မေလ အလယ်ပိုင်းက အရှေ့ဂျာဗား၏ မြို့တော် ဆူရာဘာယား Surabaya နှင့် အနီးတဝိုက်တွင် ၂ ရက်အတွင်း အသေခံ ဗုံးခွဲမှု အမျိုးမျိုးကြောင့် လူ ၂၅ ဦးသေဆုံး၍ ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။
ထိတ်လန့်နေသော အင်ဒိုနီးရှား နိုင်ငံသားများအတွက် တိုက်ခိုက်မှု၏ စိတ်ပျက်ဖွယ်ရာ အသေးစိတ် အကြောင်းအရာများက သေဆုံး ထိခိုက်မှုများကဲ့သို့ပင် စိတ်အနှောက်အယှက် ဖြစ်စရာ ဖြစ်ခဲ့သည်။
အဓိက တိုက်ခိုက်မှုများ ဖြစ်သည့် ခရစ်ယာန် ဘုရားကျောင်း ၂ ခု ဗုံးခွဲမှုများကို သာမန် လူလတ်တန်းစား မိသားစု တခုက ကလေး ၄ ယောက်နှင့် အတူ ပေါက်ကွဲစေတတ်သော ပစ္စည်းများ ကိုယ်တွင် ချည်နှောင်၍ ဖောက်ခွဲခဲ့ခြင်းက အများစုကို အံ့သြ ထိတ်လန့်စေခဲ့သည်။
တိုင်းပြည်က ဖြစ်ခဲ့သော အကြောင်းများအပေါ် စိတ်ဝင်စားနေချိန် ကျနော်တို့က စည်ကားသော စက်မှုလုပ်ငန်း အချက်အချာ ဖြစ်သည့် ဆူရာဘာယားမှ ပြည်သူများက စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်များကို မည်သို့ ရင်ဆိုင် ကျော်ဖြတ်နေသည်ကို သိရှိနိုင်ရန် ကွင်းဆင်းခဲ့ပါသည်။
“အသေခံ ဗုံးခွဲတဲ့ သူတယောက် ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး” ဟု ပတ်ခ်ဟိဒါ့ယက် Pak Hidayat က ညင်သာစွာ ပြောသည်။
အရှေ့ ဂျာဗား၏ လမွန်ဂန် Lamongan ဒေသတွင် မွေးဖွားခဲ့သော အသက် ၄၃ နှစ် အရွယ် အိမ်ထောင်သည် တဦးဖြစ်ပြီး ကလေး ၄ ယောက်မွေးထားသော ပတ်ခ်ဟိဒါ့ယက်က ဆူရာဘာယား မြောက်ပိုင်း ကရမ်ဘန်ဂန် Krembangan ခရိုင်တွင် နေထိုင်ပါသည်။
“တိုက်ခိုက်မှု ဖြစ်တုန်းက ကျနော် ရဲစခန်း နားမှာ ရှိပါတယ်။ ဗုံးသံကို ကျနော်ကြားတယ်။ သူတို့က လူတွေ မဟုတ်ဘူး” ဟု ပတ်ခ်ဟိဒါ့ယက်က တိုက်ခိုက်သူများနှင့် ပတ်သက်၍ ပြောသည်။
သို့သော်လည်း ဗုံးခွဲသူများထဲမှ တဦး ဖြစ်သည့် ဒီတာ့ အိုးပရီယာတို Dita Oepriarto သည် ဖခင်တဦး ဖြစ်သည်ကို သူတွေ့ရှိရသောအခါ သူနားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။
“သူ အကြမ်းဖက်သမား ဖြစ်နေ တာကို ကျနော် အံ့သြတယ်။ သူ့မှာလည်း ကျနော့်လိုပဲ ကလေး ၄ ယောက်ရှိတယ်။”
ဒီတာ့ အိုးပရီယာတိုက Islamic State/DAESH အဖွဲ့နှင့် ဆက်နွယ်နေသော အင်ဒိုနီးရှားနိုင်ငံမှ အစွန်းရောက် အဖွဲ့အစည်း Jamaah Ansharud Daulah (JAD) နှင့် ပတ်သက်မှု ရှိခဲ့သည်ဟု ယူဆရပါသည်။
“ကျနော့် အကြီးဆုံး သမီးက ဆာဖီနာ Safina ပါ။ သူက အသက် ၁၂ နှစ် ရှိပါပြီ။”
ဒီတာ့ အိုးပရီယာတို၏ သမီးဖြစ်သူ ဖာဒီလာ ဆာရီ Fadhila Sari မှာလည်း အသက် ၁၂ နှစ်ပင် ဖြစ်သည်။ ဖာဒီလာ ဆာရီသည် ဆူရာဘာယားမှ ဒီပိုနေဂိုရို Diponegoro ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ဗုံးခွဲခဲ့သော သူ၏ မိခင်ဖြစ်သူ နှင့် အတူ သေဆုံးခဲ့သည်။
ပတ်ခ်ဟိဒါ့ယက် က အိမ်တွင် ဒီဂျစ်တယ် ပုံနှိပ်လုပ်ငန်း တခုလုပ်ကိုင်နေသူ ဖြစ်သည်။ “ကျနော်က ဖိတ်စာတွေနဲ့ ကလေးတွေ အရောင်ချယ် ကစားဖို့ ပုံလေးတွေ လုပ်ပါတယ်။”
သူ၏ ဘဝကို အစ္စလာမ် တန်ဖိုးများဖြင့် အများဆုံး တည်ဆောက်ခဲ့သည်။
အသက် ၆ နှစ် အရွယ်မှစ၍ ပတ်ခ်ဟိဒါ့ယက် က လမွန်ဂန် မှ ဘာသာရေးကျောင်းတခု ဖြစ်သော Pesantren Ihanul တွင် အသက် ၁၂ နှစ် အထိ တက်ရောက်ခဲ့သည်။ ကိုရန်ကျမ်းစာ ဖတ်တတ်ရန် သင်ကြားခဲ့သည်။ အစ္စလမ် ဥပဒေ hokum ကို လေ့လာခဲ့သည်။
စိတ်ဝင်စားစရာ ကောင်းသည်မှ ပတ်ခ်ဟိဒါ့ယက် က ဆူရာဘာယား ပြည်နယ်တက္ကသိုလ်တွင် ပြည်သူ့ နီတိ နှင့် အင်ဒိုနီးရှား နိုင်ငံ၏ အမျိုးသားရေး သဘောတရား ဖြစ်သော ပဉ္စသီလ Pancasila (နိယာမ ၅ခု) ကို သွားရောက်သင်ကြားခဲ့သေးသည်။
အံ့အားသင့်စရာပင် သူက ဆူဟာတို Suharto ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့တခု ဖြစ်သော Students’ Solidarity for Democracy in Indonesia တွင် ၁၉၉၇ ခုနှစ်က ပူးပေါင်းပါဝင်ခဲ့သည်။
“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတဲ့ အတွက် ကျနော် ၁၉၉၈ ခုနှစ်မှာ အဖမ်းခံရပြီး ထောင်ကျခဲ့တယ်။ ထောင်ထဲမှာ ကျနော် နှိပ်စက်ခံရတယ်။ အဲဒါက ကျနော့်ကို ဘုရားသခင်နဲ့ ပို နီးကပ်စေခဲ့တယ်။”
၁ နှစ် အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ပုံနှိပ်လုပ်ငန်းငယ်လေး တခုကို ထူထောင်ခဲ့သည်။ “ဒီဂျစ် တယ် ဒီဇိုင်း မှာ ဝါသနာပါတာကို လိုက်စားဖို့ ကျနော် ဆုံးဖြတ်ခဲ့တယ်။ အေးအေးချမ်းချမ်းပဲ ဆက်လုပ်ခဲ့တယ်။”
သို့သော်လည်း ၂၀၁၀ ခုနှစ်က သူ၏ အခြားမိတ်ဆွေ ၁၀ ဦးနှင့် အတူ ပါကစ္စတန် နိုင်ငံသို့ သွားရောက်ရန် ဆုံးဖြတ် ခဲ့သည့် အချိန်တွင် ပတ်ခ်ဟိဒါ့ယက် ၏ ဘဝက ဘာသာရေး အရ အလှည့် အပြောင်းတခု ဖြစ်ခဲ့သည်။
“အစ္စလမ်ကို ပိုပြီးနက်နဲတဲ့ အဆင့်တခု အထိ နားလည်ဖို့ အတွက် ကျွန်တော် အဲဒီကို သွားခဲ့ပါတယ်။ အစ္စလာမ်မာဘတ် Islamabad မှာ တလခွဲ နေခဲ့တယ်။ အဲဒီမှာ ရှိတဲ့ အင်ဒိုနီးရှား ပညာရှင်တွေနဲ့ ကျနော် စကားပြောခဲ့တယ်။ အဓိက ကတော့ ဘာသာ ရေး ယုံကြည်မှုတွေနဲ့ သဘောတရားတွေကို လေ့လာတဲ့ ဘာသာရပ်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။”
အင်ဒိုနီးရှား နိုင်ငံ ကဲ့သို့ပင် ပါကစ္စတန်သည်လည်း ဝမ်းနည်း ကြေကွဲစရာ အဖြစ်ဆိုးများနှင့် မစိမ်းပါ။ ၂၀၁၀ ခုနှစ် တ နှစ်အတွင်းမှာပင် အကြမ်းဖက် တိုက်ခိုက်မှု ၇ ကြိမ်ထက် မနည်း ကြုံတွေ့ခဲ့ရပြီး လူ ၅၀၀ ကျော် သေဆုံးခဲ့ရသည်။
ပါကစ္စတန်တွင် ရှိစဉ်က အစွန်းရောက်သူများ၊ သူတို့၏ ဟောပြောသင်ကြားမှုများ နှင့် ကြုံကြိုက်ခဲ့သလား ဟု မေး သည့် အခါ ပတ်ခ်ဟိဒါ့ယက် က “တွေ့ပါတယ်။ ဒါပေမယ့် ကျနော့်ကို သူတို့က သဘောမကျဘူး” ဟု ခတ်ပြတ်ပြတ် ပြန်ဖြေသည်။
ယခုအခါ တည်ငြိမ်သော ဘဝတခုတွင် အခြေကျနေသော ပတ်ခ်ဟိဒါ့ယက် က အစ္စလမ် နှင့် ပတ်သက်သည့် သူ၏ အသိ အမြင်များကို သူ့ကလေးများသို့ လက်ဆင့် ကမ်းပေးနေသည်။
“ဝတ်ပြုပြီးတဲ့ အခါ ကျနော့် မိသားစုနဲ့ ကျနော် တူတူထိုင်တယ်။ ကျနော်က သူတို့ကို ကိုရန် ဘယ်လို ဖတ်ရမယ်၊ ဘယ်လို ဝတ်ပြုရမယ် ဆိုတာ သင်ပေးတယ်။ အကြမ်းဖက်သမားတွေက သူတို့ ကလေးတွေကို ပုံစံရိုက်သွင်းပေး သလိုမျိုး မဟုတ်ဘူး။”
ထိုသို့ ပြုလုပ်ခြင်းက ဒီတာ့ အိုးပရီယာတိုက သူ၏ ကလေးများကို အကြမ်းဖက်မှု၏ သားကောင်များ အဖြစ်သို့ ပြောင်းလဲသွားအောင် ဦးဏှောက်ဆေးခဲ့ခြင်းနှင့် ဖြောင့်ဖြောင်ကြီး ကွဲလွဲနေခဲ့သည်။
သို့သော်လည်း သူက ရုတ်တရက် သေဘေးတွေ့နိုင်သည့် အကြောင်းနှင့် ပတ်သက်၍ ပြောသည်အခါ ပတ်ခ်ဟိဒါ့ယက် က “ကျနော်သေမှာ မကြောက်ပါဘူး။ ကျနော့် အသက်က အရေးမကြီးပါဘူး” ဟု အလွန် ဝိရောဓိ ဆန်သော အဖြေကို ပေးသည်။
ဈေးများ ခဏတာ ငြိမ်သက် တိတ်ဆိတ်သွားခြင်းနှင့် အတူ ဝမ်းနည်းစရာ အဖြစ်များအတွက် မြို့တော်တွင် နေထိုင်သူ အများစုက ခြောက်ခြားသွားခဲ့သော်လည်း ဆူရာဘာယား၏ မူလဗီဇ ဖြစ်သော ပြန်လည်ရုန်းထွက်နိုင်စွမ်း အားက ခိုင် ခိုင် မာမာ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ Lebaran (အစ်နေ့) နီးကပ်လာခြင်း နှင့် အတူ ရှော့ပင်းမောများ နှင့် ဈေးများ တွင် ဈေးဝယ်သူ များနှင့် ပြန်ပြည့် လာသည်။
သို့သော်လည်း လာမည့် လအနည်းငယ် အတွင်းတွင် ဒေသဆိုင်ရာ နှင့် သမ္မတ ရွေးကောက်ပွဲများ ကျင်းပရန် ရှိနေ သည့် အင်ဒိုနီးရှား နိုင်ငံတွင် တိုက်ခိုက်မှုများ ရုတ်တရက် ပေါ်ပေါက်ခြင်းက အင်ဒိုနီးရှားနိုင်ငံသည် စိန်ခေါ်မှု ရှိနေ သော အဆင့်သစ်တခုသို့ ဝင်ရောက်လာနေကြောင်း ဖော်ပြနေပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)