ဆောင်းပါး

ဂရိတ် ဦးဖိုးစိန် နဲ့ ပထမ ကျောင်းသားသပိတ်

Want create site? Find Free WordPress Themes and plugins.

“ထိုမှ တပါးလည်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဆရာ မောင်စိန်မှာ အရာရာနှိုက် ရိုသေကိုင်းရှိုင်း၍ လူတိုင်းနှင့် မဆန့် ကျင်သော သူတယောက် ဖြစ်သည်နှင့် အညီ ဤမည်သော ရတနာပုံ မန္တလေး ရွှေမြို့တော်သို့ ဆန်တက်ကာ မြန်မြန် ထက်ထက် ဝန်ချ တောင်းပန်လျှင် အမှန် ကြေအေးထိုက်ကြောင်း၊ ကောင်းမွန်လှစွာ ဆရာ မေတ္တာရပ်ခံ အပ်ပါသည်။ ဆရာ၏ တပည့်များ ဖြစ်ကြသော ဘွိုင်းကောက်တား အပေါင်း သူတော်ကောင်းတို့…” (မူရင်းအတိုင်း)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သပိတ်မှောက် ကျောင်းသားများနဲ့ ပြည်သူလူထုကို ဇာတ်မင်းသား မောင်စိန် ကလေး အပေါ် ခွင့်လွှတ်ပါမယ့် အကြောင်း ကြားဝင် တောင်းပန်လိုက်တဲ့ စာထဲက စာကလေး တပိုဒ် ဖြစ်ပါတယ်။

ဘာဖြစ်လို့ ဆရာကြီးက ဘွိင်းကောက်တား ကျောင်းသားတွေနဲ့ ပြည်သူတွေကို မေတ္တာ ရပ်ခံရတာလဲ၊ ဘာဖြစ်လို့ ဇာတ်မင်းသား ဦးဖိုးစိန်ကို ဘွိုင်းကောက်တား ကျောင်းသားတွေနဲ့ ပြည်သူတွေကို မြန်မြန် တောင်းပန် ခိုင်းရတာလဲ။

ဒါ ဆရာကြီးရဲ့ စိတ်ဓာတ်နဲ့ သက်ဆိုင်တယ်။ ဆရာကြီးဟာ လူတွေအပေါ် အယုတ်အလတ် အမြတ် မရွေး မေတ္တာ စေတနာ ထားတယ်။ တဖက်ဖက်ကို ဘက်လိုက် စဉ်းစားတဲ့ အလေ့ မရှိဘူး။

အခု ဦးဖိုးစိန်နဲ့ ဘွိုင်းကောက်တားတွေ ဖြစ်တဲ့ ကိစ္စမှာ ကျောင်းသားတွေက အများစုပဲ၊ အဖွဲ့အစည်း အသင်းအပင်းတွေက ရော၊ ပြည်သူတွေကရော တနိုင်ငံလုံးက ထောက်ခံ အားပေးနေတယ်။

တဖက်ကို ကြည့်ပြန်တော့ ငွေကြေး ဂုဏ်ပကာသန၊ ထင်ပေါ် ကျော်ကြားမှုတွေနဲ့ ပြည့်စုံတယ်။ အစိုးရက လုပ်တဲ့ ပွဲတွေမှာ အလှူအတန်း ရက်ရောလို့ T.P.S ဘွဲ့ရထားတယ်။ မင်းပေါက် စိုးပေါက်၊ နာမည်ကြီး အနုပညာရှင်၊ ဒါတွေနဲ့ အတ္တ မာန်မာန ထောင်လွှားနေနိုင်တဲ့ သူလို့ အများအမြင်မှာ ထင်နိုင်သူ။

ဆရာကြီးက အများသူငါ မြင်သလို မမြင်ဘူး။ ဦးဖိုးစိန်ဟာ ပြည်သူထဲက တယောက်ပဲ။ ကျွန်နိုင်ငံသား တဦးပဲ။ နယ်ချဲ့ အစိုးရက သွေးခွဲထားလို့သာ သွေးနားထင် ရောက်တာ ဖြစ်ချင် ဖြစ်နိုင်တယ်။ သူ့အနုပညာနဲ့ နယ်ချဲ့ ဆန့်ကျင်ရေး အတွက် အများကြီး အသုံးတည့်နိုင်တယ်လို့ ဆရာကြီးက ယူဆတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဆရာကြီးဟာ စည်းရုံးရေး အမြင်ရှိလို့၊ စည်းရုံးရေးသမား တဦး ဖြစ်လို့ပဲ။ နောက်တခုက ဆရာကြီး ဟာ ဗုဒ္ဓ ဘာသာဝင် တဦး ဖြစ်တယ်။ သာမန် ဘာသာဝင် မဟုတ်ဘူး။ ဘာသာတရားကို အင်မတန် ကိုင်းရှိုင်းသူ ဖြစ် တယ်။ ဘာသာတရားရဲ့ အဆုံးအမကို အင်မတန် လေးစား လိုက်နာသူ ဖြစ်တယ်။ သည်းခံတယ်၊ စိတ်ရှည်တယ်၊ နာယက ဂုဏ် ၆ ပါးနဲ့ ပြည့်စုံတယ်။

ဒါကြောင့် ဘွိုင်းကောက်တားနဲ့ ဦးဖိုးစိန် ကိစ္စမှာ လက်ရှောင် မနေဘူး။ နိုင်ငံရေး၊ စည်းရုံးရေး၊ ဘာသာရေး အဘက်ဘက် က အသေအချာ စဉ်းစားပြီးမှ ဦးဖိုးစိန်က ဝန်ချ တောင်းပန်ရင် ကြေအေးလိုက်ကြ ပါဆိုတာ ဆရာကြီးက မေတ္တာ ရပ်ခံ လိုက်တာလို့ စာရေးသူကို ရှင်းပြ ဖူးပါတယ်။

ဆရာကြီး သခင်တော်မှိုင်း ဒီလောက် မေတ္တာရပ်ခံရလောက်အောင် ဇာတ်ဆရာ မောင်စိန်နဲ့ သပိတ်မှောက် ကျောင်းသား တွေ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ အသေအချာ သိဖို့ လိုတယ်။
အများသိတဲ့ အတိုင်း ပြည်သူတွေ လက်မခံဘဲ ရန်ကုန် တက္ကသိုလ် ဥပဒေကို ၁၉၂၀ ဒီဇင်ဘာ ၁ ရက်မှာ အဓမ္မ ပြဌာန်းပြီး ရန်ကုန် တက္ကသိုလ်ကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ဖွင့်ဖို့ အစိုးရက စီမံတယ်။ ကောလိပ် ကျောင်းသားတွေ မကျေနပ်လို့ သပိတ် မှောက်လိုက်ကြတယ်။

ဒီသပိတ်ဟာ ကောလိပ် ပရဝဏ် အတွင်းမှာတင် မနေဘူး။ ရန်ကုန် တမြို့လုံး ပျံ့သွားတယ်။ နောက်တော့ ရန်ကုန် နယ်နိမိတ်က ကျော်ထွက်ပြီး ဗမာပြည် အနှံ့ ကူးစက်ပျံ့နှံ့ ခဲ့တယ်။ ဒီလိုနဲ့ မန္တလေးမြို့ပါ ရောက်ခဲ့သပေါ့။ မန္တလေးမှာလည်း နယ်တကာ ရွာတရိုးလိုပဲ ပြည်သူ တရပ်လုံးက ထောက်ခံအားပေးခဲ့တယ်။

မန္တလေး သပိတ်ကို မန္တလေး ဗုဒ္ဓသာသန နုဂ္ဂဟ ကျောင်းအိပ် ကျောင်းစား ဖြစ်တဲ့ ကိုဘသောင်းနဲ့ ကျောင်းသားများက ခေါင်းဆောင်ပြီး မန္တလေးကျောင်းများ သပိတ်မှောက်ရန် ကြေညာချက်များ ရေးပြီး စိန့်ပီတာ၊ ဝက်စလီယံ၊ အေဘီအမ် စတဲ့ ကျောင်းတွေမှာ ဝေကြတယ်။

၁၉၃၈ ခုနှစ်က ရန်ကုန်တွင် ကျင်းပသော အမျိုးသားနေ့ အထိမ်းအမှတ် ကျောင်းသားများ လမ်းလျှောက် ချီတက်စဉ်

၁၂၈၂ ခု တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (ဒီဇင်ဘာ ၅ ရက်) နေ့မှာ သပိတ် မှောက်လိုက်ကြတယ်။ သကျသီဟ ဘုရားဝင်း စနေထောင့် မော်လမြိုင် ဦးသာညှင်း ဇရပ်မှာ သပိတ်စခန်း ဖွင့်လိုက်ကြတယ်။ မန္တလေး ကျောင်း အားလုံး သပိတ် စခန်းကို စုဝေး ရောက်ရှိလာကြတယ်။ (နောင်မှာ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်လိုက်ကြတယ်။)

သပိတ်မှောက် ကျောင်းသားတွေကို စားရေးနေရေး အတွက် မြို့မိမြို့ဘတွေက လိုလေသေးမရှိ ဝိုင်းဝန်း ကူညီ ထောက်ပံ့ ကြတယ်။ ချက်ပြုတ် ကျွေးမွေးရေးတာဝန်ကို ရတနာပုံ ကုမ္မာရီ သမဂ္ဂ က တာဝန်ယူပါတယ်။

ကျောင်းသားတွေ သပိတ်မှောက်နေတဲ့ အချိန် ဇာတ်မင်းသား ဦးဖိုးစိန်ဟာ သပိတ်စခန်း လုပ်ထားတဲ့ သကျသီဟ ဘုရား ဝင်း မှာ ဇာတ်ရုံထိုး ကပြဖို့ ဒါးတန်းရှိ သူ့အိမ်ကို ပြန်ရောက်နေသတဲ့။
ဒါကြောင့် ရတနာပုံ ကုမ္မာရီ သမဂ္ဂ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ပိုးကုန်သည် ဦးဘဌေး ဇနီး ဒေါ်သက်၊ ရွှေကုန်သည် ဒေါ်ဆင့်၊ ဒေါ်မိုး၊ ဖျင်ကုန်သည် ဒေါ်တင်ဦး၊ ပိုးကုန်သည် ဦးတေ တို့နဲ့အတူ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်များ ဒါးတန်းရှိ ဦးဖိုးစိန် အိမ်ကို သွားရောက် အလှူခံပါ သတဲ့။

ခရီး ရောက်မဆိုက် ဦးဖိုးစိန်က “မင်းတို့ သူပုန်တွေ အတွက် ဘာဖြစ်လို့ အလှူငွေ ထည့်ရမှာလဲ” လို့ ပြောလိုက်ပါ သတဲ့။ ဦးဖိုးစိန်လို လူတယောက်က သပိတ်မှောက် ကျောင်းသားတွေကို “သူပုန်” လို့ ပြောရပါမို့လားလို့ ကျောင်းသားတွေ၊ မြို့သူ မြို့သားတွေ ဒေါသူပုန် ထကြပါလေရော။

အင်္ဂလိပ် အစိုးရ ဗမာ အမှုထမ်း တဦးက ပြောရင် ဒါလောက် ဒေါသ ထွက်ချင်မှ ထွက်မယ်။ အလိုတော်ရိ တဦးလို့ သတ်မှတ် လိုက်ရုံပဲ။ အလှူအတန်း အလွန် ရက်ရောတယ်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တယ် လို့ နာမယ်ကြီးတဲ့ ဦးဖိုးစိန် လို လူမျိုးက ပြောလို့ ပို ဒေါသ ထွက်ရတယ်တဲ့။

တကယ်တော့ အစိုးရက ကမကထ ပြုလုပ်ပြီး ကောက်ခံတဲ့ ရန်ကုန်ငွေ ပွဲတွေမှာ ဦးဖိုးစိန် မပါတဲ့ ပွဲရယ်လို့ မရှိသလောက် ပါ ဘဲ။ ဒါကြောင့် နယ်ချဲ့ အစိုးရက တိုင်းပြည် အကျိုးဆောင် T.P.S ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက် ညက ဦးဖိုးစိန် အိမ်မှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ ရပ်မိရပ်ဘတွေ ဆွေးနွေး တိုင်ပင် ကာ ဦးဖိုးစိန် ဇာတ်ကို သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ဦးဖိုးစိန် ကပြမယ့် မနက်မှာ “ဖိုးစိန်ကို မကြည်ကြနဲ့” ဆိုတဲ့ နံရံကပ် ပိုစတာတွေ နေရာ အနှံ့ ပေါ်လာ တယ်။

ဦးဖိုးစိန် ကပြတဲ့ ဒီဇင်ဘာ ၁၂ ရက် ညမှာ ပွဲကြည့်ဖို့ နေနေသာသာ ပွဲဈေး လျှောက်သူတောင် မရှိဘူးတဲ့။ ပွဲကြည့် ပရိသတ် မရှိပေမယ့် ကြေညာထားတဲ့ အတိုင်း ကပြရတာကိုး။ ပွဲထွက်တဲ့ အခါ လူပြက် မောင်ငွေနှင်းက ဇာတ်ဆရာကို မန္တလေးက သပိတ်မှောက် ပေမယ့် ဂရုမစိုက်ဘူး လို့ ပြောလိုက်တာက ပိုပြီး ဆိုးကုန်တာပေါ့။

ဦးဖိုးစိန် ကိုယ်တိုင်ကလည်း “မင်းတို့ မန္တလေးမှာ သပိတ်မှောက်ရင်ကော ဘာအရေးကြီးသလဲ၊ ငါ ရန်ကုန် ဆင်းကမယ်” လို့ ပြောလိုက်တယ်။

မန္တလေး သပိတ်မှောက် ကျောင်းသားတွေက ရန်ကုန် သပိတ်မှောက် ကောင်စီကို အကြောင်းကြားလိုက်တယ်။ ရန်ကုန် သပိတ်မှောက် ကောင်စီကလည်း မန္တလေး သပိတ်မှောက် ကျောင်းသားတွေ ဦးဖိုးစိန်ကို သပိတ်မှောက်တာ ထောက်ခံ လိုက်တယ်။

ဦးဖိုးစိန် ရန်ကုန် ဆင်းလာပြီး ပဲခူးမှာ ရပ်နားကာ ကပြရန် ပြင်ဆင်ရန် နေဆဲ ပဲခူး သပိတ်မှောက် ကျောင်းသားများက ဦးဖိုးစိန်ထံ အလှူခံပြန်ရာ အလှူငွေ ထည့်ပါမယ်လို့ ပြောပြီး မထည့်တဲ့အပြင် ကျောင်းသားများနဲ့ ဘုရားလူကြီးများကို “မြန်မာတပြည်လုံးက ကျနော့်ကို သပိတ်မှောက်လိုက မှောက်ကြတော့၊ ကျနော်သည် ရှေ့နှစ်ကိုလည်း ပွဲကမစားတော့ပါ” လို့ ဦးဖိုးစိန်က ပြော
လိုက်သတဲ့။

ဦးဖိုးစိန်က အပြောနဲ့သာ မရပ်ဘဲ သပိတ်မှောက် ကျောင်းသားများကို ဂတ်တဲ (ရဲစခန်း) တိုင်လိုက် ဆိုသကိုး။ အဲဒါကြောင့် ပဲခူးကလည်း ဦးဖိုးစိန် ဇာတ်ပွဲကို သပိတ်မှောက်လိုက်ပြန် သတဲ့။

ပဲခူး ဘွိုင်းကောက်တား စိန်မောင်က သူရိယ သတင်းစာမှာ “ငုတ်မိ သဲတိုင်၊ တက်နိုင် ဖျားရောက်” အစချီ ရေးလိုက်တဲ့ ဆောင်းပါးကြောင့် မြို့သူမြို့သားနဲ့ ကျောင်းသားတွေ ပိုပြီး တက်ကြွလာကြကာ ပဲခူး တနယ်လုံး ဦးဖိုးစိန်ကို သပိတ် မှောက်လိုက်ကြတယ်။

ဒီဇင်ဘာ ၂၀ ရက်မှာ ဦးဖိုးစိန် ရန်ကုန် ပြန်ရောက်ပြီး မကြာမီ ဘုရားလမ်း ကျားကူး ကျောင်းတိုက်မှာ ရုံထိုးပြီး ပွဲကဖို့ စီစဉ်ပြန်ရာ သိမ်ကြီးဈေး မြန်မာ့ ဟိတ ကုမ္မာရီ အသင်း ဥက္ကဌ ဒေါ်သိန်း၊ ကာလသား ခေါင်းဆောင် မောင်မောင် တို့ကို သပိတ်ကောင်စီက ဖိတ်ကြား တိုင်ပင်ပြီး သပိတ်မှောက်လိုက်ပြန်တယ်။

သပိတ်ကောင်စီက ဦးဖိုးစိန်ကို သပိတ်မှောက်ကြောင်း ကြေညာလိုက်တာနဲ့ ပွဲကတဲ့ညမှာ ပွဲကြည့်သူ မပြောနဲ့ ပွဲဈေးတန်း လျှောက်သူတောင် မတွေ့ရတော့ဘူး။
ဦးဖိုးစိန်က သူ့အမှားကို ရိတ်စားမိပုံပဲ။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရန်ကုန် သပိတ်မှောက် ကောင်စီရုံးကို မန္တလေး ကိုခင်မောင် ထံမှ စာတစောင်၊ အမျိုးသမီး အသင်းမှ စာတစောင်၊

ကျောင်းသားများ ထံမှ စာတစောင်၊ စာ ၃ စောင်ကို သက်သေခံ အဖြစ် တင်ပြပြီး မန္တလေးက ကျေနပ်ပြီ ဖြစ်ကြောင်း စာတင်သတဲ့။

ဦးဖိုးစိန် တင်ပြလာတဲ့ သက်သေခံ စာ ၃ စောင်ကို သပိတ်မှောက် ကောင်စီက အယုံအကြည် မရှိပါ။ ဦးဖိုးစိန် ဟာ သာယာ ဝတီ ဦးပု (အဲဒီ အချိန်က နိုင်ငံရေး လောကမှာ သာယာပု လို့ ခေါ်တယ်) ကို ခေါ်ပြီး “သပိတ် သူပုန်” ကိစ္စ ဖြေရှင်းဖို့ ရောက်လာ ပြန်သတဲ့။ သပိတ် သူပုန် ကိစ္စ ဖြေရှင်းဖို့ အတွက် သပိတ်ကောင်စီက ခိုင်းတာ ဘာမဆို လိုက်နာပါ့မယ်လို့ ဝန်ခံ ကတိပေးပြီး တောင်းပန် သတဲ့။

“အခု မှောက်နေတဲ့ ကျောင်းသား သပိတ်ဟာ သာမန်ကိစ္စလေး မဟုတ်ကြောင်း၊ တမျိုးသားလုံး ကျွန်သက်ရှည်စေမယ့် တက္ကသိုလ် ဥပဒေကို ပြည်သူတွေ တိုက်ဖျက်လို့ မရတော့တဲ့ အတွက် ကျောင်းသားတွေက သပိတ်လက်နက် ကိုင်ဆွဲပြီး ဗြူရိုကရက် နယ်ချဲ့ အစိုးရကို တော်လှန်နေတာ ဖြစ်ကြောင်း၊ ပညာရေး တော်လှန်မှုကြီး ဖြစ်ကြောင်း၊ ပြီးတော့ ဒီသပိတ် အရေးဟာ ကျောင်းသားများ အရေး သက်သက် မဟုတ်ကြောင်း၊ တမျိုးသားလုံး အရေး ဖြစ်ကြောင်း၊ ဒီလို အရေးတော်ပုံ ကျောင်းသားများကို ဦးဖိုးစိန်က သူပုန်လေးတွေလို့ စွပ်စွဲတာဟာ အလွန်တရာ ကြီးလေးတဲ့ မှားယွင်းချက်ကြီး ဖြစ်ကြောင်း၊ မန္တလေးက ကျေနပ်လျှင် ရန်ကုန်က သပိတ်လှန်မှာ ဖြစ်ကြောင်း” သပိတ်မှောက် ကောင်စီက ရှင်းပြတယ်တဲ့။

သပိတ် သူပုန် ကိစ္စကို သပိတ်မှောက်ကောင်းစီ သတင်းစာဌာနက ကြေညာချက် ထုတ်ပြန်ရာမှာ “ကျနော်တို့မှာ ယခုအခါ အနယ်နယ် အမြို့မြို့ရှိ ဘွိုင်းကောက်တား ကျောင်းသားအပေါင်းတို့နှင့် ညီရင်းအစ်ကိုကဲ့သို့ စိတ်သဘောထား တမျိုး တည်း သာ ရှိကြသဖြင့် လက်သည်းဆိတ်က လက်ထိပ်နာ ဖြစ်သည် တကြောင်း၊ မန္တလေးမြို့က လက်နှင့် ရေးသည်ကို ကျနော်တို့က ခြေနှင့် မဖျက်သင့်သည် တကြောင်း၊ ဤကဲ့သို့ အကြောင်းများကြောင့် ကျနော်တို့မှာ များစွာ ကျေနပ်ချင် ပါသော်လည်း မကျေနပ်နိုင်ပါ၊ အကယ်၍ မန္တလေးမြို့ကသာ အမှန် ကျေနပ် အေးချမ်းကြောင်း သေချာစွာ သိရှိရပါလျှင် ကျနော်တို့ကလည်း မြန်မာ အချင်းချင်း ဖြစ်၍ ဝမ်းမြောက်စွာနှင့် သပိတ်မှောက်ခြင်းကို ရပ်စဲလိုပါသည်၊ ယခု အမှု ကိစ္စ ဖြစ်ပွားရာ ဌာနမှာလည်း မန္တလေးမြို့သာ ဖြစ်၍ မန္တေးလမြို့ကသာ ကျေချမ်းအောင် လုပ်စေချင်ပါသည်၊ ကျနော်တို့က နောက်တနေ့ ကြေးနန်းနဲ့ မေးမြန်းလိုက်ရာ ယနေ့ ဒီဇင်ဘာ ၂၉ ရက် နေ့လယ်အချိန် သံကြိုး ပြန်လာကြောင်း၊ ၎င်း သံကြိုး အဆိုမှာ အောက်ပါ အတိုင်း ဖြစ်ကြောင်း၊ ကိုဖိုးစိန်သည် မန္တလေးမြို့အား ကျေနပ်လောက်အောင် တောင်းပန် ဝန်ချခြင်းကို မပြုလုပ်ပါ၊ ၎င်းအား လက်ခံခြင်းကို မပြုလုပ်တော် မူပါနှင့်လို့ ဖြစ်ပါသည်၊ သို့ကြောင့် မန္တလေးမြို့တွင် မကျေနပ်၊ မကျေအေး၊ မအေးချမ်းသမျှ ကာလပတ်လုံး ကျနော်တို့ကလည်း ၎င်း၏ ဇာတ်ပွဲအား သပိတ်မှောက်ခြင်းကို ဆက်လက် ပြုလုပ်ကာ နေရဦးတော့မည် ဖြစ်ကြောင်း အကြောင်းအား လျော်စွာ ရေးသား ဖော်ပြလိုက်ရပါသည်” လို့ ဖော်ပြထားပါ တယ်။

ဒီကြေညာချက်ကြောင့် တနိုင်ငံလုံး ဦးဖိုးစိန်ကို သပိတ်မှောက် လိုက်ကြပါတယ်။

ဒီကြေညာချက်ဟာ ဦးဖိုးစိန်ကို အရှိုက် ထိုးလိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် ဦးဖိုးစိန် မနေနိုင်တော့ဘဲ သတင်းစာ များကနေ သူကိုယ်တိုင် ဝန်ချ တောင်းပန်စာတွေ ရေးသားရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

သူရေးတဲ့ တောင်းပန်စာတွေထဲက တစောင်မှာ –

“ယင်းကဲ့သို့ ကျောင်းသားများအား ရာဇဝတ် မကင်းသော စကားများကို ပြောဆိုသည် ဟူ၍ ယခုထက်တိုင် ကျနော့် အပေါ် ထင်မြင် ယူဆနေကြပါသေးလျှင် ကျောင်းသားများနှင့်တကွ ထိုကဲ့သို့ တင်မြင်နေကြသူများအား သည်းခံတော် မူကြပါမည့် အကြောင်းနှင့် ကျနော် တောင်းပန်ပါကြောင်း၊ အထက်ကလည်း ကျနော်သည် ဆိုင်ရာ ပုဂ္ဂိုလ် လူကြီးလူကောင်းတို့အား စာဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း အကြိမ်ကြိမ် အဖန်ဖန် တောင်းပန်ခဲ့ပါပြီ၊ ရန်သူပင် စင်စစ် ဖြစ်စေကာမူ လက်နက်ချက စိတ်ကျေနပ်ရစမြဲ၊ ထုံးတန်း ရှိသည့်အတိုင်း ထိုကဲ့သို့ ကျနော်က တောင်းပန်ခြင်းကို ဆိုင်ရာ ကျောင်းသား များက စိတ်ကျေနပ်သင့်ပြီဟု ကျနော် ထင်မြင်ရပါကြောင်း”လို့ ပါရှိပါတယ်။

ဘွိုင်းကောက်တားတွေနဲ့ ဦးဖိုးစိန်တို့ ဖြစ်နေတဲ့ “သပိတ် သူပုန်” ကိစ္စကို ဆရာကြီး သခင်ကိုတော်မှိုင်း ဟာ လက်ပိုက် ကြည့် မနေနိုင်တော့လို့ ကျောင်းသားများကို တောင်းပန်ပေးရတဲ့ အခြေ ဆိုက်ခဲ့ပါတယ်။

ဆရာကြီးရဲ့ တောင်းပန်စာကိုလည်း ဖော်ပြလိုက်ပါတယ်။

“အို မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြကုန်သော ဆရာကြီး၏ တပည့်များ ဘွိုင်းကောက်တားတို့ ဆရာ မေတ္တာ ရပ်ခံလို သည်မှာ ဇာတ်ဆရာ မောင်စိန်ကလေးကို သပိတ်မှောက် အပြစ်ဒဏ်မှ သည်းခံကြစေလိုကြောင်း၊ ၎င်း မောင်စိန်ကလေး ကို ဤကဲ့သို့ ရက်စက်က တသက်လုံး မွေးခဲ့တဲ့ ကြက်ကို တမနက် နှင့် ချက်စားသည်နှင့် အလားတူချေမည်။ ဤမောင်စိန် ကလေးသည်ကား ကြက်နှင့် တူ၏။ တိုင်းသူပြည်သားတို့သည်ကား ကြက်မွေးတဲ့ သူများနှင့် တူ၏။”

“ဆရာစိန်သည် အနာထပိဏ် သူဌေးကဲ့သို့ အပေးအလှူ ရက်ရော၏။ မိမိရောက်လေသမျှ ဒေသမြို့ရွာများမှာလည်း လောကရေး၊ ဓမ္မရေး များ အတွက် ငွေ တထောင် နှစ်ထောင် စသဖြင့် ပေးကမ်း လှူဒါန်းနိုင်ပါလျက် ဝိုင်အမ်ဘီအေ အသင်းကြီးကို အမှူးထား၍ အများသော အသင်းဝင်များနှင့် တိုင်းသား ပြည်သူတို့က ကြည်ဖြူ လေးမြတ်စွာ သဒ္ဒါတရား ရှိပြီးသား ဖြစ်သော ဘွိုင်းကောက်တား တို့ကို မောင်စိန်သည် အဘယ်ကြောင့် လေးငါး ခြောက်သောင်း မလှူဘဲ ရှိနိုင်ပါအံ့နည်း။”

“ထိုမှတပါးလည်း မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ ဆရာမောင်စိန်မှာ အရာရာမှာ ရိုသေကိုင်းရှိုင်း၍ လူတိုင်းနှင့် မဆန့်ကျင် သော သူတယောက် ဖြစ်သည်နှင့် အညီ ဤမည်သော မန္တလေး ရွှေမြို့တော်သို့ ဆန်တက်၍ မြန်မြန် ထက်ထက် ဝန်ချ တောင်းပန်လျှင် အမှန်ကြေအေး ထိုက်ကြောင်း ကောင်းမွန်လှစွာ ဆရာ မေတ္တာ ရပ်ခံ အပ်သည်။ ဆရာ၏ တပည့်များ ဖြစ်ကြသော ဘွိုင်းကောက်တား အပေါင်း သူတော်ကောင်းတို့…..။”

အဲဒီ အပြင် ဦးဖိုးစိန်ကို ခွင့်လွှတ်ပါရန် သတင်းစာ တချို့ကလည်း တောင်းပန်ကြပါတယ်။

၁၉၂၁ ဇန်နဝါရီ ၆ ရက်ထုတ် သူရိယ သတင်းစာ အယ်ဒီတာ မှတ်ချက်မှာလည်း ဒီလို ဖော်ပြထားပါတယ်။

“မောင်ဖိုးစိန်သည် ရှေးက အမျိုးသားများ အတွက် ကူညီ ဆောင်ရွက်ခဲ့ဖူးသည်ပြင် ယခုလည်း ကူညီ ဆောင်ရွက်ဆဲ၊ ရှေ့သို့လည်း ကူညီ ဆောင်ရွက် ဆန္ဒ ရှိကြောင်း ကျွနု်ပ်တို့ ကိုယ်တိုင် မောင်ဖိုးစိန်ကို မေးမြန်းကြည့် သဖြင့် ထင်ရှားစွာ သိရှိရပေကြောင်း၊ ထိုသို့ ဖြစ်၍ မဟုတ်ပါ မမှန်ပါ၊ ကျနော် မပြောမဆိုပါဟု အတိအလင်း တောင်းပန် ပြောဆိုသည့် မောင်ဖိုးစိန်ကို အကျိုးယုတ် နစ်နာစေရန် ပြုလုပ်လျှင် အမျိုးသားချင်း နစ်နာအောင် ဖိစီး နှိပ်စက်သကဲ့သို့ ဖြစ်မည်ကို သတိပြုကြ စေလိုကြောင်း” စသဖြင့် ဖော်ပြထား ပါတယ်။

သတင်းစာတွေကပါ ဝိုင်းဝန်း မေတ္တာ ရပ်ခံတာ၊ အထူးသဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ မေတ္တာ ရပ်ခံတာကြောင့် ကျောင်းသားတွေက သပိတ် ပြန်လှန်လိုက်ပါတယ်။

ဦးဖိုးစိန်ကလည်း မန္တလေးကို ချက်ချင်း တက်သွားပြီး မဏ္ဍပ် ဆောက်တယ်။ ၁၉၂၁ ဇန်နဝါရီ ၁၆ ရက် တနင်္ဂနွေနေ့ မနက် မှာ သံဃာ အပါး ၁၅၀ ခန့်၊ အမျိုးသမီး ၁၅၀ ခန့်၊ ဘွိုင်းကောက်တား နဲ့ မြို့မိမြို့ဘ ၁၅၀၀ လောက် တက်ရောက်တဲ့ အစည်း အဝေးမှာ “သူပုန်ကလေးများ” လို့ ရာဇဝတ် မကင်းတဲ့ စကားကို ပြောမိတာ မှားပါကြောင်း ဝန်ချ တောင်းပန်ပါ တယ်။ အဲဒီ အစည်းအဝေး သဘာပတိက စာရေးကြီး ဦးဘရွှေပါ။

မန္တလေး သပိတ်တားတို့က ဦးဖိုးစိန် အပေါ် သပိတ်မှောက်ထားတာကို ပြန်လှန်လိုက်တယ်။ သပိတ်လှန်လိုက်တဲ့ အကြောင်းကိုလည်း ရန်ကုန် သပိတ်မှောက် ကောင်စီကို သံကြိုးရိုက် အကြောင်းကြားလိုက်ပါ သတဲ့။ ဦးဖိုးစိန် ကိုယ်တိုင် ကလည်း သပိတ်မှောက် ကောင်စီထံ သွားပြီး သပိတ်လှန်ပြီးကြောင်း ပြောသတဲ့။

ဒါကြောင့် ဦးဖိုးစိန် အပေါ် ကျောင်းသားများနဲ့ ပြည်သူလူထုက သပိတ်မှောက်ထားတာကို ကြေအေးပြီး သပိတ်လှန် လိုက် ပြီ ဖြစ်ကြောင်း သပိတ်မှောက် ကောင်စီ သတင်းစာဌာန (ရန်ကုန် ဗဟန်း) က သတင်း ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ကျောင်းသား နဲ့ ပြည်သူတွေက သပိတ်လှန်လိုက်လို့ ဦးဖိုးစိန် ပွဲတွေ ပြန်လည် စည်ကားလာပါတယ်။ အဲဒီကတည်းက အမျိုးသားရေး ကိစ္စတွေမှာ ဦးဖိုးစိန် ပါဝင် ကူညီလာတာတွေကို တွေ့ရှိရပါတော့တယ်။ ။

စာရေးသူ လှကွန့်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသော စာနယ်ဇင်း မီဒီယာများတွင် သမိုင်း ဆိုင်ရာများ နှင့် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသားနေသူလည်း ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading