ဆောင်းပါး

အိန္ဒိယ-မြန်မာ နယ်စပ်စည်းရိုးကြောင့် သောကရောက်နေရသည့် နာဂများ

နယ်စပ်များကို ဖွင့်လှစ်ရန်နှင့် ပြည်သူချင်း ဆက်သွယ်မှုများကို မြှင့်တင်ရန် ကတိစကားများ၊ ဆွေးနွေးမှုများနှင့် အတူ အိန္ဒိယနိုင်ငံက ၎င်းတို့၏ အရှေ့အာရှတွင် လှုပ်ရှားရေး (Act East Asia) မူဝါဒကို အဆင့်မြှင့်တင်ရန် အတွက် မြန်မာနိုင်ငံကို စည်းရုံးရင်း အလုပ်များနေခဲ့သည်။ ထိုအချိန်တွင် အလွန်ဝေးလံခေါင်ဖျားသော နာဂ တောင်ကုန်းများတွင် အိန္ဒိယနှင့် မြန်မာအစိုးရ ၂ ရပ်စလုံးကို အတိုက်အခံပြု ဆန့်ကျင်မှုတစ်ခုက နှေးကွေး သော်လည်း အသေအချာပင် ပေါက်ဖွားလာနေသည်။

အဆိုပါ ဆန့်ကျင်မှုက ၂၀၁၆ ခုနှစ်တွင် ၂ နိုင်ငံ အစိုးရများက နာဂလန်း Nagaland ပြည်နယ်၊ နော့က်လက် Noklak ခရိုင်မှ အလွန် လှပသည့် ဒန် Dan ကျေးရွာတလျှောက် အတူပူးပေါင်း၍ နယ်စပ် ခြံစည်းရိုးကာရန် ဆုံးဖြတ်ခဲ့ခြင်းတွင် အခြေပြုနေသည်။

Nagaland ပြည်နယ်မှ လှပခမ်းနားသော စာရာမေတိ Saramati ကုန်းမြင့်များ အနောက်ဘက်တွင် ဝန်းရံထားသည့် Dan နှင့် ပန်ရှာ Pangsha ကဲ့သို့သော ရွာကလေးများနှင့် တခြား အိမ်နီးချင်း ရွာများကို ဖြတ်သန်း၍ ၃ ကီလိုမီတာအရှည် ခြံစည်းရိုးတခုကာရန် မအောင်မြင်သော အားထုတ်မှုတခုကို မြန်မာအစိုးရက ပြုလုပ်သည့် အချိန်မှစ၍ သတင်းများပေါ်သို့ ရောက်ရှိခဲ့သည်။ Dan၊ Pangsha နှင့် တခြားရွာများမှ ပြည်သူများနှင့် နာဂအဖွဲ့အစည်း အများအပြားက အကြီးအကျယ် ဆန္ဒပြခဲ့ပြီးနောက် ရပ်ဆိုင်းသွားသော ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းက စိုက်ပျိုးမြေ ဟက်တာ ၃၅၀၀ (ဧက ၈၆၀၀ ကျော်) ကို လူသူကင်းမဲ့သွားစေနိုင်သည့် အန္တရာယ်ရှိနေသည်။ အဆိုပါ တောင်ကုန်းများတွင် အခြေချနေထိုင်ကြသည့် ခီယန်ညီငန်း Khiamniungan နာဂ မိသားစုများ ကိုလည်း တကွဲတပြားစီ ဖြစ်သွားစေနိုင်သည်။

Khiamniungan များသည် နာဂ လူမျိုးများထဲတွင် အဓိက မျိုးနွယ်စု တခုဖြစ်ပြီး အိန္ဒိယနိုင်ငံ Nagaland ပြည်နယ် အရှေ့ပိုင်းနှင့် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် အနှံ့အပြားနေထိုင်ကြသည်။

Khiamniungan ဆိုသည်မှာ ကြီးမြတ်သောရေအရင်းအမြစ် (သို့မဟုတ်) မြစ်ဟု အဓိပ္ပာယ်ရပါသည်။ ကိုညတ် Konyak နာဂများ ပြီးလျှင် Khiamniungan နာဂများသည် ခရစ်ယာန်ဘာသာသို့ ဝင်ရောက်ခြင်းမပြုမီက အရက်စက်ဆုံး ဦးခေါင်းဖြတ် မုဆိုးများထဲတွင် အပါအဝင် ဖြစ်ခဲ့သည်။ သူတို့၏ ကျေးရွာများကို ဗြိတိသျှတို့က မီးရှို့ခဲ့ပြီးနောက် ၁၉၃၆ နှင့် ၁၉၃၉ ခုနှစ်တို့တွင် Khiamniungan နာဂများက ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည့် မှတ်တမ်းမှတ်ရာများလည်း အခိုင်အမာ ရှိနေသည်။

Dan ကျေးရွာရှိ မြန်မာက ဆောက်လုပ်နေသော မပြီးပြတ်သေးသည့် နယ်ခြားစည်းရိုး/ Bidhayak Das

Khiamniungan နာဂများက ခေါင်းမာသူများ ဖြစ်ကြသည်။ တဖက်တွင် မြန်မာနိုင်ငံက အချိန်မရွေး ပြန်လည် စတင်နိုင်သည့် ခြံစည်းရိုးခတ်လုပ်ငန်း ရှိနေပြီး တခြားဘက်တွင်မူ ခြံစည်းရိုးကာသည့် လုပ်ငန်းစတင်၍ မကြာမီ Dan ရွာတွင် လုံခြုံရေး စခန်းတခုအဖြစ် လာရောက်တပ်စွဲထားသော အိန္ဒိယ တပ်မတော်က ဒေသခံများကို အဆက်မပြတ် နှောင့်ယှက်နေသည်။

“ကျနော်တို့ ပြည်သူတွေက သူတို့ပိုင်တဲ့မြေမှာ သူတို့ ရှင်သန်နေထိုင်ဖို့ကိုတောင်မှ အိန္ဒိယ တပ်သားတွေ သနားမှဆိုတဲ့ သဘောဖြစ်နေတယ်။ သူတို့ဘယ်ကို သွားသွား လယ်ထဲကိုဖြစ်ဖြစ်၊ ဆေးရုံကိုဖြစ်ဖြစ်၊ ဈေးကို ဖြစ်ဖြစ်၊ သူတို့ရဲ့ မိသားစုဝင်တွေ ဆီကိုသွားမယ် ဆိုရင်တောင်မှ ရပ်ခိုင်းတယ်၊ စစ်ဆေးတယ်၊ မေးခွန်းတွေ ထုတ်တယ်” ဟု Pangsha ကျေးရွာသစ်၏ အကြီးအကဲဖြစ်သူ အသက် ၈၀ အရွယ် ပါပဲ Pape က ပြောသည်။ သူ့နဖူးပြင်တွင် အရေတွန့်နေသော အရေးအကြောင်းများက နက်ရှိုင်းစွာ ထင်နေသည်။

“ဒါကြောင့် တကယ်လို့ ကျနော်တို့ ဘဝတွေနဲ့ ရိုးရာ အစဉ်အလာတွေ အနှောင့်အယှက်ခံရမယ်ဆိုရင် ကျနော်တို့ ပြန်ပြီးတော့ မတိုက်ခိုက်သင့်ဘူးလား။ အိန္ဒိယမှာ နိုင်ငံသားကောင်း လုပ်နေတာတွေကို ကျနော်တို့ ရပ်လိုက်မယ်။ ပိုပြီး ကြီးမားတဲ့ တစုံတရာအတွက် ပြင်ဆင်ရမယ်” ဟု အသက် ၈၀ ကျော်အရွယ် Khiamniungan လူကြီးသူမ တယောက်ဖြစ်သည့် ပီဘတ်ရှင်း P Beshim က ပြောသည်။ သူက Khiamniungan နာဂ လူမျိုးများ အားလုံးအတွက် ပင်မ အဖွဲ့အစည်းတခု ဖြစ်သည့် Khiamniungan Tribal Council (KTC) ၏ အကြံပေးတဦးလည်း ဖြစ်သည်။ လက်နက်ကိုင် အုံကြွမှုတခုကို ရည်ညွှန်းခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

ရှင်းပြရန် တောင်းဆိုသည့်အခါ P Beshim နှင့် KTC အဖွဲ့ဝင်များ၏ အဖြေမှာ “ဒီလို ကိစ္စမျိုးက ကျနော်တို့ဆီမှာ မဖြစ်ခဲ့ဖူးပါဘူး။ တကယ်လို့ ကျနော်တို့ ကိုယ်ခန္ဓာတွေကို ၂ ပိုင်းဖြတ်လိုက်မယ်ဆိုရင် ကျနော်တို့ နာကျင် ခံစားရပါမယ်။ တကယ်လို့ သူတို့က ကျနော်တို့ကို နှောင့်ယှက်တာတွေ မရပ်ဘူးဆိုရင် ကျနော်တို့က ဘယ်လို အတိုင်းအထာ အထိမဆို သွားပါမယ်” ဟူ၍ ဖြစ်သည်။

Dan ကျေးရွာရှိ အိန္ဒိယ လုံခြုံရေး ဂိတ်/ Bidhayak Das

Dan နှင့် Pangsha သို့ အလည်အပတ်ခရီး

Dan ကျေးရွာသို့ သွားရောက်ခြင်းက အလွန်အချိန်ယူခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် မအောင်မြင်သော ခြံစည်းရိုး ကာရံမှု ပေါ်ပေါက်ခဲ့ပြီးနောက် မည်သို့သော ပြောင်းလဲမှုများ ရှိခဲ့သည်ကို ခံစားနိုင်ရန် Dan ကျေးရွာက အရေးကြီးသည်။ မိုင်ပေါင်းများစွာ ကျော်ဖြတ်၍ Pangsha သို့ရောက်ရှိသည့်အခါ ကျေးရွာအကြီးအကဲ Pape အဖြစ် သိကြသည့် ဘဘ Baba က ကျနော့်ကို သူနှင့် အတူ Dan တောင်ကုန်းများ (ထိုတောင်ကုန်းများကို အစွဲပြု၍ Dan ကျေးရွာ အမည်တွင်ခြင်း ဖြစ်သည်) ကြားမှ တောတောင်ထူထပ်သော နယ်မြေတလျှောက် လမ်းလျှောက်ထွက်ရန်နှင့် တခြားဘက်ခြမ်းမှ သူ၏ Khiamniungan ညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံရန် ဖိတ်ခေါ်ပါသည်။ ကျနော်က အလွယ်တကူပင် လက်ခံခဲ့သော်လည်း ကျနော်တို့သည် အန္တရာယ်ဆီသို့ ဦးတည်နေခြင်း ဖြစ်ကြောင်း အနည်းငယ် သတိပြုမိသည်။ Baba လည်း သိကောင်း သိပါလိမ့်မည်။ သို့သော်လည်း သူက ကျနော်၏ စိတ်လှုပ်ရှားနေမှု လျော့ပါးသွားအောင် မလုပ်ခဲ့ပါ။

အိန္ဒိယ လုံခြုံရေး စခန်းနားသို့ ရောက်သည့် အချိန်တွင် ဝင်ပေါက်၏ ရှေ့တည့်တည့်တွင် တည်ရှိသော ဘန်ကာများထဲမှ ကျနော်တို့ကို ချိန်ရွယ်ထားသည့် မောင်းပြန် စက်သေနတ်များက ဆီးကြိုနေသည်။ ဘန်ကာများထဲတွင် ထိုင်နေသည့် စစ်သားများက သူတို့လက်ချောင်းများကို သေနတ်မောင်း ခလုပ်များပေါ်တွင် တင်ထားသည်။ အပြင်ဘက်တွင် အိန္ဒိိယ လက်နက်ကိုင်တပ်ဖွဲ့ တခုဖြစ်သည့် အာသံ သေနတ်ကိုင်တပ်ရင်း (Assam Rifles) မှ အရာရှိတဦးက ၂ ဘက်စလုံးမှ ဖြတ်သန်းသွားသူများ သူတု့ိ၏ နာမည်များကို စာရင်းပေးရသော၊ မေးခွန်းများကို ဖြေကြားရသော နေရာဘေးတွင် ထိုင်နေသည်။ အလွန် စိတ်ပင်ပန်းစရာ ကောင်းလောက်အောင် နှေးကွေးသည့် လုပ်ငန်းစဉ်တခု ဖြစ်ပြီး ယခုလမ်းကြောင်းမှတဆင့် အဝင်အထွက် ပြုလုပ်ခွင့်အတွက် ဆုံးဖြတ်ချက်ပေးခြင်းက သမာသမတ်ကျမှု အတော်နည်းပါသည်။

ကျနော်တို့ နာမည်များ ပေးပြီးနောက် ဝင်ခွင့် ပြုလိုက်သော်လည်း ဝဲဘက် ခြေထောက်တွင် ဒဏ်ရာ ရရှိပြီး ဆေးကုသရန် အရေးပေါ် လိုအပ်နေသော နာဂ အမျိုးသမီးငယ်တဦးက ဝင်ခွင့်မရသေးဘဲ ရှိနေသည်။ ဒဏ်ရာ၏ နာကျင်မှုကြောင့် သွေးဆုတ် ဖြူလျော် လာနေသည်ကိုပင်လျှင် နာရီနှင့် ချီ၍ စောင့်ဆိုင်း နေစေခဲ့သည်။ အမျိုးသမီးငယ်ကို မြန်မာဘက်ခြမ်းရှိ လဟယ်မြို့မှ နေ၍ သူ၏ဆွေမျိုးများက မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးခြင်း ဖြစ်သည်။ လဟယ်သည် မြန်မာနိုင်ငံ အနောက်မြောက်ဖက်စွန်း စစ်ကိုင်းတိုင်း နာဂ တောင်တန်းများပေါ်မှ မြို့တမြို့ ဖြစ်ပြီး မြန်မာ့တပ်မတော်က ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ လဟယ်၊ လေရှီးနှင့် နန်းယွန်း တို့ကို ပေါင်း၍ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားသည်။

ပန်ရှာ ရွာဟောင်းထဲက ထင်းရှာသူတို့ အိမ်အပြန်/ Bidhayak Das

“သူက အရမ်းအခြေအနေဆိုးနေလို့ သူ့ကိုဆေးကုဖို့ အတွက် ကိုဟီးမား Kohima ကို ခေါ်သွားချင်ပါတယ်” ဟု သူ့ကို လိုက်ပို့သူက တောင်းပန်စကားကို မကြားချင်ယောင်ဆောင်နေပုံရသော အာသံ သေနတ်ကိုင်တပ်ရင်းမှ အရာရှိကို ပြောသည်။

“ကျေးဇူးပြုပြီး တခုခုလုပ်ပေးပါ။ အနည်းဆုံးတော့ ခင်ဗျားနဲ့ အတူ သူ့ကို Noklak ကို ခေါ်သွားပေးပါ” ဟု သူ၏ ဆွေမျိုး တဦးက ပြောသည်။ ယခုတကြိမ်တွင်မူ ကျနော့်ကို ပြောခြင်း ဖြစ်သည်။ သို့သော်လည်း ကျနော်က နယ်စပ်ဒေသ တလျှောက် သွားလာရန် နောက်ဆုံး ဖြေရှင်းမှုတခုကို စောင့်ဆိုင်းနေရခြင်း ဖြစ်သည့်အတွက် မကူညီနိုင်ခဲ့ပါ။

တာဝန်ကျ အရာရှိက ထိုအဖြစ်ကို မြင်သောအခါ ကျနော်ရပ်နေသည့် နေရာသို့ ရောက်လာပြီး သူ၏ ဘင်္ဂလား မိခင်ဘာသာ စကားဖြင့် “ဒီနာဂတွေက ဝင်လိုက်ထွက်လိုက်နဲ့ လုပ်ချင်ကြတယ်။ ဒါက အရမ်းကို အကဲဆတ်တဲ့ နေရာဆိုတာ သူတို့ မသိဘူး။ မြန်မာက အချိန်မရွေး ဗုံးကျဲနိုင်တယ်” ဟု ပြောသည်။

ထိုကိစ္စက ဤဒေသမှ နာဂများ၏ စိတ်ထဲတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် အိန္ဒိယ ဘက်က ဖန်တီးသော အကြောင်းတခု လေလား ဟု ကျနော် တွေးမိပါသည်။

ကျနော်က မြန်မာနိုင်ငံတွင် ၁၀ နှစ် ကျော် နေခဲ့ဖူးပြီး မြန်မာအစိုးရက နာဂတောင်တန်းများပေါ်သို့ ဗုံးကျဲရန် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မကြားသိခဲ့ရကြောင်း ထိုအရာရှိကို ကျနော် စိတ်ထဲက ာ ပြောနေမိပါသည်။ သို့သော်လည်း နယ်စပ်မှ ခြံစည်းရိုး ကာထားသည့် အပိုင်းကို ကြည့်ရန် ကျနော် ဆက်သွားရပါဦးမည်။

နာဂ လူငယ်ခေါင်းဆောင်က နယ်ခြားစည်းရိုးအနီး လိုက်ပြစဉ်/ Bidhayak Das

ကျနော် မသွားမီတွင် Baba က ကျနော့် လက်ကို ကိုင်၍ “ဒီမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ အဲဒါကို ကြည့်တော့။ ကျနော်တို့ ဘဝတွေက ပြောင်းလဲသွားပြီ။ ကျနော်တို့ အပေါ်မှာ ဒီလို ကန့်သတ်မှုတွေ မလုပ်ခင်က အသိပေးခဲ့တာလည်း မရှိဘူး။ ကျနော်တို့ လူတွေ ထိခိုက်နစ်နာနေတယ်။ ဒါက ကျနော်တို့မြေ၊ ကျနော်တို့ ဘဝတွေကို ထက်ဝက်အပိုင်း မခံဘူး” ဟု ပြောသည်။ ထိုအချိန် မတိုင်မီက Baba သည် အာသံ သေနတ်ကိုင် တပ်ရင်းမှ နာဂလူမျိုး အရာရှိတဦးကို အလွန်ပြတ်သားသော စကားများဖြင့် ထိပ်တိုက်ရင် ဆိုင်နေသည်ကို မြင်တွေ့ခဲ့ရတယ်။

“မင်းတို့တွေက ငါတို့နေရာကို အဓမ္မ သိမ်းပိုက်တယ်။ ငါတို့ ဘဝတွေကို နှောင့်ယှက်တယ်။ ကျေးဇူးပြုပြီး ဒီနေရာက ထွက်သွားပါ”

ကျနော်ရောက်ပြီး နောက် ၁ ရက်အကြာတွင် နောက်ထပ် ပြဿနာတခုကို ကြားရသည်။ ယခုတကြိမ်တွင် လဟယ်မှ အုပ်ချုပ်ရေး အရာရှိတဦး ဖြစ်သည်။ သူ၏ အုပ်ချုပ်မှု အောက်တွင် ရှိသော နာဂ ကျေးရွာတခုသို့ သွားရန် သူ၏ ယာဉ်ကို ယူဆောင်သွားခြင်း မပြုရန် တားမြစ်ခြင်းကြောင့် အိန္ဒိယ လုံခြုံရေး အရာရှိတဦးနှင့် အော်ကြီးဟစ်ကျယ် အငြင်းပွားခဲ့ကြခြင်း ဖြစ်သည်။ ထိုကျေးရွာကို အိန္ဒိယဘက်မှသာ ပတ်၍ သွားရောက် နိုင်သည်။ တောတောင် ထူထပ်သည့် ရေမြေ သဘာဝ အရ အုပ်ချုပ်ရေး ပိုင်နက် နယ်မြေတခု၏ လက်အောက်တွင် ရှိသော ကျေးရွာများသို့ သွားရောက်ရန် ခက်ခဲစေခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံဘက်ခြမ်းမှ နာဂ တောင်ကုန်းများတွင် ဖြစ်သည်။ ထိုကိစ္စကဲ့သို့ အဖြစ်များက ပြီးခဲ့သည့် ၂ နှစ် အတွင်းတွင် မြင့်တက်လာခဲ့သည်။

နယ်စပ်စည်းရိုးမှာ ရင်ဆိုင်ရသမျှ

Dan ကျေးရွာနှင့် Pangsha ရွာသစ်၏ အစိတ်အပိုင်းများကို ဖြတ်သွားသော စိတ်မှန်းဖြင့်ဆွဲသည့် နယ်စပ်မျဉ်းကိစ္စတွင် မရေရာမှုများ ရှိနေသည်။ နာဂတောင်တန်းများကို ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်နှင့် မြန်မာတို့၏ ရန္တပို စာချုပ်အရ ပိုင်းခြားခဲ့ပြီး ၁၉၅၃ ခုနှစ်တွင်လည်း နာဂဒေသနှင့် ပတ်သက်၍ ထိုစဉ်က ၂ နိုင်ငံ ဝန်ကြီးချုပ်များ ဖြစ်သည့် ဂျဝါဟာလယ် နေရူး Jawaharlal Nehru နှင့် ဦးနုတို့က Kohima တွင် အိန္ဒိယ-မြန်မာ ပိုင်းခြား သတ်မှတ်မှုများ ပြုလုပ်ခဲ့ကြသော်လည်း Khiamniungan နာဂ ကျေးရွာများ တည်ရှိရာ တောင်ကုန်းများကို ဖြတ်သန်း၍ စိတ်မှန်းဖြင့် မျဉ်းတကြောင်း ရေးဆွဲခဲ့ခြင်းကို ဖော်ပြသော အချက်အလက် ထင်ထင်ရှားရှား ရှိမနေပါ။

KTC မှ သက်ကြီးပိုင်း အဖွဲ့ဝင်များက အချည်းနှီး ဖြစ်ခဲ့သော အားထုတ်မှု ၂ ခုကို အမှတ်ရနေသည်။ တကြိမ်မှာ မြေအောက် အဖွဲ့အစည်းများ၏ ထိပ်တိုက်ရင်ဆိုင်မှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ၂ နိုင်ငံလုံးမှ စစ်သားများ အကြီးအကျယ် ထိခိုက်ကျဆုံးခဲ့ရသည့် ၁၉၇၀ ပြည့်နှစ်က အိန္ဒိယ-မြန်မာ ပူးတွဲ လှုပ်ရှားမှု တခုဖြစ်ပြီး နောက်တကြိမ်မှာ ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံဘက်မှ လဟယ်မြို့နယ် အာဏာပိုင်များ၏ အားထုတ်မှု ဖြစ်သည်။ အကြိမ်တိုင်းတွင် Khiamuingans များက နယ်စပ်ကို စည်းရိုးကာရန် အားထုတ်မှုများကို တားဆီးခဲ့ကြသည်။

မြန်မာဘက်ထဲ ရောက်သွားခဲ့ပြီး အိန္ဒိယ နာဂလန်း ပြည်နယ်အစိုးရ ဆောက်ပေးခဲ့သော စွန့်ပစ်ခံ အဆောက်အဦ/ Bidhayak Das

“၁၉၄၇ ခုနှစ်နောက်ပိုင်းမှာ ဗြိတိသျှတွေက ကျနော်တို့ကို စိတ်ကူးနဲ့ သတ်မှတ်ထားတဲ့ နယ်စပ်မျဉ်းနဲ့ ပတ်သက်လို့ ဘယ်တော့မှ မပြောခဲ့ပါဘူး။ လွတ်လပ်တဲ့ နာဂတွေ အနေနဲ့ ကျနော်တို့ နေထိုင်တယ်။ အမြဲတမ်း ဒီလိုနေသွားမယ်” ဟု KTC ၏ ဥက္ကဋ္ဌ အယ်လ်ငွန် L Ngon က ပြောသည်။

မီဒီယာ သတင်းအများစုက အိန္ဒိယ အစိုးရကို တိုက်ရိုက် အပြစ်တင်ကြခြင်းနှင့် အတူ ခြံစည်းရိုး ကာရံခြင်းနှင့် ပတ်သက်၍ ကွဲလွဲသော ဇာတ်ကြောင်းများလည်း ရှိခဲ့သည်။ အိန္ဒိယ နိုင်ငံ၏ ပြင်ပရေးရာ ဝန်ကြီးဌာန (Ministry of External Affairs) က “အိန္ဒိယ နိုင်ငံက ခြံစည်းရိုး ကာရံတာနဲ့ ဘာမှ မဆိုင်ပါဘူး” ဟု ပြောခဲ့သည်ကို သတင်းမီဒီယာ ဌာန အများအပြားက ကောက်နုတ်ကိုးကားခဲ့ကြသည်။ KTC ၏ အမြင်တွင်မူ အိန္ဒိယနှင့် မြန်မာ ၂ နိုင်ငံလုံးက တာဝန်ရှိနေသည်။

“မြန်မာ အစိုးရက ခြံစည်းရိုးကို သူတို့လူတွေ၊ အလုပ်သမားတွေနဲ့ ကာတယ်။ အိန္ဒိယ စစ်တပ်က သူတို့ကို စောင့်ကြပ် ပေးတယ်”

ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သော ရဟတ်ယာဉ်ကွင်းတခု၏ အစွန်တွင်ရှိသော နယ်ခြား ကျောက်တိုင် အမှတ် ၁၃၉ မှ ကျောက်တိုင်အမှတ် ၁၄၆ သို့ လျှောက်သွားသည့်အခါ ခြံစည်းရိုးကာရန် ၃ ကီလိုမီတာခန့် ရှိမည့် မြေကို ရှင်းလင်းထားပြီး ဖြစ်ကြောင်း တွေ့ရသည်။ သံချောင်းများဖြင့် ပြုလုပ်ထားသော အကြမ်းထည်ဘောင်က ကီလိုမီတာဝက်ခန့်အတွင်းတွင် တဝက်တပျက်သာ ပြီးစီးသေးသည်။ ခြံစည်းရိုး အစီအစဉ်က စိုက်ပျိုးမြေများ၊ ကစားကွင်း တခုနှင့် စိတ်မှန်းဖြင့် သတ်မှတ်ထားသော နယ်စပ်မျဉ်း၏ ၂ ဖက်စလုံးမှ Khiamniungan နာဂများအတွက် လိုအပ်သော ပညာရေးကို ပေးနေသည့် Straightway အမည်ရှိ သာသနာပြု ကျောင်းတခုကိုပင် ဖြတ်သွားသည်။

အိန္ဒိယဘက်တွင် ၄၄ ရွာနှင့် မြန်မာဘက်တွင် ရွာ ၂၀၀၊ စုစုပေါင်း ၂၄၄ ရွာမှာ စည်းရိုးကာခြင်း၏ အဆိုးဆုံး သက်ရောက်မှုကို ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံဘက်မှ Dan ရွာနှင့် Pangsha ရွာဟောင်း၊ ရွာသစ် တို့နှင့် မြန်မာနိုင်ငံဘက်မှ ပေါင်းညူ Pounyiu နှင့် ဝိုင်းလန် Woilan တို့သည် ဗျူဟာမြောက်သည့် နေရာများတွင် ရှိသည်ဟု သတ်မှတ်ကြပြီး အိန္ဒိယ လုံခြုံရေး စခန်းများနှင့် နီးသည်။ စိုက်ပျိုးမြေနှင့် လူဦးရေ အရွယ်အစားလည်း ကြီးမားသည်။ သိသိသာသာ စိတ်ပျက်နေသူ တဦးမှာ ငယ်စဉ်ကတည်းက တောင်ကုန်း၊ တောင်တန်းများ ပေါ်တွင် လှည့်လည် သွားလာနေထိုင်ခဲ့သော Bishem ဖြစ်သည်။ ခြံစည်းရိုးက ရွာသူရွာသား တို့၏ စိုက်ပျိုးမြေများကို လုယူသွားမည်ကို၊ နှစ်ပေါင်းများစွာ အစဉ်အလာအဖြစ် အသုံးပြုခဲ့သည့် ရွှေ့ပြောင်း တောင်ယာ စနစ်ကို ဖျက်ဆီးလိုက်မည်ကို သူက စိုးရိမ်နေသည်။

“လူ ၁၀၀၀၀ ကျော်ရဲ့ အသက်မွေးမှု အပေါ်မှာ သက်ရောက်စေလိမ့်မယ်။ အထိခိုက်ဆုံးက တခြားဘက်က ကျနော်တို့ နာဂ လူမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ဒါကို ခွင့်မပြုနိုင်ဘူး။ တကယ်လို့ လွတ်လပ်စွာ သွားလာခွင့် အစီအစဉ် (FMR) ကို ဖယ်ရှားလိုက်မယ်ဆိုရင် ကျနော်တို့ကလည်း အိန္ဒိယ သို့မဟုတ် မြန်မာနိုင်ငံထဲက ကျေးရွာ ၂၄၄ ခုစလုံး ထွက်သွားဖို့ ဆုံးဖြတ်ရပါလိမ့်မယ်။ တကယ်လို့ (FMR) ကို ပယ်ဖျက် လိုက်မယ်ဆိုရင် ကျနော်တို့နိုင်ငံ ၂ ခုမှာ မနေနိုင်ပါဘူး” ဟု သူက အခိုင်အမာပြောသည်။

အိန္ဒိယ လုံခြုံရေး စခန်း၏ အတွင်းဘက်မှ FMR ဆိုင်းဘုတ်ကြီး တခုတွင် “နယ်စပ်နှင့် ၁၆ ကီလိုမီတာ အတွင်း နေထိုင်သော အိန္ဒိယနှင့် မြန်မာနိုင်ငံသားများက အိန္ဒိယ-မြန်မာနယ်စပ်ကို လွတ်လပ်စွာ ဖြတ်ကျော် နိုင်ကြောင်း” ဖော်ပြထားသည်။

“FMR သည် မိတ်ဆွေ နိုင်ငံ ၂ ခုကြားတွင် စီးပွားရေး နှင့် လူမှုဆက်ဆံရေးများ မြှင့်တင်ရန် ရည်ရွယ် ချမှတ်ထားခြင်း ဖြစ်သည်” ဟုလည်း ဆိုသည်။

FMR က နယ်စပ်ကို ဖြတ်ကျော်၍ လွတ်လပ်စွာ သွားလာနေထိုင်ခြင်းနှင့် အသားကျ နေသော လူမျိုးစု အသိုင်းအဝိုင်းများ၏ အခွင့်အရေးကို ကာကွယ်ပေးမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ကျေးရွာများသို့ ကျနော် မသွားရောက်မီ ပြဿနာများ၊ ပြည်သူတို့၏ ဘဝများ၊ အသက်မွေးမှု၊ နာဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ အပေါ် ၎င်း၏ သက်ရောက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခ အသစ်တခု၏ အလားအလာနှင့် ပတ်သက်၍ ကျနော် ခြုံငုံ သိမြင်နိုင်ရန် KTC အဖွဲ့ဝင်များက Noklak တွင် တွေ့ဆုံပွဲ တခု စီစဉ်ပေးခဲ့သည်။

အိန္ဒိယနဲ့ မြန်မာအတွက် အောင်မြင်မှုလား၊ ဆုံးရှုံးမှုလား

KTC၊ ကျေးရွာကောင်စီ အဖွဲ့ဝင်များ၊ လယ်သမားများ၊ ဒေသခံ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ဤတောင်ကုန်းများပေါ်တွင် နှစ် ၁၀၀ နီးပါး နေထိုင်ခဲ့ကြသည့် သက်ကြီး ရွယ်အိုများ ထိတွေ့ ဆက်ဆံခြင်းက ယခုကိစ္စသည် အမြတ်ထက် အရှုံးက ပိုများမည် ဖြစ်ကြောင်း ကျနော့်ကို ယုံကြည် လက်ခံစေခဲ့သည်။ ပထမဆုံး အနေဖြင့် Pounyiu နှင့် Woilan တွင် နေထိုင်သူ အများစုသည် သူတို့ ဘဝရပ်တည်ရေး အတွက် အစားအစာနှင့် ကုန်ပစ္စည်း ဝယ်ယူရန်နှင့် ရောင်းချရန် Dan နှင့် Pangsha ရွာများကို မှီခိုနေကြရသည်။

“ကျနော်တို့မှာ ဘာဆေးရုံ၊ ဆေးခန်းမှ မရှိဘူး။ ဒါကြောင့် ကျနော်တို့ လူနာတွေကို ကုသမှုခံဖို့ Nagaland ကို ခေါ်လာရတယ်” ဟု ဒဏ်ရာရ အမျိုးသမီးကို လိုက်ပို့သော ဆွေမျိုးတဦးက စစ်ဆေးရေး စခန်းတွင် ကျနော့်ကို ပြောပြခဲ့သော စကားက KTC နှင့် Noklak ကျေးရွာ ကောင်စီဝင်များထံမှ ကြားသိရသမျှဖြင့် အတည်ပြု ပေးခဲ့သည်။ Nagaland တွင် ဆရာဝန်နှင့် ဆေးရုံ ရှာဖွေခြင်းက သွားရောက်ရန် ရက်သတ္တပတ်နှင့်ချီ၍ မကြာလျှင်ပင် ရက်ပေါင်းများစွာ သွားရမည့် အနီးဆုံးမြို့များ ဖြစ်သည့် စစ်ကိုင်း သို့မဟုတ် မန္တလေးသို့ သွားရသည်ထက် ၁၀ ဆ ပိုမို လွယ်ကူပါသည်။

အဆိုပါ တောင်တန်းများပေါ်တွင် နေထိုင်သူများက နေပြည်တော် အစိုးရနှင့် လဟယ်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများအတွက် စိုးရိမ်စရာ နည်းပါးစေသည့် မိမိဖာသာ ရပ်တည်နိုင်သည့် စီးပွားရေး တခုကို ခိုင်ခိုင်မာမာ ဖန်တီးခဲ့ပြီး ဖြစ်သည်။ မြန်မာ အစိုးရအတွက် နာဂတောင်တန်းများက သွားလာရန် မလွယ်ကူသည့် နယ်မြေ ဒေသတခု အမြဲတမ်း ဖြစ်ခဲ့ရသည်။ ယခု သူတို့ (မြန်မာ အစိုးရ) က တည်ဆောက်ရန် စိတ်အားထက်သန်နေသော ခြံစည်းရိုးက သူတို့အတွက် စိုးရိမ်ပူပန်စရာများကိုသာ ထပ်၍ ဖြစ်စေပါလိမ့်မည်။ ထို့ကြောင့် ခြံစည်းရိုး တခုအတွက် အင်တိုက်အားတိုက် လုပ်နေခြင်းက အနည်းဆုံးအနေနှင့် ပြောရလျှင် အလွန်ဆန်းကျယ်သည့် ကိစ္စတခု ဖြစ်ပြီး နေပြည်တော်ကသာ ဖြေဆိုနိုင်မည့် ဒေါ်လာ သန်းချီတန် မေးခွန်းတခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။

အိန္ဒိယ နိုင်ငံအတွက်လည်း စားနပ်ရိက္ခာ ရှားပါးမှုကို ကာကွယ်ရန်၊ မြေနှင့် သစ်တောများအပေါ် ဖိအားကို လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲခြင်းကို တားဆီးရန် ဒေသ စီးပွားရေးကို ထောက်ပံ့ခြင်းက ပို၍ အမျှော်အမြင်ရှိရာ ရောက်ပါလိမ့်မည်။

လုံခြုံရေး ဘက်ကကြည့်လျှင် အိန္ဒိယနိုင်ငံ၏ ရပ်တည်ချက်က အရှုံးသာလျှင် ဖြစ်ပါလိမ့်မည်။ လုံခြုံရေး စစ်ဆေးသည့် စခန်းများက နယ်စပ်ဖြတ်ကျော် ပုန်ကန်မှုများ၊ အထူးသဖြင့် တားမြစ်ပိတ်ပင်ထားသည့် နာဂ လက်နက်ကိုင် အဖွဲ့ ဖြစ်သည့် National Socialist Council of Nagaland-Khaplang (NSCN-K) ၏ လှုပ်ရှားမှုများကို စစ်ဆေးရန်ဖြစ်သည် ဆိုသည့် အကြောင်းပြချက်ကလည်း ခိုင်လုံမှုများစွာ မရှိပါ။ ထိုသို့သာ ဖြစ်ခဲ့လျှင် ဘာကြောင့် ယခုမှ ပြုလုပ်ရသနည်း။

လက်နက် ကိုင်လှုပ်ရှားမှု၏ အမြင့်ဆုံးကာလများမှာ ၁၉၈၀ နှင့် ၉၀ နှစ်များ မတိုင်မီနှင့် ထိုနှစ်များအတွင်း ဖြစ်သည်။ လက်နက်ကိုင် တော်လှန်မှုကို ထိန်းချုပ်ရန် ခြံစည်းရိုး ကာခြင်းက ကြောင်းကျိုးဆီလျှော်သည့် အဖြေ တခုဖြစ်သည်ဟု အစိုးရက ယူဆခဲ့ပါသလား။ ခြံစည်းရိုးနှင့် လုံခြုံရေးစခန်းက နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများကို လုံလောက်စွာ စောင့်ကြည့်ပေးနိုင်မည်ဟု ပြောပါက ရယ်စရာ ဖြစ်နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ခြံစည်းရိုးကာရန် လုံးဝနီးပါး မဖြစ်နိုင်သည့် ရှည်လျား ကွေ့ကောက်သည့် တောင်တန်းများနှင့် သစ်တောများတလျှောက် ထွက်ပေါက် များစွာ ပို၍ ရှိနေပြီး လှုပ်ရှားမှုများက ဆက်လက်၍ ရှိနေလိမ့်မည် ဖြစ်သည်။

Dan ကျေးရွာတွင် အိန္ဒိယ တပ်မတော်မှ ဗိုလ်မှူးတဦးနှင့် တွေ့ဆုံသည့်အခါ နယ်စပ်ကို ကာကွယ်ခြင်းက အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်ခြင်း ဖြစ်သည်ဟု ကျနော့်ကို ပြောပြခဲ့သည်။ လွန်ခဲ့သော ၈ လခန့်ကမှ NSCN-K က လုံခြုံရေး စခန်းတခုကို တိုက်ခိုက်ခဲ့သည့် အဖြစ်ကို အဆိုပါ အရာရှိက ရည်ညွှန်း ခဲ့သည်။ ထိုအဖြစ်အပျက်တွင် လက်နက်ကိုင်တို့၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယ တပ်မတော် အရာရှိတဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိ အချိန်တွင် NSCN-K က မြန်မာနိုင်ငံ အပြင်ဘက်တွင် လှုပ်ရှားနေပြီး ၂၀၀၁ ခုနှစ်က အိန္ဒိယ အစိုးရနှင့် လက်မှတ် ရေးထိုးခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုကို ၂၀၁၅ ခုနှစ်တွင် သူတို့က ဖျက်သိမ်းခဲ့သည်။ ထိုအချိန်မှ စ၍ NSCN-K က မြန်မာနိုင်ငံနှင့် အိန္ဒိယ Nagaland၊ မနိပူရ် ပြည်နယ်များကြားမှ နယ်စပ် တလျှောက်တွင် အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများ၊ တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နေခဲ့သည်။

Khiamniungan နာဂများက NSCN-K ကေဒါများကို လက်ခံသည့်အသွင် ဖြစ်နေခြင်းကလည်း နယ်စပ်ကို ခြံစည်းရိုးကာရခြင်း အတွက် ထင်သာမြင်သာ အကြောင်းပြချက်တခု ဖြစ်နိုင်ပါသည်။ သို့သော်လည်း လက်နက်ကိုင်များနှင့် ပတ်သက်သည့် ဒေါသကို Khiamniungan နာဂများအပေါ် ပုံချရန် လွှတ်ပေးခြင်းအတွက် အိန္ဒိယနှင့် မြန်မာ အစိုးရ ၂ ခုစလုံး မတရားပါ။ Khiamniungan နာဂများက ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ရန်နှင့် ဒေသတွင်းမှ တင်းမာမှုများ လျှော့ချရေးအတွက် အခန်းကဏ္ဍတခုတွင် ပါဝင်နိုင်သည်ဟု ယုံကြည်ရသည့် အကြောင်းရင်းများ ရှိနေပါသည်။

နှစ်နိုင်ငံ နယ်စပ် ဖွင့်ခြင်းနဲ့ ပိတ်ခြင်းရဲ့ နိုင်ငံရေး

Khiamniungan နာဂ လူငယ်များက မေးသည့် “နယ်စပ်တွေ ဖွင့်ပေးဖို့ ဆွေးနွေးနေတဲ့ အရှေ့အာရှတွင် လှုပ်ရှားရေး (Act East Asia) မူဝါဒ ဆိုတာက လူကြားကောင်းအောင် ဟန်ဆောင်တာမျိုးလား” သကဲ့သို့သော မေးခွန်းတချို့အတွက် ကျနော့်တွင် အဖြေမရှိပါ။

စိတ်ဝင်စားစရာ ကောင်းသည်မှာ အိန္ဒိယ အစိုးရက Dan ကျေးရွာကို နိုင်ငံတကာ ကုန်သွယ်ရေးစခန်း တခုအနေဖြင့် ဖော်ဆောင်ရေးကို ၁၉၉၀ နှစ်များ အစောပိုင်း ကတည်းက စတင်ခဲ့သည်။ Nagaland ပြည်နယ်၏ (ထိုစဉ်က) ဝန်ကြီးချုပ် အက်စ်စီဂျမား S C Jamir က ၁၉၉၆ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတကာ ကုန်သွယ်ရေး စင်တာ (ITC) ကို အုတ်မြစ်ချပေးခဲ့သည်။ ITC က မကြာမီ ခြံစည်းရိုး ပေါ်လာမည့် နယ်စပ်မျဉ်း၏ အလယ်တွင် ရှိပါသည်။ ထိုမြေက ယခုအခါ မြန်မာဘက်သို့ ရောက်သွားပြီ ဖြစ်သည်။

နောက်ထပ် ဆက်ခံသည့် ပြည်နယ် ဝန်ကြီးချုပ် (ယခုအချိန် တွင်လည်း Nagaland ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဆက်လက်ထမ်းဆောင်နေဆဲ ဖြစ်သော) နိုင်ဖျူရီယို Neiphiu Rio က ဈေးအရောင်းအဝယ် ပြုလုပ်ရန် နေရာတခုနှင့် တည်းခိုအိမ်တလုံး ကဲ့သို့သော တခြား အခြေခံ အဆောက်အအုံများကို ဆက်လက် အကောင်အထည် ဖော်ခဲ့သည်။ ထို အဆောက်အအုံ အားလုံးမှာ ယခုအခါ မြန်မာပိုင်နက်အတွင်းသို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ITC တည်ထောင်ရန် အိန္ဒိယ အစိုးရသို့ သူတို့လှူဒါန်းခဲ့သော မြေ ဟက်တာ ၅၀၀ (ဧက ၁၂၀၀ ကျော်) ကို ပြန်လည် ရရှိရေးအတွက် လူငယ်များက တောင်းဆိုနေကြသည်။

“Pangsha (နယ်စပ် ကျေးရွာများတဝိုက်တွင် နေထိုင်သူ Khiamniungan များကို ခေါ်သောအမည်) တွေက သူတို့ မြေကို ပြန်လိုချင်တယ်။ မြန်မာဘက်မှာ အဆောက်အဦ ဆောက်ဖို့ ဘာကြောင့် ကျနော်တို့ ဆီက မြေကို ယူသလဲ ဆိုတာကိုလည်း ကျနော်တို့ သိချင်တယ်” ဟု Pangsha လူငယ်ခေါင်းဆောင် တဦးဖြစ်သည့် ဟန်ချင်း Hanching က ပြောသည်။ လူငယ် အများစုမှာ ITC အိန္ဒိယက ဖွံ့ဖြိုးရေး လုပ်ငန်းများကို ယူဆောင်လာရမည့် အစား ခြံစည်းရိုး အတွက် လုံခြုံရေးပေးနေခြင်းကို နားမလည်နိုင် ဖြစ်နေကြသည်။

“တကယ်လို့ အိန္ဒိယက သူ့ရဲ့ အရှေ့အာရှ မူဝါဒ အကောင်အထည်ဖော်ရေး အလေးထားတယ်ဆိုရင် ပြည်သူတွေ အဆင်ပြေရေးကိုလည်း စိုးရိမ်သင့်တယ်။ ဒီမူဝါဒက လူတွေ အချင်းချင်း ဆက်သွယ်ဖို့ပါ။ လူတွေကို ပိုင်းခြားပစ်ဖို့ မဟုတ်ပါဘူး။ အဲဒါက ကျနော်တို့ကို ဒွိဟ ဖြစ်စေတယ်။ ကျနော်တို့ အဖြေရှာလို့ မရဘူး” ဟု Hanching က သူ၏ အမြင်ကို ပြောသည်။ သူ အလွန် မှန်ပါသည်။ ခြံစည်းရိုးကာမည့် စိတ်ကူးက အရှေ့အာရှ အစီအစဉ်၏ ရည်မှန်းချက်များနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေသည်။

“တခြားပြည်နယ်တွေက ဆက်သွယ်ဖို့ အတွက် လမ်းတွေ၊ တံတားတွေ တည်ဆောက် နေတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်နယ်မှာတော့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်နေတဲ့ တခြားပြည်နယ်တွေနဲ့ အလားတူ ဗျူဟာကျတဲ့ နေရာ ဖြစ်နေတာတောင်မှ ခြံစည်းရိုးတွေ ဆောက်နေတယ်”

ထို့အပြင် အိန္ဒိယ အစိုးရက National Socialist Council of Nagaland-Isak Muivah faction (NCSN-IM) က ဦးဆောင်သည့် နာဂ လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူလိုနေသည့် အချိန်တွင် NSCN-K ပါဝင်လာရေး ကိုလည်း အိန္ဒိယ အစိုးရက ငြင်းပယ်မထားပါ။ ထို့ကြောင့် Pangsha နှင့် Dan မှ အခြေအနေ များက အံ့သြစရာ ဖြစ်နေသည်။

Khiamniungan နာဂများကိုလည်း လက်ခံယုံကြည်အောင် ပြုလုပ်နိုင်ခဲ့သည့် အသွင်မရှိပါ။

“အိန္ဒိယ အစိုးရက မရိုးသားဘူး” ဟု အသက် ၈၀ ကျော် ၉၀ နီးပါး ရှိပြီဖြစ်သော Beshim က မှတ်ချက်ချသည်။ သူက အိန္ဒိယနှင့် မြန်မာတို့ လွတ်လပ်သော နိုင်ငံများ ဖြစ်လာခဲ့ပြီးနောက်တွင် Pangsha တွင်ရော၊ လဟယ်တွင်ပါ အုပ်ချုပ်ရေး အဖွဲ့အစည်း အမျိုးမျိုးတွင် ပါဝင်ခဲ့ဖူးသူ ဖြစ်သည်။

“ဒါတွေကို မြင်တွေ့ရင်း ကျနော် ကြီးပြင်းလာခဲ့တယ်။ တကယ်လို့ ခြံစည်းရိုးကာဖို့ လိုတယ်ဆိုရင် Dan မှာပဲ မဟုတ်ဘူး၊ နေရာတိုင်းမှာ လုပ်သင့်တယ်” ဟု သူက ပြတ်သားစွာ ပြောရင်း သတိပေးလိုက်သည်။

“ကျနော်တို့က မွန်ဂိုလွိုက် အနွယ်တွေပါ။ မြေနဲ့ ပြည်သူတွေကို ချစ်မြတ်နိုးတဲ့ အသိုင်းအဝိုင်းငယ်လေးကပါ။ ဒါကြောင့် ကျနော်တို့အပေါ် ကျရောက်လာတဲ့ ဘယ်လို ဖိအားပုံစံ ဖြစ်စေ ကြီးမားတဲ့ ရလဒ်တခု ထွက်လာ စေနိုင်ပါတယ်” ဆိုသည့် သူ၏ သတိပေးချက်က ITC အထိန်းအမှတ် ကျောက်တိုင် တခုအနီးမှ တောင်ကမ်းပါး တခုတွင် Baba နှင့် တွေ့စဉ် ပြောသောစကားကို ပို၍ လေးနက်စေခဲ့သည်။

“ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်။ အဖြေတခုရှာဖို့ ကြိုးစားမယ်။ ဒါပေမယ့် တကယ်လို့ ခြံစည်းရိုးတခု ကာမယ်၊ ကျနော်တို့မြေကို သိမ်းယူမယ်ဆိုရင်တော့ မြန်မာ အစိုးရနဲ့ အိန္ဒိယ အစိုးရကို သွားပြောလိုက်ပါ။ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ dao (ရိုးရာ ဒါးရှည်) ကို သုံးနိုင်တုန်းပဲလို့”

(By Bidhayak Das ရေးသည့် Dissent in the Naga Hills as India-Myanmar Border Follies Linger  ကို ဆီလျော်အောင် ဘာသာပြန်သည်။ Bidhayak Das သည် ဝါရင့် ဂျာနယ်လစ်ဟောင်းတဦး ဖြစ်ပြီး အိန္ဒိယနှင့် နိုင်ငံတကာ သတင်း မီဒီယာ အများအပြားတွင် လုပ်ကိုင်ခဲ့သူ ဖြစ်ကာ လက်ရှိ ဧရာဝတီ ၏ အတိုင်ပင်ခံ အယ်ဒီတာ တဦး ဖြစ်သည်။ )

Loading