၁၉၈၀ ခုနှစ်များနှောင်းပိုင်းက ဆိုရှယ်လစ် မြန်မာနိုင်ငံတွင် လူလားမြောက်လာသော အခြားသူများကဲ့သို့ပင် ကိုကျော်စွာမိုးသည် တိုင်းပြည်၏ ကြီးမားလှသော နိုင်ငံရေး အပြောင်အလဲကို ကိုယ်တိုင်ကြုံတွေ့ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သည်။
ဒီမိုကရေစီ အရေး တက်ကြွစွာလှုပ်ရှားသော ကျောင်းသား တဦး အနေဖြင့် ထောင် ၁၀ နှစ်ချခံခဲ့ရသည်။ ထောင်တွင်းကာလများကို ဖြတ်သန်းပြီးနောက် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် သူသည် ထိုင်းနိုင်ငံသို့ရောက်ရှိသွားပြီး ဧရာဝတီ မဂ္ဂဇင်းတွင် ဂျာနယ်လစ် တဦး ဖြစ်လာသည်။ သူနှင့် နှစ်ပေါင်းကြာမြင့်စွာ လူချင်းခင်မင်သိကျွမ်းသော ဝါရင့် သတင်းသမား ဘာတေးလ် လစ်တနာ က မကြာသေးမီက ပြောသည့်အတိုင်းဆိုလျှင် ကျော်စွာမိုးသည် မြန်မာနိုင်ငံရေးရာများကို ဇွဲရှိရှိ စာနာမှုရှိရှိဖြင့် သတင်းရေးသားတင်ပြတတ်သူဟု ဆိုသည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း သူသည် ဧရာဝတီသတင်းဌာန၊ အင်္ဂလိပ်ပိုင်း၏ အကြီးတန်း အယ်ဒီတာ အဖြစ် ရန်ကုန်တွင် ပြန်လည်အခြေစိုက်နေပြီဖြစ်သည်။
အခြားသော နိုင်ကျဉ်းဟောင်း၊ ပြည်ပြေးဟောင်းများနှင့် ကျော်စွာမိုးတို့ မတူသောအချက်မှာ မြန်မာ့နိုင်ငံရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုများ၊ ထိုင်းမြန်မာနယ်စပ်တွင် သူတွေ့ဆုံရသူများနှင့်အတူ သူ၏ ကြမ်းတမ်းလှသော ထောင်တွင်းအတွေ့အကြုံကို ပြန်လည်သတိရ မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။ တိုင်းပြည်၏ လက်ရှိ ဒီမိုကရေစီ အကူးအပြောင်းကာလ အခြေအနေများကို လည်း ဆက်လက်ရေးသားတင်ပြနေသူဖြစ်သည်။
ဇွန်လ ၁၂ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေသော သူ၏ “The Cell, Exile and the New Burma” (“အကျဉ်းထောင်တိုက်၊ အဝေးရောက်ဘဝနှင့် မြန်မာနိုင်ငံသစ်”) စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်တွင် ကျင်းပခဲ့သည်။ ထိုစာအုပ်သည် ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ဧရာဝတီ မဂ္ဂဇင်း နှင့် ဧရာဝတီ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်ပိုင်း) တွင် သူရေးသားခဲ့သည့် ဆောင်းပါးများစွာထဲမှ ၃၇ ပုဒ်ကို ထုတ်နှုတ်ထားခြင်းဖြစ်သည်။
ထိုစာအုပ်သည် မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော ဒီမိုကရေစီရေးတိုက်ပွဲ အကြောင်း ထင်ဟပ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ရသ စာပေ အဖြစ် ဖတ်ရှုနိုင်သလို အတိတ်နှင့် ပစ္စုပ္ပန် မြန်မာ့နိုင်ငံရေးတွင် သမိုင်းဆိုင်ရာ အကိုးအကားပြုနိုင်မည့် ဖန်တီးမှုလက်ရာဟု ကိုကျော်စွာမိုးက ဆိုသည်။
“’ဒီ စာအုပ်ထဲက အကြောင်းအရာ တွေက အရင်က ရေးထားတာ ဖြစ်ပေမယ့်လည်း ကနေ့ မြန်မာပြည် အခြေအနေနဲ့ ဆက်စပ်လို့ရတယ်။ မြန်မာ့နိုင်ငံရေးအကြောင်း ပိုသိ၊ ပိုနားလည်လိုတဲ့ ပြည်တွင်း၊ ပြည်ပ စာဖတ်သူတွေအတွက် ရည်ရွယ်ပါတယ်” ဟု သူက ပြောသည်။
ထို စာအုပ်၏ ခေါင်းစဉ်ခွဲဖြစ်သည့် “မပြီးဆုံးသေးသော ဒီမိုကရေစီ ခရီးလမ်းမှ နိုင်ငံရေး လေ့လာမှု” ဟူသည့် လေးနက်လှသော ခေါင်းစဉ်ခွဲကြောင့် စာဖတ်သူများအနေဖြင့် “ဒီစာအုပ်ဟာ နိုင်ငံရေး အကြောင်းသက်သက် ရေးထားတာ များလား” ဟု မတွေးမိစေလိုပါ။ ယနေ့နှင့် အတိတ်နှစ်များစွာမှ မြန်မာ့နိုင်ငံရေး နှင့် ပတ်သက်သည့် အကြောင်းများ အပိုဒ်တိုင်းတွင် တွေ့နိုင်သော်လည်း ထိုစာအုပ်သည် နိုင်ငံရေးဝါဒများကို တင်ပြထားသော ပျင်းစရာကောင်းသော ပို့ချချက်များ မဟုတ်ပေ။ စာဖတ်သူများကို တရုတ်နှင့် ထိုင်းနယ်စပ်မြို့များရှိ ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများ၊ တိုင်းရင်းသား လက်နက်ကိုင်များ ၊ မူးယစ်ဆေးစွဲသူများ၊ လိင်အလုပ်သမားများနှင့် မိတ်ဆက်ပေးမည် ဖြစ်သလို သံတိုင်များနောက်ကွယ်မှ နိုင်ငံရေးသမားများ၏ ကြမ်းတမ်းလှသောဘ၀ အရှိတရားများအကြောင်းကို ပြောပြမည် ဖြစ်သည်။
ထို့ပြင် လွတ်လပ်မှုနှင့် ပညာရေးကို စိတ်ကူးယဉ်အိပ်မက်နေသည့် ထိုင်းနိုင်ငံတွင် ရုံသွင်းပြစားခံရသည့် လည်တံရှည် ပဒေါင်အမျိုးသမီးများ၏ သူတို့လက်ရှိဘဝမှ လွတ်မြောက်လိုမှု နှင့် ကျောင်းနေချင်သည့် အကြောင်းများ၊ စစ်ပွဲများ ကြောင့် ရင်သွေး ၆ ဦးကို ဆုံးရှုံး ခဲ့သည့် ကရင်ဇနီးမောင်နှံအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားလှသည့် အကြောင်း၊ စစ်ဗိုလ်ချုပ် တဦး ကို လုပ်ကြံရန် ကြံစည်သည့်သူတဦး နောက်ဆုံးအချိန်တွင် မည်သို့ အကြံအစည် ပျက်သွား ခဲ့သည့် အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို ပင်လုံညီလာခံ သို့ ကားမောင်းပို့ခဲ့သည့်သူ အကြောင်း နှင့် အခြား စိတ်ဝင်စားဖွယ်ရာ ကောင်းသူများအကြောင်း ဖတ်ကြရမည်ဖြစ်သည်။ နိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ အကူးအပြောင်းကာလနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော် နှင့် ကဏ္ဍပေါင်းစုံတွင် မည်သို့ ညှိနှိုင်း အားထုတ်နေရသည်တို့ ပါဝင်သည်။
နိုင်ငံတကာ သံတမန်များ၊ နိုင်ငံရေးလေ့လာသူများ နှင့် သတင်းသမားများ တက်ရောက်ခဲ့သော ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် ထို စာအုပ်မိတ်ဆက်ပွဲတွင် အတိတ်ကို နားမလည်လျှင် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်မည် မဟုတ်သောကြောင် သူမ အနေဖြင့် ‘အကျဉ်းထောင်တိုက်၊ အဝေးရောက် ဘဝနှင့် မြန်မာနိုင်ငံသစ်” စာအုပ်ကို တန်ဖိုးထားအသိအမှတ်ပြုသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောကြားခဲ့သည်။
“ဒါကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ပြည်ပမှာ တိမ်းရှောင်နေထိုင်ခဲ့ရသူတွေ အကြောင်းတင်မကဘူး ကျမတို့နိုင်ငံ နဲ့ ပတ်သက်တဲ့ အကြောင်းမှန်သမျှ သိဖို့လိုတယ်။ ဒါပေမယ့် အဲဒီ အကြောင်းအရာတွေဟာ အရှိကို အရှိအတိုင်း ရိုးရိုးသားသား ပြောထားတာတွေ ဖြစ်ရပါမယ် ” ဟု သူကိုယ်တိုင်လည်း ထောင်တွင်းအတွေ့အကြုံများကို ရေးသားခဲ့သူ မသီတာ ကပြောသည်။
အချုပ်ဆိုရပါက “အကျဉ်းထောင်တိုက်၊ အဝေးရောက်ဘဝနှင့် မြန်မာနိုင်ငံသစ်”သည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအကြောင်း၊ ၁၉၈၈ နောက်ပိုင်း တိုင်းပြည်၏ နိုင်ငံရေးက သူတို့ကို မည်သို့ပုံဖေါ်သည်နှင့် သူတို့က တိုင်းပြည်၏နိုင်ငံရေးကို မည်သို့ပုံဖေါ်ခဲ့သည်တို့ကို ရေးသားထားသော စာအုပ်ဖြစ်သည်။
သူ၏ အမှာစာတွင် သမိုင်းဆရာနှင့် စာရေးဆရာ ဦးသန့်မြင့်ဦးက စာအုပ် အမှာစာတွင် မိမိတို့သည် မြန်မာ့သမိုင်းတွင် အရေးပါသော လမ်းဆုံလမ်းခွတွင် ရောက်ရှိနေသည်ဟု ရေးသားထားသည်။ ထိုကြောင့် ယနေ့အချိန်သည် ပြန်လည်သုံးသပ်ရမည့်အချိန်၊ မကြာသေးမီက အတိတ်ကိုသာမက တိုင်းပြည်၏ နက်ရှိုင်းလှသော သမိုင်းကို ပြန်လည်အကဲဖြတ်ရမည့်အချိန်နှင့် ဖြစ်ပေါ်တိုးတက်မှုများကို ရှုထောင့်ပေါင်းစုံမှ ရှုမြင်ရမည့် အချိန်ဖြစ်ပေသည်။
“ဒီလိုအကြောင်းတွေကြောင့် ယခုအချိန်မှာ ကိုကျော်စွာမိုးရဲ့စာအုပ် ထွက်လာတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး အဲဒီ စာအုပ်ဟာ ရှုပ်ထွေးနက်နဲလှတဲ့ ယနေ့မြန်မာနိုင်ငံ အကြောင်း ပိုနားလည်အောင် ကြိုးစားချင်တဲ့သူတိုင်း စိတ်ဝင်စားလိမ့်မယ်လို ယူဆပါတယ်” ဟု ဦးသန့်မြင့်ဦးက ဆိုသည်။
“The Cell, Exile and the New Burma” ကို ရန်ကုန်ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိပြီဖြစ်သည်။