ဆောင်းပါး

Indie ဂီတနဲ့ မြူးကြွခဲ့ရတဲ့ ရန်ကုန်ည

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တွင် Live music ဖျော်ဖြေပွဲများက အင်မတန်နည်းပါးလှပြီး အများစုမှာလည်း ဘားများတွင်သာ ပြုလုပ်လေ့ရှိကြကာ Indie, Metal, Punk နှင့် Hip-Hop စသည့် တေးဂီတပုံစံများဖြင့် ဖျော်ဖြေလေ့ရှိကြသည်။

လွန်ခဲ့သောလ အနည်းငယ်က ပြည်တွင်းမှ Indie အဖွဲ့တဖွဲ့ဖြစ်သည့် The Peacists က သူတို့၏ ပထမဆုံး အယ်လ်ဘမ်ကို အခြားသော အဖွဲ့တခုဖြစ်သည့် General Tiger Gun နှင့်အတူ ထွက်ထားခဲ့သည်။

စာရေးသူအနေနှင့် ယင်းအယ်လ်ဘမ်ကို နားထောင်ပြီး သဘောကျမိသဖြင့် The Peacists နှင့် တခြား နာမည်ရလာသည့် Indie အဖွဲ့နှစ်ခု ဖြစ်သော The Reasonabilists နှင့် Mooni တို့ 7th Joint Bar တွင် ဖျော်ဖြေမည်ဟု သိသည့်အခါတွင်မူ ထိုပွဲသို့ ရောက်အောင်သွားပြီး ရှေ့ဆုံးနေရာကို အရယူကာ သူတို့ရဲ့ သီချင်း အားလုံးကို နားထောင်မည်ဟု ဆုံးဖြတ်လိုက်သည်။

ဖျော်ဖြေပွဲက ပြီးခဲ့သည့် ကြာသာပတေးညတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲကို ၇ နာရီတွင် စမည်ဟု ကြေညာထားသော်လည်း တကယ်တမ်းတွင် ၁ နာရီနောက်ကျပြီး ၈ နာရီမှ ဖျော်ဖြေပွဲက စတင်ခဲ့သည်။

စာရေးသူနှင့် အပေါင်းအသင်းများကမူ သူတို့ Sound Check လုပ်နေသည်ကိုပါ မှီအောင် ၇ နာရီမထိုးခင် အစောပိုင်းကတည်းက ရောက်နေခဲ့ပြီး သူတို့၏ ပျော်စရာကောင်းသော တီးလုံးများ၊ သံစဉ်များ၊ စာသားများနှင့်အတူ စီးမျောဖို့ တက်ကြွစွာ စောင့်နေခဲ့ကြသည်။

7th Joint Bar သည် နှစ်ထပ်ရှိပြီး Bands များက အောက်ထပ်တွင် ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ အောက်ထပ်တွင် စားပွဲ အနည်းငယ်သာရှိပြီး လူ ၂၀ မှ ၅၀ ခန့်အထိသာ ဖျော်ဖြေနေချိန်မှာ မတ်တပ်ရပ် နားထောင်ပြီး ကဲနိုင်မည့် နေရာရှိသောကြောင့် တီးဝိုင်းအဖွဲ့နေရာယူပြီးချိန်တွင် စာရေးသူတို့အဖွဲ့သည် သူတို့နှင့် အနီးဆုံးစားပွဲတွင် နေရာ ယူလိုက်ကြသည်။

အဖွင့်အနေနှင့် The Peacists ၏ ဖျော်ဖြေမှုနှင့် စတင်ခဲ့ပြီး သူတို့၏ ပျော်စရာသံစဉ်၊ ချစ်စရာစာသားတွေနှင့် ပရိသတ်တွေကိုပါ တပါတည်း လှုပ်လှုပ်ရှားရှား မြူးမြူးကြွကြွ ဖြစ်လာစေသည်။ သူတို့အဖွဲ့တွင် The Reasonabilists မှ အဆိုရှင်ကလည်း ဂစ်တာသမားအနေနှင့် ပါဝင်နေသည်ကို တွေ့ရသည်။

သူတို့ထွက်ထားသည့် အယ်လ်ဘမ်မှ လူကြိုက်များသော သီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ထိုအခိုက်အတန့် လေးတွင်မူ ဘားတခုလုံးမှာ The Peacists ၏ မေတ္တာတရားအကြောင်း၊ ကမ္ဘာမြေအကြောင်းနှင့် လူသားများ အကြောင်း ရေးစပ်ထားတဲ့ သီချင်းများဖြင့် သက်ဝင်လှုပ်ရှားလာသည်။

တီးဝိုင်း၏ ရှေ့တည့်တည့်တွင်ရပ်ပြီး ၎င်းတို့၏ အားမာန်ကိုခံစားရသည်မှာ လွန်စွာ ထူးခြားသော အတွေ့အကြုံ ဖြစ်သည်။

ဒရမ်စည်းချက်နှင့် ဘေ့စ်ဂီတာတီးခတ်သံကြောင့် လူတိုင်း လူတိုင်း တေးသွားအလိုက် ဦးခေါင်းများ၊ ခြေထောက်များ လှုပ်ခါလာသည်။ ဂစ်တာ တီးခတ်သူကလည်း ဂစ်တာစည်းချက်နှင့်အတူ ခုန်ပေါက် နေခဲ့ပြီး သီချင်း သီဆိုသူကတော့ မိုက်ခရိုဖုန်းနှင့် သာမက ဂစ်တာတလက်နှင့်လည်း မအားလပ်နိုင်အောင် ဖြစ်နေသည်။

The Peacists သည် စုစုပေါင်း သီချင်း ၇ ပုဒ် သီဆိုခဲ့ပြီး အားလုံးမှာ မူရင်းသီချင်းများဖြစ်သည်။ ပရိသတ်တွေက ထပ်ပြီး နားထောင်လိုသေးသော်လည်း ဂစ်တာကြိုးတချောင်း ပြတ်သွားသဖြင့် Band အနေနှင့် ဆက်လက်ဖျော်ဖြေနိုင်ခြင်း မရှိတော့ပေ။

ယင်းနောက်တွင်တော့ ပရိသတ်ကို ပျော်ရွှင်မှုများ ဆက်လက်ပေးနိုင်ရန် The Reasonabilists အဖွဲ့ ရောက်လာသည်။

Band ၏ အဆိုရှင် အသံမှာ ချိုသာသလို အင်အားအပြည့်နှင့် မာန်ပါပါ သီဆိုနိုင်သူဖြစ်ပြီး တဖက်ကလည်း ဂစ်တာကို တီးခတ်နေသေးသည်။ သူတို့တီးဝိုင်း၏ မူပိုင်သီချင်းဖြစ်သော အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့် Flowerbed သီချင်းနှင့် စတင်ဖွင့်လှစ်ပြီး နောက်ထပ်သီချင်း ၆ ပုဒ်ကို သီဆိုဖျော်ဖြေခဲ့သည်။ အဲဒီသီချင်း ၆ ပုဒ်သည် နာမည်ကြီးတီးဝိုင်းဖြစ်သော The Killers ၏ Mr. Brightside နှင့် U2 ၏ With or Without You တို့ကဲ့သို့သော ဂန္တဝင်မြောက် သီချင်းများကို Cover songs အနေနှင့် သီဆို ဖျော်ဖြေခဲ့သည်။

ပရိသတ်လူအုပ်ကြီးကလည်း သူတို့နှင့်အတူ သီချင်းများကို အတူအော်ဟစ်သီဆိုနေကြပြီး အဆိုရှင် ကတော့ သူ့ အသံကို ကောင်းစွာထိန်းနိုင်ကြောင်း ပြသနိုင်ခဲ့သည်။ နာမည်ကျော်သီချင်း ၂ ပုဒ်ကိုလည်း မပျက်စီးစေခဲ့ဘဲ ရသ အသစ်တခုကို ပေးနိုင်လိုက်သည်။

The Rreasonabilists ၏ စတိုင်မှာ The Peacists နှင့် အနည်းငယ် ကွာခြားသော်လည်း ပရိသတ်က နှစ်ခြိုက်ကြပြီး သူတို့၏ ဖျော်ဖြေချိန်ကို လှပစွာ အဆုံးသတ်သွားနိုင်ခ့ဲသည်။


Mooni အဖွဲ့ စင်မြင့်ပေါ်သို့ ရောက်လာသောအခါ ပရိသတ် ကျဲပါးစ ပြုလာချိန်ဖြစ်သည်။ ဦးဆောင် အဆိုတော်မှာ နိုင်ငံခြားသူ မိန်ကလေးဖြစ်သောကြောင့်လည်း ဖြစ်နိုင်သလို အချိန်က နောက်ကျနေပြီ ဖြစ်သောကြောင့် နောက်တရက် အလုပ်သွားရန် စဉ်းစားမိပြီး ပြန်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။

သို့သော် စာရေးသူတို့အုပ်စုသည် သူတို့အဖွဲ့၏ သီချင်းများကို မသိသည့်တိုင် ပွဲပြီးသည်အထိ ဆက်လက် နားထောင်ခဲ့သည်။ ထိုအဖွဲ့သည်လည်း သီချင်း ၇ ပုဒ် သီဆိုပြီး အနည်းငယ်မျှသော ပရိသတ်ကို ကောင်းစွာ ဖျော်ဖြေနိုင်သော အဖွဲ့ပင်ဖြစ်သည်။

ပွဲပြီးချိန်တွင် ည ၁၁ နာရီ ခန့် ရှိနေပြီဖြစ်ပြီး ဘားမှာ Indie နှင့် Rock သီချင်းများကို ဆက်လက်ဖွင့်ထားဆဲ ဖြစ်သည်။ စာရေးသူနှင့် သူငယ်ချင်းများ အတွက်တော့ ပုံမှန် ပျင်းစရာကောင်းသည့် ကြာသပတေးည အစား ပျော်စရာ ကောင်းသည့် Indie Music ညကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းခဲ့ကြသည်။ စာရေးသူတို့အဖွဲ့ ပျော်စရာ အမှတ်တရများနှင့် ဘားက ထွက်ခွာလာချိန်တွင် တခြားလူတွေကတော့ ဘားမှာဆက်ပြီး ပျော်ရွှင်နေကြ တုန်းပင်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်းသတင်းထောက် လွင်မာထွန်း၏ Hot Local Indie Bands Bring Rare Energy to Yangon’s Nightlife ကို ဆီလျော်အောင် ဘာသာပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading