ဆောင်းပါး

YBS ၂၀ အမှု တရားစီရင်ရေး မျှတနိုင်မလား

Want create site? Find Free WordPress Themes and plugins.

ဧပြီလအတွင်းက မတော်တဆ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့အပေါ် အလုပ်ရှင်က ဖိနပ်နဲ့ ရင်ဘတ်ကို ရောင်ရမ်းသည်ထိ ကန်ကြောက်၊ မျက်နှာကိုလည်း ရိုက်နှက်ပြီး ဆဲဆိုခဲ့တာကြောင့် အလုပ်ရှင်ကို တရားစွဲဆိုထားတဲ့ YBS ၂၀ ယာဉ်မောင်း ဦးအောင်မြတ်ရဲ့ အမှုက တရားမျှတမှု ရရှိပါ့မလားဆိုပြီး မေးခွန်းထုတ်စရာ အခြေအနေပါ။

ခြေထောက်နဲ့ ကန်၊ ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ရိုက်တယ်ဆိုပြီး ဆေးမှတ်တမ်းတေ၊ွ လူသက်သေတွေနဲ့ ဦးအောင်မြတ် တရားစွဲဆိုထားသူ အလုပ်ရှင်၂ ဦးကတော့ OMNI FOCUS GENERAL SERVICE Co.Ltd ပိုင်ရှင်လည်းဖြစ် စစ်အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေလို့ လူသိများတဲ့ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့ ဖြစ်ပါတယ်။

ဧပြီလ ၂၈ ရက်က OMNI FOCUS GENERAL SERVICE Co.Ltd ဝင်းအတွင်းမှာ ယာဉ်မောင်း နှစ်ဦး ဖြစ်တဲ့ ဦးအောင်မြတ်နဲ့ ဦးကျော်မင်းထွန်းတို့ ယာဉ် ၂ စီး မတော်တဆ တိုက်မိပြီး ယာဉ်အစိတ်အပိုင်းအချို့ ပျက်စီးသွား တဲ့ ဖြစ်စဉ်ကြောင့် ဦးကျော်နေဝင်းက ယာဉ်မောင်း ၂ ဦးကို ဆဲဆိုပြီး ဦးအောင်မြတ်ကိုတော့ ခြေထောက်နဲ့ ရင်ဘတ်ကို ကန်၊ ဦးဇွဲနေဝင်းက လက်နှစ်ဖက်နဲ့ နားရင်းနှစ်ဖက်ကို တပြိုင်တည်း ရိုက်ခဲ့တာကြောင့် တရားစွဲဆို ထားတာပါ။

အလုပ်ရှင်က အလုပ်သမားကို ဥပဒေဘောင် ကျော်လွန်ပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်တာကြောင့် ဦးအောင်မြတ်က လှိုင်သာယာမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုထားရာ တရားရုံးက ပုဒ်မ ၂၀၂ နဲ့ အမှုဖွင့်ပေးပြီး ဖြစ်စဉ်ပေါ်မူတည်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ တပ်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေက လည်း တရားလို၊ တရားခံဘက်ကို စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။

မေလ ၂၅ ရက်မှာ လှိုင်သာယာမြို့နယ်တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးရုံးချိန်းမှာ ဦးအောင်မြတ်တို့ဘက်က ရောက်လာခဲ့ပေမယ့် ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်းတို့ဘက်က ရောက်လာခြင်း မရှိသလို တရားရုံးကလည်း အမှုအတွက် ပုဒ်မတပ်ဖို့ လိုအပ်နေဆဲ ဖြစ်တာကြောင့် ဆိုတဲ့ အချက်နဲ့ ဇွန်လ ၁ ရက်ကို ဒုတိယ ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပါတယ်။

ဦးအောင်မြတ်က “တရားရုံးက ၂၅ ရက် ရုံးချိန်းဆိုလို့ ကျနော်လာတယ်။ သူတို့ (ဦးကျော်နေဝင်း၊ဦးဇွဲနေဝင်း) ဘက်ကတော့ တယောက်မှ မလာဘူး။ ရဲဘက်က စစ်ဆေးချက်နဲ့ ပုဒ်မတပ်ဖို့ ၆ လပိုင်း ၁ ရက်ကို ရုံးချိန်း ပြန်ချိန်းတယ်” လို့ ပြောပါတယ်။

ဧရာဝတီ သတင်းဌာနက လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ကို သွားရောက် မေးမြန်းခဲ့ပေမယ့် ၎င်းတို့နဲ့ မသက်ဆိုင် တာကြောင့် သောင်ကြီး နယ်မြေရဲစခန်းက တာဝန်ရှိသူတွေကို မေးမြန်းဖို့ ပြောပါတယ်။ သောင်ကြီးနယ်မြေ ရဲစခန်းကို သွားပေမယ့် စခန်းမှာ တာဝန်ခံတွေကို မတွေ့ခဲ့တဲ့အပြင် ဆက်သွယ်လို့လည်း မရခဲ့ပါ။

ဦးအောင်မြတ်ကတော့ သူ့ကို ရိုက်နှက်ခဲ့တဲ့ အလုပ်ရှင်ရဲ့ မောက်မာမှုက အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ မရှိသင့်တဲ့ လုပ်ရပ်ဖြစ်သလို ဥပဒေအရလည်း လုပ်ပိုင်ခွင့် မရှိ၊ နောက်ပိုင်းမှာ အခြားအလုပ်သမားတွေကို သူ့လို ဆက်ဆံတာ မခံရအောင် တရားစွဲဆိုတာဖြစ်လို့ ဆိုပါတယ်။

ရုံးချိန်းမတိုင်ခင်ကလည်း အမှန်တရားကို ရရှိဖို့ တက်ကြွနေသလို သူ့လို လက်လုပ်လက်စား ယာဉ်မောင်း တဦးအတွက် ငွေကြေးချမ်းသာတဲ့ ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်းတို့ကို တရားစွဲတာက တစုံတရာ ရလိုစိတ် ကြောင့် မဟုတ်ဘဲ ဥပဒေအရ အမှန်အတိုင်း ဖြစ်စေချင်တာကြောင့်လို့လည်း ဦးအောင်မြတ်က ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဖြစ်သူ ဦးကျော်နေဝင်းကို မေးမြန်းဖို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖြေဆိုပေးခြင်း မရှိခဲ့ပါ။

7 Days သတင်းဌာန၊ DVB သတင်းဌာနတို့နဲ့ ရုပ်သံ အင်တာဗျူးမှာတော့ ဦးကျော်နေဝင်းက ယာဉ်မောင်း ဦးအောင်မြတ် ကို ကိုယ်ထိလက်ရောက် ကျူးလွန်ထားခြင်းမရှိဘူးလို့ ငြင်းဆိုထားပြီး ဦးအောင်မြတ်ရဲ့ ရင်ဘတ်မှာ ရောင်ရမ်းနေတယ် ဆိုတဲ့ အဖုကလည်း အဆီကျိတ် ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။

အဲဒီအပြင် ဦးကျော်နေဝင်းက သူ့ညီ ဦးဇွဲနေဝင်းကလည်း လက်နှစ်ဖက်နဲ့ နားရင်းရိုက်တာမျိုး မလုပ်ပါဘူးလို့ ငြင်းဆိုထားပြီး ဥပဒေအတိုင်း ပြန်လည်ချေပသွားမယ်လို့လည်း ထို အင်တာဗျူးမှာ ပြောထားပါတယ်။

ယာဉ်မောင်း ဦးအောင်မြတ်ရဲ့ အမှုကို ကူညီပေးနေတဲ့ ဧရာဝတီ တိုင်းဒေသကြီး၊ ၂၆ မြို့နယ် အလုပ်သမား ကိုယ်စားလှယ် ဦးမောင်မောင်ဟန် ကတော့ “ကျနော့်အနေနဲ့ သက်သေ အထောက်အထား အခိုင်အလုံ ဘာပြ နိုင်လည်းဆိုတော့ ၂၀၁၈ ဧပြီလ ၂၈ရက်မှာ CCTV ကင်မရာ 4M 6086၊ 4M 5796 မှာ ရှိပါတယ်။

ဒီယာဉ်မောင်းက ယာဉ်တိုက်မှုကြောင့် ရတဲ့ဒဏ်ရာ မဟုတ်ဘူးဆိုတာကို ကြိမ်းသေပြောနိုင်တယ်။ နောက်တခု က လူသက်သေပါ” လို့ ဆိုပါတယ်။

လူသက်သေအနေနဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်မှု ဖြစ်စဉ်က ထိုနေရာတွင် ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်း တို့အပြင် ၎င်းတို့၏ သက်တော်စောင့် ၄ ဦး ရှိကြောင်း ထို့ပြင် ကုမ္ပဏီမန်နေဂျာ ဦးမင်းဟန်ဖြိုး၊ ဦးထွန်းတောက်ဝင်း၊ ဦးလှမြင့်၊ ဦးကံထွေးတို့ ရှိကြောင်း၊ ဝပ်ရှော့ ဆရာများလည်း အနီးအနားတွင် ရှိနေကြောင်း၊ ၎င်းတို့မှာ လူသက်သေများ ဖြစ်ကြောင်း၊ ထို့ပြင် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးစစ်ချက်မှာ လည်း ခြေထောက်နှင့်ကန်သဖြင့် ရရှိထားသည့် ဒဏ်ရာဖြစ်သည်ကို ဆေးမှတ်တမ်း ရှိကြောင်း ဦးမောင်မောင်ဟန်က ပြောပါတယ်။

တရားရုံးတွင် လူသက်သေများ ထွက်ဆိုရပါက ဦးအောင်မြတ်ဘက်ကနေ သက်သေခံပေးဖို့ ပြောဆိုထားတဲ့ YBS ၂၀ ဝန်ထမ်းတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။

သို့ပေမယ့် တကယ်တမ်း အမှုရင်ဆိုင်ရတဲ့အခါ သက်သေထွက်ဆိုပေးမယ့်သူတွေ အခိုင်အမာ ဘယ်သူတွေ ရှိလည်း ဆိုတာကိုတော့ ဧရာဝတီက မေးမြန်း၍ မရသေးပါဘူး။

ဦးကျော်နေဝင်းကတော့ ဦးအောင်မြတ်ကို မရိုက်နှက်ခဲ့ဘူးလို့ သတင်းမီဒီယာတွေမှာ ငြင်းဆိုထားသလို ပထမ ရုံးချိန်း ဖြစ် တဲ့ မေလ ၂၅ရက်မှာ ကုမ္ပဏီနှစ်ပတ်လည် အခမ်းအနားနေ့ ဘုန်းကြီးပင့် တရားနာ၊ YBS ၂၀ ဝန်ထမ်းတွေ ယာဉ်မောင်းတွေကို နေ့လည်စာ ထမင်းကျွေးပြီး TV၊ DVD စက်တွေ မဲဖောက်ပေးတဲ့အပြင် ထောက်ပံ့ငွေတွေ ပေးနေခဲ့ပါတယ်။ အမှုရုံးချိန်းကို လာရောက်ခြင်းမရှိခဲ့ပါ။

YBS ၂၀ ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း “ယာဉ်မောင်းဝန်ထမ်းများနှင့် အတူ ပျော်ရွှင်စွာ နေ့လည်စာ ကျွေးမွေး” ၊ “Chairman ဦးကျော်နေဝင်းမှ ထောက်ပံ့ငွေများ ပေးအပ်ရန် ပြင်ဆင်”၊ “လုပ်သက် တနှစ်တာ ကာလအတွင်း ယာဉ်တိုက် ခိုက်မှု လုံးဝမရှိသော ယာဉ်မောင်း ဦးဇော်ခင်နှင့်အတူ Chairman ဦးကျော်နေဝင်း အား တွေ့ရစဉ်” ၊ “Chairman ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့မှ ဝန်ထမ်းများအတွက် ကံစမ်းမဲ လက်ဆောင်များ ပေးအပ်ခြင်း” ဆိုတဲ့ စာတွေနဲ့ ဓာတ်ပုံ တွေကိုလည်း တင်ထားပါတယ်။

မေလ ၁၄ ရက်ကလည်း YBS ၂၀ ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဦးကျော်နေဝင်းနဲ့ သတင်းဌာနကြား အမေး အဖြေ လုပ်နေတဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင်တွေ တင်ခဲ့ပြီး ထိုထဲမှာ ဦးကျော်နေဝင်းက သူ့အဖိုးနဲ့ ပတ်သက်ပြီး မကောင်းမြင် ကြသူရှိသလို အကောင်းမြင်ကြသူတွေလည်း ရှိကြောင်း သူ့ကို ဦးကျော်နေဝင်း အနေနဲ့သာ မြင်ပေးစေလိုတယ်လို့ ပြောဆို ထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စုကျော်ကာလများက စစ်အာဏာရှင် မိသားစုတွေက ပြည်သူတွေအပေါ် အထက်စီးက ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံပြီး သူတို့နဲ့ ထိပ်တိုက်တွေ့တဲ့ အလုပ်သမားတွေ နိုင်ငံ့ဝန်ထမ်းတွေကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ လုပ်ခဲ့တယ်လို့ သတင်းစကား အများအပြား ထွက်ခဲ့တဲ့ထဲမှာ စစ်အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး တွေလည်း ပါဝင်ခဲ့ပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေမှာ အဖိုးဖြစ်သူ ဦးနေဝင်းရဲ့လောင်းရိပ်နဲ့ တွဲပြီးပြောဆိုတာတွေကို မြင်နေရတယ် လို့လည်း ဦးကျော်နေဝင်းက ပြောဆိုထားပါတယ်။

ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်း၊ ဦးအေးနေဝင်း နဲ့ ၎င်းတို့ရဲ့ ဖခင် ဦးအေးဇော်ဝင်းတို့က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ လက်ထက် ၂၀၀၂ ခုနှစ် စက်တင်ဘာလမှာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) နဲ့ ထောင်ဒဏ် တသက်တကျွန်းနဲ့ သေဒဏ် ချမှတ်ခံခဲ့ရတာပါ။

၂၀၁၁ ခုနှစ်မှာ တသက်တကျွန်း ထောင်ဒဏ် ပြောင်းလဲချမှတ်ခံရပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ်လ ၁၃ရက်မှာ ဦးအေးဇော်ဝင်း၊ ဦးဇွဲနေဝင်းတို့ လွတ်ငြိမ်းချမ်းသာခွင့် ရပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှာ ဦးကျော်နေဝင်းနဲ့ ဦးအေးနေဝင်းတို့ လွတ်လပ်ငြိမ်းချမ်းသာခွင့် ရရှိပြီး လွတ်မြောက်လာကြတာပါ။

ဦးအောင်မြတ်ကတော့ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့က သူ့ကို အမှန်တကယ် ကိုယ်ထိလက်ရောက် ကျူးလွန်တာဖြစ် လို့ အမှန်ကို ဝန်ခံပြီး တောင်းပန် ပေးစေလိုတယ်လို့ ပြောပါတယ်။
“ဆဲဆိုပြီး မင်းတို့ မကျေနပ်ရင် ကြိုက်တဲ့ နေရာတိုင်ဆိုပြီး လုပ်တာ။ သူတကယ်ကန်ခဲ့တယ်။ ကျနော် တကယ်လည်း အကန်ခံခဲ့ရတယ်။ သူများကို မဟုတ်ဘဲ မစွပ်စွဲရဘူး။ ကျနော် လုပ်လည်း မလုပ်ဘူး” လို့ ဦးအောင်မြတ် က ပြောပါတယ်။

ဦးအောင်မြတ်က YBS ၂၀ မှာ ယာဉ်မောင်းအဖြစ် အလုပ်ဝင်နေခဲ့တာ ၄ လ ရှိပြီလို့သိရပါတယ်။

သူရဲ့ ဇာတိကတော့ ဧရာဝတီတိုင်း ဝါးခယ်မမြို့က ဖြစ်ပြီး ကရင် တိုင်းရင်းသားတဦး ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ တက်လာပြီး ကြုံရာကျပန်းလုပ်ရင်း ၂၀၀၅ ခုနှစ်မှာတော့ ယာဉ်မောင်း တဦးအဖြစ် စတင် အသက်မွေး ဝမ်းကြောင်းပြုခဲ့သူပါ။

ပြဿနာတွေ မဖြစ်ခင်က YBS ၂၀ က လစဉ် ရတဲ့ လုပ်အားခ ကျပ်ငွေ ၃ သိန်းနဲ့ လှိုင်သာယာမြို့နယ်က ၆ သောင်းကျပ် ပေးငှားရတဲ့ အိမ်ခန်းတခုမှာ သူ့ဇနီး၊ အသက် ၆ နှစ်အရွယ် သမီးတဦး၊ အသက် ၂ နှစ် အရွယ် သားငယ်တဦးနဲ့ အတူ နေထိုင်ပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး ဧပြီလ တလလုံး သူလုပ်ထားတဲ့ လုပ်အားခကို ကုမ္ပဏီက ထုတ်မပေးတာကြောင့် အိမ်ငှားခနဲ့ မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်သွားတယ်လို့ သိရပါတယ်။
YBS ၂၀ ယာဉ်၂ စီး တိုက်မိတဲ့ ဦးအောင်မြတ်နဲ့ ဦးကျော်မင်းထွန်းတို့ရဲ့ ယာဉ်မောင်း လိုင်စင်ကို ကုမ္ပဏီက သိမ်းပြီး ယာဉ် မဆင်မခြင် မောင်းနှင်လို့ ယာဉ်တိုက်မှု ပုဒ်မ ၂၇၉ နဲ့ လည်း အမှုဖွင့်ထားတာကြောင့် အလုပ်သစ် ရှာဖွေဖို့လည်း အခက် အခဲ ဖြစ်နေကြတယ်လို့ ကာယကံရှင်ဖြစ်သူတွေက ပြောပါတယ်။

အလုပ်သမား ဥပဒေများ အရ အလုပ်ထုတ်လိုက်တဲ့ ဦးအောင်မြတ်နဲ့ ဦးကျော်မင်းထွန်းတို့ကို ဧပြီလ တလလုံး အတွက် လုပ်ခလစာများ ကုမ္ပဏီက ပေးရမှာဖြစ်သလို အလုပ်ထုတ်မှာကို ကြိုတင် မပြောဘဲ ချက်ချင်းထုတ် လိုက်တဲ့အတွက် Notice ကြေး တလစာနဲ့ လုပ်သက်အရ ရရှိရမယ့် အလုပ်ထုတ်နစ်နာကြေးတွေ အတွက် လည်း ဦးမောင်မောင်ဟန်က မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးရုံးကတဆင့် တောင်းဆိုပေးထားပါတယ်။

ဦးမောင်မောင်ဟန်က “ကိုကျော်မင်းထွန်းက လုပ်ခလစာကျန်ငွေ ၂ သိန်း ၈သောင်း၊ နားရက်ဖြတ်တာ ၁ သောင်း၊ Notice ကြေး ၃သိန်း၊ လုပ်သက် ၆ လရှိပြီဖြစ်လို့ ဥပဒေအရ အလုပ်ထုတ် နစ်နာကြေး လဝက်စာ ၁ သိန်းခွဲ စုစုပေါင်း ၇ သိန်း ၄ သောင်းကို ဥပဒေအရ ရရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဦးအောင်မြတ်ကတော့ လုပ်သက် ၄ လပဲ ရှိသေးတာကြောင့် အလုပ်ထုတ် နစ်နာကြေးမရပေမယ့် လုပ်ခလစာ ကျန်ငွေ ၂သိန်း ၈ သောင်း၊ ဥပဒေအရ သတ်မှတ်ထားပြီး အလုပ်ပိတ်ရက်ဖြစ်တဲ့ နှစ်ဆန်း ၁ ရက်နေ့ အလုပ်မဆင်းခြင်းကြောင့် ဖြတ်ငွေ ၁ သောင်း၊ Notice ကြေး ၃ သိန်း၊ စုစုပေါင်း ၅ သိန်း ၉ သောင်းကို ဥပဒေနဲ့အညီ ရရှိရမှာ ဖြစ်တယ် လို့လည်း ဦးမောင်မောင်ဟန်က ဆိုပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ ၂၀၁၅ ခုနှစ် အမိန့်ကြေညာစာ အမှတ် (၈၄/ ၂၀၁၅) အရ အလုပ်မှ ရပ်စဲရင် အလုပ်ရှင်က အလုပ်သမား လုပ်ခဲ့တဲ့ လရဲ့ လုပ်ခလစာအပြင် အနည်းဆုံး လုပ် သက် ၆ လ ပြည့်ပါက နစ်နာကြေး လဝက်လစာပါ ထပ်မံပေးရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

အလုပ်ရှင်က အလုပ်သမားကို အလုပ်မှ ရပ်စဲမယ်ဆိုရင် ၁ လ ကြိုတင် ပြောရပြီး ကြိုတင်မပြောဘဲ ထုတ်ပါက Notice ကြေး ၁ လစာကိုလည်း ပေးရမှာ ဖြစ်ပါတယ်။

မေလ ၁၇ ရက်မှာ ကုမ္ပဏီနဲ့ ဦးအောင်မြတ်၊ ဦးကျော်မင်းထွန်း၊ ဦးမောင်မောင်ဟန်တို့ ညှိနှိုင်းရာမှာ ကနဦးက မပေးနိုင် ကြောင်း ပြောထားတဲ့ လုပ်ခလစာကိုတော့ ပေးမယ်လို့ ကုမ္ပဏီဘက်က သဘောတူညီခဲ့ပေမယ့် ဥပဒေအရ ပေးရမယ်လို့ ပြဌာန်းထားတဲ့ အလုပ်ထုတ်နစ်နာကြေးနဲ့ Notice ကြေးတွေကိုတော့ ပေးဖို့ ငြင်းဆိုပါတယ်။

ထို့ကြောင့် အလုပ်ထုတ်နစ်နာကြေးနဲ့ Notice ကြေးတွေ ပေးဖို့ ဦးအောင်မြတ်၊ ဦးကျော်မင်းထွန်းနဲ့ ဦးမောင်မောင်ဟန် တို့က မြို့နယ် ခုံသမာဓိကို ထပ်မံ တိုင်ကြားထားပါတယ်။
YBS ၂၀ ယာဉ်လိုင်းကလည်း ခုံသမာဓိမှ ဆုံးဖြတ်ချက်ကို ခံယူသွားမှာ ဖြစ်တယ်လို့ မေလ ၁၇ ရက်က ထုတ်ပြန်ထားပါ တယ်။

ဦးကျော်နေဝင်းကတော့ ဦးအောင်မြတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တာ မရှိသလို သူ့ညီ ဇွဲနေဝင်းကလည်း ရိုက်နှက် တာ မရှိဘူးလို့ ယတိပြတ် ငြင်းဆိုနေပါတယ်။

ဦးအောင်မြတ်ကတော့ “ကျနော့်မှာ သားသမီး၂ ယောက်ရှိတယ်။ သူတို့ အနာဂတ်မှာ ခေါင်းမဖော်နိုင်အောင် ကျနော် အမှားကို ဘယ်တော့မှ မလုပ်ဘူး။ သူတို့ကိုလည်း မဟုတ်ဘဲ မစွပ်စွဲရဲပါဘူး။ အခုက ကျနော်မှန်လို့ တကယ် အကန်ခံခဲ့ရ လို့ တရားမျှတမှုကို လိုချင်တယ်” လို့ ပြောဆိုပါတယ်။

လုပ်ငန်းပိုင်ရှင်နဲ့ လက်လုပ်လက်စား အလုပ်သမားယာဉ်မောင်း အကြား ငြင်းခုန်နေကြတဲ့ ကိစ္စရပ်မှာ တရားမျှတမှု ဘယ်လိုရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လာမယ့် တရားရုံးချိန်းမှာ တရားရုံးက ဘယ်လို စီရင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် အလုပ်ရှင်က အလုပ်သမားတွေကို အနိုင်မကျင့်စေချင်ဘူး 

YBS ၂၀ ယာဉ်မောင်း ၂ ဦး နစ်နာကြေးမရ၍ ခုံသမာဓိရုံးသို့ ထပ်မံတိုင်ကြား

Did you find apk for android? You can find new Free Android Games and apps.
Loading