ဆောင်းပါး

အပြန်အလှန် တရားစွဲနေသည့် မတ္တရာအမှု ဘယ်လို ဆုံးဖြတ်မလဲ

Want create site? Find Free WordPress Themes and plugins.

လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သံဃာတပါးက ကျောင်းသား တဦးကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် ဧပြီလကုန်ပိုင်းက ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများ ပြင်းထန်လာခဲ့သည်။

ထို့နောက်ပိုင်း အဆိုပါ သံဃာက ရိုက်နှက်ခံရသည့် ကျောင်းသား တဦးအပါအဝင် ၇ ဦးအား သာသနာ ညှိုးနွမ်းစေသည် ဟု ဆိုကာ တရားစွဲဆိုမှု ပြုလုပ်လိုက်သည်။

“ကလေးကို ဆုံးမလိုက်ရတော့ ဘုန်းဘုန်း စိတ်ထဲမှာတော့ ကျေအေးသွားတာပေါ့။ အဲဒီလို ကျေအေးခဲ့သော်လည်း ဘုန်း ဘုန်း ကို ကျောင်းထိုင် ဘဝက ဖြုတ်ချချင်တဲ့ အဖွဲ့အစည်းတွေက ရဲစခန်းတိုင် အမှုဖွင့်ဆိုပြီး လုပ်လာကြလို့ ဘုန်းဘုန်းက လည်း ဥပဒေ လမ်းကြောင်းအတိုင်း မလုပ်ရင် မကောင်းဘူး ဆိုပြီး အခုလို တရားရုံးကို ဦးတိုက်လျှောက် ဖြစ်သွားတာပါ” ဟု ရိုက်နှက်ခဲ့သည့် သံဃာ ဖြစ်သူ ဦးသုစရိတ က တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး မိန့်ကြားသည်။

တရားစွဲဆိုမှုအား မန္တလေးတိုင်း မတ္တရာမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းဖြစ်ကာ ရိုက်နှက်ခံခဲ့ရသူ မောင်ဝေဖြိုးနိုင် အပါအဝင် ၇ ဦးအား သာသနာ ညှိုးနွမ်းစေမှုပုဒ်မ ဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (ခ) အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲ ထားခြင်း ဖြစ်သည်။

မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းရွာရှိ လွင်ဦး ကျောင်းတိုက် အတွင်း၌ ဧပြီလ၂၁ ရက်က မောင်ဝေဖြိုးနိုင် သရက်သီး ခူးခဲ့ရာက ဖြစ်ပွားခြင်း ဖြစ်ကာ မောင်ဝေဖြိုးနိုင်က ဦးသုစရိတအား ရိုင်းပျစွာ ပြောဆိုခဲ့မှုများကြောင့် ရိုက်နှက် ဆုံးမ ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“မောင်ဝေဖြိုးနိုင် ဆိုတဲ့ကလေး ဘုန်းဘုန်းကျောင်းထဲကို သရက်သီး လာခူးတော့ လိုချင်ရင်ပြော မပုတ်ပါနဲ့ လိုချင်တဲ့ အသီး ကို ပေးမယ်လို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ သူက ပြန်သွားတယ်။ နောက်မကြာဘူး ရွာသား ၄ ယောက်နဲ့ ပြန် ရောက်လာ တယ်။ ဘုန်းဘုန်း တပည့်တွေ သရက်သီး ကောက်နေတာကို ကြည့်ပြီး ခွေးအုပ်ကြီးက များလိုက်တာကွာလို့ ပြောတာကို ကြားလိုက်ရတယ်” ဟု ဦးသုစရိတက မိန့်ဆိုသည်။

ဆက်လက်၍ “အဲဒီမှာ ဘုန်းဘုန်းက ပြဿနာဖြစ်မှာစိုးလို့ ထိုင်စောင့်နေခဲ့တယ်။ အဲဒီမှာ မောင်ဝေဖြိုးနိုင်က ဘုန်းဘုန်းကို လက်ညှိုးထိုးပြီးတော့ ဟိုခွေးဝါကြီးကို ပြောတာတဲ့၊ ဘုန်းဘုန်းက သြော်ဒီကလေးနဲ့ ရိုင်းတာကွာ။ ဒါ့ပြင် ဘုန်းဘုန်းကို လက် ညှိုးထိုးပြီးတော့ ခွေးပါးစပ်က နတ်စကား ထွက်တယ်လို့ ပြောတယ်။ ဘုန်းဘုန်းလည်း ၃ ကြိမ်မြောက် ဆိုတော့ နည်းနည်း ဒေါသလေး ထွက်သွားတယ်။ ဒီလောက်ရိုင်းနေတယ်။ ယဉ်ကျေးအောင် ဆုံးမမှ ဖြစ်မှာပါဆိုပြီး လဲဝါကိုင်း ခြောက် အဆွေးနဲ့ သူ့ကို နောက်နောင် သာသနာ၊ ဘာသာကို မစော်ကားအောင် ရိုသေတတ်အောင် ဆိုပြီး ရည်ရွယ်ပြီး ဆုံးမ လိုက်တာပါ”ဟု မိန့်သည်။

မောင်ဝေဖြိုးနိုင်အား ဆုံးမပြီး ပြန်လွှတ်လိုက်သည့်နောက် ၁၀ မိနစ်ခန့် အကြာ၌ ၎င်း၏ အဒေါ်နှင့် အစ်မ ဆိုသူများ ရောက်ရှိ လာပြီး ဦးသုစရိတ အား ကြိမ်းဝါးသွားကြောင်း ဆိုသည်။

ဦးသုစရိတ ဦးဆောင်သည့် အုပ်စုက ဆုံးမသည့်အနေဖြင့်ဟုဆိုကာ မောင်ဝေဖြိုးနိုင်၏ ဆံပင်အား ဆောင့်ဆွဲ၍ မျက်နှာ အား အချက်ပေါင်းများစွာ ရိုက်နှက် ထိုးကြိတ်ခြင်း၊ ကန်ကျောက်ခြင်း၊ ဝါးလုံးနှင့် အချက်ပေါင်းများစွာ ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် မတ္တရာ ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၁ ရက်က အတွင်းလူနာ အဖြစ် တက်ရောက် ကုသမှု ခံယူခဲ့ရ ကြောင်း သိရသည်။

မောင်ဝေဖြိုးနိုင်၏ ဆရာဖြစ်သူ လွင်ဦး ကျောင်းတိုက်မှ ဦးပညာဝံသ ကမူ ဦးသုစရိတသည် မင်းမဲ့စရိုက် ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့် ရိုက်နှက်ခဲ့ခြင်းသာ ဖြစ်သည်ဟု မိန့်ကြားသည်။

“ကျောင်းသားအချင်းချင်း စကားနိုင် လုပြောကြရင်း ခွေးပါးစပ်က နတ်စကား ထွက်တယ်ကွာလို့ ကလေးက ပြောလိုက် တာ။ ဒါကို လိုက်ပြဿနာရှာပြီး ဦးသုစရိတက သူ့ကို ပြောပါတယ် ဆိုပြီး ကလေးကို ဆံပင်ဆွဲပြီး ပါးတွေ နာတွေ ရိုက် တော့တာပဲ။ ဦးဉ္ဇင်းက ကိုယ့်ကလေးတော့ သေရချည်ရဲ့ဆိုပြီး လိုက်ကာကွယ်တော့ ဦးဉ္ဇင်းကို တွန်းလွှတ်ပြီး ကလေးကို လက်သီးတွေနဲ့ ဝိုင်းထိုးကြတော့တာပဲ၊ ထိုးပြီးတော့ ဆံပင်ကိုဆောင့်ဆွဲပြီးခေါ်သွားပြီး တုတ်တွေနဲ့လည်းထိုး၊ ဝါးလုံးတွေနဲ့ လည်းထိုးတယ်”ဟု ထိုစဉ်က အနီးနား၌ ရှိနေသည်ဟု ဆိုသော ဦးပညာဝံသက မိန့်သည်။

ဆက်လက်၍ “အားလုံး ၁၆ယောက်မှာ အသက်ကြီးတဲ့သူက ၄ ယောက်ပါတယ်။ သူတို့က ခြေထောက်နဲ့ ရင်ဘတ်တွေကို ကန်၊ မျက်နှာကိုလည်း ကန်တယ်၊ ဖြစ်ချင်တော့ (ဦးသုစရိတ)သူက သင်္ကန်းကျွတ်သွားပြီး ပြန်ဝတ်နေချိန်မှာ ကလေးက လွတ်လာခဲ့တာ” ဟုလည်း မိန့်ကြားသည်။

မောင်ဝေဖြိုးနိုင်သည် မိသားစုက ဆင်းရဲနွမ်းပါး၍ နွေရာသီ ကျောင်းပိတ်ကာလ၌ လွင်ဦးကျောင်းတွင် သီတင်းသုံး နေထိုင် သည့် ဦးပညာဝံသအား ဝေယျာဝစ္စ လုပ်ကိုင်ပေးရန်အတွက် ကျောင်းအိပ်ကျောင်းစား နေထိုင်သူ ဖြစ်သည်။

ယင်းသို့ ခွေးပါးစပ် နတ်စကား ထွက်သည် ဆိုသည့် စကားမှာ ဦးသုစရိတ အားရည်ရွယ်ပြောခြင်း မဟုတ်ဘဲ သူငယ်ချင်း ဖြစ်သူကို ပြောခြင်းသာ ဖြစ်သည်ဟု အရိုက်ခံရသူ မောင်ဝေဖြိုးနိုင်က ပြောသည်။

တရားစွဲဆိုရာတွင် မောင်ဝေဖြိုးနိုင် အပါအဝင် ကျောင်းသား ၄ ဦး အပေါ် သာသနာ ညှိုးနွမ်းစေမှု ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (ခ) နှင့်လည်းကောင်း ၎င်း၏ အဒေါ်နှင့် အစ်မဝမ်းကွဲတို့အား ပုဒ်မ ၂၉၄ (ခ) နှင့် အသရေဖျက်မှု ပုဒ်မ ၅၀၀၊ ရာဇဝတ် မကင်း သော ခြောက်လှန့်မှု ပုဒ်မ ၅၀၆ တို့ဖြင့် စွဲဆိုထားသည်။

မတ္တရာမြို့နယ် တရားသူကြီး ဦးဝင်းမြင့်စိုးက “အရေးယူ စစ်ဆေးသွားဖို့ မေလ ၃၁ ရက်က ခေါ်ယူခဲ့တာပါ”ဟု ဧရာဝတီ သို့ ပြောသည်။

ယခု တရားစွဲဆိုခံရသည့် မောင်ဝေဖြိုးနိုင်သည် အသက်မပြည့်သေးသည့် ကလေးအရွယ် ဖြစ်နေခြင်းကြောင့် သီးခြားအမှု ဖွင့်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

ရိုက်နှက်ခံရသည့်ကျောင်းသား မောင်ဝေဖြိုးနိုင်

“မောင်ဝေဖြိုးနိုင် အချင်းဖြစ်ပွားတဲ့ အချိန်မှာ အသက် ၁၄ နှစ် အရွယ်သာ ရှိသေးလို့ ကလေးသူငယ် မှုခင်းနဲ့ ဖွင့်လှစ် ဆောင် ရွက်ရမှာ ဖြစ်ပါတယ်။ လူကြီးအမှုနဲ့ တွဲလို့မရတဲ့အတွက် သီးခြားအမှုဖွင့်ဖို့ကို တရားလိုဘက်ကို ညွှန်ကြားထားမှု ရှိပါတယ်။ အဲဒါ ဆောင်ရွက်ပြီးတော့မှပဲ တရားလိုဘက်ကို စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်စိုးက ပြောသည်။

ဒုတိယမြောက် ရုံးချိန်းကို ဇွန်လ ၁၄ ရက်၌ ထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။

တရားစွဲခံရမှုကြောင့် မောင်ဝေဖြိုးနိုင်က ကျောင်းပညာရေးကို ဆက်လက် သင်ယူလိုစိတ်မရှိတော့ဟု ပြောကြားလာမှု အပေါ် မိခင်ဖြစ်သူ ဒေါ်စန်းနွဲ့က “အခုဟာက သူတို့က ကလေးကို မတရားသဖြင့် အုပ်စုဖွဲ့ ဝိုင်းရိုက်တယ်။ ကလေးက ကံကောင်း ပြီး မသေတာကို သူတို့က မတရားသဖြင့် စွပ်စွဲတာကို ခံပြင်းရပါတယ်။ အုပ်စုဖွဲ့ပြီးတော့ ရိုက်တဲ့အပြင် အမှု အမျိုးမျိုးနဲ့ တရားစွဲတာလည်း ခံနေရတယ် ဆိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး”ဟု ပြောသည်။

မောင်ဝေဖြိုးနိုင်၏ ဘခင်ဖြစ်သူ ဦးသူရနိုင်ကလည်း“ပထမတခါ သရက်သီးခိုးလို့ ဆိုပြီး ရဲစခန်းမှာ သွားဖြေရှင်းရပြီးပြီ။ အခု နောက်ထပ်တခါ ကလေးအပါအဝင် သုံးယောက်ကို ဆူပူမှုဆိုပြီးတော့ လုပ်လာပြန်ပြီ။ ကိုယ့်ကလေးကလည်း ခံရသေး တယ် အခုလို လုပ် နေတာက ဘုန်းကြီးတပါးအနေနဲ့ လုပ်သင့်သလားပေါ့။ ကျနော်တို့က တောမှာ ညအိပ်ညနေသွားပြီး လုပ်ကိုင်နေရတာ ဆိုတော့ ကလေးကို ကျောင်းကို အပ်ထားတယ်ဆိုတာ လိမ္မာရေးခြား အသိပညာတွေ ပိုပြီး တိုးပွားလာ အောင်လို့ ဆိုပြီး ကျောင်းမှ ဝေယျာဝစ္စပြုရင်းနဲ့ အပ်ထားခဲ့တာပါ”ဟု ပြောဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူ ဦးသုစရိတကို ရဲစခန်းက ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆို သည်။

တရားစွဲဆိုခံရသည့် မောင်ဝေဖြိုးနိုင်တို့ မိသားစုဘက်က ဦးသုစရိတ အပါအဝင် ၄ ဦးအား မတ္တရာမြို့နယ် မြို့မ ရဲစခန်း တွင် (ပ)၃၂၇/၂၀၁၈ ထိခိုက်နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၅ နှင့် အမှု ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ အမှုအား ရဲလုပ်ငန်းများ အရ စုံစမ်းစစ်ဆေး၍ မြို့နယ် ဥပဒေရုံးသို့ အကြံပေးရန် တင်ပြတောင်ခံခဲ့ရာ ဥပဒေပုဒ်မ ၃၂၃ ဖြင့် ပြန်လည် ချထားပေးခဲ့ကြောင်း မတ္တရာမြို့နယ်ရဲ တပ်ဖွဲ့က ပြောသည်။

“ကျနော်တို့က အမှုကို ရဲလုပ်ငန်းတွေ အရ အမှုကို တည်ဆောက်ပြီး ဥပဒေအကြံပေးဖို့ တင်ပြခဲ့ရာမှာ ပုဒ်မ ၃၂၃နဲ့ ပြန်ချ ပေး ခဲ့ပါတယ်၊ ရဲအရေးမပိုင်တဲ့ ပုဒ်မဖြစ်နေတာကြောင့် တရားရုံးကို တရားလို ကိုယ်တိုင်ဦးတိုက် လျှောက်ထား ရမှာဖြစ်တဲ့ အတွက်ကြောင့် သူတို့ကို ခေါ်ယူထားတာမှာ ဒီနေ့ အချိန်အထိ လာရောက် ဆက်သွယ်ခြင်းမရှိလို့ အမှုက ကြန့်ကြာ နေရတာ ပါ” ဟု မတ္တရာ မြို့နယ် ရဲတပ်ဖွဲ့မှ ဒုမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပြသည်။

ဦးသုစိရတ၏ တရားစွဲခြင်း ခံရမှုတွင် ပါဝင်ခဲ့သူ မောင်ဝေဖြိုးနိုင်၏ အဒေါ်ဖြစ်သူ ဒေါ်စန်းလဲ့ကလည်း“သူတို့ဘက်က တရား စွဲထားလည်း ကျမတို့ဘက်က ဘာအပြစ်မှလည်း မလုပ်ထားပါဘူး၊ ဘာအပြစ်မှမလုပ်ထားဘဲ သူ ဘာအပြစ်နဲ့ တရား စွဲ ထားလည်း ကျမတို့ မသိပါဘူး၊ ဒီလိုမျိုးတွေ မာယာ ပရိယာယ်တွေသုံးပြီး တရားတွေလိုက်စွဲနေတာ ဘာကြောင့်လဲ ဆို တာ နားမလည်နိုင်ဘူး ဖြစ်နေပါတယ်၊ သူက သံဃာတပါးဖြစ်ပြီးတော့ အခုလိုတရားတွေ လိုက်စွဲနေတဲ့ အပေါ်မှာ သူ့ကို ဘာ ရိုင်းရိုင်း စိုင်းစိုင်းပြောဆို ထားတာလည်း မရှိဘူး၊ ကလေးကို မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့လို့ သွားပြီး မေးခဲ့တာပဲ ရှိတာ” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “သူတို့ဘက်ကသာ ကျမတို့ကို ရိုင်းရိုင်းစိုင်းစိုင်းစကားတွေပြန်ပြောခဲ့တာပဲရှိတယ်၊ ဘာလဲဆိုတော့ နင်တို့နေချင်ရင် လာနေကြ၊ လာအိပ်ကြ၊ ကျောင်းပေါ်အခန်းလွတ်တွေရှိတယ်ဆိုပြီး ပြောခဲ့ကြတာပါ၊ ကျမတို့က ဗုဒ္ဓဘာ သာမို့ ရိုင်းရိုင်းစိုင်းစိုင်းမပြောခဲ့ဘဲ ပြန်လာခဲ့ကြတာပါ၊ ဒါကို ဘာကြောင့် တရားစွဲနေတာလဲဆိုတာ နားမလည်ဘူး၊ ကျမတို့ အနေနဲ့ အခုအချိန်အထိ တရားရုံးမပြောနဲ့ ရွာထဲက အုပ်ချုပ်ရေးမှူးရုံးတောင်မရောက်ခဲ့ပါဘူး”ဟုလည်း ပြောဆိုသည်။

ထိုသို့ လွင်ဦးကျောင်းတိုက် အတွင်း၌ ဦးသုစရိတက အုပ်စုဖွဲ့၍ ရိုက်နှက်မှု ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ သွားခဲ့ ရာ ဝေဖန် ပြောဆိုမှု များစွာလည်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

ဦးသုစရိတက“ဘုန်းဘုန်းနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်တာတွေနဲ့ ပတ်သက်ပြီး ၃ချက်ပြောချင်ပါတယ်။ ၁ အချက် ကလေး ကို လူ့အခွင့်အရေး ချိုးဖောက်ပြီး ရိုက်တယ်ဆိုတာကို ဘုန်းဘုန်းတို့က ဥပဒေအရ နားမလည်တဲ့အတွက် ဒါလူ့ အခွင့် အရေး ချိုးဖောက်တယ် မချိုးဖောက် ဘူးဆိုတာ ဘယ်သိမလဲ။ အဲဒီ ဥပေဒကိုလည်း မသင်လည်း မသင်ဘူးပါဘူး။ ဘုန်းဘုန်း က ကောင်းစေလိုတဲ့ စေတနာနဲ့ ဆုံးမလိုက်တာပါ။ အဲဒီလို ရည်ရွယ်ချက် မပါပါဘူး၊ ဥပဒေ ချိုးဖောက်တယ် ဆိုတဲ့ စိတ်မျိုး မပါပါဘူး”ဟု မိန့်ဆိုသည်။

ဆက်လက်၍ “နောက် ၂အချက် အွန်လိုင်းပေါ်မှာ ဘုန်းဘုန်းကို ဆဲကြ၊ ဆိုကြ၊ စွပ်စွဲကြတာအပြင် မာတုဂါမတွေပါ စွပ်စွဲ ပြောဆို တာတွေကို မဟုတ်ကြောင်း ရှင်းပြနိုင်ပါတယ်၊ နောက်တချက်က ဒီလိုဆဲတာ ဆိုတာတွေကို လုပ်တဲ့သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီလိုတွေ ပြောကြဆိုကြတော့ ဘုန်းဘုန်းက နောက်နောင် ဒေါသ ထွက်မယ့်အရာ မထွက်တော့ဘူးပေါ့၊ သူတို့ကြောင့် ဘုန်းဘုန်းဒေါသကို ထိန်းပြီးသား ဖြစ်သွားပြီ၊ ဒါကြောင့် အားလုံးကို ကျေဇူးတင်ပါတယ်”ဟုလည်း ဦးသုစရိတက မိန့်ကြားလိုက်ပါသည်။ ။

ဆက်စပ် ဖတ်ရှုရန် –

 မတ္တရာတွင် ကျောင်းသားငယ် တဦး ရိုက်နှက်ခံရမှု သံဃာတပါး အပါအဝင် ၄ ဦးကို အမှုဖွင့်ထား

၁၄ နှစ်အရွယ်ကျောင်းသားအား အုပ်စုဖွဲ့ရိုက်နှက်သည့် သံဃာကို ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေး

Did you find apk for android? You can find new Free Android Games and apps.
Loading