိုင်ချက်ဖွင့်ပြီး နှစ်ရက်အကြာတွင် ကလေးများကို ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အပြစ်တင်ခြင်း
ယခုအခါ ဘုန်းကြီးကျောင်းသို့ သွားရန် မလိုအပ်တော့သဖြင့် စိတ်ချမ်းသာကြသော်လည်း ဖြစ်ရပ်ဆိုးများ လွန်မြောက်ခဲ့သည်မှာ လအနည်းငယ်သာရှိသေးသောကြောင့် ကလေးများ စိတ်မသက်မသာ ဖြစ်နေဆဲပင်။
ပြောရဲဆိုရဲသော ဆယ်နှစ်သမီး၏ ထုတ်ဖော်ချက် ပေါ်ပေါက်မလာပါက မတရားမှု ဆက်လက် ဖြစ်ပေါ်နေမည်ဟု ဆယ်အိမ်မှူး တဦးဖြစ်သည့် ဦးကိုလတ်က မှတ်ချက်ချသည်။
ချီးကျူးသူများရှိသလို ကဲ့ရဲ့ပြစ်တင်သူလည်း ရှိသည်ဟု ဆယ်နှစ်သမီးက ပြောသည်။
“မနေ့က သူတို့အိမ်ရှေ့က ဖြတ်သွားတာကို ဘုန်းကြီးမယားက ဘာလို့ အိမ်ရှေ့ဖြတ်သွားတာလဲ လို့လည်း ပြောတယ်” ဟု ဆယ်နှစ်သမီးက ပြောသည်။ ပြောနေစဉ် မျက်ရည်ဝိုင်းလာပြီး အသံတိမ်ဝင်သွားသည်။ ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်ကို ချက်ချင်းသုပ်၊ တံတွေးမျိုချကာ ဆက်ပြောပြသည်။
“သူငယ်ချင်းတွေကတော့ မပြောဘူးပေါ့။ အဖွားကြီးတွေကတော့ သမီးကို ပြောတယ်။ သူ့မြေးတွေနဲ့လည်း မဆော့ခိုင်းဘူး။ သမီးက မေကြီးကို မပြောချင်လို့၊ မေကြီးနဲ့ (သူတို့) ရန်ဖြစ်မှာစိုးလို့ ” ဟု ဆိုကာ ဆက်တိုက် ငိုကြွေးလေသည်။
အသက်မပြည့်သေးသည့် ကလေးငယ်များကို အဓမ္မပြုကျင့်မှုအတွက် ကာယကံရှင်မိဘများက ပြင်းထန်သည့် ပြစ်ဒဏ်ကို ချမှတ်ပေးစေချင်ကြသည်ဟု ၁၄ နှစ်သမီး၏ ဖခင်က ပြောသည်။ ကလေးများ မတရား ကျင့်ခံရသည့် အကြောင်းရင်းများတွင် မိဘတို့ ပညာမတတ်မှု၊ ရိုးအမှုတို့လည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။
“ဒါမျိုးတော့ နောက်အဖြစ်မခံဘူး။ ကျနော် ပင်ပန်းရင် ပင်ပန်းပါစေ၊ ကျနော့်သားသမီးတွေ ပညာ မတတ်တတ်အောင် ထားမယ်” ဟု သူက မာန်တင်းရင်းပြောသည်။
ကလေးများကလည်း စာသင်ကျောင်းတွင် ပျော်ကြသည်။
“သမီးက ကျောင်းဆက်တက်မှာ။ အတန်းထဲမှာလည်း စာမေးပွဲဆို တခါမှမကျဖူးဘူး။ စာမေးပွဲအောင်ရင် ဆရာမ လုပ်မှာ” ဟု ဆယ်နှစ်သမီးက ဆိုသည်။
တိုင်းဒေသကြီးများတွင် ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှုအဖြစ်များဆုံးမှာ ရန်ကုန်ဖြစ်ပြီး ဧရာဝတီက ဒုတိယ အဖြစ်အများဆုံးဟု သိရသည်။
ထိုကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ရဲစခန်းသို့ရောက်ရှိသည့် မုဒိမ်းမှု အရေအတွက် ၂၄၃ မှု ရှိပြီး ၎င်းတို့အနက် ၁၅၆ မှုတွင် ကျူးလွန်ခံရသူမှာ အသက်မပြည့်သေးသူများ ဖြစ်သည်။
စိတ္တသုခကျောင်းတွင် သွားရောက်နေထိုင်ခဲ့ကြသော ထိုမိန်းကလေးတို့တွင် တူညီသည့် အချက်တစ်ခုမှာ မောင်နှမသားချင်း များပြားခြင်းဖြစ်သည်။ မိဘများက သားသမီးကို ကိုယ်နှင့်မကွာ စောင့်ရှောက်လိုသော်လည်း ထိုသို့ စောင့်ရှောက်ရန် အခြေအနေ မပေးကြောင်း၊ ဆင်းရဲမွဲတေမှုသည် ထိုကလေးများ အဖြစ်ဆိုးကြုံရခြင်း၏ အဓိက အကြောင်းရင်းတခု ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် အမျိုးသမီးရေးရာ အသင်းအဖွဲ့တစ်ခုဖြစ်သော Triangle Women Support Group မှ ဒါရိုက်တာ ဒေါ်ခင်လေးက သုံးသပ်သည်။
ပရဟိတ ဂေဟာ၊ အဖွဲ့အစည်းတချို့သည် ခေါ်ယူထားသည့် ကလေးများကို ဗန်းပြပြီး အလှူခံခြင်း၊ နောက်ကွယ်တွင် ကောင်းမွန်စွာ မပြုစုသည့်အပြင် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခြင်းတို့ဖြင့် နာမည်ပျက်နေသည်ဟု သူက ဆိုသည်။
ရေသိုးရွာ မူလတန်းကျောင်းသူ ၄ ဦး၏ ဖြစ်စဉ်ကို သင်ခန်းစာယူပြီး သက်ဆိုင်ရာ အာဏာပိုင်တို့သည် အသက်မပြည့်သေးသူများ ခိုလှုံနေသည့် နေရာတိုင်းကို အခါအားလျော်စွာ ဝင်ရောက် စစ်ဆေးသင့်သည်ဟု ဒေါ်ခင်လေးက ယူဆသည်။
“ဒါတွေကိုသာ စစ်ဆေးတဲ့ စနစ်လေးတစ်ခု ရှိလာနိုင်မယ်ဆိုရင် ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ လျော့သွားမယ်လို့ ကျမ ထင်တယ်” ဟု ဒေါ်ခင်လေးက ပြောသည်။
(Myanmar Now သတင်းဌာန၏ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်။)
ဆက်စပ်ဖတ်ရှုရန် – သက်ငယ်မုဒိန်းဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းထိုင်ဆရာတော် ထွက်ပြေးတိမ်းရှောင်နေ