လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ခန့် ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြန်ကြားရေး ဝန်ကြီးဌာနမှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုကို သတိရနေပါတယ်။ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ စုပေါင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲပါ။
အဲဒီတုန်းက ကျမက အပတ်စဉ်ထုတ် Flower News ဂျာနယ်ရဲ့ အကြီးတန်း သတင်းထောက်တဦး အဖြစ် တာဝန် ထမ်း ခဲ့တုန်းကပေါ့။
ဝန်ကြီးဌာနအသီးသီးက သက်ဆိုင်ရာ သတင်းတွေ ထုတ်ပြန်ပြီးတဲ့အချိန်မှာ မေးခွန်းတွေ မေးလို့ရတဲ့ အချိန်ရောက် တော့ အဲဒီအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန ကက (ပြည်) မှာ ညွှန်ကြားရေးမှူးလုပ်နေတဲ့ ဗိုလ်ချုပ်ခင်အောင်မြင့် (နောင်မှာ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် နာယကဖြစ်ခဲ့သူ ဦးခင်အောင်မြင့်) ကို နေပြည်တော် ဆိုတဲ့ မြို့တော် သစ် တည်ဆောက်နေတယ် ဆိုတာ ဟုတ်ပါသလား ဆိုတာနဲ့ ဝန်ကြီးဌာနတွေ ပြောင်းတော့မယ် ဆိုတာ ဟုတ်ပါသလား ဆိုတာကို မေးမြန်းခဲ့ပါတယ်။
အဲဒီအချိန်မှာ ဗိုလ်ချုပ်ခင်အောင်မြင့်က ပေါ့ပေါ့ပါးပါးနဲ့ နေပြည်တော်ဆိုတဲ့ စစ်ဌာနချုပ်အဖြစ် တည်ရှိမှာ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ မြို့တော်ဆိုတာရယ်၊ ဝန်ကြီးဌာနတွေ ပြောင်းမပြောင်းဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။
ဒါကြောင့် ပြင်ပမှာ အဲဒီအချိန်က သတင်းထွက်နေတဲ့ နေပြည်တော်ဆိုတဲ့ မြို့တော်ကြီးဟာ တကယ့်ကို လူ စိတ်ဝင် စား စရာရယ်၊ အစိုးရ ဝန်ထမ်းတွေကြားမှာလည်း ရန်ကုန်မှာပဲ နေရမှာလား၊ ဘာမှန်းမသိတဲ့ ကိုယ်ပျောက် မြို့တော် ကြီး ကိုပဲ ပြောင်းရတော့မှာလားနဲ့ သို့လောသို့လောပေါ့။
တာဝန်ရှိသူ ကိုယ်တိုင်က နေပြည်တော်တိုင်း စစ်ဌာနချုပ် ပါလို့ ပြောနေပြီဆိုမှတော့ စိတ်ဝင်စားစရာ သတင်းကို တင်ပြရ တော့ တာပေါ့။
ဒါပေမယ့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး သိပ်မကြာပါဘူး။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ အစိုးရ ဝန်ကြီး ဌာနတွေ ရန်ကုန်ကနေ နေပြည်တော်ဆိုတဲ့ နေရာကို ပြောင်းရွှွှေ့သွားလိုက်ကြတာ၊ ရန်ကုန် – မန္တလေး လမ်းဟောင်း ပေါ်မှာ ပြောင်းရွှေ့တဲ့ ကားတွေဆိုတာ တသီတတန်းကြီးပေါ့။ ရန်ကုန်မှာ တာဝန်ကျခဲ့ကြတဲ့ ဝန်ထမ်းတွေကြားထဲမှာ လည်း ထလိုက်တဲ့ ဂယက်ဆိုတာ အချိန်ကာလ တခုအထိပါပဲ။
မြို့တော်သစ် ဆိုပေမယ့် ကိုယ်နေသားမကျတဲ့ နေရာမှာ သွားရောက် တာဝန်ထမ်းဖို့ တချို့အစိုးရဝန်ထမ်းတွေ မတတ် သာလို့ ထင့်၊ ဌာနကနေ နုတ်ထွက်ခွင့် တင်ကြသူတွေ ကလည်းမနည်း။ စပြီးပြောင်းရွှေ့ချိန်မှာ ဝန်ထမ်း အများစုဟာ ဆောက်လက်စ ရုံးအဆောက်အအုံသစ်တွေရဲ့ ဆေးနံ့တွေ မွှန်နေတဲ့ ဝန်ထမ်းအိမ်ရာတွေမှာ ကြိတ်မှိတ်ပြီး နေခဲ့ ကြရ တယ် လို့ လက်ရှိ အချိန်အထိ တာဝန် ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေက ပြောကြပါတယ်။
မူလက ပဲခူးရိုးမနဲ့ ဆက်စပ်နေတဲ့ ပျဉ်းမနားဒေသဖြစ်လို့ တောတောင်၊ လျှိုမြှောင်တွေ များလှတဲ့ ဒီဒေသမှာ မြို့တော် စတည်ချိန်မှာ အကုန်လုံး တောင်တွေ၊ ကမူတွေ ဖြိုဖျက်ပြုပြင် တည်ဆောက် ထားတာဖြစ်လို့ တောကောင်တွေ၊ အန္တရာယ် ရှိ သတ္တဝါတွေ ဘေးကလည်း သတိထားနေရပါတယ်လို့ သူတို့က ဆိုပါတယ်။
အလုပ်လုပ်နေရင်း ရုံးခန်းထဲ မြွေဝင်လာတာမျိုးတွေ၊ တနေရာနဲ့တနေရာ လမ်းသွားနေရင်းကိုပဲ အဆိပ်ရှိ သတ္တဝါတွေ ကို ကျော်ခွသွားနေရတာတွေက နှစ်အတော် ကြာတယ်လို့ ဆိုပါတယ်။
နေပြည်တော်ဟာ ပဲခူးရိုးမ တောင်တန်းနဲ့ ရှမ်းရိုးမ တောင်တန်း နှစ်ခုကြားမှာ တည်ရှိပြီးတော့ မြို့တော်ဟာ ၇၀၅၄.၃၇ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ စပြောင်းခါစကနေ ၃ နှစ်လောက်အထိက လူဦးရေ ၆၀၀၀၀ နဲ့ ၉၀၀၀၀ ကြားမှာပဲ ရှိခဲ့ ပါ တယ်။ အများစုကတော့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေပေါ့။
ဝီကီရဲ့ အဆိုအရ ချောင်းမကြီးဆည်က နေပြည်တော်ရဲ့မြောက်ဘက် ကီလိုမီတာ အနည်းငယ်အကွာမှာ ရှိပြီးတော့၊ ငလိုက်ဆည်က တောင်ဘက်မှာရှိပါတယ်။ နေပြည်တော်ဟာ ရန်ကုန်ကနေ ၃၂၀ ကီလိုမီတာ (၁၉၈ မိုင်) ကွာဝေးပြီး တော့ အရင် လမ်းဟောင်းကနေ ကားမောင်းသွားရင် အနည်းဆုံး ၈ နာရီကျော် ကြာမြင့်အောင် မောင်းရပါတယ်။ မန္တလေး မြို့ကတော့ ရန်ကုန်ထက် ပိုနီးပါတယ်။ မိုင်တိုင်အားဖြင့် ၁၃၈ မိုင် ကွာပါတယ်။
နေပြည်တော် မြို့သစ်ကြီး ပေါ်လာတဲ့အခါမှာ အရင်ဆုံး ပြောင်းလဲသွားတာကတော့ ရန်ကုန် – မန္တလေး လမ်းဟောင်း ပေါ်မှာရှိတဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းစတဲ့ ဘေးပတ်ဝန်းကျင်က မြို့ငယ်လေးတွေပါပဲ။ နေပြည်တော် နံဘေးမှာ အမြန်ဆုံး ဖွံ့ဖြိုးလာတဲ့မြို့တွေပေါ့။ အရင်ကဆို ခြောက်သွေ့လှတဲ့ မြို့ငယ်လေးတွေရဲ့ မြို့လယ်ခေါင်တွေဟာ နေ့ချင်း ညချင်း စီးပွားရေး လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးလာပါတယ်။
ကျမတို့ အရင်က ရောက်ဖူးတဲ့ မြို့ငယ်လေးတွေဟာ ချက်ချင်း ဖွံ့ဖြိုးလာတာမို့လို့ အိမ်ခြံမြေဈေးတွေကလည်း ချက်ချင်း မြင့်တက်၊ တခြားမြို့တွေက စီးပွားရေး သမားတွေကလည်း အကွက်ကောင်းတဲ့ နေရာတွေမှာ မြေတွေဖော်၊ အိမ်ဆောက်နဲ့ အတော်လေးကို ပြောင်းလဲမှု ကြီးခဲ့ပါတယ်။
နေပြည်တော်ကြီး စပေါ်လာတဲ့အခါမှာ သတင်းကိစ္စတွေနဲ့ လာရင်း လျှောက်ပတ်ကြည့်တဲ့အခါ ကွန်ကရစ် လမ်းမ ကျယ်ကြီးတွေဟာ ရန်ကုန်သူတွေအဖို့ သိပ်ကို စိတ်ဝင်စားစရာ၊ ပြီးတော့ မီးလုံးဝမပျက်ဘဲ လင်းထိန်နေတဲ့ မီးတိုင် တွေ နဲ့ ရန်ကုန်က မီးမလာတဲ့ရက်တွေမှာ စိတ်ညစ်ရတဲ့ ကျမတို့က နေပြည်တော် မီးရောင်တထိန်ထိန်ကို တအံ့တသြ ငေးလို့။
တဖြည်းဖြည်းနဲ့ ရန်ကုန်မြို့ကြီးမှာ အစိုးရဝန်ကြီးဌာနတွေ ရှင်းလင်းသွားပြီးတော့ ညည်းညူသံတွေ ထပ်ကြားရတာက ဝန်ကြီးဌာနတွေနဲ့ ဆက်စပ် လုပ်ငန်းလုပ်ကိုင်နေရသူ စီးပွားရေး လုပ်ငန်းရှင်တွေဆီကပါ။ လိုအပ်သမျှ ခွင့်ပြုချက်တွေ ရရှိဖို့ နေပြည်တော် ရုံးဌာနတွေဆီကို လာရတာဟာ အတော်မလွယ်တဲ့ ကိစ္စတခုလို့ အသံတွေ ထွက်လာတော့တာ ပါပဲ။
အဲဒီအချိန်တုန်းက အခုလို နေပြည်တော် – ရန်ကုန် အမြန်လမ်းကြီးကလည်း တရားဝင် မဖွင့်သေးတော့ လမ်းဟောင်း ကနေ တော်တော်လေးကို ဝေးဝေးလံလံ လာကြရပါတယ်။ အခုတော့ နေပြည်တော်-ရန်ကုန် ဆိုတာ ၄ နာရီ သာသာ ပဲ မောင်းရတာမို့ ပင်ပန်းတယ်တောင် မထင်တော့ပါဘူး။
အဲဒီအချိန်မှာ နေပြည်တော်အကြောင်း နိုင်ငံတကာ မီဒီယာတွေက လာရောက်လေ့လာပြီး ဖော်ပြကြတာကတော့ ၂၀၀၈ ခုနှစ်အပြီး အခြေခံဥပဒေသစ် အတည်ပြုပြီးတဲ့နောက် ပေါ်လာရတဲ့ လွှတ်တော်ကြီးနဲ့ လူမရှိ၊ ကားရှင်းနေတဲ့ လမ်းမကြီးတွေ အကြောင်းပါ။ ‘Ghost Town’ ဆိုပြီး ရေးသားရလောက်တဲ့အထိ လူရှင်းပြီး ကျယ်ဝန်းလှတဲ့ လမ်းမကြီး တွေဟာ နေပြည်တော်ရဲ့ သင်္ကေတလို့တောင် နာမည်ကြီးခဲ့ပါတယ်။
နေပြည်တော်မှာ လေယာဉ်ပျံတောင် ဆင်းသက်လို့ရလောက်တဲ့အထိ ကျယ်ဝန်းပါတယ်ဆိုတဲ့ ရာဇဌာနီ လမ်းမကြီး ဟာ ၂၀ လမ်းသွား ဖြစ်ပြီးတော့ လွှတ်တော်ရှေ့မှာဆိုရင် ရှင်းလင်းလွန်းလို့ ကားပိတ်တဲ့ဒဏ် အလူးအလဲခံနေရသူ ရန်ကုန်သူ၊ ရန်ကုန်သားတွေဟာ အဲဒီလမ်းကျယ်ကြီးတွေကို သိပ်သဘောကျရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာလည်း ရန်ကုန်က ချဲ့မရတော့တဲ့ လမ်းတွေကို မြင်ယောင်ပြီး စိတ်မကောင်းလည်း ဖြစ်ကြရပါတယ်။
စပြီး တည်ဆောက်စဉ်ကာလ အချိန်ကတည်းက လျှို့လျှို့ဝှက်ဝှက်လုပ်ခဲ့လို့လား မသိ၊ နေပြည်တော်ဟာ ဘွားခနဲ ပေါ်လာချိန်မှာ အတော် အံ့သြယူရတဲ့အထိ တည်ဆောက်ထားမှုတွေက ပြည့်စုံတယ်လို့ ပြောရပါမယ်။
နေပြည်တော်ကို ပထမဆုံး ရောက်လာချိန်က တောင်ကြီးတွေကို လှီးဖြတ်ထားတာဟာ မုန့်စိမ်းပေါင်းကို ဓားနဲ့ လှီး ထား သလိုပဲ လို့တောင် တွေးမိပြီး ဒီတောင်တွေကို ဘယ်လိုဖြတ်ကျော် တည်ဆောက်ထားခဲ့သလဲ ဆိုတာကို အကြိမ် ကြိမ် တွေးမိရပါတယ်။ အဲဒီကာလက စီမံကိန်းတင်ဒါရတဲ့ ဆောက်လုပ်ရေး လုပ်ငန်းများက ခရိုနီကြီးများဟာ အတော် လေးကို စီးပွားရေး ဖွံ့ဖြိုးသွားကြတယ်လို့ ဆိုရပါမယ်။
ဘယ်အချိန်ကတည်းက စပြီး ဒီမှာ မြို့တည်ဖို့ စဉ်းစားကြသလဲဆိုတာ သေချာမသိခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးခင် က ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ အွန်လိုင်းမှာ စကားစပ်မိတော့မှ နေပြည်တော်ကို တည်ဆောက်ဖို့ နိုင်ငံ တော် အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၁၉၉၉ ခုနှစ်လောက် ကတည်း က စစဉ်းစားခဲ့တာလို့ သိရပါတယ်။
“နေပြည်တော် အတွက် စစဉ်းစားတာက ၁၉၉၉ ခုနှစ်ထဲမှာ။ အဲဒီအချိန်က ကျနော်က ပျဉ်းမနားမှာ တပ်ရင်းမှူး။ ဗိုုလ်ချုပ်မှူးကြီးက ပျဉ်းမနားမှာ တပတ်လောက် လာနေပြီး လေ့လာသွားတာ။ သူအိပ်စရာ ရိပ်သာတောင် မရှိလို့ တပ်မမှူး ရုံုးခန်းထဲမှာ ခုတင်နဲ့ အိပ်သွားရတာ”လို့ ဦးရဲထွဋ်က ပြောပြခဲ့ပါတယ်။
“အဲဒီအချိန်က နေပြည်တော်လို့ မသိဘူး။ မြေလတ်ဒေသ မြို့တော်တခု ဆောက်မယ်လို့ပဲ သိတယ်”လို့ သူက ပြောပါ တယ်။
ဒီလို တည်ဆောက်ရေး လုပ်ငန်းအကြောင်းကို ကောင်စီထဲက အဆင့်မြင့်အရာရှိ အတော်များများတောင် မသိကြဘူး လို့လည်း နောက်ပိုင်းမှာ သိရပါတယ်။ နေပြည်တော်ကို ရွေးချယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး သတင်းအများကြီး ထွက်ခဲ့တဲ့ အထဲမှာ စစ်ရေးအရ လုံခြုံမှုရှိတာဟာ ထိပ်ဆုံးက ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းလည်း တောင်ကုန်း တောင်တန်းတွေနဲ့ ဝန်းရံ ပတ်လည်နေတဲ့ ဒီနေရာဟာ လုံခြုံမှုရှိတဲ့ နေရာလို့လည်း နောင်မှာ အချိန်ကြာကြာ နေထိုင်ကြည့်တော့မှ သိလာ ရ ပါတယ်။
နေပြည်တော် စတည်ဆောက်တုန်းကတော့ မြို့အဂါၤရပ်နဲ့အညီ လိုအပ်တာတွေ အကုန် ထည့်သွင်း တည်ဆောက်ပါ တယ်။ လမ်းကျယ်တွေ၊ တံတားတွေ၊ လျှပ်စစ်မီး၊ ရေဖြန့်ဖြူးရေးကအစ အစိုးရ ဝန်ထမ်းတွေ အတွက် အကုန်ပြည့်စုံနေ အောင်၊ နေပျော်အောင် အကုန်လုပ်ပေးထားပါတယ်။ ပန်းခြံတွေ၊ အပန်းဖြေနေရာတွေ၊ ဈေးတွေက အစ ဒီနေပြည် တော် ပတ်လည်မှာ လိုတာမှန်သမျှ ရအောင် စီစဉ်ထားပါတယ်။
အဲဒီ အချိန်ကဆိုရင် တော်ဝင်ဆိုတဲ့ ဘတ်စ်ကားကြီးတွေက နေရာအနှံ့ သွားလာရလွယ်အောင် စီစဉ်ပေးခဲ့ပါတယ်။ အခုတော့မတွေ့ရတော့ပါဘူး။ ပြီးတော့ ဝန်ကြီးဌာနတွေနားမှာဆိုရင် ဖုန်း အလွယ်တကူ ဆက်လို့ရအောင် အခပေး ဖုန်း လေးတွေကိုလည်း အခုချိန်ထိ တွေ့နိုင်ပါသေးတယ်။
ရေပန်း ဥယျာဉ်၊ အမျိုးသားအထိမ်းမှတ် ဥယျာဉ်၊ တိရစ္ဆာန်ရုံ၊ သရီးဒီရုပ်ရှင်ရုံ၊ ဆာဖာရီ ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ စသဖြင့် လည်ပတ်စရာ နေရာတွေ အများကြီး ဆောက်ထားခဲ့ပါတယ်။ သွားလာရတာ နေရာဝေးသလို ဖြစ်ပေမယ့် ကားရှင်း တာကြောင့် အချိန်တွက်သွားလို့ ရတာဟာလည်း နေပြည်တော်ရဲ့ အားသာချက်တခုပါ။
မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ် နေပြည်တော်ကို သတ်မှတ်ပေးပြီးလို့ ၁၂ နှစ်ကြာတော့မှ ကျမ နေပြည်တော်ကြီးမှာ ပြောင်းရွှေ့ လုပ်ကိုင်ရမယ့်အချိန် ဖြစ်လာပါတယ်။ ရန်ကုန်မှာ ကျင်လည်ခဲ့သူ တယောက်အတွက် နေပြည်တော်မှာ နေထိုင်ရတာဟာ ခက်ခဲမယ်လို့ တွေးထားခဲ့ပေမယ့် ကားမကြပ်တဲ့ဒဏ်၊ လေကောင်းလေသန့် ရတဲ့နေရာ၊ မြို့ပြရဲ့ ဆူညံသံတွေ နည်းပါးတာ၊ အစားအသောက် ဈေးသက်သာတာ၊ နေပြည်တော်ကို ဗဟိုပြုပြီး သွားချင်တဲ့နေရာတိုင်းကို အချိန်တိုအတွင်း သွားလာနိုင်တာ၊ စတာတွေကြောင့် နေရထိုင်ရတာ အခက်အခဲ သိပ်မတွေ့ရတော့ပါဘူး။
သပြေကုန်းလို၊ မြို့မဈေးလို စည်ကားလှတဲ့ ဈေးကြီးတွေကြောင့်လည်း လိုတာကို အချိန်မရွေး ဝယ်ယူနိုင်နေပါပြီ။ ဈေးကြီးလှပါတယ် ဆိုတဲ့ ဒီဈေးကြီးတွေက ကုန်ဈေးနှုန်းတွေက ရန်ကုန်ဆင်ခြေဖုံးက ဈေးတွေထက်တော့ သက်သာ နေပါသေးတယ်။ အခုနောက်ပိုင်းမှာ ရန်ကုန်ဓလေ့ စားသောက်စရာ အစုံရတဲ့ နေရာတွေကလည်း နေပြည်တော်မှာ အလျှိုလျှို ပေါ်လာပါပြီ။ ဟော့ပေါ့၊ အကင်၊ ပင်လယ်စာ၊ ဂျပန်စာ၊ ရခိုင်စာ ဘယ်ဟာစားချင်လဲ၊ ရွေးလို့ရနေပါပြီ။
ဒါပေမယ့် အခက်အခဲတခုကတော့ သွားလာရေး အတွက်ပါ။ နေပြည်တော်မှာ ဆိုင်ကယ် စီးနိုင်ရင်စီး၊ ကိုယ့်ဘာသာ ကားမောင်း သွားနိုင်ရင်သွား၊ မဟုတ်ရင်တော့ ကားငှားစီးမယ်ဆိုလည်း ဈေးက ရန်ကုန်ထက် ပိုများပါတယ်။ နှစ်ကြောင်းစာ တွက်ယူထားတာကြောင့် ရန်ကုန်မှာ ၃၀၀၀ တန် ခရီးဟာ ဒီမှာတော့ ၆၀၀၀ ကျပ်ပါပဲ။
ဒီအတွက် လက်ရှိ နေပြည်တော်ကောင်စီ တာဝန်ရှိသူများက သွားလာရေး လွယ်ကူစေမယ့် မြို့ပြ သယ်ယူ ပို့ဆောင် ရေး စနစ်ကို စဉ်းစား ပေးသင့်ပါတယ်။ လူနည်းပါးသေးတယ် ဆိုပေမယ့်လည်း မြို့တော်ကြီးတခုမှာ အခရာကျတဲ့ သယ်ယူ ပို့ဆောင်ရေးကိုတော့ စီစဉ်ထားပေးသင့်ပါတယ်။
နောက်ပိုင်းမှာ နေပြည်တော်မှာ ခက်ခဲလာတာကတော့ လျှပ်စစ်မီးပဲ ဖြစ်ပါတယ်။ အရင် ဆယ်စုနှစ်ကျော်က ခလုတ် ဖွင့်တာနဲ့တင် ထိန်ထိန်ညီးနေတဲ့ လျှပ်စစ်မီးဟာ အခုဆိုရင် လေပြင်းလေး တချက် ဝှေ့လိုက်ရုံနဲ့တင် ပျောက်သွားတတ် ပါပြီ။ ဒါလေးတွေကိုတော့ အစိုးရမင်းများ ရုံးစိုက်ရာမြို့က တာဝန်ရှိသူတွေက ကြီးကြပ်ပေးသင့်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က စိုက်ပျိုးထားခဲ့တဲ့ ပန်းတွေကလည်း အခုဆိုရင် ပွင့်ဖူးနေပြီဖြစ်လို့ နေပြည်တော်ဟာ အပူ ဒဏ်ကို နည်းနည်းတော့ သက်သာလာပြီလို့ ဆိုနိုင်ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာလည်း အပူချိန် ကတော့ တိုးနေတာပဲ ဖြစ်လို့ နေပြည်တော်မှာ ပိုပူတယ်ဆိုတာကိုလည်း မဟုတ်ဘူးလို့ ကျမရဲ့ တနှစ်ပြည့်လုတော့မယ့် နေပြည်တော် အတွေ့အကြုံအရ သိရပါတယ်။
စီးပွားရေး အချက်အချာ မြို့မဖြစ်သေးတဲ့ အတွက်သာ လူတွေစုပြုံ တိုးမလာတာဖြစ်လို့ ခြောက်နေသေးသယောင် ထင်ရပေမယ့်၊ ကျမအတွက် နေပြည်တော်က အေးအေးဆေးဆေး နေမယ်ဆိုရင် အတော်သင့်တော်တဲ့ နေရာလို့ တောင် ထင်မိပါတယ်။
အိမ်ခြံမြေ ဈေးတွေကလည်း ရန်ကုန်နဲ့ယှဉ်ရင် အများကြီး သက်သာပါသေးတယ်။ ခြံကျယ်ကျယ် ဝယ်ထားပြီး သီးပင် စားပင်တွေ စိုက်နေမယ ်ဆိုရင်တောင် မဆိုးဘူးလို့ တွေးမိပါသေးတယ်။ ဒါပေမယ့် လိုရာအကုန်ရနိုင်တဲ့ ရန်ကုန်လို မြို့ပြကြီးက လူငယ်တွေအနေနဲ့တော့ နေပြည်တော်က အတော်လေးကို ခြောက်သွေ့ ပျင်းစရာနေရာလို့ တွေးမိကြမှာ ပါ။
ဘာပဲပြောပြော နေပြည်တော်က အခုဆိုရင် အစိုးရမင်း သုံးဆက်တိုင်အောင် ရုံးစိုက်လာတဲ့ မြို့ဖြစ်လို့ မြို့သား ကျလာ တဲ့ အနေအထား ဖြစ်နေပါပြီ။
၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ဆိုရင် လူဦးရေ စုစုပေါင်းက ၁.၁ သန်း ကျော် ရှိနေပါပြီ။
ပြောင်းခါစက တငိုငိုဖြစ်ခဲ့တဲ့ အစိုးရ ဝန်ထမ်းတွေလည်း နေသားကျလို့ ရန်ကုန်ရောက်ရင်တောင် မနေတတ်ဖြစ်နေကြ ပြီ လို့ ဆိုတဲ့သူက ဆိုလာကြပါပြီ။ လမ်းမကြီးတွေပေါ်မှာလည်း ကားတွေ တဝီဝီဖြစ်နေကြပါပြီ။
နေပြည်တော် ကောင်စီထဲက မြို့နယ် စုစုပေါင်း ၈ ခု ဖြစ်တဲ့ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး မြို့နယ်တွေမှာလည်း လူဦးရေတွေပိုလာပြီး စည်ကားနေပါပြီ။
တချို့ နေပြည်တော် ကောင်စီဝင် မြို့နယ်ထဲမှာရှိတဲ့ မြေနေရာ ကျယ်ကျယ်မှာ ဆောက်လုပ်ထားကြတဲ့ အိမ်ကြီး အိမ် ကောင်း တွေ ဆိုရင် ရုပ်သံ ဇာတ်လမ်းတွဲတွေမှာကို ထည့်ရိုက်ရတဲ့အထိ တခမ်းတနား ဆောက်လုပ် ထားကြတာမျိုး တွေလည်း ရှိနေပါပြီ။
ရန်ကုန်၊ မန္တလေး မြို့ကြီးတွေထက် သင့်တင့်တဲ့ မြေဈေးနှုန်းကြောင့် လူမနေသေး ပေမယ့် ခြံဝင်းကို သေချာပြုပြင်ပြီး အိမ်ဆောက်ထားကြတဲ့ ရေပေါ်ဆီ ရပ်ကွက်မျိုးတွေလည်း များလာပါပြီ။
မကြာခင်မှာ နိုင်ငံတကာ သံရုံးတွေ ပြောင်းလာခဲ့ရင်၊ နိုင်ငံတကာအဆင့်မီ ကျောင်းတွေ ပေါ်လာခဲ့ရင်၊ စီးပွားရေး သမား တွေက ပိုကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးလာရင်တော့ နေလို့ ကောင်းမယ့် နေရာတခု ဖြစ် လာမယ် လို့ ခန့်မှန်းရပါတယ်။
ဒါကြောင့် တစ္ဆေမြို့ကြီးကနေ လူတွေ စည်ကားသာယာတဲ့ မြို့ကြီးတမြို့ ဖြစ်လာဖို့ အချိန်သိပ်တော့ မကြာတော့ဘူး လို့ တွေးမိရပါတယ်။ ။