ဆောင်းပါး

ဗဟိုဘဏ်၏ ပြုပြင်ပြောင်းလဲရေးကို စောင့်ဆိုင်းနေရသည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ထွန်းသစ်စ ဘဏ်လုပ်ငန်းစနစ်အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို စီစဉ်ထားပြီးဖြစ်သည်။ လက်ရှိ ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်သည် ဇူလိုင်လတွင် အငြိမ်းစားယူမည်ဖြစ်ပြီး သူ့ကိုဆက်ခံသူသည် ဘဏ်လုပ်ငန်း အလေ့အထများကို လွတ်လပ်ခွင့်ပေးရာတွင် ပိုမိုလက်ဦးမှု ရှိရှိ လုပ်ကိုင်နိုင်လိမ့်မည်ဟု ဘဏ်လုပ်ငန်း အသိုင်းအဝန်းက မျှော်လင့်နေကြသည်။ သို့သော် ဥက္ကဋ္ဌသစ် ခန့်ထားရေး ဖြစ်လာရန် အခွင့်အလမ်း အလွန်နည်းလာနေပြီး (၁၉၉၇ မှ ၂၀၀၇ အထိ ဗဟိုဘဏ် ဥက္ကဌလည်း လုပ်ခဲ့ဖူးသူ) ဦးကျော်မောင်မောင်ကို သက်တမ်းတိုးပေးရမည်က သတင်းဆိုးဖြစ်သည်။

သမ္မတဦးဝင်းမြင့်သည် မြန်မာ Deloitte ၏ နိုင်ငံဆိုင်ရာ မန်နေဂျာ ဦးစိုးဝင်းကို စီမံ/ဘဏ္ဍာ ဝန်ကြီးသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းက ငွေကြေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် သတင်းကောင်းဖြစ်သည်။ ဦးစိုးဝင်းသည် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် ကြိုးစားသူဖြစ်သည်။

၂၀၀၃ ခုနှစ်က ဘဏ်လုပ်ငန်းအကျပ်အတည်းကို သတိထားပြီးနောက် ဦးကျော်ကျော်မောင်သည် ပြုပြင် ပြောင်းလဲရေးနှင့်ပတ်သက်ပြီး သတိကြီးကြီးထားသည်ကို နားလည်နိုင်သော်လည်း ထိုသို့သတိထားခြင်းသည် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အတားအဆီးဖြစ်နေသည်ဟု အချို့သော ဘောဂဗေဒပညာရှင်များက ယူဆကြသည်။

အစိုးရ၏ သတိထား စဉ်းစားချင့်ချိန်မှု

၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် အာဏာရလာပြီးနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသည် ဘဏ္ဍာရေးအရ သတိထား ချင့်ချိန်မှုကို ရွေးချယ်ပြီး ယခင်စစ်တပ်ကျောထောက် နောက်ခံပြု သမ္မတ ဦးသိန်းစိန်ကျင့်သုံးခဲ့သည့် ဗဟိုဘဏ်မှ ငွေများ ပုံနှိပ်ခြင်းကို ဖြတ်တောက်ပြီး ဆောက်လုပ်ရေးစီမံကိန်း အများအပြားကို ပယ်ဖျက်ခဲ့သည်။ ထို့ကြောင့် မြန်မာကျပ်ငွေသည် မကြာသေးမီလများအတွင်း တည်ငြိမ်လာပြီး ငွေကြေးဖေါင်းပွမှုကို ၄ မှ ၅ ရာခိုင်နှုန်း အထိ ထိန်းထားနိုင်ခဲ့ပြီး မြန်မာနိုင်ငံသည် မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ရရှိလာခဲ့သည်။

သို့သော် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်က ၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅.၉ ရာခိုင်နှုန်းသို့ ကျဆင်းပြီး နှေးကွေးသွားသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၅-၁၆ ဘာဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၉.၅ ဘီလျှံရှိရာမှ မှန်မှန်ကျဆင်းလာပြီး ၂၀၁၆-၁၇ ဘာဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၆.၅ ဘီလျှံ နှင့် နောက်ဆုံးဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၅.၇ ဘီလျှံသို့ ရောက်ရှိသွားသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်များကို ၂၀၁၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများတွင် စစ်ရေးအရဖြိုခွဲမှုကြောင့် တစိတ်တပိုင်းဖြစ်ပြီး ထိုစစ်ဆင်ရေးများကြောင့် ဒုက္ခသည် ၇၀၀၀၀၀ ခန့်ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကာ လူ့အခွင့်အရေး နယ်ပယ်တွင် အနောက်ဒီမိုကရေစီနိုင်ငံများ၏ အသစ်တဖန်ပစ်ပယ်မှုနှင့် ရင်ဆိုင်ရသည်။

ထို့ကြောင့် အစိုးရအနေဖြင့် စီးပွားရေးတိုးတက်မှု မြှင့်တင်ရန်၊ အလုပ်အကိုင် ဖန်တီးရန်နှင့် အစိုးရကို မဲပေးခဲ့သည့် ပြည်သူများအတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများပေးရန်တို့အတွက် ငွေလုံးငွေရင်း အသုံးစရိတ်ကို အသုံးပြုရန် ကမ္ဘာ့ဘဏ်က အစိုးရကို တိုက်တွန်းသည်။ “အစိုးရ၏ အထွေထွေ အသုံးစရိတ်ဖြစ်သည့် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု – GDP ၏ ၁၅ ရာခိုင်နှုန်းသည် ထိုသို့သော တိုးတက်မှုများဖြစ်ပေါ်စေရန် လွန်စွာလျှော့နည်းနေပြီး အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် GDP ၏ ၂၀ ရာခိုင်နှုန်းကျော်သုံးသော အလားတူ တိုးတက်မှုအဆင့်ရှိ နိုင်ငံများထက်လည်း များစွာ လျှော့နည်းနေသည်” ဟု ကမ္ဘာ့ဘဏ်၏ ၂၀၁၇ ခုနှစ် ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုသည်။

ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက်

မြန်မာဘဏ်များသည် စီးပွားရေးတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြသည်။ ဗဟိုဘဏ်သည် နောက်တကြိမ် ဘဏ်များပြိုလဲမည်ကို စိုးရိမ်နေသည်။ ၂၀၀၃ နှစ်က ဘဏ်များပြိုလဲမှုသည် ဘဏ်အချို့မှ ငွေအလုံးအရင်း ထုတ်ယူမှုများဖြစ်စေပြီး အများအပြား လူမွဲစာရင်းကြေညာရသည်။ ပြည်တွင်းဘဏ်များသည် ကြွေးမြီ အန္တရာယ် ဖြစ်နိုင်ခြေကို အကဲဖြတ်ရာတွင် ထိုးထွင်းသိမြင်မှု ကင်းမဲ့နေခြင်းကို လေ့လာသူများက စိုးရိမ်ကြသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၄ ခု၊ နိုင်ငံပိုင်ဘဏ် ၄ ခုနှင့် နိုင်ငံခြားဘဏ် ၁၃ ခုရှိသည်။ ယခုနှစ်အတွင်း ထိုစာရင်းတွင် မြန်မာဘဏ် ၅ ခုတိုးလာရန် ရှိသည်။ ၂၀၁၆-၁၇ ဘာဏ္ဍာရေးနှစ်တွင် ထိပ်တန်းဘဏ် ၃ ခုဖြစ်သော KBZ၊ Aya နှင့် CB ဘဏ်တို့သည် ပုဂ္ဂလိကဘဏ်များ အားလုံး၏ ပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ချေးငွေအားလုံး၏ ၆၄ ရာခိုင်နှုန်း၊ အပ်ငွေအားလုံး၏ ၆၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြသည်ဟု မြန်မာ ဘဏ္ဍာရေးဝန်ဆောင်မှု အစီရင်ခံစာ Myanmar Financial Services Report အရ သိရသည်။ နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအောက်တွင်သာ ဘဏ်စာရင်းရှိသည်။

မြန်မာနိုင်ငံ အခြေစိုက်နှင့် နိုင်ငံခြားဘဏ်များတွင် ရှည်လျှားလှသည့် ပြုပြင်ပြောင်းလဲရေး ဆုတောင်းများ ရှိသည်။ ဘဏ်လုပ်ငန်း အချိန်ပြောင်းလဲခြင်း ကဲ့သို့သော အချို့စည်းကမ်းချက်များက ပြုပြင်ရန်လွယ်သည်။ “ဘဏ္ဍာရေး အကျုံးဝင်မှု (ဘဏ္ဍာရေး ဝန်ဆောင်မှုများ အသုံးပြုနိုင်ခြင်း) နဲ့ပတ်သက်ပြီး ပြောနေတာတွေ တော်တော်များများ ရှိတယ်။ ဒါပေမယ့် ဘဏ်လုပ်ငန်းအချိန်ကို တနင်္လာက သောကြာ နံနက် ၉ နာရီကနေ ညနေ ၃ နာရီပဲ ကန့်သတ်ထားရင် ဘဏ်ကို အသုံးပြုသူတွေအနေနဲ့ ဒီတရားဝင်ဘဏ်စနစ်ကို သုံးဖို့ အခက်အခဲ အများကြီးရှိတယ်” ဟု နိုင်ငံတွင် စတုတ္ထအကြီးဆုံးဘဏ်ဖြစ်သော ရိုးမဘဏ် အမှုဆောင်အရာရှိချုပ် ဟယ်လ် ဘော့ရှာက ပြောသည်။

ဗဟိုဘဏ်သည် အပ်ငွေအတွက် အတိုးနှုန်းကို ၈ ရာခိုင်နှုန်း အနည်းဆုံးနှင့် ချေးငွေအတွက် အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း အမြင့်ဆုံး သတ်မှတ်ပြီး စွန့်စားမှုကို အားမပေးရန် အတိုးနှုန်းကို တင်းကျပ်စွာ ချုပ်ကိုင်သည်။ “ဘဏ်တွေကို ကိုယ့် အန္တရာယ်ကိုယ် အကဲဖြတ်ခွင့် ပေးရလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် အာဏာရချိန်မှစပြီး အထူးစီးပွားရေးအကြံပေး အဖြစ် ဆောင်ရွက်နေသော Macquarie တက္ကသိုလ်မှ ရှောင်တာနဲလ်က ပြောသည်။ “ကျနော်တို့က ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲမှု အားလုံးလုပ်မယ့်အချိန်၊ အထူးသဖြင့် အတိုးနှုန်း ထိန်းချုပ်မှု ရုတ်သိမ်းမယ့် အခြေအနေကို မျှော်နေတာ။ ဒါမှသာ ရှိတာထက် ကျော်တဲ့ လက်လွန်ချေးငွေတွေကို ရပ်လိုက်ရင် တကယ့် အပြောင်းအလဲ ဖြစ်မယ်” ဟု သူက ဆက်ပြောသည်။

လက်လွန်ချေးငွေစနစ် ပြုပြင်ရေး

ဗဟိုဘဏ်သည် လက်လွန်ချေးငွေများကို ၂၀၁၇ မှ စတင်ချေမှုန်းသည်။ လက်လွန်ကြွေးမြီ ဆိုသည်မှာ ပုံသေ အတိုးနှုန်းဖြင့် အပေါင်ပစ္စည်း တန်ဖိုးကို ထည့်မတွက်သော တနှစ်ပြီးတနှစ် သက်တမ်းတိုးနေသော ချေးငွေဖြစ်သည်။ ၂၀၁၇ ခုနှစ်ဇူလိုင်လတွင် နှစ်မကုန်မီ ထိုသို့သော ချေးငွေကို ဘဏ်များ၏ ချေးငွေပမာဏ ၂၀ ရာခိုင်နှုန်းအောက် လျော့ချရန် ညွှန်ကြားသည်။

ထိုသို့သော အကြွေးများသည် မြန်မာ ဘဏ်များ၏ ဒေါ်လာ ၉ ဘီလီယံ တန်ဖိုးရှိ ထုတ်ချေးငွေ၏ ၇၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ထိုညွှန်ကြားချက်ကို အပြည့်အဝ အကောင်အထည်ဖော်လျှင် လွန်စွာခက်ခဲပြီး ဖရိုဖရဲ သို့မဟုတ် အကျပ်အတည်း ပင် ဖြစ်နိုင်သည်။ ထို့ကြောင် ထိုညွှန်ကြားချက်အစား ဗဟိုဘဏ်သည် နိုဝင်ဘာလတွင် ထိုအမိန့်ကို ရုတ်သိမ်းရပြီး ၂၀၁၈ နှစ်လယ်တွင် ထိုသို့သော ကြွေးမြီကို ၅၀ ရာခိုင်နှုန်း၊ ၂၀၁၉ နှစ်လယ်တွင် ၃၀ ရာခိုင်နှုန်း နှင့် ၂၀၂၀ နှစ်လယ်တွင် ၂၀ရာခိုင်နှုန်း အထိလျော့ရန် အမိန့်ထုတ်ရသည်။

“ဘာဖြစ်လို့ ဒီလောက်တောင် လက်လွန်ချေးငွေတွေများနေတာလဲ အရင်ဆုံး မေးရမယ်” ဟု မြန်မာနိုင်ငံတွင် ဈေးကွက်ရှယ်ယာနှင့် အရွယ်အစားအရ ဒုတိယအကြီးဆုံး Aya ဘဏ်၏ ဘဏ္ဍာရေးအရာရှိချုပ် အဇန်း အဇီမတ်ဒင် ကပြောသည်။”ဒါက ဗဟိုဘဏ်က ချေးငွေသက်တမ်းကို တနှစ်ပဲ ကန့်သတ်ထားလို့ ဖြစ်ရတာ။ ဒီလိုဖြစ်နေတာ ဆယ်စုနှစ်ချီနေပြီ၊ ဒါကို ၆ လ ဒါမှမဟုတ် ၃ လ အတွင်း ပြင်ချင်တာလား” ဟု သူက မေးခွန်းထုတ်သည်။

ချေးငွေ၏ သက်တမ်းကို ယခင် တနှစ်မှ သုံးနှစ်အထိ တိုးလိုက်သော်လည်း ဗဟိုဘဏ်က ယခုဆောင်းပါးအတွက် မေးသော မေးခွန်းများကို ဖြေရန် ငြင်းသည်။

ချေးငွေသက်တမ်းကန့်သတ်ခြင်းကို ဘဏ်လုပ်ငန်းရှင်များက လုံးဝ ရုပ်သိမ်း စေလိုသည်။ ဥပမာအားဖြင့် ဆိုရပါက ၃ နှစ်ချေးငွေသက်တမ်းသည် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသူများအတွက် လုံလောက်ခြင်းမရှိပေ။ စက်ရုံတည်ဆောက်ရသည်ကပင် ထိုမျှ အချိန်လိုသည်။ အကျိုးအမြတ် ရနိုင်နေပြီဖြစ်သော နှစ်ရှည် အရစ်ကျ ပေးချေ ရောင်းချမှု ဈေးကွက်ကိုလည်း အလားတူ ချေးငွေသက်တမ်း ၃ နှစ်ဖြင့် တင်းကျပ်စွာ ကန့်သတ်ထားသေးသည်။

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းတွင် မြေသည်လည်း အငြင်းပွားဖွယ်ရာ အခြားပြဿနာ တခု ဖြစ်သည်။ ဗဟိုဘဏ်က အခြားနည်းလမ်းများအား လက်မခံသောကြောင့် ဘဏ်ချေးငွေများ အားလုံးနီးပါးတွင် မြေ သို့မဟုတ် အဆောက်အအုံကို အပေါင်ထားကြသည်။ ရောင်းလိုအားများလာသောကြောင့် ရန်ကုန်ရှိ ရုံးခန်းနှင့် လူနေအိမ်ခန်းငှါးခများသည် စီးပွားရေးနှေးကွေးနေသည့် လွန်ခဲ့သော ၂ နှစ်အတွင်း ၂၅ ရာခိုင်နှုန်း ကျဆင်းသည်။ မြေဈေးများလည်း ကျဆင်းသည်။

မြေဈေးကျသော်လည်း ဘဏ်လုပ်ငန်းကို လေ့လာစောင့်ကြည့်နေသူ အများစုက နောက်ထပ် ဘဏ်လုပ်ငန်းအကျပ်အတည်း တခု ဖြစ်နိုင်သည်ဟု မယူဆကြ။ “ခုချိန်ထိတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိပါဘူး”ဟု ပိုင်ဆိုင်မှုအားဖြင့် တတိယ အကြီးမားဆုံးဖြစ်သော CB ဘဏ် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောသည်။ “ကျနော်တို့မြေကို တန်ဖိုး ဖြတ်ရင်ဈေးကွက်ပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်း လျော့ဖြတ်ပြီး အဲဒီတန်ဖိုးရဲ့ ၃၅ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်းပဲ ထုတ်ချေးလို့ သက်ရောက်မှု မရှိတာ” ဟု ရှင်းပြသည်။

ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း

မြန်မာနိုင်ငံရှိ အခြားသော ဘဏ်ကြီးများကဲ့သို့ပင် CB ဘဏ်သည် လွန်ခဲ့သော လေး၊ ငါးနှစ်အတွင်း ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းကို အလေးထားပြီး အလျင်အမြန် ကြီးမားကျယ်ပြန့်လာသည်။ ၎င်းတို့၏ မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို အသုံးပြုသူ ငါးသိန်း ရှိသည်ဟု CB ဘဏ်က ပြောသည်။ “အခု ကျနော်တို့ ဝန်ဆောင်မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းကနေ လုပ်ဆောင်နေတယ်လို့ ကျနော်ထင်တယ်” ဟု ဦးကျော်လင်းက ပြောသည်။ ထိုသို့သော ကိန်းဂဏန်းများသည် ဘဏ်ခွဲ ၂၀၆ ခုရှိပြီး နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိသာ ဖွင့်သော ဘဏ်တခုအတွက် အားတက်စရာဖြစ်သည်။ “ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဟာ ကျနော်တို့အတွက် အရေးပါသလို ကျနော်တို့ရဲ့ အနာဂတ်လည်း ဖြစ်တယ်”ဟု သူက ပြောသည်။

ဒစ်ဂျစ်တယ်လမ်းကြောင်းဖြင့် ဘဏ်လုပ်ငန်းကို လွယ်ကူအောင် လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံမှ ဘဏ်အသုံးပြုခြင်း မရှိသေးသောသူများကို စွဲဆောင်သော နည်းလမ်း တခုဖြစ်သော်လည်း နိုင်ငံ၏ ကြီးမားလှသော တရားမဝင် ငွေကြေး ဈေးကွက်ကို အသုံးချရန် ဆက်လက်လုပ်ဆောင်စရာ အများအပြား ရှိနေသေးသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆမှုများ လည်း ရှိသည်။ နိုင်ငံ၏ စုစုပေါင်းအမျိုးသားထုတ်လုပ်မှု – GDP သည် ဒေါ်လာ ၇၀ ဘီလျှံရှိပြီး ကုန်စည် ဝယ်နိုင်စွမ်းအားမျှခြေမှာ ဒေါ်လာ ၂၉၀ ဘီလျံရှိသည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ – IMF က ခန့်မှန်းသည်။ ဗဟိုဘဏ်အနေဖြင့် မှောင်ခိုဈေးကွက်မှ ဒေါ်လာများကို ဘဏ်များသို့ ရောက်လာအောင် အလွယ်တကူ လုပ်ဆောင်နိုင်သည်ဟု ဘဏ်လုပ်ငန်းရှင်များက ပြောသည်။

” ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံခြားဝင်ငွေကို တရားဝင် လမ်းကြောင်းက ပြန်ပို့စေတဲ့ အစီအစဉ်တွေ ဒါမှမဟုတ် တရားဝင် ဖွင့်ခွင့် ရထားတဲ့ ပြည်တွင်းဘဏ်တွေကတဆင့် အပ်နှံစေတဲ့ စည်းကမ်းချက် မရှိတဲ့ တခုတည်းသော နိုင်ငံဖြစ်တယ်” ဟု Aya ဘဏ်မှ အဇီမတ်ဒင် က ပြောသည်။ “နိုင်ငံခြားဝင်ငွေ ပြန်ပို့ပြီး ဘဏ်တွေမှာ အပ်နှံစေတဲ့စနစ်ဟာ တရားဝင်ဈေးကွက်ထဲကို ဒေါ်လာတွေ ပိုမိုရောက်ရှိစေပြီး ပြည်တွင်းဘဏ် အချင်းချင်း ရောင်းဝယ်မှုဈေးကွက်ကိုလည်း ပိုမိုကြံ့ခိုင်စေနိုင်တယ်”ဟုလည်း ပြောသည်။

SME လုပ်ငန်းဆိုင်ရာ မျှော်လင့်ချက်များ

မြန်မာ့စီးပွားရေးအတွက် အကျိုးအမြတ် များနိုင်ခြေရှိသော အခြားလုပ်ငန်း တခုမှာ နိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ များ၏ ၉၈ ရာခိုင်နှုန်းနှင့် လုပ်သားအင်အားစု၏ ၇၀ ရာခိုင်နှုန်းရှိသော အသေးစား အလတ်စား လုပ်ငန်းများကို ငွေထုတ်ချေးရာတွင် ဘဏ်များကို ပိုမို လွတ်လပ်ခွင့်ပေးခြင်းဖြစ်သည်။ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် လယ်သမား အများစုတို့သည် တလလျှင် အတိုး ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းမျှဖြင့် တရားမဝင်သော ကဏ္ဍမှ ချေးယူနေကြရသည်။ ဗဟိုဘဏ်၏ အရေးအကြီးဆုံး စည်းမျဉ်း နှစ်ခုဖြစ်သော အပေါင်ပစ္စည်းအဖြစ် မြေကိုသာ လက်ခံရေးနှင့် ချေးငွေသက်တမ်း တနှစ်(ယခု သုံးနှစ်) သာ ခွင့်ပြုရေးတို့သည် ထိုကဏ္ဍများသို့ ဘဏ်များ၏ ထုတ်ချေးငွေကို ကန့်သတ်ဖြတ်တောက်နေသည်။

“ယေဘုယျပြောရရင် အပ်ငွေက လူထုဆီကနေလာပြီး ထုတ်ချေးတော့ အပေါင်ပစ္စည်းရှိသူကိုသာ ထုတ်ချေးလို့ရတော့ ဆင်းရဲသားတွေရဲ့ ကြွယ်ဝချမ်းသာမှုကို သူဌေးတွေဆီ လွှဲပေးသလို ဖြစ်နေတယ်”ဟု ရိုးမဘဏ်မှ ဘော့ရှာ က ပြောသည်။ “ငွေထုတ်ချေးနိုင်လောက်အောင် ယုံကြည်လောက်တဲ့ မြန်မာနိုင်ငံသား သန်းနဲ့ချီရှိတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းတွေက ခွင့်မပြုလို့ သူတို့ကို ငွေထုတ်မချေးနိုင်ဘူး”ဟုလည်း ပြောသည်။

ထိုကိစ္စအတွက် အဖြေမှာ ဘဏ်များသည် ၎င်းတို့၏ တာဝန်သိသိ လုပ်ကိုင်နိုင်သောစွမ်းရည်ကို ပြသသည်အထိ ၎င်းတို့ ငွေစာရင်းရှင်းတမ်း၏ ၅ ရာခိုင်နှုန်းကို အသေးစား၊ အလတ်စားလုပ်ငန်းများသို့ အပေါင်အာမခံမပါဘဲ စိတ်ကြိုက်အတိုးနှုန်းဖြင့် ချေးခွင့် ဗဟိုဘဏ်က ခွင့်ပြုပေးရေးဖြစ်သည်ဟု သူက ပြောသည်။

ထိုသို့သော ကန့်သတ်ချက်များရှိသော်လည်း မြန်မာဘဏ်များသည် အာရှဖွံ့ဖြိုးရေးဘဏ် – ADB၊ အမေရိကန်အကူအညီပေးရေးအေဂျင်စီ- USAID၊ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ – JICA၊ ဂျာမန် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ – GIZ နှင့် အစိုးရ၏ အကူအညီဖြင့် ပြုလုပ်သော အကူအညီပေးရေးအစီအစဉ်များမှတဆင့် အသေးစား၊ အလတ်စားလုပ်ငန်း များကို ငွေထုတ်ချေးရန် နည်းလမ်းများ ရှာကြသည်။ ဥပမာအားဖြင့် CB ဘဏ်နှင့် အသေးစား၊ အလတ်စား လုပ်ငန်း များ ဖွံ့ဖြိုးရေးဘဏ်တို့သည် အသေးစား၊ အလတ်စား လုပ်ငန်းများအား အပေါင်ပစ္စည်းမဲ့ ချေးငွေများ ထုတ်ပေးကြပြီး အစိုးရက ၆၀ ရာခိုင်နှုန်းမှာ အန္တရာယ်များသည်ဟု ယူဆသည်။

တနိုင်ငံလုံး ဘဏ်ခွဲပေါင်း ၅၁၁ ခု နှင့် ATM ငွေထုတ်စက် ၁၀၈၅ ခုရှိသော ထိပ်တန်းဘဏ်ဖြစ်သည့် KBZ ဘဏ်နှင့် CB ဘဏ်တို့သည် အသေးစား၊ အလတ်စားလုပ်ငန်း ချေးငွေဌာနများ ထူထောင်ထားသည်။ “ဘဏ်လုပ်ငန်းက တဆင့် နိုင်ငံမှာ ဘဝအရည်အသွေး တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ရာနှုန်းပြည့် ဘဏ္ဍာရေးအရ အကျုံးဝင်မှုရှိအောင်ပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘဏ်အနေနဲ့ KBZ ဘဏ်ဟာ အသေးစား၊ အလတ်စားလုပ်ငန်းတွေ အတွက် ဘဏ္ဍာရေးနဲ့ ရင်းမြစ်တွေ အသုံးပြုနိုင်အောင် လုပ်ပေးနေတယ်” ဟု KBZ ဘဏ်၏ အမှုဆောင်အရာရှိချုပ် မိုက် ဒီနိုမာကပြောသည်။ “ကျနော်တို့ရဲ့ တနေရာထဲမှာ လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်ပေးတဲ့ အသေးစား အလတ်စား ဘဏ်လုပ်ငန်းဌာနဟာ စီးပွားရေးလုပ်ငန်းတွေကို အကြံဉာဏ်ပေးခြင်းနဲ့ လုပ်ငန်းအစပ်အဟပ်ဖြစ်စေမှု၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်း စွန့်ဦးတီထွင်တတ်ရေးနဲ့ ဘဏ္ဍာရေးအခြေခံ နားလည်တတ်မြောက်ရေး လေ့ကျင့်ပေးခြင်း၊ အစိုးရရဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အကြံဉာဏ်နဲ့ ဝန်ဆောင်မှုပေးရေး စတဲ့ နိုင်ငံရဲ့ လိုအပ်ချက်အတိုင်း ပြုလုပ်ထားတဲ့ ဝန်ဆောင်မှုတွေကို တနိုင်ငံလုံးမှာ ပေးနေတယ်” ဟုလည်း ရှင်းပြသည်။

ပြည်ပ စိတ်ဝင်စားမှု

၂၀၁၇ ခုနှစ် ဥပဒေပြုရေးဆိုင်ရာ စံချိန်ချိုးမှုများအနက် တခုအဖြစ် မြန်မာလွှတ်တော်သည် ကုမ္ပဏီများ ဥပဒေကို ပြင်ဆင်ပြီး ပြည်ပလုပ်ငန်းများက ၁ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း အထိပိုင်ဆိုင်သော လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းအဖြစ် သတ်မှတ်လိုက်သောကြောင့် မြန်မာ စတော့အိပ်ချိန်း ဝင်ခွင့်ရပြီး ပြည်တွင်း ကုမ္ပဏီများ ရရှိသည့် အခွင့်ထူးများ ခံစားခွင့်ရလာသည်။ ထိုဥပဒေသည် ဩဂုတ်လတွင် စတင်အသက်ဝင်မည်ဟု မျှော်လင့်ရပြီး ပြည်ပဘဏ်များသည် ပြည်တွင်းဘဏ်များတွင် ၃၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်လာနိုင်သည်။

လတ်တလောတွင် တင်းကျပ်လှသော Basel III နိုင်ငံတကာ ဘဏ်လုပ်ငန်း စည်းကမ်းချက်များအရ လုပ်ကိုင်နေရသော အနောက်နိုင်ငံဘဏ်များသည် စိတ်ပါဝင်စားမှု မရှိနိုင်ပေ။ အာရှဘဏ်များသည်ပင် ပြည်တွင်းဘဏ်များတွင် ရှယ်ယာ အနည်းစု ရယူရန် ၂ ကြိမ်စဉ်းစားနေရသည်။ “ထိုင်ဝမ်တို့၊ ထိုင်းတို့၊ တောင်ကိုရီးယားတို့က လိုင်စင်အခွင့်အရေး လက်လွတ်သွားတဲ့ အာရှဘဏ်တွေက ရှယ်ယာ အများစု ပိုင်ဆိုင်ခွင့်ရရင် စိတ်ဝင်စားမှာ။ ၃၅ ရာခိုင်နှုန်းလောက်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး” ဟု နိုင်ငံခြားဘဏ် အမှုဆောင်အရာရှိတဦးက ပြောသည်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကြားတွင် ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် ၁၃ ခုကို လိုင်စင်ချထားပေးသော်လည်း ဘဏ်ခွဲ တခုသာ ဖွင့်ခွင့်ပေးပြီး နိုင်ငံခြား ကုမ္ပဏီများကိုသာ ငွေချေးခွင့်ပေးသည်။ နိုင်ငံခြားဘဏ်များသည်လည်း ဗဟိုဘဏ် ဥက္ကဌသစ်က လုပ်ဆောင်စေလိုသော ပြုပြင်ပြောင်းလဲရေးများ ရှိကြသည်။ ကနဦးအနေဖြင့် ၎င်းတို့သည် ထိန်းချုပ်ခံ ငွေရင်း ဒေါ်လာ သန်း ၄၀ ကို ပယ်ဖျက်ပေးစေလိုပြီး ယင်းငွေကို ချေးငွေအဖြစ် သုံးလိုကြသည်။ ချေးယူသူ တဦးတည်းကို ၂၀ ရာခိုင်နှုန်းထက် ပိုမိုမချေးရန် ကန့်သတ်ချက်ကိုလည်း ရုပ်သိမ်းစေလိုသည်။ ယင်းသည် ကြီးမားသော နိုင်ငံစုံ လုပ်ငန်းကြီးများက ငွေလိုလျှင် ထုတ်ချေးနိုင်သည့် ဘဏ်များ၏ စွမ်းဆောင်ရည်ကို ကန့်သတ်သကဲ့သို့ ဖြစ်နေသည်။ အရေး အကြီးဆုံးမှာ ပြည်ပဘဏ်များသည် ပြည်တွင်း ကုမ္ပဏီများကို ငွေထုတ်ချေးလိုခြင်းဖြစ်သည်။

“ကျနော့် ပုဂ္ဂလိက အမြင်အရ ပြောရရင် နိုင်ငံခြား ဘဏ်တွေ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍက ပါစေချင်တယ်။ သူတို့က ပြည်တွင်း ကုမ္ပဏီတွေကို ငွေချေးလို့ မရပေမယ့် တကယ် ချေးငွေလိုနေတာက ပြည်တွင်းကုမ္ပဏီတွေ။ နောက်ပြီးတော့ သူတို့မှာ ပြည်တွင်းဘဏ်တွေထက် ငွေပိုရှိတယ်” ဟု ရှောင်တန်းနဲက ပြောသည်။

သူသည် ပြည်ပ အာမခံလုပ်ငန်းများကို ခွင့်ပြုရေးကို လွန်စွာ လိုလားသူလည်း ဖြစ်သည်။ ထိုသို့လုပ်မည်ကို ပြည်တွင်း အာမခံ လုပ်ငန်းများက ဆန့်ကျင်ကြသည်။ “သူတို့တွေက ပြည်ပအာမခံ လုပ်ငန်းတွေက ငွေရင်းထုတ်ပေးတဲ့ ဖက်စပ်ပုံစံမျိုးကိုပဲ လိုချင်ကြပုံရတယ်။ ဒါက မြန်မာနိုင်ငံမှာ အစဉ်အလာ နိုင်ငံရေး ငြင်းခုံမှု ဖြစ်နေပြီ။ ပိုမိုကျယ်ပြန့်တဲ့ ပြဿနာရဲ့ အစိတ်အပိုင်းပေါ့” ဟု ပြောဆိုသည်။

(The Financial Times မှ လစဉ်ထုတ်ဝေသော The Banker မဂ္ဂဇင်းပါ Peter Janssen ၏ Banks wait on Myanmar reforms ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading