မြန်မာ့ရုပ်ရှင်ကို ရုပ်ရှင်ကြည့်ပရိသတ် အားမလိုအားမရ ဖြစ်ခဲ့ရသည်မှာ ဆယ်စုနှစ် ၂ခုစာပင် စွန်းလုလု။
ပြီးခဲ့သည့်နှစ်က မြန်မာပေါကားများရပ် ဆိုသည့်လှုံ့ဆော်မှုတခု Facebook သုံးစွဲသူတို့ ဝန်းကျင်မှာ လှုပ်ရှား လာခဲ့ သည်။
ပေါကားများ ရပ်သွားသလားမေးတော့ ရပ်မသွားပါ။ ပေါကားများရပ် ဆိုသည့် ရုပ်ရှင်တကားပင် ထွက်ပေါ် ခဲ့သေး သည်။ ဒါကိုပင် သရော်ချင်၍လားမသိ။
ငွေကြေး အကျိုးအမြတ်သာ ရည်ရွယ်လျက် အပျော်တမ်းကပြသော ပြဇာတ်တပုဒ်မျှပင် အနုပညာ အဆင့်အတန်း မရှိသော ရုပ်ရှင်များက မြန်မာ့ရုပ်ရှင်၏ အသရေကို ညှိုးနွမ်းစေခဲ့သည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။
ဒါမြန်မာ့ရုပ်ရှင်ပဲဟု ဂုဏ်ယူပြောပြစရာ ရုပ်ရှင်ကားရယ်လို့ မယ်မယ်ရရ မရှိခဲ့။
ဆင်ဆာစနစ်ကြောင့် အနုပညာချွတ်ခြုံ ကျခဲ့ ရသလား။ မှန်ပါသည်။ ဆင်ဆာကြောင့်လည်း တစိတ်တပိုင်း ပါဝင်ပါ သည်။
ထို့အပြင် ရုပ်ရှင်သမားတို့ ပြောလေ့ရှိကြသည်က ခေတ်မီစက်ပစ္စည်း ချို့ယွင်း အားနည်းချက်ကြောင့်။ ဒါလည်း တစိတ် တပိုင်း မှန်ပါသည်။ သို့သော် ယခုခေတ်လောက်ပင် စက်ပစ္စည်း နည်းပညာ မဖွံ့ဖြိုးခဲ့စဉ်က ရိုက်ကူးခဲ့ကြသော မြန်မာ့ ရုပ်ရှင်ကားများ၏ အနုပညာ အရည်အသွေးမှာ မြန်မာ့ရုပ်သံက ပြန်လည်ပြသတိုင်း မရိုးနိုင်အောင် ကြည့်ချင် နေကြ ဆဲ။
ပြီးခဲ့သော လများက ဒါရိုက်တာအသစ် ခရစ္စတီးနာခီ ရိုက်ကူးသော ဥပါယ်တံမျဉ် ရုပ်ရှင်ကားနှင့် ပတ်သက်၍ ရုပ်ရှင် လောကသားတို့ကြား သဘောထား ကွဲလွဲမှုများက ရုပ်ရှင်ကြည့် ပရိသတ်ကိုပါ ကူးစက်ကာ ကျယ်ကျယ် လောင် လောင် ငြင်းကြ ခုန်ကြသည်။
ခရစ္စတီးနားခီ၏ နောက်ထပ် တကားဖြစ်သော မုဒြာခေါ်သံ ဇာတ်ကားနှင့် အပြိုင် ဒါရိုက်တာ ဝိုင်း၏ ရွှေကြာဇာတ်ကား ရုံတင်ခဲ့ရာ ရုပ်ရှင်ကားနှစ်ကားမှာ အပြိုင်လိုဖြစ်လျက် Facebook သုံးစွဲသူများနှင့် ရုပ်ရှင်ကြည့် ပရိသတ်များကြား ပြင်းပြင်း ထန်ထန်ပင် ဆူညံ ပေါက်ကွဲ ငြင်းခုန်ခဲ့ကြသည်။
နာမည်ကျော် ရုပ်ရှင်မင်းသမီးကြီး တဦး၏ မြန်မာ့ရုပ်ရှင်အပေါ် သုံးသပ်ချက်နှင့် ပတ်သက်၍ ဒါရိုက်တာများကြား အငြင်း ပွားစရာများ ဖြစ်ခဲ့ပါသည်။
မြို့ကျောင်းဆင်း၊ ရွာကျောင်းဆင်းဆိုသည့် စကားလုံးများက ရုပ်ရှင် လောကသားတို့ကြား အငြင်းပွားဖွယ် ဖြစ်ခဲ့ကြရ သည်။
“အဓိက ထောက်ပြချင်တာက မြို့ကျောင်းဆင်းမို့ အရုပ်အသံ ကွာလတီ ကောင်းတာလား၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ့် သရုပ် ဆောင်နဲ့ ကိုယ့်စိတ်တိုင်းကျ အချိန်ယူ ဖန်တီးလို့ ကောင်းတာလား ကွဲပြားအောင်မြင်ဖို့ ပြောချင်တာပါပဲ” ဟု ဒါရိုက်တာ ချိုတူးဇော်က ဆိုခဲ့သည်။
“ရုပ်ရှင်ကြည့်ပရိသတ်ရဲ့ တောင်းဆိုမှုကြောင့်၊ ဈေးကွက် အခြေအနေကြောင့် မြန်မာပေါကားတွေကို ထုတ်လုပ် သူတွေ က ရုပ်ရှင် လောကသားတို့ အသက်ရှင် ရပ်တည်ရေးအတွက် ထုတ်လုပ်နေကြရတဲ့ ပကတိ အခြေအနေကို ကြည့်ပါ” ဟုလည်း ဆက်လက် ပြောဆိုခဲ့ပါသည်။
“အခုကို ဥပါယ်တမျဉ်လို Facebook ပေါ် ဟီးဟီးထနေသည့် တချိန်တည်းမှာပဲ ကောလိပ်ဂျပိုးဆိုသည့် ဟာသ အရည် မရ အဖတ်မရကား သောက်သောက်လဲ ဝင်ငွေရနေသေးတာ သေခြာ မြင်အောင်ကြည့်ပါ၊ ပရိသတ် ရှိနေသေးသရွေ့ အဲဒီလို ပရိုဂျူဆာတွေ၊ အဲဒီလို ကားမျိုးတွေ ဆက်ရိုက်နေဦးမှာပါပဲ။ တလောကလုံး ပြောင်းဖို့က ဈေးကွက်ကြီး ကျယ် ပြန့် လာအောင် တည်ဆောက်ရမှာဖြစ်တယ်၊ တပြည်လုံး ပညာရေးရေချိန်နိမ့်နေရင် ကားညံ့တွေ ထွက်နေဦးမှာပဲ။ ရုပ်ရှင် တခုတည်း ညံ့တာ မဟုတ်ဘူး၊ တတိုင်းတပြည်လုံး ညံ့နေတာ” ဟု ဒါရိုက်တာ ချိုတူးဇော်က သူ၏ Facebook စာမျက်နှာပေါ်မှ ထောက်ပြ ဝေဖန်ခဲ့သည်ကို တွေ့ရသည်။
မည်သို့ဆိုစေ ထိုသို့ အပြန်အလှန် ငြင်းခုန်ပြောဆိုမှုများမှာ မြန်မာ့ရုပ်ရှင်၏ အနုပညာ အသက်ငင်နေသော လက်ရှိ အခြေအနေကို ဖော်ပြနေပါသည်။
ထို့ပြင် လွန်ခဲ့သော ၂နှစ်ခန့်ကပင် မြန်မာ့ရုပ်ရှင်ကို ဘယ်လိုမြှင့်တင်ကြမလဲ ခေါင်းစဉ်ဖြင့် ဒါရိုက်တာဝိုင်း၊ စိမ်းဝါနီ ရုပ်ရှင် ထုတ်လုပ်ရေးမှ ဒေါ်မြင့်မြင့်ခိုင်၊ ဒါရိုက်တာစတီး (ဒွေးမေတ္တာ) နှင့် ဦးတင်မောင်ဝင်းတို့ DVB ရုပ်သံ အစီအစဉ် က ဒီဘိတ်လုပ်ခဲ့သည်ကို တွေ့ရသည်။
ထိုဒီဘိတ်ပါ ဆွေးနွေးချက်များအရ မြန်မာ့ရုပ်ရှင် နိမ့်ကျလာခြင်းကို ဆရာဒါရိုက်တာ ဝင်းဖေစကားနှင့် ဆိုလျှင် မြန်မာ့ ရုပ်ရှင် အခြေအနေက နင်းကျိုးနင်းကျေ အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ဆွေးနေပြီမို့ ဘယ်ကြမ်း နင်းနင်း၊ နင်း လိုက် တိုင်း ကျိုးကြေသွားခြင်းနှင့် ဥပမာထား ပြောခဲ့သည်။
ဒါရိုက်တာဝိုင်း ကတော့ ငွေထုတ်သူ ထုတ်လုပ်သူများ၏ ငွေနောက်လိုက်မှုကြောင့် ကြုံရေးတွေ့ရိုက် ဆိုသလို ဇာတ် ညွှန်း ခိုင်ခိုင်မာမာ မရှိဘဲ ကြုံသည့်နေရာမှာ ကြုံသလိုရေး၊ တွေ့သည့်နေရာမှာ ရိုက်သည့် ဇာတ်ကားတွေကြောင့် မြန်မာ့ ရုပ်ရှင် အဆင့်အတန်း ကျဆင်းခဲ့ရသည်ဟု ဆိုခဲ့သည်။
ထို့ပြင် မင်းသား မင်းသမီးများနှင့် ကန်ထရိုက် စာချုပ်ချုပ်ဆိုပြီး စည်းမျဉ်းစည်းကမ်း သတ်မှတ် မထားနိုင်သဖြင့် ဒါရိုက်တာ သြဇာ ကျဆင်းခဲ့ရကြောင်းလည်း ဆိုပါသည်။
ရန်ကုန်ဖလင်စကူးမှ လူငယ်တဦးဖြစ်သူ ကိုလပြည့်ကိုက ရုပ်ရှင်များထဲမှ ရိုင်းစိုင်းသော အသုံးအနှုန်းများ၊ ခွဲခြား ဆက်ဆံခြင်းနှင့် မလှောင်ပြောင်သင့်သည် တို့ကို လှောင်ပြောင်ခြင်းတို့က ရုပ်ရှင်အကြည့်များသော နယ်ပရိသတ်ကို လွဲမှားစွာ သင်ကြားပေးနေသလို ဖြစ်နေကြောင်း ဝင်ရောက်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးချက်များမှာ ၂နှစ်ကြာခဲ့သည့်တိုင် ရုပ်ရှင် အစည်းအရုံးနှင့် ရုပ်ရှင် လောကသားတို့ကြား တစုံတရာ ပြုပြင်ပြောင်းလဲမှု မတွေ့ရဘဲ အထက်ပါအတိုင်း ဆက်လက် အငြင်းပွားနေကြဆဲ ဖြစ်ကြောင်း စိတ်မကောင်းစရာ တွေ့ရပါသည်။
ထို့ပြင် DVB ရုပ်သံအစီအစဉ်မှ လွန်ခဲ့သည့် ၂လခန့်က မြန်မာ့ရုပ်ရှင် တခေတ်ဆန်းချိန် ရောက်ပြီလား ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဒါရိုက်တာ အာကာ၊ ဒါရိုက်တာ ဇေပပါ၊ ဒါရိုက်တာကြည်စိုးထွန်း၊ အကယ်ဒမီ ဆွေဇင်ထိုက်တို့၏ DVB ဒီဘိတ်ကလည်း ထိုတောသား၊ မြို့သား အငြင်းပွားမှု အပေါ် အခြေခံ၍ ရုပ်ရှင်ပညာရှင်တို့နှင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
ဖလင်ခေတ်က ဒီဂျစ်တယ်ခေတ် ပြောင်းမှုက တခေတ် ဆန်းတာလား၊ ပေါကားဘယ်နှကား ပါသလဲ စသည်ဖြင့် ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြ သည်ကို တွေ့ရသည်။ DVB မှ လူ ၁၇၀၀ ကို မေးမြန်းခဲ့ရာတွင် ၃၈ ရာခိုင်နှုန်းက ပေါကားများ ကို ထောက်ခံခဲ့ပြီး ၆၂ ရာခိုင်နှုန်းက ကန့်ကွက်မဲ ပေးခဲ့ကြကြောင်းသိရသည်။
ပရိသတ်ထဲမှ ကလေးမိခင် တယောက်က ပြီးခဲ့သည့်နှစ်အတွင်း ည အမည်ရှိ ရုပ်ရှင်တကားပဲ ကြည့်ဖြစ်ပြီး ကလေး များ စိတ်ဓာတ် ရိုင်းစိုင်းသွားမှာစိုး၍ မြန်မာကား ပေးမကြည့်ကြောင်း ပြောခဲ့သည်။
မိခင်များ စိုးရိမ် လောက်အောင်ပင် ပြီးခဲ့သည့်နှစ် အကယ်ဒမီ စိစစ်ရွေးချယ်ရေး အဖွဲ့သို့ တင်ပြသည့် ရုပ်ရှင် ၅၃ ကား အနက် အတော်များများမှာ ပြီးဆုံးအောင် သည်းခံကြည့်ခဲ့ရကြောင်း ဒါရိုက်တာ ကြည်စိုးထွန်းက ပြောခဲ့သည်။
ထို့အပြင် မြန်မာ့ရုပ်ရှင် ပင်မရေစီးကြောင်းနှင့် အင်ဒီ ရုပ်ရှင် ခေါ် အင်ဒီပင်းဒင့် ရုပ်ရှင်များ၏ ကွာခြားမှုကို ဒေါ်ဆွေဇင် ထိုက် က ဆက်လက်ဆွေးနွေးခဲ့ရာ ပင်မရေစီး ရုပ်ရှင်တွေက ပရိသတ်အကြိုက် ရိုက်ပြီး ပရိသတ်ကလည်း ဆင်းရဲ ပင်ပန်းမှုက လွတ်ဖို့၊ ရုပ်ရှင်ကို စိတ်အပန်းဖြေဖို့ ကြည့်ကြကြောင်း၊ အင်ဒီပင်းဒင့် ရုပ်ရှင်တွေက တင်ပြသူစိတ်ကြိုက် ရိုက်နိုင်သည့်တိုင် ငွေကြေးအမြတ်အစွန်း အတွက် ရည်ရွယ်ပြသရန် မဟုတ်သဖြင့် ရုံတင် လက်မှတ်ရောင်း ပြသ၍ မရကြောင်း၊ ရုံတင်ပြသလိုပါက သီးခြား ထောက်ခံစာ ယူရကြောင်း ပြောကြားခဲ့သည်။
ပင်မရေစီး ရုပ်ရှင်လုပ်ငန်းတွင် မင်းသားမင်းသမီးတို့ကို ပေးရသော အနုပညာကြေးများက ရုပ်ရှင်ထုတ်လုပ်မှု ကုန်ကျ စရိတ်၏ ၆၀ ရာခိုင်နှုန်းအထိ ရှိပြီး ကျန် ၄၀ ရာခိုင်နှုန်း ခန့်ဖြင့် ရိုက်ကူးရေးစရိတ် သုံးစွဲရသဖြင့် အဆင့်မီဖို့ မဖြစ် ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးချက်များကြောင့် ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်သူတို့ အပြန်အလှန် လေးစားပြီး မြန်မာ့ရုပ်ရှင် တိုးတက်ရေးကို စိတ်ရောကိုယ်ပါ ပြန်လည်ဆောင်ရွက်ကြဖို့ ရန်တော့ မမျှော်မှန်းနိုင်သေးပေ။
မြန်မာ့ရုပ်ရှင် ပင်မရေစီးကြောင်းက ဝိသမ လောဘများဖြင့် ပုတ်လှောင်ညှီကာ မစီးချင့်စီးချင် စီးနေဆဲ၊ အင်ဒီပင်းဒင့် ရုပ်ရှင်ခေါ် ရုပ်ရှင်ဖန်တီးသူ လူငယ်တို့က သူတို့စိတ်ကူး အတွေးများကို မှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းတို ရုပ်ရှင် များဖြင့် ဝဿန်၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ အစရှိသော ရုပ်ရှင်ပွဲတော်တို့တွင် ပါဝင်ပြသ လာခဲ့ကြသည်။
နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင်ပါ ပြသလာနိုင်ပြီး ဆုများရရှိလာခဲ့ ကြသည်။
ထိုသို့ရှိခိုက် ရန်ကုန်မြို့ သိမ်ဖြူလမ်း ဝန်ကြီးများရုံးဟောင်းနေရာရှိ ပဉ္စရသ အနုပညာခန်းမတွင် မေလ ၂၇ ရက်နေ့ နေ့လယ်ခင်းက ပြုလုပ်သော 3Act ရုပ်ရှင်မဂ္ဂဇင်း စာအုပ် မိတ်ဆက်ပွဲနှင့် ရုပ်ရှင်ဟာ မသေမရှင် ခေါင်းစဉ်ဖြင့် မြန်မာ့ ရုပ်ရှင်၏ လက်ရှိ အခြေအနေနှင့် ရှေ့ဦးတည်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် 3Act မဂ္ဂဇင်း၏ အယ်ဒီတာများက မဂ္ဂဇင်းထုတ်လုပ် ဖြန့်ချိခြင်း၏ ရည်ရွယ်ချက်များကို တင်ပြကြပြီး မြန်မာ့ရုပ်ရှင်နှင့် ပတ်သက်၍ အပိုင်း ၃ ပိုင်းခွဲခြား ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးချက်များတွင် မြန်မာ့ရုပ်ရှင် ပင်မရေစီးနှင့် အင်ဒီပင်းဒင့်တို့ကြား ပြတ်တောက်နေသော ဆက်သွယ်ပေါင်းကူးမှု ကိုပါ တည်ဆောက်နိုင်ရန် ထည့်သွင်းဆွေးနွေးသွားသည်ကို တွေ့ရသည်။
ဦးဆောင် ဆွေးနွေးသူအဖြစ် 3 Act မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာ အောင်ဖြိုးက ဆောင်ရွက်ခဲ့သည်။
3Act အဖွဲ့ကို မြန်မာနိုင်ငံ ရုပ်ရှင်ဆိုင်ရာ ပညာရပ် အကိုးအကားနှင့် အစီအစဉ်များ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ပြီး မဂ္ဂဇင်းထုတ်လုပ်မှုမှာ သူတို့၏ ပထမဆုံး ခြေလှမ်းလည်း ဖြစ်ကြောင်း တွေ့ရသည်။
အောင်ဖြိုးမှာ ယင်းအဖွဲ့၏ ပူးတွဲတည်ထောင်သူ တဦးလည်းဖြစ်ပြီး စင်ကာပူနိုင်ငံ နန်ယန်း စက်မှုတက္ကသိုလ်မှ လျှပ်စစ် အင်ဂျင်နီယာ ဘွဲ့ရရှိခဲ့သော်လည်း ယင်းပညာဖြင့် အသက်မွေးမှု မပြုလုပ်ခဲ့ဘဲ၊ အိန္ဒိယနိုင်ငံတွင် ရုပ်ရှင် တည်းဖြတ်မှု အတတ်ပညာ သင်ယူခဲ့သူတဦး ဖြစ်သည်။
ဆွေးနွေးချက်တွင် မြန်မာ့ရုပ်ရှင် လှိုင်းသစ်အသွင် ကူးပြောင်းခဲ့ပြီလား ဆိုသည့် ခေါင်းစဉ် ပါဝင်ရာ ပြင်သစ် လှိုင်းသစ် ရုပ်ရှင်၊ ဂျပန်လှိုင်းသစ် ရုပ်ရှင်တို့ အကြောင်းကို သတင်းထောက် တင်ထက်ပိုင်က ဆွေးနွေးခဲ့သည်။
ဒုတိယကမ္ဘာစစ် အပြီးတွင် သမားရိုးကျ ရုပ်ရှင်များမှာ စစ်ပြီးခေတ် ပြင်သစ်လူထုနှင့် လူငယ်တို့၏ ခံစားချက်များကို လုံလုံလောက်လောက် ထင်ဟပ်မပြနိုင်ဟု အသက် ၂၀ ကျော် လူငယ် ဝေဖန်ရေး သမားများက ဝေဖန်ခဲ့ကြသည်။
၁၉၅၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သော ရုပ်ရှင်ဝေဖန်ရေး စာစောင် Cahiers du Cinema သည် ပြင်သစ်လှိုင်းသစ် ရုပ်ရှင် အစတည်ရာဖြစ်သည်။
အစပိုင်းတွင် ယင်းစာစောင်အတွက် ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးများ ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ကိုယ်တိုင်ရိုက်ကူး လာခဲ့ ကြသော ဒါရိုက်တာများ ဖြစ်ကြသည့် Fraincois Truffaut , Jean Luc,Godard Eric Rohmer, Jacques Rivette စသူတို့မှာ လှိုင်းသစ်ရုပ်ရှင်များ၏ ဦးဆောင်သူများ ဖြစ်ခဲ့ကြသည်။
ဂျပန်လှိုင်းသစ် ရုပ်ရှင်များမှာ ၁၉၆၀ ခုနှစ်များတွင် ပေါ်ပေါက်ခဲ့ပြီး ပြင်သစ်လှိုင်းသစ် ရုပ်ရှင်များက စတူဒီယို၊ ပြင်ပ ရိုက် ကွင်းများကို ဦးစားပေး ရိုက်ကူးခဲ့ကာ၊ ဂျပန်လှိုင်းသစ် ရုပ်ရှင်များက စတူဒီယိုတွင်း ရိုက်ကူးခဲ့သည်။
လိင်အကြမ်းဖက်မှု၊ လူမျိုးရေးနှင့် နိုင်ငံရေး အစွန်းရောက်မှုများကို ရဲရင့်ပွင့်လင်းစွာ ရိုက်ကူးခဲ့ကြသဖြင့် ဆင်ဆာ ဖြတ်တောက်မှု အပြင်းအထန် ခံခဲ့ရကြောင်း သိရသည်။
ဥရောပ လှိုင်းသစ် ရုပ်ရှင်ထုတ်လုပ်ရေး ပေါ်ပေါက်ခဲ့သလို အာရှနိုင်ငံများဖြစ်သော ထိုင်ဝမ်၊ ထိုင်း၊ ဟောင်ကောင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် တို့တွင်လည်း လှိုင်းသစ်ရုပ်ရှင် လှုပ်ရှားမှုများ ပေါ်ပေါက်လျက် ရှိကြောင်း တင်ထက်ပိုင်၏ တင်ပြချက်အပေါ် ဒုတိယပိုင်း အနေဖြင့် 3Act မဂ္ဂဇင်းမှ ကိုဟန်ဇော်၊ ရုပ်ရှင် ဝေဖန်ရေးဆရာ ကိုမြတ်နိုး၊ ဝဿန် ရုပ်ရှင်ပွဲတော် ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာ့ရုပ်ရှင် တိုးတက်ရေး ဆောင်ရွက်နေသူ ကိုသိဒ္ဓိ တို့က မြန်မာပြည်မှာ လှိုင်းသစ် ရုပ်ရှင်တွေ ပေါ်ပေါက်ပြီလား ဆိုသည်ကို ဝိုင်းဝန်း ဆွေးနွေးခဲ့ ကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်ပြီး ရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်ကျောင်းများကြောင့် လူငယ်ဒါရိုက်တာတို့ ကိုယ်ရိုက်လိုရာ အတွေးအမြင်များကို လွတ်လပ်စွာ တင်ပြရိုက်ကူးနိုင်ဖို့ ကြိုးစားလာကြသော်လည်း လှိုင်းတခုလို အရှိန်အဟုန်ရှိဖို့ လိုအပ် နေသေးကြောင်း ဆွေးနွေးကြပါသည်။
ထို့ပြင် မြန်မာရုပ်ရှင် လှိုင်းသစ်ဟုဆိုလျှင် မြန်မာရုပ်ရှင်ဆိုတာ ဘာလဲဆိုသည့် မေးခွန်းကို မေးစရာရှိလာကြောင်း၊ မြန်မာအက၊ မြန်မာရှုခင်း၊ မြန်မာ့ပွဲတော်များ ရိုက်ကူးပြသရုံဖြင့် မြန်မာရုပ်ရှင်လို့ ပြောလို့ ရပြီလား၊ အဓိကအားဖြင့် ဒါ မြန်မာရုပ်ရှင်ကားပဲဟု ပြောလို့ရအောင် ရိုက်ကူးလာနိုင်ကြပြီလား ဟူသော အမေးကို ဝိုင်းဝန်း ဆွေးနွေးခဲ့ ကြသည်။
မြန်မာရုပ်ရှင်ဟု ပြောနိုင်သော ကားများတွင် ဒါရိုက်တာ မောင်ဝဏ္ဏ၏ ခြေဖဝါးတော်နုနုကို ဥပမာပေး ပြောသွားပြီး ကိုသိဒ္ဓိက သူ့အနေဖြင့် ၂၀၁၅ တွင် အပြောင်းအလဲအနေဖြင့် ဇာတ်လမ်းတိုရိုက်ကူး သူများနှင့် မှတ်တမ်းရုပ်ရှင် များ တွင် တကယ့်ဘဝထဲက အကြောင်းအရာ အဖြစ်မှန်များကို ကြိုးစားရိုက်ကူး လာကြသဖြင့် လှိုင်းသစ်ဟု မဆိုသာသည့် တိုင် ရှေ့သို့ သွားနေပြီဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် သမားရိုးကျ ဟန်မှ လမ်းခွဲသည့် အမြင်ဖြင့် ရိုက်ကူးသည့် ကားအဖြစ် ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးသော ဆရာတော်ကြီး (TheMonk) ဇာတ်ကားကိုသာ တွေ့မြင်ကြောင်း ပြောပြဆွေးနွေးခဲ့သည်။
ကိုမြတ်နိုးက ပြောင်းလဲရာတွင် မြန်မာ့ရုပ်ရှင် ပင်မရေစီးမှ ထုတ်လုပ်သူများကပါ ပြောင်းလဲဖို့ လိုပြီး နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆွေးနွေးသွားခဲ့သည်။
တတိယပိုင်း အနေဖြင့် ည ရုပ်ရှင်ကား ရိုက်ကူးသူ ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ အင်ဒီပင်းဒင့် ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ သူသူရှိန် ထုတ်လုပ်သူ ဒေါ်ခင်စန္ဒာမြင့်တို့က ရုပ်ရှင်ဖန်တီး ထုတ်လုပ်မှု အပိုင်းကို ဆွေးနွေးခဲ့ကြသည်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ညရုပ်ရှင်ဇာတ်ကားကို သမားရိုးကျကားများ ကြည့်ရသည်မှာ ရိုးလာသဖြင့် သူကြည့်ချင် သော ကားတကားအဖြစ် ပုံဖော်ရိုက်ကူးခဲ့ကြောင်း၊ သရုပ်ဆောင်သစ်၊ စိတ်ကူးသစ်များဖြင့် ကားကြီးတကား ရိုက်ကူးဖို့ ကြိုးစားခဲ့ပုံများကို ပြောပြသွားခဲ့သည်။
ထုတ်လုပ်သူ ဒေါ်ခင်စန္ဒာမြင့်က ဇာတ်ညွှန်း ရှားပါးမှုကြောင့် ဇာတ်ညွှန်းရေးသူ တယောက် နာမည်ကြီးလျှင် သူ့ထံတွင် သာ အပ်ကြသဖြင့် လက်ရာကျလာရကြောင်း၊ ကားကောင်းများ ထုတ်ချင်ပါကြောင်း ပြောခဲ့ပြီး ထုတ်လုပ်သူနှင့် ဒါရိုက်တာ သူသူရှိန်က အင်ဒီပင်းဒင့် ဒါရိုက်တာများ၏ လက်ရာကားများကို ပင်မ ရုပ်ရှင်ထုတ်လုပ်သူများက စိတ်ဝင် စား စွာ စုပေါင်း ထုတ်လုပ်နိုင်ဖို့ ကြိုးစားခြင်းဖြင့် ဇာတ်လမ်းရှားပါးမှုကို ကျော်လွှားနိုင်ပြီး နိုင်ငံတကာ ဈေးကွက်သို့ပါ ထိုးဖောက် လာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်။
3Act ရုပ်ရှင်မဂ္ဂဇင်း၏ စာအုပ်မိတ်ဆက်ပွဲတွင် 3Act အဖွဲ့တည်ထောင်သူနှင့် မဂ္ဂဇင်းထုတ်ဝေသူ ဒါရိုက်တာ မိုးမြတ် မေဇာခြည် မှာ အမေရိကန်နိုင်ငံ နယူးယော့ဖလင် ကျောင်းဆင်းတဦး ဖြစ်ပါသည်။
လူငယ်များ စုပေါင်း ပုံဖော်ထားသော 3Act မဂ္ဂဇင်းမှာ အမြတ်အစွန်း မရည်ရွယ်ဘဲ မြန်မာ့ရုပ်ရှင် ဆန်းသစ်ရေးနှင့် ရုပ်ရှင် ဘာသာစကားကို နားလည်စေရန် ရည်ရွယ်ပြီး သမားရိုးကျ ဖျော်ဖြေရေး ပုံသဏ္ဌာန်မှ လမ်းခွဲလာသော မဂ္ဂဇင်း တစောင် ဖြစ်ကြောင်း တွေ့ရသည်။
ဒါရိုက်တာ မိုးမြတ်မေဇာခြည်၊ 3Act အဖွဲ့ပူးတွဲတည်ထောင်သူ လက်ထောက်အယ်ဒီတာ စမ်းရေအေး ဒီဇိုင်းနာ ဇွန်အိထက် တို့က မဂ္ဂဇင်း၏ ရည်ရွယ်ချက်နှင့် ဖြန့်ချိရေး စသည်တို့ကို ရှင်းလင်း ပြောပြသွားကြပါသည်။
မဂ္ဂဇင်းမှာ အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ဖြစ်ပြီး တနှစ်လျှင် ၃ ကြိမ် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရှိရပါသည်။
မဂ္ဂဇင်း၏အမည် 3Act မှာ ရုပ်ရှင် တည်ဆောက်ပုံ သဘာ၀ အခင်းအခက် အဖြေ သို့မဟုတ် လူသားတို့ သဘာ၀ အမိဝမ်းတွင်း ပဋိသန္ဓေ နေရခြင်း၊ လူ့အဖြစ်ရောက်ရခြင်း၊ သေဆုံးခြင်း စသည်အဖြစ်ကို ရည်ရွယ်သည်ဟု သိရသည်။
ထို့ပြင် Act -1 မြန်မာ့ရုပ်ရှင်မြင်ကွင်း၊ Act -2 လှုပ်ရှားပုံရိပ်၊ Act -3 ရုပ်ရှင် ဘာသာစကားတို့ကို ပုံဖော်ပြီး ရုပ်ရှင် ဝါသနာ ရှင်များ၊ ဖန်တီးသူများ၊ အခြားအနုပညာရှင်များကို ရည်ရွယ်လျက် ထုတ်ဝေကြောင်း ဖော်ပြထားပါသည်။
ယခုထုတ်ဝေသည့် စာအုပ်တွင် မြန်မာဒါရိုက်တာ မောင်ဝဏ္ဏ၏ ခြေဖဝါးတော်နုနု၊ ဂျပန်ဒါရိုက်တာ အိုဇု ၏ နွေနှောင်း ရွက်ကျန် (Late Spring) ဇာတ်ကားတို့ကို ရုပ်ရှင် ဘာသာစကားဖြင့် ချဉ်းကပ်ထားပြီး မြန်မာနိုင်ငံမှ ရုပ်ရှင်ပွဲတော်များ အကြောင်း ဇာတ်ညွှန်းမှ ဇာတ်ကား ရိုက်ကူးပုံ၊ တိုင်းရင်းသားတို့ ပါဝင်ပတ်သက်မှုနှင့် မြန်မာ့ရုပ်ရှင် ဥပါယ်တံမျဉ် ဇာတ်ကားကို သုံးသပ်ခြင်း စသည့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်များဖြင့် ရေးသား တင်ပြထားသည်ကို တွေ့ရပါသည်။
မြန်မာ့ ရုပ်ရှင်သမိုင်းတွင် အတတ်ပညာပိုင်းအရ စနစ်တကျ ချဉ်းကပ်ပြီး ထုတ်ဝေလိုက်သော 3Act လူငယ်များ၏ မဂ္ဂဇင်းမှာ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်လုနီး ကာလတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
၎င်းတို့ကို ကြိုဆိုပြီး မြန်မာ့လှိုင်းသစ် ရုပ်ရှင်လှုပ်ရှားမှု အရှိန်အဟုန်နှင့် ပေါ်ပေါက်ရေးအတွက် အားတခု အဖြစ် မြင်ယောင် မိပါသည်။ ။
ကိုးကား –
၁။ ၂၀၁၈ မတ်လ DVB ဒီဘိတ် မြန်မာ့ရုပ်ရှင်တခေတ်ဆန်းချိန်ရောက်ပြီလား
၂။ ၂၀၁၆ DVB ဒီဘိတ် မြန်မာ့ရုပ်ရှင်ကို ဘယ်လိုမြှင့်တင်ကြမလဲ
၃။ ဥပါယ်တံမျဉ်အောက်မှ ဒါရိုက်တာ ချိုတူးဇော် Face Book Page မှ ဝေဖန်ချက်