ဟိုချီမင်း မြို့တော် နယ်မြေ ၈ မှာ နေထိုင်သည့် ကလေး ၃ ယောက်မိခင် အိုင်းစ်ယား Aisyah က ဗီယက်နမ်နိုင်ငံတွင် လူကြိုက်များသော Pho ခေါက်ဆွဲပြုတ် ရောင်းသည့် သူ့ဆိုင်လေး ဘေးတွင် ထိုင်နေသည်။ “ကျမ ယောက်ျားရော ကျမပါ အလုပ်လုပ်ပါတယ်။ သူက အချိန်ပြည့် ယာဉ်မောင်းတယောက်ပါ။”
သို့သော် ကမ္ဘာ့လူဦးရေ ၄ ပုံ ၁ပုံ နီးပါးက အစာရှောင်သည့် အစ္စလမ် ဘာသာဝင်တို့၏ ရာမဒန် Ramadan ဥပုသ်လ အတွင်းတွင် အိုင်းစ်ယားက ဆိုင်ပိတ်ပါသည်။
ဗီယက်နမ်နိုင်ငံ အန်ဂီယန် An Giang ခရိုင်မှ မွတ်ဆလင် အများဆုံးနေထိုင်ရာ ချောင်ဒေါ့ Chau Doc မြို့တွင် မွေးဖွားခဲ့သော အိုင်းစ်ယားက မွတ်ဆလင် ဘာသာဝင် ချမ်း Cham တိုင်းရင်းသူ အမျိုးသမီးတယောက် ဖြစ်ပါသည်။
ချမ်းလူမျိုးများသည် ဗီယက်နမ်နိုင်ငံ၏ လူမှုအသိုင်းအဝိုင်းကို ဖွဲ့စည်းထားသော တိုင်းရင်းသား လူမျိုးစု ၅၄ ခု တွင် တခု အပါအဝင်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ လူဦးရေ၏ ဝ.၂ ရာခိုင်နှုန်း ရှိသည်။ သူတို့၏ ဇစ်မြစ်ကို မာလာယို-ပိုလီနီးရှန်း Malayo-Polynesian မိသားစုများအထိ ခြေရာခံနိုင်သည်။
“ရာမဒန် ဥပုသ်လ အတွင်းဆိုရင် ကျမတို့ ပိုက်ဆံအရ နည်းတယ်။ ဒါကြောင့် ကျမက ကြိုစုထားတယ်။ ခေါက်ဆွဲဆိုင်အပြင် ကျမက အိမ်တွင်းဖြစ် အသင့်စား အစားအစာတွေနဲ့ မုန့်တွေလည်း ရောင်းတယ်။”
ဗီယက်နမ် နိုင်ငံ၏ ချမ်း တိုင်းရင်းသား ၁၆၀၀၀၀ ကျော်ထဲတွင် အများစုက မွတ်ဆလင်များ ဖြစ်ကြသည်။
“လက်ရှိ ဒီနေရာတဝိုက်မှာ မွတ်ဆလင်မိသားစု ၁၀၀ နေကြတယ်” ဟု ဟိုချီမင်းမြို့တော် ရှိ ဗလီ ၁၂ ခုထဲတွင် တခုအပါအဝင် ဖြစ်သော ဂျမျူးအန်ဝါ Jamiul Anwar ဗလီအနီးတွင် နေထိုင်သည့် အိုင်းစ်ယားက ပြောသည်။ “အသား လိုမျိုး အစားအစာတွေကို ကျမတို့ ကိုယ်တိုင် ဖူလုံအောင် ထုတ်လုပ်နိုင်ဖို့ ကြိုးစားရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမြို့မှာ ဟလ်လာ halal (မွတ်ဆလင်ထုံးစံနှင့်ညီသော အစားအစာ) ကုန်ပစ္စည်းတွေ ရှာဖို့ ခက်တယ်လေ။”
ဗီယက်နမ်နိုင်ငံသည် ၎င်း၏ လူဦးရေ ၈၂ ရာခိုင်နှုန်းခန့်က ဘာသာတရားတခုကို ကိုးကွယ်ကြောင်း ထုတ်ဖော်ခြင်း မရှိသည့် နိုင်ငံတခု ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသား ၈ ရာခိုင်နှုန်းမှာမူ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
လူဦးရေ ၉၆ သန်းကျော်တွင် အစ္စလမ်ဘာသာဝင်အဖြစ် ထုတ်ဖော်ပြောဆိုသူက ဝ.၁ ရာခိုင်နှုန်းမျှသာ ရှိသည်။ ထို့ကြောင့် အိုင်းစ်ယား တို့ကဲ့သို့ မွတ်ဆလင် အသိုင်းအဝိုင်းများက မြို့တော် အနှံ့တွင် သီးခြားစီ ပြန့်ကျဲ တည်ရှိ နေခြင်းက အံ့သြစရာ မဟုတ်ပါ။
“ကျမတို့ ဒီမှာ ရှိနေတာက အရမ်း စည်းလုံးတဲ့ အသိုင်းအဝိုင်းတခုပါ။ ကျမတို့က တခြားသူရဲ့ စီးပွားရေး လုပ်ငန်းတွေကိုလည်း တယောက်ကို တယောက် အားပေးကြပါတယ်။ ကျမ အစ္စလမ် အလေ့အထ အတိုင်း လုံခြုံ စိတ်ချစွာ ကျင့်သုံးလို့ရပါတယ်။ တိုင်းပြည်မှာ လူများစုက ဥပုသ် မစောင့်ကြပေမယ့် ရာမဒန် ကာလ အတွင်းမှာ ဘေးရောက်နေသလို မခံစားရပါဘူး။ ဒါက အစိုးရက ဘာသာရေး လွတ်လပ်ခွင့်ကို ထောက်ပံ့ပေးထားလို့ ဖြစ်ပါတယ်။”
အဆိုပါ အခွင့်အရေးက ဗီယက်နမ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၀ တွင် “ဘာသာတရားအားလုံးသည် ဥပဒေ အရ တန်းတူရည်တူဖြစ်သည်” ဟု ပြဌာန်းထားသည်။ ချမ်း မွတ်ဆလင်များနှင့် အခြား မွတ်ဆလင်များသည် ယေဘုယျအားဖြင့် ဗီယက်နမ်နိုင်ငံတွင် (အခြားနေရာများထက် ပို၍)ငြိမ်းချမ်းမှု ရရှိကြသည်။ ကမ္ဘောဒီးယားကဲ့ သို့ ဒေသတွင်းမှ အခြားနေရာများတွင်မူ ကံမကောင်းစွာဖြင့် ထိုသို့ရှိမနေခဲ့ပါ။
၁၉၇၀ နှစ်များအတွင်း အာဏာရှင် ပိုပေါ့ Pol Pot ၏ လက်ထက်က စိုက်ပျိုးရေး အခြေခံဟု အကြောင်းပြထားသော လူ့အဖွဲ့အစည်းတခုကို ဖန်တီးရန် လွဲမှားသော အားထုတ်မှုတခုတွင် ခမာနီများက ချမ်း မွတ်ဆလင် ၅၀၀၀၀၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။
ယနေ့ အချိန်တွင်လည်း အရှေ့တောင် အာရှ၏ လူနည်းစု မွတ်ဆလင်များသည် မငြိမ်သက်မှုများ၊ ဖိနှိပ်ခြင်းများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ဥပမာပြရလျှင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်ဆလင်များကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ က “ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံး လူနည်းစု” အဖြစ် သတ်မှတ်ထားကြသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ အစိုးရအဖွဲ့သည် လူမျိုးဖြုတ် သုတ်သင်ခြင်းနှင့် လူမျိုးတုန်း သတ်ဖြတ်ခြင်း စွပ်စွဲချက်များကို ဖြေရှင်းရန် ဆောင်ရွက်နေပါသည်ဟု အခိုင်အမာပြောသော်လည်း ရခိုင်ပြည်နယ် တခုထဲမှ ရိုဟင်ဂျာ ၆၀၀၀၀၀ ကျော်သည် သူတို့နေထိုင်ရာ ပြည်နယ်မှ ထွက်လာခဲ့ပြီးသည့် နောက်တွင် ဒုက္ခသည်များ အဖြစ် ရှိနေဆဲ ဖြစ်ပါသည်။
ရာမဒန် ဥပုသ်လက ဇွန်လ ၁၄ တွင် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် သက်တောင့်သက်သာရှိရေးကို အသာထား၍ ဒုက္ခသည် မွတ်ဆလင်များသည် အိဒ် Eid al-Fitr ပွဲကို သူတို့၏ နေအိမ်များတွင် ပြုလုပ်နိုင်ကြလိမ့်မည် မဟုတ်ပါ။
ပိုမို၍ ကံကောင်းသူများက ၎င်းတို့၏ ကံကောင်းမှုကို အမြဲတမ်းသိနေရန် သူတို့၏ ဆင်းရဲဒုက္ခက နေ့စဉ် သတိပေးနေသည်။
အိဒ် ပြီးဆုံးသည့်နေ့ ကျင်းပသောအချိန်တွင် ကျနော်တို့၏ အခြေအနေ အထူးသဖြင့် ဘာသာရေး လွတ်လပ်ခွင့်က ထပ်တူ အမြဲရှိနေလိမ့်မည်ဟု သေချာပေါက် မယူဆသင့်ပါ။
ကျနော်ကတော့ ထိုသို့ သဘောထားမည် မဟုတ်ပါ။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)