စစ်မျက်နှာပေါင်းစုံမှ ချေမှုန်းခံနေရသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မြန်မာနိုင်ငံသည် မအောင်မမြင်ဖြစ်နေသော ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နောက်တကြိမ် ဆွေးနွေးပွဲများ ကျင်းပနိုင်ပါဦးမည်လော။
တတိယအကြိမ် ဆွေးနွေးပွဲများကို ဇန်နဝါရီလတွင် ကျင်းပရန် စီစဉ်ခဲ့ပြီးနောက် မေလသို့ ရွှေ့ခဲ့သည်။ သို့သော် မေလကုန်သည့်တိုင် အစိုးရ၊ တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) တို့ ပြန်လည် တွေ့ဆုံမည့် လက္ခဏာ မတွေ့ရသေးပေ။
ထိုတုံ့ဆိုင်းနေသော ငြိမ်းချမ်းရေးအစီအစဉ်သည် ဆယ်စုနှစ် ၆ ခုကျော် ကြာပြီဖြစ်သော ပြည်တွင်းစစ် အဆုံးသတ်ရေး တနိုင်ငံလုံး သဘောတူညီမှု တည်ဆောက်နိုင်လိမ့်မည်ဟု များစွာ မျှော်လင့်ခဲ့သော နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အဓိက မူဝါဒဖြစ်သည်။
သို့သော် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ကျင်းပသော ထိုလုပ်ငန်းစဉ် ညီလာခံ ၂ ခုအပြီး နောက်တကြိမ် ြ ညီလာခံ မကျင်းပမီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်စီးသွားနိုင်လောက်သည့် အကျပ်အတည်း ဖြစ်မည်ဟု တချို့က စိုးရိမ်နေသည့် သဘောထားကွဲလွဲစရာ ပြဿနာ အများအပြား ပေါ်ပေါက်လာခဲ့သည်။
လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးသည်ကို ဒေါ်အောင်ဆန်းစုကြည်အစိုးရက လိုလားသော်လည်း ထိုစာချုပ်သည် လက်ရှိအချိန်အထိ လက်တဆုပ်စာသော အဖွဲ့အစည်းများကိုသာ ဆွဲဆောင်နိုင်သည်။
လက်နက်စွန့်ရေး မည်သည့်သဘောတူစာချုပ်ကို မဆို လက်မှတ်မထိုးမီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး သဘောတူညီချက် လိုအပ်သည်ဟု လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက နယ်စပ်တလျှောက် နေရာအသီးသီးတွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုများတွင် ပြောသည်။
မြန်မာနိုင်ငံ၏ ဩဇာကြီးမားလှသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တပ်မတော်ကမူ ထိုသို့မမြင်ပေ။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်ရေးကို ဦးစားပေးသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်နေ့က ကျင်းပသော တပ်မတော်နေ့ မိန့်ခွန်းတွင် ပြောခဲ့သည်။
၂၀၀၈ ခုနှစ်က လိမ်လည်သော ဆန္ဒခံယူပွဲဖြင့်အတည်ပြုခဲ့သည့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တရားဝင်အသိအမှတ်မပြုဘဲ တပြည်ထောင်စနစ်ကိုသာ အသိအမှတ်ပြုသည်။
လက်နက်ဖြုတ်၊ တပ်ဖျက်၊ ပေါင်းစည်း (DDR) ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအချက်ဖြစ်သည်ဟု သူမြင်ကြောင်း တပ်မတော်အကြီးအကဲက ယခင်မိန့်ခွန်းများတွင် ပြောဖူးသည်။
တပ်မတော်နှင့် အစိုးရအကြား အထင်အရှား သဘောထားကွဲလွဲမှုများကြောင့် အခြေအနေမှာ ပိုမို ရှုပ်ထွေးလာခဲ့သည်။ သမ္မတသစ် ဦးဝင်းမြင့်ကမူ သူ၏ ဦးစားပေးမှုမှာ ဒီမိုကရက်တစ် ဖက်ဒရယ် သမ္မတနိုင်ငံ ထူထောင်ရေးအတွက် အုတ်မြစ်ချရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်သည်ဟု မတ်လ ၃၀ ရက်နေ့က ၎င်း၏ ရာထူးလက်ခံ မိန့်ခွန်းတွင် ပြောခဲ့သည်။
ဖက်ဒရယ်စနစ်နှင့် ပြည်တွင်းစစ်ကို နိုင်ငံရေးအရ အဖြေရှာမည်ဟု အစိုးရက ကတိကဝတ်ပြုထားသော်လည်း မည်သည့်ဆွေးနွေးပွဲကိုမဆို မကျင်းပမီ EAOs များ NCA ကို လက်မှတ်ထိုးရမည်ဟူသော တပ်မတော်၏ တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည် မည်သည့်အခါမျှ မသွေဖီသည်မှာ နားလည်ရန်ခက်ခဲသော ကိစ္စ ဖြစ်သည်။
ထိုတင်းကျပ်သော မူဝါဒကို EAOs ၈ ဖွဲ့ NCA လက်မှတ်ထိုးသည်ဟု ၂၀၁၅ ခုနှစ် အောက်တိုဘာလက ပြောခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ထံမှ ဒေါ်အောင်ဆန်းစုကြည် အမွေရခဲ့ခြင်းဖြစ်သည်။
ထိုလက်မှတ်ထိုးသည့် ၈ ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့တွင်သာ လက်နက်ကိုင် တပ်ဖွဲ့ အမှန်တကယ် ရှိကြသည်။ တခြားအဖွဲ့အစည်းများသည် စစ်တပ်နှင့်မတူဘဲ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) များနှင့်သာ တူသည်။
ရှေ့သို့တိုးတက်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စရာမှာ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် ဖေဖော်ဝါရီလက NCA လက်မှတ်ရေးထိုးခဲ့ကြသည်။ NMSP တွင် လက်နက်ကိုင်တပ်ဖွဲ့ ရှိသော်လည်း LDU မှာ ထိုင်းနိုင်ငံအခြေစိုက် လူမျိုးစုရေးရာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည်။
“ဒါဟာ မျှော်လင့်ချက်ကင်းမဲ့နေတာကို ပြတာပဲ” ဟု မြန်မာနိုင်ငံ၏ လူမျိုးစု ပဋိပက္ခကို ကာလကြာမြင့်စွာ လေ့လာခဲ့သည့် အမည်မဖော်လိုသူ တဦးကပြောသည်။ “တိုးတက်မှု မရှိဘဲနဲ့ ရှိတဲ့ပုံမျိုး အစိုးရက လုပ်နေတာ” ဟု သူက ဆက်ပြောသည်။
အစိုးရသည် သေးငယ်ပြီး အရေးမပါသော အဖွဲ့များကို NCA ဘောင်အတွင်းသို့ သွင်းနိုင်သော်လည်း အင်အားကောင်းသော တပ်ဖွဲ့များတို့ကမူ ပေါင်းစည်းလာနေကြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ပလောင်လူမျိုးစုများသည် ၎င်းတို့၏ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တွင် လက်နက်ကိုင်အင်အားကို ၅၀၀၀ အထိ တိုးမြှင့်လိုက်သည်။ နှိုင်းယှဉ်ချက်အားဖြင့် အဖွဲ့သစ်ဖြစ်သော ရက္ခိုင့် တပ်မတော် (AA) ကလည်း အင်အားကြီးထွားလာပြီး တိုက်ခိုက်ရေးသမား ၂၀၀၀ မှ ၃၀၀၀ အထိရှိသည်ဟု ခန့်မှန်းရသည်။
TNLA သည် မူလက နိုင်ငံမြောက်ပိုင်းတွင် တပ်မတော်နှင့် အကြီးအကျယ် စစ်ဆင်နေသည့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးတွဲ လှုပ်ရှားသည်။ သုံးလ သင်တန်း တက်ပြီးနောက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် သေနတ် ၂၇ လက်နှင့် လူ ၄၀ သည် ရှမ်းပြည်နယ်မှ ရွှေလီမြစ်ကို ကူးပြီး ၎င်းတို့၏ ဇာတိမြေတွင် ပြန်လည်လှုပ်ရှားကြသည်။
၂ နှစ်မျှအတွင်း TNLA သည် စိတ်ဓာတ်ရေးရာ ရည်မှန်းချက်ရှိသော တိုက်ခိုက်ရေး အင်အားစု အဖြစ် ကြီးထွားလာခဲ့သည်။
“ဂရန်မာ လိုပေါ့ဗျာ” ဟု ၁၉၅၆ ခုနှစ်က တော်လှန်ရေးစတင်ရန် ဖီဒယ်လ် ကက်စထရို၊ ချေဂွေဗားရားနှင့် လက်တဆုပ်စာမျှသာရှိသော တော်လှန်ရေးသမားများ မက္ကဆီကိုမှ ကျူးဘားသို့ လိုက်ပါခဲ့သည့် သင်္ဘော Granma ကိုရည်ညွှန်းကာ TNLA အရာရှိတဦးက Asia Times သို့ ဟာသနှောပြီး ပြောသည်။
TNLA ခေါင်းဆောင်ပိုင်းတွင် ဒေသဆိုင်ရာ အစိုးရအရာရှိတဦး အပါအဝင် လူငယ် ပညာတတ်များ အများစု ပါဝင်သည်။
၎င်းတို့၏ လက်နက်ကိုင်အဖွဲ့အစည်း အလျှင်အမြန် အင်အားကြီးထွားလာခြင်းသည် ခိုင်မာသော မူးယစ်ဆေးဝါး ဆန့်ကျင်ရေး မူဝါဒများကြောင့်ဖြစ်သည်ဟု TNLA ပြောခွင့်ရသူ တဦးကဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း တောင်ပေါ် ဝေးလံသော ဒေသမှ လူမျိုးစု ပလောင် အသိုင်းအဝန်းသည် အဓိကအားဖြင့် ဒေသအစိုးရ အသိအမှတ်ပြု ပြည်သူ့စစ်ခေါ် အဖွဲ့များက ထုတ်လုပ်ရောင်းချသည့် ဘိန်းနှင့် မက်သာဖက်တမင်းကဲ့သို့သော မူးယစ်ဆေးများကြောင့် ဘဝပျက်ခဲ့ရသည်။
TNLA သည် ဘိန်းခင်းများကို ဖျက်ဆီးသည်။ မူးယစ်မှောင်ခိုများကို ဖမ်းသည်။ စီးပွားရေးလုပ်ပိုင်ခွင့်အတွက် တပ်မတော်၏ သစ္စာခံဟု ကြေညာထားသော ပြည်သူ့စစ်များကို အပြင်းအထန်တိုက်သည်။ မေလ ၁၂ ရက်နေ့တွင် TNLA သည် ၎င်းတို့၏ မူဝါဒ နှင့် ကိုက်ညီသည်ဟု ဆိုကာ ဒေသခံ မူးယစ်မှောင်ခို ပြည်သူ့စစ်များ လုပ်ကိုင်နေသည့် ရှမ်းပြည် မြောက်ပိုင်းရှိ ကာစီနိုလောင်းကစားရုံကို ဝင်ရောက်တိုက်ခိုက်သည်။
ရက္ခိုင့်တပ်မတော် (AA) တွင်လည်း ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသော ရခိုင် လူမျိုးစုများ ပါဝင်ပြီး ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ၎င်း၏ ပထမဆုံး လက်နက်ကိုင် လှုပ်ရှားမှုကို ၂၀၁၅ ခုနှစ်တွင် မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့်အတူ တိုက်ခိုက်ရာတွင် စတင်ပြုလုပ်ခဲ့သည်။ ကိုးကန့်ဒေသမှာ ရှမ်းပြည်မြောက်ပိုင်းမှ တရုတ်လူမျိုးစုများ နေထိုင်ရာ ဒေသဖြစ်သည်။
ထိုနောက် AA သည် ၎င်း၏ စစ်ဆင်ရေးဒေသကို ရခိုင်ပြည်နယ်သို့ပြောင်းရွှေ့ခဲ့ပြီး ဗုဒ္ဓဘာသာအများစု၏ ထောက်ခံမှုကို ရရှိနေသည်။ AA ၏ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်သည် အင်တာနက်ဗီဒီယို အများအပြားတွင် အင်္ဂလိပ်ဘာသာစကားကို ပြောပြီး စစ်သားပီသပုံလည်း ရသည်။
AA ပေါ်ပေါက်လာခြင်းသည် ရခိုင်အမျိုးသားရေး စိတ်ဓာတ်များကိုလည်း မြင့်မားစေသည်။ ရခိုင် အမျိုးသားရေး စိတ်ဓာတ်သည် ရိုဟင်ဂျာ အကျပ်အတည်းနှင့် ပတ်သက်သော ရခိုင်ပြည်နယ်တွင် အင်အားကြီးမားနေသည်မှာ အတန်ကြာပြီ ဖြစ်သည်။
AA သည် ထိုဒေသတွင်လှုပ်ရှားနေသော မြန်မာစစ်တပ်နှင့် အစိုးရကို သံယောင်လိုက်ကာ ရိုဟင်ဂျာ သူပုန် များကို ရိုင်းစိုင်းသော ဘင်္ဂါလီ အကြမ်းဖက်သမားများဟု ၎င်းတို့၏ ကြေညာချက်များတွင် ဖော်ပြသည်။ တခြားသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များကဲ့သို့ပင် ၎င်းတို့သည် အဓိကအားဖြင့် လျစ်လျူရှုခံရပြီး ဆင်းရဲသော ၎င်းတို့၏ ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို လိုလားသော အဖွဲ့အစည်းဖြစ်သည်။
ထို လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း ၂ ခု အလျှင်အမြန် အင်အားကြီးထွားလာရခြင်းမှာ ၎င်းတို့၏ အဓိက မဟာမိတ်ဖြစ်သော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ကူညီထောက်ပံ့မှု မရှိလျှင် မဖြစ်နိုင်ပေ။ UWSA သည် တိုင်းပြည်၏ အင်အားအကြီးဆုံးနှင့် လက်နက် အကောင်းဆုံး တပ်ဆင်ထားသော လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး လက်နက်ကိုင်အင်အား ၂၅၀၀၀ ရှိသည်ဟု ခန့်မှန်းရသည်။
KIA ၊ TNLA ၊ AA နှင့် UWSA တို့သည် နိုင်ငံတဝန်း လူမျိုးစု လက်နက်ကိုင်များ၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်များဖြစ်သည်။ FPNCC တွင် MNDAA ၊ ရှမ်းပြည် တပ်မတော် – မြောက်ပိုင်း (SSA – N) နှင့် ရှမ်းပြည်နယ်အရှေ့ဘက်စွန်းမှ ရှမ်း – အခါ တပ်ဖွဲ့ တခုလည်း ပါဝင်သည်။
UWSA သည် ၁၉၈၉ ခုနှစ်ကပင် ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သော်လည်း NCA ကို လက်မှတ်ထိုးရန် ငြင်းဆန်သည်။ UWSA ၏ လက်နက်အများစုနှင့် ၎င်းက MNDAA ၊ TNLA နှင့် AA ကဲ့သို့သော မဟာမိတ်ထံ စီးဆင်းစေသည့် လက်နက်များ၏ အများစုကို တရုတ်နိုင်ငံက ထောက်ပံ့သည်။
လက်နက် စီးဆင်းမှုမှာ မမြင်သာသော်လည်း FPNCC အပေါ် တရုတ်ဩဇာလွှမ်းမိုးမှုမှာ ထင်ရှားသည်။ မေလ ၁၈ ရက်နေ့တွင် FPNCC ၏ ကိုယ်စားလှယ်များမှာ တရုတ်နိုင်ငံတောင်ပိုင်း မြို့ကြီးတမြို့ဖြစ်သော ကူမင်းသို့ ဆင့်ခေါ် ခံရပြီး တရုတ်အထူးသံတမန်နှင့် ထိပ်တန်း နိုင်ငံခြားရေးအရာရှိ ဆွန်ကော့ရှန်နှင့် တွေ့ဆုံရသည်။
အစည်းအဝေးအပြီးတွင် တရုတ်၊ အင်္ဂလိပ်နှင့် မြန်မာဘာသာများဖြင့် ထုတ်ဝေသော FPNCC ကြေညာချက်အရ ကိုယ်စားလှယ်များသည် တခါတရံ နယ်စပ်ဖြတ်ကျော်လာသော တိုက်ခိုက်မှုများနှင့် ဒုက္ခသည်များအကြောင်း ဆွေးနွေးကြသည်ဟု သိရသည်။
ဆွန်ကော့ရှန်က FPNCC အဖွဲ့ဝင်များအနေဖြင့် လာမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ကြားခံရပါက တက်ရောက်ကြရန် တိုက်တွန်းအကြံပေးသည်ဟု ထိုကြေညာချက်အရ သိရသည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်ရေးကို ယခု ရလိုသလား သို့မဟုတ် မြန်မာ အစိုးရထံမှ ပိုမို၍ သေနင်္ဂဗျူဟာကျသော အခွင့်အရေးများ ရရှိပြီးမှသာ ရလိုသလားဆိုသည်မှာ ပြောင်ကျသော မေးခွန်းဖြစ်မည်။
ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွတ်စေသူ ဟူသည့် သူ၏ အမွေအနှစ်ကို ထိန်းသိမ်းရန် စွမ်းဆောင်ရည်မရှိဘဲ ကြိုးစားနေချိန်တွင် မြန်မာ့စစ်ပွဲများ၏ အနာဂတ်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ကို စိတ်ကူးပင်မယဉ်သူများက အဆုံးအဖြတ်ပေးနေကြသည်။
( Asia Times တွင် ဖော်ပြထားသော Bertil Lintner ၏ Myanmar peace process being destroyed on multiple fronts ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန် – မြန်မာ့စစ်မီး တရုတ်ကို ဟပ်နေပြီ