အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ စင်္ကာပူ ထိပ်သီးဆွေးနွေးပွဲသည် ၎င်းတို့ ၂ ဦး စင်္ကာပူတွင် ခြေချသည်မှာအစ မျက်နှာချင်းဆိုင် ဆုံတွေ့စဉ် ကိုယ်ဟန်အမူအယာများ၊ ဝတ်စားဆင်ယင်ပုံများအထိ ထိုဆွေးနွေးပွဲ၏ အသေးစိတ်ဖြစ်ရပ်တိုင်းကို စောင့်ကြည့်နေစေသည်။
သူတို့နှစ်ဦးစလုံးကလည်း ဆန်းပြားသော ရုပ်သွင်ပြင်ရှိသည့် ရှားရှားပါးပါး ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်ပြီး အများ၏ အာရုံစိုက်မှုနှင့် အင်တာနက်တွင် ဟာသရုပ်ပြောင်လုပ်မှု အများအပြား ခံကြရသူများဖြစ်သည်။
နိုင်ငံရေးနှင့် ပတ်သက်လျှင် အမြင်မတူမှုများ ရှိနေကြလည်း စတိုင်နှင့် ပတ်သက်လျှင် အံ့ဩစရာကောင်းလောက်အောင် တူသော ထရမ့်နှင့် ကင်တို့ထံမှ ဝတ်စားဆင်ယင်မှုဆိုင်ရာ အသားပေးချက်များ၊ ကသိကအောက်ဖြစ်စေသော ပြောဆိုမှုများကို ကျွနု်ပ်တို့ မျှော်လင့်စောင့်စားနိုင်ပေသည်။
ဆံပင်ပုံက စကြည့်ကြပါစို့။
ထရမ့်၏ ရွှေရောင်ဆံပင်သည် ဆံပင်ပုံစံ သက်သက်ကပင် ထူးခြားနေသည်။ ဆံပင်တု တစိတ်တပိုင်း တပ်ထားသလား သို့မဟုတ် တအုံလုံးက ဆံပင်တုလား။ ဆံပင်ကို ထရမ့်မျှော်စင်အဆောက်အအုံနှင့် အိမ်ဖြူတော်တွင် လူမသိအောင် ဆေးဆိုးသလား သို့တည်းမဟုတ် မန်ဟက်တန် သို့မဟုတ် ဈေးကြီးသော ကေသာပြင်ဆိုင်များတွင် ဆေးဆိုးသလား။ ဆံပင်တု ကောလာဟလမှာ ယခုနှစ်အစောပိုင်းက သတင်းထူးမရှိသောကြောင့် အသေးအဖွဲကို သတင်းလုပ် ဖေါ်ပြခဲ့ရာ လူအများ ပြောစရာ ဖြစ်သွားခဲ့သည်။ သမ္မတ၏ စီးတော်လေယာဉ်မှ အဆင်းတွင် လေပြင်းတိုက်သောကြောင့် ထရမ့်၏ ဆံပင်များ ပုံပျက်ပန်းပျက်ဖြစ် ဖွာလန်ကြဲသွားသည့် ဓာတ်ပုံကလည်း သမိုင်းဝင်ဖြစ်သည်။
ဂျယ်လ်ကို ထူထပ်စွာ လိမ်းပြီး အမောက်ထောင် နောက်သို့ လှန်ဖီးထားသည့် ကင်၏ ဆံပင်ပုံစံသည်လည်း ထင်ရှားသည်။ ဦးခေါင်း ပတ်လည်၏ ဘေးဖက်မှ ဆံပင်များကို ရိတ်ထားပြီး ဇလားပုံဟုခေါ်ကြသော ဆံပင်ပုံစံသည် အိပ်ယာမှ ထလာသော ဆံပင်ပုံစံမဟုတ်ဘဲ အကြီးအကျယ်ပြုပြင်ထိန်းသိမ်းထားသော ပုံစံဖြစ်သည်။ ထို့အပြင် ကင် မကြာခဏ လုပ်တတ်သော ဆံပင်ပုံပြန်သွင်းခြင်းသည် အလှကုန်ပစ္စည်း အများအပြား လိုသည်။ တလလျှင် ဂျယ်လ်ဗူး အရေအတွက် မည်မျှသုံးသည်ကိုပင် မေးခွန်းထုတ်နေကြသည်။ စကားဝိုင်းအစတွင် အေးစက်စက်ဖြစ်နေလျှင် နွေးထွေးလာအောင် လုပ်နိုင်သည်မှာ ဆံပင်ပုံစံနှင့် ပတ်သက်သော အကြံဉာဏ်များ နှစ်ဦးနှစ်ဘက် ဖလှယ်ခြင်း ဖြစ်မည်။ လွန်ခဲ့သော နှစ်အနည်းငယ်က တိုနီဘလဲနှင့် ဂျော့ချ်ဒဘလျူ ဘုရှ်တို့သည် စကားပြောရင်း နှစ်ဦးစလုံးမှာ ကိုးလ်ဂိတ် သွားတိုက်ဆေးချစ်သူများဖြစ်ကြောင်း သိရှိသွားကြပြီး ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြသည်။
လုပ်ငန်းတာဝန် များပြားလွန်းသောကြောင့် မည်သည့်အ ဝတ်ဝတ်မည်ကို ဆုံးဖြတ်ရန် အချိန်မဖြုန်းလိုသောကြောင့် မီးခိုးရောင်နှင့် အပြာရောင် ဝတ်စုံများကိုသာ ဝတ်ဆင်ဖြစ်ကြောင်း သမ္မတဟောင်း အိုဘားမား ပြောခဲ့သည်။ ထရမ့်နှင့် ကင်တို့သည်လည်း အလားတူ ယုံကြည်ပုံရပြီး မြင်တွေ့နေကျ သူတို့၏ ပုံစံမှ ခွဲထွက်ခဲလှသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ အစဉ်အလာဝတ်စုံကို နှစ်သက်ကြသော ဖခင်နှင့် အဖိုးတို့၏ ရွှေခတ်လက်ကျန် မော်ဝတ်စုံအစင်းသည် ကင်၏ သင်္ကေတ ဖြစ်လာခဲ့သည်။ ထုံးစံအားဖြင့် မီးခိုးရောင်နှင့် အနက်ရောင် ထိုဝတ်စုံက ချောင်ချောင်ချိချိရှိပြီး တခါတရံတွင် မျက်မှန်တစုံ၊ ဘိုးဘေးများ အထိမ်းအမှတ် အနီရောင် ရင်ထိုးနှင့် အများပြည်သူ ပွဲလမ်းသဘင်မရှောင် ဂုဏ်ယူဝံ့ကြွားစွာ ဝတ်ဆင်သည့် အဖိုးတန် နာရီများအနက် တလုံးလုံးဖြင့် ကင်က စတိုင်ထုတ်တတ်သည်။
ထရမ့်သည် မိုးပြာရောင်ဝတ်စုံ၏ ပရိသတ်တဦးဖြစ်ပြီး ရီပတ်ဗလစ်ကန်ပါတီ၏ အရောင်ဖြစ်သော အနီရောင် လည်စည်းနှင့် လက်ယာဘက် ရင်ဘတ်တွင် အမေရိကန်အလံ ရင်ထိုးတို့ကို ဝတ်ဆင်သည်။
“အမေရိကကို ပြန်လည်ကြီးမြတ်စေရမည်”ဟု ထရမ့်က ကြွေးကြော်သော်လည်း ကမ္ဘာတဝန်းမှ ငွေဂုဏ်မောက် ဩဇာကြီးမားသူများနှင့် လုပ်ငန်းရှင်ကြီးများ၏ အချစ်တော် အီတလီ ကုန်အမှတ်တံဆိပ် ဘရီယွမ်နီကို ဝတ်ဆင်ရခြင်းအား ထရမ့်က နှစ်သက်သည်။ ထိုဝတ်စုံများသည် ဈေးနည်းလှသည် မဟုတ်သော်လည်း ထရမ့်သည် မိုးပြာရောင်နှင့် အနက်ရောင်ကို ရောနှောဝတ်ဆင်ခြင်း၊ သူ၏ ရှည်လျှားလှသော နက်တိုင်လ်ကို ရှပ်အကျႌတွင် ချိတ်နှင့် ကပ်ထားခြင်း၊ သူ၏ကြီးမားလှသော ခန္ဓာကိုယ်တွင် ဘောင်းဘီခပ်ပွပွများ ဝတ်ဆင်ခြင်းတို့သည် ဖက်ရှင်မကျဟု ဝေဖန်ခံနေရသည်။ ဖက်ရှင်ကျသော သမ္မတကတော်နှင့် ရှေ့သွားနောက်လိုက်မညီလှ။
သူတို့ ၂ ဦးသည် အစဉ်အလာဝတ်စုံများမှ လမ်းခွဲထွက်ခဲလှသော်လည်း ထိုသို့ ဝတ်ဆင်သောအခါ သတင်းခေါင်းစဉ်များ ဖြစ်လာကြသည်။ ကင်သည် ၂၀၁၅ ခုနှစ်က နွေရာသီနှင့် လိုက်ဖက်သော ရှပ်အကျႌလက်တို၊ ကောက်ရိုးအကောင်းစားဖြင့် ပြုလုပ်ထားသော ဦးထုပ်တို့ဖြင့် လယ်ယာမြေတခုသို့ သွားရောက်ခဲ့သည်။ လွန်ခဲ့သော ဇန်နဝါရီလကဆိုလျှင်လည်း သူ၏ပုံရိပ်ကို ပိုမို ပျော့ပြောင်းစေရန် အားထုတ်မှုဟုမြင်ကြသည့် မီးခိုးရောင် အနောက်တိုင်းဝတ်စုံဖြင့် နှစ်သစ်ကူး မိန့်ခွန်းချွေသည်။
ထရမ့်သည် သူ၏ တာဝန်ချိန်ပြင်ပ ဝတ်စားဆင်ယူမှုတွင် ပုံစံကျလှသူ မဟုတ်ဘဲ သူ၏ ဂေါက်ရိုက်ဝတ်စုံဖြစ်သော ကာကီရောင် ဘောင်းဘီတို၊ ဈေးကြီးပြီး အဆင့်မြင့်သော ဖလော်ရီဒါရှိ မာရာလာဂို ကဲ့သို့သော အပမ်းဖြေစခန်းများ၏ အမှတ်တံဆိပ်ပါ အဖြူရောင်ပိုလိုရှပ်၊ ထရမ့် ဂေါက်ကလပ်များ၏ ကပ်ဦးထုတ် သို့မဟုတ် ဦးထုတ်နေကာသက်သက်ကိုသာ ဝတ်ဆင်တတ်သည်။
ထို့ကြောင့် ယခု စင်ကာပူ ထိပ်သီးဆွေးနွေးပွဲသည် နျူကလီးယား ဖျက်သိမ်းရေးကိစ္စများကဲ့သို့ နိုင်ငံရေးရာများသာမက ဖက်ရှင်ရေးရာများကလည်း စိတ်ဝင်တစား စောင့်ကြည့်စရာ ဖြစ်လာခဲ့တော့သည်။
ကိုးကား ။ ။ South China Morning Post