မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ထိပ်တန်း ဦးစားပေးကို နားလည်လိုလျှင် တိုင်းပြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်အစိုးရ၏ ပါဝင်ပတ်သက်မှု သို့မဟုတ် ယခု ဆိုင်းငံ့ထားသော ဒေါ်လာ ၃.၉ ဘီလီယံတန် မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ရန် အားထုတ်မှု သို့မဟုတ် ဒေသခံများက ဆန့်ကျင်နေကြသော မန္တလေးမြို့အနီးမှ လက်ပံတောင်း ကြေးနီတွင်းတွင် ကြေးနီထုတ်ယူခွင့် သေချာအောင် အားထုတ်မှုများကို မေ့လိုက်ပါ။
အဆိုပါ ကိစ္စများ အားလုံးသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ အမှန်တကယ် လိုချင်မှု၏ အဖျားအနား အကျိုးစီးပွားများသာ ဖြစ်ပါသည်။ အဓိကမှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တဆင့် အိန္ဒိယ သမုဒ္ဒရာသို့ စီးပွားရေးနှင့် ဗျူဟာအရ ရောက်ရှိနိုင်ရေး ဖြစ်ပါသည်။ တရုတ်အစိုးရ၏ ဒေါ်လာ ၁ ထရီလီယံတန် ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ၏ အရေးပါသော ဆက်သွယ်ချက်တခုလည်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရသည်နှင့် အမျှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန် ကျောက်ဖြူစီမံကိန်း၏ စည်းကမ်းချက်များနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာနေသည်။ မြန်မာအစိုးရ၏ ထိပ်တန်း စီးပွားရေး အကြံပေးတဦး ဖြစ်သည့် ရှောင်တာနဲလ်က စီမံကိန်း၏ ဆိပ်ကမ်းပိုင်းကို တန်ဖိုး ဒေါ်လာ ၇.၅ ဘီလီယံ သတ်မှတ်ခြင်းက “မိုက်မဲ”ပြီး “ယုတ္တိမရှိ”ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။
စီမံကိန်းကို အစိုးရက လေ့လာသုံးသပ်မှု ပြုလုပ်နေကြောင်း လတ်တလောသတင်းများတွင် ဖော်ပြခဲ့ကြသည်။ ကျောက်ဖြူ တွင် ဆိပ်ကမ်းတခု တည်ဆောက်မည့် စီမံကိန်းကို ၂၀၀၇ ခုနှစ်တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံက အလွန်အမင်း လိုအပ်နေသော အခြေခံအဆောက်အဦနှင့် အခြား စီးပွားရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ အကြွေးတွင် နစ်နိုင်မည့် ထိရှလွယ်သည့် အခြေအနေ ဖြစ်မလာမီ အချိန်က ဖြစ်သည်။
ကျောက်ဖြူတွင် လုပ်ငန်း အချို့ ပြီးစီးခဲ့သော်လည်း တရုတ်နိုင်ငံက မျှော်လင့်ထားသော ကြီးမားသည့် ရေနက်ဆိပ်ကမ်း မှာမူ ဆယ်စုနှစ်တခုကျော် ကြာမြင့်ခဲ့ပြီးသည်အထိ ပုံစံစာရွက်ပေါ်မှာသာ ရှိနေဆဲ ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရ ကျောထောက်နောက်ခံပြု Citic Group က စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို ရယူရန် တင်ဒါ အောင်မြင်ခဲ့သည်။ ကျန်သည့် ၃၀ ရာခိုင်နှုန်းက မြန်မာ အစိုးရ ပိုင်မည် ဖြစ်သည်။ သို့သော်လည်း ငွေခန်းနေသော နေပြည်တော် အစိုးရ အနေဖြင့် စီမံကိန်းမှ ၎င်းတို့ ရှယ်ယာအတွက် ငွေထည့်ဝင်ရန် ၂ ဘီလီယံဒေါ်လာ ချေးယူရန် လိုအပ်လာလိမ့်မည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းကြသည်။ ငွေကို တရုတ် အရင်းအမြစ်များမှ ချေးရဖွယ် အများဆုံး ရှိသည်။
မြန်မာနိုင်ငံက ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် အထီးကျန် စစ်အုပ်ချုပ်ရေးမှ လွတ်မြောက်လာသည့် အချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အစုအပြုံလိုက် ဝင်ရောက်လာလိမ့်မည်ဟု မြင့်မားသော မျှော်လင့်ချက်များ ယခင်က ရှိခဲ့သလို ချေးငွေ များလည်း အလွယ်တကူ ရနိုင်မည်ဟု မြင်ကောင်းမြင်ခဲ့ကြနိုင်ပါသည်။
သို့သော်လည်း တိုင်းပြည်၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်း အားနည်းချက်များက အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများကို နောက်တကြိမ် အတားအဆီး ဖြစ်လာခြင်းနှင့်အတူ အဆိုပါမြင့်မားသည့် စီးပွားရေးမျှော်လင့်ချက်များက လျှင်မြန်စွာ မှေး မှိန်ခဲ့ရပြီး ယခုအခါ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက် သံတမန်ပရိယာယ် အတွင်းသို့ ကျဆင်းရနိုင်ဖွယ် အန္တရာယ်ရှိနေသည်။
အကြွေးများကို ပေးဆပ်နိုင်ခြင်း မရှိသည့်အခါ အကြွေးယူ တိုင်းပြည်များသည် အလျှော့ပေး၍ လုပ်ပိုင်ခွင့်များ ပေးအပ်ရသည့် အခြေအနေ ဖြစ်လာရန် ဖိအားပေးခံကြရသည်။
စံနမူနာ ပြုစရာတခုမှာ သီရိလင်္ကာ နိုင်ငံမှ ၇ နှစ် သက်တမ်းရှိ ဟမ်ဘန်တိုတာ ဆိပ်ကမ်း ဖြစ်သည်။ သီရိလင်္ကာ အစိုးရက စီမံကိန်းအတွက် တရုတ်နိုင်ငံ၏ ချေးငွေများကို ပြန်လည်ပေးချေနိုင်ခြင်း မရှိသည့် အခါ ဆိပ်ကမ်း၏ ရှယ်ယာ ၈၀ ရာခိုင် နှုန်းကို တရုတ်အစိုးရပိုင် ကုမ္ပဏီတခု ဖြစ်သည့် China Merchants Port Holdings သို့ ရောင်းချရန် ၂၀၁၆ ခုနှစ်တွင် သဘောတူညီခဲ့ရသည်။
အလုပ်သမား သမဂ္ဂများနှင့် နိုင်ငံရေး အတိုက်အခံများကြောင့် တရုတ်ပိုင် ရှယ်ယာက နောက်ဆုံးတွင် ၇၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ရသည်။ ဆိပ်ကမ်းကို ယခုအခါတွင် သိရိလင်္ကာ အစိုးရနှင့် “ဖက်စပ်လုပ်ငန်း”တခု အဖြစ် ရည်ညွှန်းသော်လည်း တရုတ် အစိုးရက ဆိပ်ကမ်းနှင့် ပတ်သက်သော အခွင့်အာဏာကို ထိန်းချုပ်ထားသည်။
အလားတူ ဖြစ်ရပ်တခုကို ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက တရုတ်နိုင်ငံ၏ ပထမဆုံးသော ပြည်ပစစ်စခန်း ဖွင့်လှစ်ခဲ့ သည့် ဂျဘူတီ (Djibouti) နိုင်ငံတွင် မြင်တွေ့နိုင်သည်။
အာဖရိက အရှေ့မြောက်ပိုင်းတွင် ဗျူဟာမြောက်စွာ တည်ရှိပြီး ပင်လယ်နီနှင့် စူးအက်တူးမြောင်းတို့၏ အဝင်ဝ ဖြစ်သော ကျဉ်းမြောင်းသည့် နိုင်ငံတခု ဖြစ်သည့် ဂျဘူတီသည် အိန္ဒိယ သမုဒ္ဒရာဒေသ ကမ်းရိုးတန်း တလျှောက် တည်ဆောက်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း ပြုလုပ်နေသော တရုတ် ဆိပ်ကမ်းများ ကွင်းဆက်တွင် အရေးပါသည့် ဆက်သွယ်ချက်တခု ဖြစ်လာသည်။
သေချာစွာဆိုရလျှင် တရုတ်အတွက် မြေငှားရမ်းခြင်း (အမေရိကန်နှင့် ပြင်သစ် အပါအဝင် အခြားနိုင်ငံခြား စစ်စခန်းများသို့ ငှားရမ်းခြင်း) က ဂျေဘူတီအတွက် အလွန်အမင်း လိုအပ်နေသော နိုင်ငံခြားငွေ ရရှိစေသည်။
သို့သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတခု ဖြစ်သည့် ဂျဘူတီသည် ယခုအခါတွင် ဆိပ်ကမ်းသစ်တခု၊ ဆိပ်ကမ်းနှင့် အီသီယိုပီးယား နိုင်ငံ၏ မြို့တော် အဒစ်စ်အဘာဘာ Addis Ababa ကို ဆက်သွယ်သည့် ရထားလမ်းသစ်တခု၊ လေဆိပ်သစ်တခုနှင့် အီသီယိုပီးယားမှ ရေချို ရယူရန် သွယ်တန်းထားသည့် ပိုက်လိုင်း အသစ်တခုတို့အတွက် တရုတ်နိုင်ငံမှ ချေးယူထားသည့် အလွန် များပြားသော ငွေများကို ပြန်လည်ပေးဆပ်ရန် ရှိနေသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) မှ ထုတ်ပြန်သည့် အချက်အလက်များအရ ချေးငွေ ပမာဏက အနည်းဆုံး အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ရှိပြီး စီးပွားရေး စွန့်စားရမှုဆိုင်ရာ လေ့လာဆန်းစစ်သည့် ကုမ္ပဏီများ၏ အဆိုအရ ဂျေဘူတီအနေဖြင့် ပြန်လည်ပေးဆပ်ရန် အိပ်မက်ပင် မက်နိုင်မည် မဟုတ်ပါ။
၎င်းတို့နှင့် ကာလရှည်ကြာစွာ မဟာမိတ်ဖြစ်ခဲ့သော ပါကစ္စတန်နိုင်ငံနှင့်လျှင်ပင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက ချေးငွေများ၊ အကြွေးများနှင့် ပတ်သက်နေသည်။ တရုတ် ဦးဆောင်သည့် စီမံကိန်းများတွင် အသုံးပြုရေး တရုတ်နိုင်ငံလုပ် ပစ္စည်းကိရိယာများ ဝယ်ယူရန် တရုတ်နိုင်ငံက ပါကစ္စတန်ကို တိုက်တွန်းလေ့ရှိသည်။ ထိုပစ္စည်းများအတွက် ပါကစ္စတန် အစိုးရက တရုတ်အစိုးရက ထုတ်ပေးသော ချေးငွေနှင့် ပေးရသည်။
ရလဒ် အနေဖြင့် ပါကစ္စတန်၏ စုစုပေါင်းကြွေးမြီက အမေရိကန်ဒေါ်လာ ၉၁.၈ ဘီလီယံ ရှိပြီး GDP နှင့် အချိုးက ၇၀ ရာခိုင်နှုန်း ဝန်းကျင် ရှိနေသည်။ အစောပိုင်း တရုတ်ချေးငွေများ၏ ၃ ပုံ၂ ပုံမှာ အိန္ဒိယနိုင်ငံမှ လေ့လာဆန်းစစ်သူ မိုင်ဟာရှားမား Mihir Sharma ၏ စကားအတိုင်းဆိုလျှင် မတန်တဆ အတိုးနှုန်းဖြစ်သည့် ၇ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခြင်း ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့သည် နီးကပ်သော မဟာမိတ်များ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ယခုကိစ္စမှာမူ မိတ်ဆွေ အချင်းချင်း တဦးကို တဦးပြုလုပ်သောလုပ်ရပ်မျိုး မဟုတ်ဟု နောက်ထပ် အိန္ဒိယ ဆောင်းပါးရှင်တဦးက ပြောသည်။
တရုတ်ကုမ္ပဏီများက ပါကစ္စတန် ရှိ ဂွါဒါ Gwadar တွင် ဆိပ်ကမ်းကြီးတခု ဆောက်လုပ်ရာတွင် ပါဝင်ခဲ့ကြသည်။ တရုတ် နိုင်ငံအတွက် နောက်ထပ် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်တခုလည်း ဖြစ်ပါသည်။ သို့သော်လည်း တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသ ကက်ရှ်ဂါ Kashgar သို့ သွားရာလမ်းတွင် ကာရာကိုရမ် Karakoram တောင်တန်းများပေါ်မှ လမ်းကြောင်းက ရှည်လျား ခက်ခဲသည့်အတွက် အရှေ့ အလယ်ပိုင်းမှ ရေနံများ တင်ပို့ရာတွင် ထိုလမ်းကြောင်းကို အသုံးပြုနိုင်ရေးက သံသယရှိစရာ ဖြစ်သည်။ ကက်ရှ်ဂါ၏ အန္တရာယ်များပြီး တောတောင် ထူထပ်သည့် ရေမြေသဘာဝနှင့် ဝေးလံခေါင်ဖျားမှုကြောင့် ၂ နိုင်ငံ ကုန်သွယ်ရေးသည်ပင် အကန့်အသတ် ရှိနေသည်။
အာရေဗျ ပင်လယ်ကမ်းခြေများပေါ်တွင် တရုတ်၏ အနေအထားကို ခိုင်မာစေမည် ဖြစ်ခြင်းကြောင့် ဂွါဒါ ဆိပ်ကမ်း၏ အရေးပါမှုက ၎င်း၏ တည်နေရာပေါ်တွင် မူတည်နေသည်။ တရုတ်နှင့် ပါကစ္စတန် ၂ နိုင်ငံလုံးက ငြင်းဆန်ထားသော်လည်း ဆိပ်ကမ်းနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အခွင့်အရေးများထဲ အနာဂတ်တွင် တရုတ် ရေတပ်သင်္ဘောများ လွန်းတင်နိုင်သည့် အခွင့်အရေးလည်း ပါဝင်နေသည်။ ပါကစ္စတန် စင်္ကြန်ဟုလည်း သိကြသည့် ဂွါဒါ ဆိပ်ကမ်း အနီးတွင် လွတ်လပ်သော ကုန်သွယ်ရေးဇုန်တခု တည်ဆောက်ထားသော်လည်း စီးပွားရေး အရေးပါမှုထက်စာလျှင် မဟာဗျူဟာကျခြင်းက ပိုမို၍ သာလွန်နေသည်။
တရုတ်နိုင်ငံ၏ အိန္ဒိယ သမုဒ္ဒရာသို့ ဦးတည်သော စင်္ကြန် ၂ ခုတွင် မြန်မာနိုင်ငံက ကုန်သွယ်ရေး အတွက် ပို၍ အရေးပါပြီး အနည်းဆုံး ရေရှည်ဗျူဟာ လွှမ်းမိုးနိုင်မှုနှင့် ပတ်သက်လာလျှင် (ပါကစ္စတန် စင်္ကြန်နှင့်) တန်းတူ အရေးပါသည်။ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှုနှင့် အာဖရိကနှင့် ဥရောပမှ ကုန်သွယ်ရေး လမ်းကြောင်းများ သေချာစေရန် လိုအပ်နေသည်။
ပါကစ္စတန်မှ တဆင့် မဟုတ်။ တရုတ်နိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ပြီး ဖြစ်သော မြန်မာ နိုင်ငံမှ တဆင့် လည်း သေချာစေနိုင်သည်။ အားနည်းမှုရှိနိုင်သည့် မလက္ကာရေလက်ကြားကို ကျော်ဖြတ်စရာ မလိုတော့သည့် အရေးပါသော ဗျူဟာမြောက် ဖြတ်လမ်းတခု ဖြစ်သည်။
နိုင်ငံခြားမှ တင်သွင်းသည့် တရုတ်စွမ်းအင်၏ ၈၀ ရာခိုင်နှုန်း နီးပါးက မလေးရှားနှင့် အင်ဒိုနီးရှားကြားမှ ကျဉ်းမြောင်းသည့် မလက္ကာ ရေလက်ကြားမှ ဖြတ်ကျော်ရပြီး ပဋိပက္ခ အခြေအနေတခုတွင် အမေရိကန်က ပိတ်ဆို့လိုက်နိုင်သည်ကို တရုတ် အစိုးရက စိုးရိမ်နေခဲ့သည်။ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသည့် ပိုက်လိုင်းများက ရေနံနှင့် သဘာဝဓာတ်ငွေ့ မည်မျှ သယ်ဆောင်ပေးနိုင်မည် ဆိုခြင်းက မသဲကွဲသေး သော်လည်း ၎င်းတို့သည် တရုတ်နိုင်ငံ၏ မလက္ကာရေလက်ကြား အားနည်းချက်ကို ကာကွယ်ရေး အစပိုင်းကတည်းက ရည် ရွယ်ခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တွင် မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ဗျူဟာမြောက် စင်္ကြန်တခု တည်ဆောင်ခြင်းက တရုတ်သမ္မတ ရှီကျင်ဖျင့်၏ အလွန် မျှော်မှန်းချက် ကြီးသော ခေတ်သစ်ပိုးလမ်းမ(BRI) ထက် စောသည့် မူဝါဒတခု ဖြစ်ပါသည်။ BRI ကို ၂၀၁၃ ခု နှစ်တွင် အာရှ-ပစိဖိတ်ဒေသနှင့် အပြင်ဖက်မှ အခြေခံ အဆောက်အဦများ အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံ၏ အကူအညီ၊ ချေးငွေများနှင့် စတင်ခဲ့သည်။
မြန်မာနိုင်ငံ၏ မြောက်ပိုင်း တရုတ်နိုင်ငံ၏ နယ်စပ်ရှိ တရုတ်နိုင်ငံဖက်မှ ကျဉ်းမြောင်းသည့် နယ်မြေတခု ဖြစ်သည့် ကျယ်ဂေါင်သို့ ဦးတည်သည့် ရွှေလီမြစ်ပေါ်မှ ကျယ်ပြန့်သည့် ကွန်ကရစ်တံတား ရှိရာလမ်းတွင် ကြီးမားသော အထိမ်းအမှတ် ကျောက်တိုင်တခု ရှိသည်။ ကျောက်တိုင်ပေါ်တွင် လူ ၅ ယောက်က စက်ဝိုင်း သဏ္ဍန် ဘီးတခုကို တွန်းနေသည့် ရုပ်ထုတခုကို သရုပ်ဖော်ထား၏။ သူတို့၏ ဆုံးဖြတ်ထားသော မျက်နှာများက တောင်ဘက်သို့ တည့်တည့် ဦးတည်နေကြသည်။
အထိမ်းအမှတ် ကျောက်တိုင် ခြေရင်းတွင် တရုတ်ဘာသာဖြင့် ရေးသားထားသော စာလုံးများက “စည်းလုံးခြင်း၊ တောက် ပသော လမ်းကြောင်းများ၊ ရှေ့ဆက်၍ ဖော်ဆောင်ကြ” ဟု အဓိပ္ပါယ်ရပါသည်။ နယ်စပ်ဒေသတွင် နေထိုင်သူ အချို့က ၎င်း ကို “အရှေ့တောင်အာရှရေ၊ ငါတို့လာပြီဟေ့” ဟု ဆိုလိုကြောင်း ဘာသာပြန်ကြပါသည်။
အထိမ်းအမှတ် ကျောက်တိုင်နှင့် ပတ်သက်၍ ထူးခြားချက်က ထိုနေရာတွင်သာ မြင်တွေ့နိုင်သည် မဟုတ်ပါ။ ၂ စတုရန်း ကီလိုမီတာခန့်သာ ကျယ်ဝန်းသည့် နယ်မြေတခု ဖြစ်ပြီး မြန်မာနိုင်ငံက ဝိုင်းပတ်ထားခြင်း ခံရသည့် ကျယ်ဂေါင်က ကူးသန်းရောင်းဝယ်ရေး အချက်အချာတခုနှင့် မြန်မာနိုင်ငံနှင့် အခြားဈေးကွက်များအတွက် အဓိက ဝင်ထွက်ပေါက် အဖြစ် ပေါ်ထွက်လာနေသည်။
သို့သော်လည်း တံတားတည်ဆောက်ခဲ့သည့် ၁၉၉၃ ခုနှစ်တွင် ရှေ့ရေးအတွက် မှတ်သားလောက်စရာ အလားအလာ ရှိသည့် နေရာတခု ဖြစ်ခဲ့သော ကျယ်ဂေါင်သည် စပါးခင်း အနည်းငယ်နှင့် ပြန့်ကျဲနေသော ဝါးတဲ အနည်းငယ်ဖြင့် ဖွဲ့စည်းထားသည့် နေရာတခုသာ ဖြစ်ခဲ့သည်။ ၂၅ နှစ်ကြာသောအခါ အထပ်မြင့် အဆောက်အဦးများ၊ အဆင့်မြင့် ဟိုတယ် များ၊ ပစ္စည်း စုံလင်သည့် စတိုးဆိုင်များနှင့် တရုတ် တနိုင်ငံလုံးမှ ရောက်လာသည့် အဖိုးတန်ကျောက်မျက် ဝယ်ယူသူများ အတွက် ကြီးမားသော ကျောက်စိမ်းဈေးတခု ရှိနေပြီ ဖြစ်သည်။
မနက်ခင်းတိုင်းတွင် တရုတ်လူသုံး ကုန်ပစ္စည်းများ ထင်ဆောင်ထားသည့် ကုန်တင်ကားတန်းကြီးများက ကျယ်ဂေါင်ရှိ နယ်စပ်ဂိတ်ကို ဖြတ်ကျော် မောင်းနှင်လာပြီး နယ်စပ် မြန်မာဖက်ခြမ်းမှ မူဆယ်သို့ ဝင်ရောက်လာကြသည်။ သူတို့၏ ဦးတည်ရာမှာ လားရှိုး၊ မန္တလေး၊ ရန်ကုန်နှင့် အခြားမြန်မာမြို့များသို့ပင် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနယ်စပ်တွင် ရှိသော တမူး မြို့ အထိပင် ရောက်၏။
တမူးမှနေ၍ ကုန်ပစ္စည်းများကို အိန္ဒိယဖက်ခြမ်းမှ မိုရေးသို့ ယူဆောင်သွားပြီး အင်ဖာ၊ ကိုဟီးမားနှင့် ဂွါဝါဟတီ တို့သို့ ပို့ဆောင်သည်။ မြန်မာနိုင်ငံသာမက အိန္ဒိယ အရှေ့မြောက်ပိုင်းတွင်လည်း ဈေးနှုန်းချိုသာသည့် တရုတ်နိုင်ငံလုပ် ပစ္စည်းများ ဖောဖောသီသီ ဝင်ရောက်နေသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ စတင်သည့် နေရာလည်း ဖြစ်သည့် ကျောက်ဖြူသို့ အမြန်ရထားလမ်းတခု ဖောက်လုပ်ရန် တရုတ်အစိုးရက ရည်ရွယ်ထားသည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်နှင့် မြန်မာနိုင်ငံတို့က စုစုပေါင်း ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းသော ရထားလမ်းတခု တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ တခုကို လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်များနှင့် အကြွေးထောင်ချောက်တခု၏ အလားအလာကို သတိပြုမိသော ဦးသိန်းစိန်၏ ယခင် မြန်မာအစိုးရက အမေရိကန် ဒေါ်လာ ၃.၉ ဘီလီယံတန် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ခဲ့ပြီး နောက်ထပ် ၃ နှစ် နီးပါးအကြာ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အထက်ပါ နားလည်မှုစာချွန်လွှာကို သက်တမ်း အကုန်ဆုံးခံခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံက မြစ်ဆုံစီမံကိန်းအတွက် ၎င်းတို့သုံးစွဲပြီး ဖြစ်သည်ဟု တရုတ် အစိုးရပိုင် ကုမ္ပဏီက ပြောသော အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ပြန်ပေးရန် ဖြစ်လာနိုင်ပါသည်။ တရုတ်အစိုးရက ကျောက်ဖြူသို့ သွားရာလမ်း ရရှိရေး ညှိနှိုင်းဆွေးနွေးရာတွင် အဆိုပါ အချက်ကို အသုံးပြုလာနိုင်သည်ဟု မြန်မာနိုင်ငံမှ ဝေဖန်သုံးသပ်သူ များက ယုံကြသည်။
အလားတူပင် တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေး စက်ကိရိယာများ တရုတ်နိုင်ငံမှ ဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီပါး ထုတ်ချေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ အခြေစိုက် စီးပွားရေး ပညာရှင်တဦးက ပြောဆိုချက်အရ “အမှန်တကယ်တွင် ဒေါ်လာ တရွက်မှ နယ်စပ်ကို ဖြတ်ကျော်ခဲ့ခြင်း မရှိဘဲ ထိုငွေအားလုံးကို သုံုးမရသည့် အခြေအနေသို့ နောက်ဆုံး ရောက်သွားသည့် တရုတ်နိုင်ငံမှ စက်ကိရိယာများ ဝယ်ယူရန် အသုံးပြုခဲ့ရသည်။”
ထိုအကြွေးက ယခုထိ ပြန်လည်ပေးဆပ်နေရဆဲ ဖြစ်သည်။ အကယ်၍ များစွာ ပိုမို ကြီးမားသည့် ကျောက်ဖြူ စီမံကိန်းကို စီစဉ်ထားသည့် အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့လျှင် တရုတ်နိုင်ငံက ၎င်းတို့ သေချာစေရေး မည်သည့်နည်းဖြင့်မဆို ဆောင်ရွက်ရန် အသင့်ရှိနေခြင်းနှင့်အတူ မြန်မာအစိုးရ၏ အကျိုးစီးပွားထက် တရုတ်အစိုးရ၏ အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေမည်မှာ ထင်ရှားသည်ဟု ဝေဖန်သုံးသပ်သူများက ပြောကြသည့် စီမံကိန်းတခုအတွက် တရုတ်နိုင်ငံ အပေါ်တွင် ပို၍ပင် ကြွေးတင်သွားလိမ့်မည် ဖြစ်သည်။
ယခုအခါ စီမံကိန်း၏ စည်းကမ်းချက်များနှင့် ကုန်ကျစရိတ်ကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်နေသည်ဟု တာဝန်ရှိသူများ က ပြောသော်လည်း ချေးယူထားသည့် ငွေကြေးကို အသုံးပြုရန် မြန်မာအစိုးရတွင် ရင်းနှီးမြှုပ်နှံမှု ဗျူဟာတခု ရှိသလား သို့မဟုတ် အကြွေး ပိုမို၍ များလာသည့် နိုင်ငံတွင် တရုတ်နိုင်ငံ၏ ခိုင်မာပြီး ဖြစ်သော စီးပွားရေးနှင့် ဗျူဟာမြောက် ချုပ်ကိုင်မှုများကို ကျော်လွန်၍ လွတ်လပ်စွာ စဉ်းစားသုံးသပ်မလား ဆိုခြင်းက မသဲကွဲသေးပါ။
( Asia Times ပါ Bertil Lintner ၏ Myanmar risks falling into a China debt trap ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ )
ဆက်စပ် ဖတ်ရှုရန် – ကျောက်ဖြူသာမက တရုတ်ပိုးလမ်းမ စီမံကိန်းများ တည်ဆောက်ရေး လောမကြီးသင့်