ဆောင်းပါး

"သစ္စာဖောက်များ၊ သာကူးများ၊ မြေခွေးများ"နှင့် ဦးစိုးသိန်း

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ခွက်ခွက်လန်အောင် မရှုံးခင်ကပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်မှုပိုင်းတွင် အက်ကြောင်းများ ရှိနေသည်ဆိုသောအချက်သည် လူတိုင်းသိသော လျှို့ဝှက်ချက် ဖြစ်နေခဲ့သည်။

၎င်းတို့၏ ဥက္ကဌ သည် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်စွာရင်းနှီးနေခြင်းသည် ပါတီ ထိပ်ပိုင်း အဖွဲ့ဝင်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်။ ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်၊ခိုင်၊ဖြိုး အစိုးရက တင်သွင်းသည့် ဥပဒေကြမ်းများ အဆိုပြုချက် အများစုကို ပါတီ ဥက္ကဋ္ဌ ဦးဆောင်သော ပြည်သူ့လွှတ်တော်က ကန့်ကွက်၊ ခွင့်မပြုတာမျိုး လုပ်ခဲ့သည်။ နောက်ဆုံး ရွေးကောက်ပွဲ မတိုင်မီ ၂ လအလိုတွင် ပါတီတွင်း ချယ်လှယ်လွန်းသည် ဟု ဆိုကာ ပါတီဥက္ကဌနှင့် နောက်လိုက်များကို သမ္မတ ဦးသိန်းစိန်က ဖြုတ်ချလိုက်သည်။ သို့သော် ရွေးကောက်ပွဲအပြီးတွင် ထိုု ဖြုတ်ချခံရသူများသည် နိုင်ငံရေးလောကသို့ ပြန်ရောက်လာကြသည်။

သို့သော် သူတို့သည် ယခုတကြိမ်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လက်တွဲပြီး ပြန်လာကြခြင်းဖြစ်သည်။ ထိုသို့ လက်တွဲခြင်းကြောင့် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရမှ ဝန်ကြီး ဦးစိုးသိန်းက ထိုသူများကို သစ္စာဖောက်များ၊ သာကူးများ၊ မြေခွေးများဟု ခေါ်ဝေါ်သမုတ်လိုက်သည်။

တပ်မတော်တွင် နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်အချို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ခြေ မြင့်မားသော အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံတွင် လက်နက်ချခဲ့သည်ဟု သူ၏ ဒီမိုကရေစီ နိုင်ငံတော်သစ် နှင် သမ္မတဦးသိန်းစိန် ဟု ခေါင်းစဉ်ပေးထားသော စာအုပ်တွင် ယခင်သမ္မတဦးသိန်းစိန်၏ လူယုံနှင့် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းက ရေးသည်။

နိုင်ငံတော် နှင့် နိုင်ငံသားများ အကျိုးဋ္ဌာ မည်သည် ပါတီနှင့်မဆို ပူးပေါင်းမည်ဆိုသော်လည်း အခြားတဖက်မှ ပြောရလျှင် နှစ်ပေါင်း ၄၀ ခန့် တပ်မတော်သား အဆင့်မြင့်ခေါင်းဆောင် များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေး ပါတီ ထိပ်တန်းခေါင်းဆောင်များအဖြစ် တာဝန် အမျိုးမျိုး ခံစား၊ စံစားပြီး မှ သစ္စာဖောက်သွားကြသည်။ သာကူးများဟု ဆိုနိုင်ပါသည်။ အများအမြင် တွင်မှာတော့ အယောင်ဆောင်ကောင်းသော မြေခွေးများပင်။…… အမှန်တော့ ၎င်းတို့၏ မယိုင်မလဲသော မူဝါဒမှာ မိသားစု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒသာ ဖြစ်ကြောင်း သမိုင်း က သက်သေပြပါလိမ့်မည်” ဟု ဦးစိုးသိန်း ကရေးသားသည်။

သို့သော် မည်သူ့ကို ရည်ရွယ်သည်ကို အတိအကျ ဖေါ်ပြခြင်းမရှိပေ။

“ တချို့နေရာတွေမှာ အကြောင်းအရာကို တိတိကျကျဖော်ပြတယ်… တချို့ ကိစ္စတွေကျတော့ လူကို ဖော်ပြစရာမလို.. အကြောင်းအရာကို အဓိက ထားပြော။ လိုရင် ဖော်ပြတယ်… မလိုရင် မဖော်ပြဘူး ဆိုတာ စာရေးသူ အနေနဲ့ ပြောကြား လိုပါတယ်” ဟု ဦးစိုးသိန်းက စနေနေ့က ရန်ကုန်တွင် ကျင်းပသည့် မြန်မာဘာသာဖြင့် ထုတ်ဝေသော ထိုစာအုပ် မိတ်ဆက်ပွဲ တွင် ပြောခဲ့သည်။ ထိုစာအုပ်ကို လွန်ခဲ့သော နှစ်နှောင်းပိုင်းက စင်္ကာပူတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ပြီးဖြစ်သည်။

“ကျနော်ရေးသားထားတာတွေအတွက် ကျနော့်မှာ ခိုင်မာတဲ့ အထောက်အထားတွေ ရှိတယ်” ဟုလည်း သူပြောသည်။

ယခင်ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သော ဦးစိုးသိန်းသည် မည်သူ့ကို ရည်ညွန်းသည်ဟု ထုတ်ဖေါ်ပြောဆိုခြင်း မရှိသော်လည်း ထိုသူများအနက်အချို့မှာ ဘယ်သူဘယ်ဝါ ဆိုသည်မှာ မြန်မာနိုင်ငံတွင် လူတိုင်း သိနှင့်ပြီးသား ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆင့်မြင့်ခေါင်းဆောင်ဟောင်းများဖြစ်သော ဦးအောင်ကိုနှင့် ဦးသိန်းဆွေ တို့ကို ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ်ထားသည်။ ဦးသိန်းစိန်၏ ဖြုတ်ချခြင်းကို ခံခဲ့ရသော ပါတီ ဥက္ကဌဟောင်း ဦးရွှေမန်းသည် လွှတ်တော်အတွက် အကြံပေးသော ဥပဒေနှင့် အထူးကိစ္စရပ်များ စိစစ်ရေးကော်မရှင် ဥက္ကဌ ဖြစ်နေသည်။ ၎င်းတို့အားလုံးသည် ထိပ်တန်းစစ်အရာရှိဟောင်းများလည်းဖြစ်သည်။

ယခင် သမ္မတ ဦးသိန်းစိန်အပေါ် ဦးရွှေမန်း၏ ပုဂ္ဂိုလ်ရေး အငြိုးအတေးကြောင့် ဦးသိန်းစိန်အစိုးရနှင့် ဦးရွှေမန်းဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီတိုု့အကြား တင်းမာမှုများ မြင့်မားလာခဲ့သည်ဟု ပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်းလည်းဖြစ် ဦးသိန်းစိန်၏ သစ္စာခံလည်း ဖြစ်သူ ဦးစိုးသိန်းက ရေးသားသည်။

ထို အငြိုးအတေးများသည် စစ်အုပ်ချုပ်ရေးမှ အရပ်သားတပိုင်းအစိုးရသို့အကူးအပြောင်းကို ဦးဆောင်ရန် တိုင်းပြည်ကို ၂၂ ကြာအုပ်ချုပ်ခဲ့သည့် စစ်အစိုးရအတွင်းမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို သမ္မတ အဖြစ် ရွေးချယ်ခဲ့သည့် ၂၀၁၁ ခုနှစ်က ဖြစ်ရပ်များလည်း ပါဝင်သည်။

ထိုစဉ်က ဦးရွှေမန်းသည် သမ္မတဖြစ်လာမည်ဟု သတင်းများ အကျယ်အပြန့် ထွက်နေကြောင်း၊ သူကိုယ်တိုင်လည်း သမ္မတဖြစ်မည်ကို သံသယမရှိ ယုံကြည်နေကြောင်း ဦးစိုးသိန်းက ရေးသည်။ သို့သော် ဦးသိန်းစိန် က သမ္မတ ဖြစ်လာပြီး ဦးရေ့ွှမန်း က လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

“မည်သူက ဆုံးဖြတ်ချက်ပေးခဲ့သည်ကို ကျွန်တော်လည်း မသိပါ။ ဆင်ခြင် စဉ်းစားကြည့်လျှင် သမ္မတရာထူးကို အဆုံးအဖြတ်ပေးသူမှာ ဦးသိန်းစိန် မဟုတ်သည့် အတွက် ဦးသိန်းစိန် အပေါ် ရန်ငြိုးမဖွဲ့သင့်ပါ။ သို့သော် ထိုအချိန်မှ စပြီး သက်ဆိုင်သူများသည် ဆင်ခြင်တုံတရားများ ပျောက်ကွယ်ပြီး ၎င်းတို့၏ လုပ်ရပ်များသည် မောဟများဖုံးကာ ဦးသိန်းစိန်ကို အာဏာပြိုင်ခြင်းဖြင့် ဦးသိန်းစိန် ပြုတ်ကျရေး လမ်းကြောင်းကို ဦးတည်သွားခဲ့ပါသည်” ဟုလည်း ဦးစိုးသိန်းက ဆက်လက်ရေးသားသည်။

သမ္မတကို လွှတ်တော်တွင် စွဲချက်တင်ရန် မအောင်မြင်သော ကြိုးစားအားထုတ်မှု ၂ ခုအပါအဝင် အာဏာပြိုင်ပွဲများမှလွဲလျှင် ထိုစာအုပ်သည် ၁၉၆၂ ခုနှစ်မှစတင်ပြီး စစ်အာဏာရှင် စနစ်အောက် ကျရောက်သည့် နိုင်ငံတွင် ဒီမိုကရေစီ စံနှုန်းများကို ပြန်လည်မိတ်ဆက်ပေးရန် ကြိုးစားသည့် ဦးသိန်းစိန်၏ သမ္မတ သက်တမ်း ၅ နှစ်အကြောင်းကိုသာ အဓိကထားဖေါ်ပြသည်။

သို့သော် စာအုပ်သည် အတွင်းလူတဦး၏ ပြောကြားချက်များဟု ဆိုထားသော်လည်း စာဖတ်သူများအနေဖြင့် မျှော်လင့်ချက်ကြီးကြီး မထားသင့်ပါ။ ဦးသိန်းစိန် သမ္မတ သက်တမ်းအတွင်း ယခင်မသိခဲ့ရသည့် အချက်အလက်ကိုများကို အိပ်သွန်ဖာမှောက် ဖေါ်ပြထားခြင်း မရှိဘဲ ထိုစာအုပ်သည် အမှာစာတွင် သူ အလွန်လေးစားရသော သမ္မတဟု စာရေးသူ ဝန်ခံထားသည့် ဗိုလ်ချုပ်ကြီးမှ သမ္မတ ဖြစ်လာသူကို ဂုဏ်တင်ခြင်းသာဖြစ်သည်။

သူ၏ ၅ နှစ်သက်တမ်းအတွင်း ဦးသိန်းစိန်သည် နိုင်ငံသို့ ဒီမိုကရေစီ စံနှုန်းများနှင့် ပြန်လည်မိတ်ဆက်ပေးသော ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နိုင်ငံတကာ ချီးကျူး ဂုဏ်ပြုမှုကို ခံခဲ့ရသည်။ သူသည် ဖက်ဒရယ် စနစ်အတွက် ဗဟို အစိုးရကို တိုက်ပွဲဝင်နေသော လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံသည် ယခင်ကကဲ့သို့ ပြင်ပကမ္ဘာနှင့် အထီးကျန်ဖြစ် မနေတော့ပေ။ ယခင် သမ္မတဟောင်း ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်လည်ပတ်ခဲ့သည်။ ဦးသိန်းစိန် ပြည်ပခရီးစဉ်များတွင် တွေ့ဆုံခဲ့သည့် ဂုဏ်သရေရှိလူကြီးမင်းများ၏ အမည်များ၊ ပြောကြားခဲ့သော မိန့်ခွန်း အစအဆုံး အပါအဝင် ထိုဖြစ်ရပ်များကို ဦးစိုးသိန်းက တာဝန်ကျေစွာ ဖေါ်ပြထားသည်။ ထို့ကြောင့် ထိုစာအုပ်သည် ထိုခေတ်က မြန်မာ့ရေးရာများကို စိတ်ဝင်စားသူများအတွက် အသုံးဝင်နိုင်သည်။

သို့သော် ထိုစာအုပ်သည် ဦးသိန်းစိန်အစိုးရသည် ၂၀၁၂-၁၃ ခုနှစ်အတွင်း အနည်းဆုံး ၇ ကြိမ်ဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများကို မည်သည့်အတွက် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သည် စသည့် အချို့သော စိန်ခေါ်မှုများ၏ အတွင်းရေးများကို ဖေါ်ပြခဲ့ခြင်း မရှိပေ။ အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် ထိုဆုံးဖြတ်ချက်ကြောင့် စိတ်မချမ်းမမြေ့ ဖြစ်ရကြောင်းနှင့် ထိုဆုံးဖြတ်ချက်သည် ဦးသိန်းစိန်အတွက် ခက်ခဲသော ဆုံးဖြတ်ချက် ဖြစ်ကြောင်းတို့သာ ပါဝင်သည်။

အစွန်းရောက် အမျိုးသားရေးဝါဒနှင့် မဘသ ကဲ့သို့သော အမျိုးသားရေးအုပ်စုများ ခေါင်းထောင်ထလာခြင်းကို အစိုးရက မည်သည့်အတွက် အလေးအနက်ထားခြင်း မရှိသည်ကို သိလိုသောကြောင့် ထိုစာအုပ်ကို ဖတ်လျှင် အချိန်ကုန်ရုံသာဖြစ်ပေလိမ့်သည်။ သမ္မတ သက်တမ်းကုန်ခါနီးတွင် အလျှင်စလို အဆိုပြုပြဌာန်းခဲ့ရသည့် နိုင်ငံအကြီးအကဲဟောင်းကို သူ၏ ရာထူးသက်တမ်းအတွင်း လုပ်ရပ်များအတွက် တရားစွဲဆိုခြင်းမှ တားမြစ်သော သမ္မတ၏ လုံခြုံရေး ဥပဒေ အကြောင်းကို သိလိုလျှင်လည်း ထိုစာအုပ်ကို မေ့ထားဟု ပြောရပါမည်။

ထိုစာအုပ်သည် နိုင်ငံရေးလောဘကို မည်သို့ ထိန်းချုပ်ပြီး နိုင်ငံရေးမှ မည်သို့ လှပစွာ ဆုတ်ခွာရမည်ကို သတင်းစကားပေးလိုခြင်းဖြစ်သည်ဟု ဦးစိုးသိန်းက ပြောသည်။ ၁၉ ရာစု ဗြိတိန် သမိုင်းဆရာ၏ အဆိုအမိန့်ဖြစ်သော “အာဏာသည် လူကို ပျက်ဆီး စေသည်၊ အကြွင်းမဲ့အာဏာသည့် လူကို အကြွင်းမဲ့ ပျက်ဆီးစေသည်” ကို ကိုးကားထားပြီး ကြောက်စရာအကောင်းဆုံး အာဏာမှာ နိုင်ငံရေးအာဏာဖြစ်သည်ဟု ထိုစာအုပ်၏ နိဂုံးပိုင်းတွင် ရေးသားထားသည်။

“နိုင်ငံရေးသမားများ အထူးဆင်ခြင်သင့်သည်မှာ နိုင်ငံရေး လောဘကြီးခြင်းပင် ဖြစ်သည် ” ဟုလည်း ဦးစိုးသိန်းက သတိပေးထားသဖြင့် မြေခွေးများ၊ သာကူးများနှင့် သစ္စာဖေါက်များ ဟု သူ တံဆိပ်ကပ်ထားသော ဦးရွှေမန်းနှင့် သူ့အားထောက်ခံသူများကို သတိပေးခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် စာရေးသူ အမြင်ချော်သွားဟန်တူသော အချက်တခုရှိသည်။ ရွေးကောက်ပွဲအပြီး တလနီးပါးအကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်က လက်ခံတွေ့ဆုံသည်။ “ သူက ဦးသိန်းစိန်အား အစိုးရသစ်ကို ကူညီရန် ဦးသိန်းစိန်ကိုပြောသောအခါ ဦးသိန်းစိန်က လွတ်လွတ်လပ်လပ် ဆောင်ရွက်ရန်နှင့် မိမိပါတီ ကြိုးပမ်းရမည့် တာဝန်များ ရှိသေးပါကြောင်း” ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြောသည်ဟု ဦးစိုးသိန်းက ရေးသားသည်။

သမ္မတဟောင်းကြီးအနေဖြင့် ဦးရွှေမန်းတို့ကို သူ၏ ဝန်ကြီးဟောင်း သတိပေးသကဲ့သို့ နိုင်ငံရေး လောဘကြီးမည် မဟုတ် ဟု မျှော်လင့်ရပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ကျော်ဖြိုးသာ ရေးသားထားသော Author Champions Ex-President’s Legacy, Glosses over Challenges ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading