ဆောင်းပါး

လူနည်းစု တိုင်းရင်းသားတွေဘက်ကနေ ခံစားပေးကြပါဦး

Want create site? Find Free WordPress Themes and plugins.

ဇွန်လ ၁၄ ရက်နေ့က မွန်ပြည်နယ်မှ ပြည်သူများနှင့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ဗမာ့ဟန်အတိုင်း အမည်၏ ရှေ့တွင် ဦး/ဒေါ် တပ်၍ ခေါ်ဝေါ်ခြင်းသည် ပြောသူများက သူတို့ ဦးတည် ပြောဆိုသည့်သူအပေါ် လေးစားမှုပြသခြင်း ဖြစ်သည့်အတွက် ကောင်းသည့် ကိစ္စတခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စကားဝိုင်းတွင် ပါဝင်သူတဦး ဖြစ်သည့် မွန်အမျိုးသမီး ပရဟိတလုပ်သားတဦး ဖြစ်သော မိငွေလေးက တင်ပြလာသည့် အချက်တချက်ကို တုန့်ပြန် မှတ်ချက်ပေးရာတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အမည်များရှေ့တွင် ဗမာလို ဦး/ဒေါ် အစရှိသဖြင့် ထည့်သွင်းရန် လူနည်းစု တိုင်းရင်းသားများ ဖိအားပေးခံနေရသည့် ကိစ္စကို မိငွေလေးက ထောက်ပြခဲ့သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွင်း မွန်အမျိုးသမီး ကိုယ်စားလှယ်လောင်း တဦးမှာ သူ၏ အမည်ရှေ့တွင် “ဒေါ်” ဟု ထပ်ထည့်ခဲ့ရသည့် ကိစ္စကို ကိုးကားပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်က တလေးတစား အရိုအသေပေးသည့်သဘောသာ ဖြစ်လင့်ကစား လေးစားမှုဆိုသည့် ခံစားချက်များနှင့် ဗမာမှုပြုခံရခြင်းဟု စိုးရိမ်မှုများအပေါ်တွင် အလေးထားစရာတော့ ရှိသည်။

တိုင်းရင်းသား လူမျိုးစုတိုင်း၏ ရိုးရာအစဉ်အလာကို လေးစား တန်ဖိုးထားရန် လိုအပ်ခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် သော့ချက်ဖြစ်ကြောင်း တိုင်းရင်းသား လူနည်းစုနှင့် လူများစု ဗမာ ခေါင်းဆောင်ကပါ ထပ်တလဲလဲ ပြောခဲ့ကြသည်။ ထိုကဲ့သို့လေးစားမှုမှ တဆင့် ယုံကြည်မှု တည်ဆောက်နိုင်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို ရယူရန် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်သည့် ၂၀၁၀ ခုနှစ်ကတည်းက ထိုစကားကို မကြာခဏ ကြားနေခဲ့ရသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား တယောက်ကို တယောက်က လေးစားရန်၊ အခြားသူများ၏ စကားကို နားထောင်ရန်၊ ငြိမ်းချမ်းရေး အားထုတ်မှုကို အထောက်အပံ့ဖြစ်စေသော သူတို့၏ အတွေ့အကြုံများကို ဝေမျှရန် ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ နိုင်ငံခေါင်းဆောင်တဦး ဖြစ်သလို ကာလရှည်ကြာစွာ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သည့်ပုဂ္ဂိုလ်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ စကားများက လူအများအပြားအတွက် အတုယူစရာ ဖြစ်သည်။

ဗမာလူမျိုးများကြားတွင် ဗမာဘာသာဖြင့် အမျိုးသမီးများကို ဒေါ် နှင့် မ၊ အမျိုးသားများ အတွက် ဦး၊ ကိုနှင့် မောင် ကဲ့သို့ သော ဂုဏ်ပြုသည့် ခေါင်းစဉ်တပ် ခေါ်ဝေါ်ခြင်းက အခြားသူများကို လေးစားကြောင်း ပြသသည့် နည်းလမ်းတခု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ တိုင်းပြည်မှ နိုင်ငံသားများသည် ထိုအယူအဆအတိုင်း ဆယ်စုနှစ်များစွာ သင် ကြားခြင်းခံခဲ့ကြရသည်။

သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ လူအများစုက တိုင်းရင်းသားများ၏ ခံစားမှုနှင့် ပတ်သက်သည့် ထိရှ လွယ်မှုများနှင့် နိုင်ငံရေး ဂယက်ရိုက်ခတ်မှုများကို လုံလုံလောက်လောက် နားလည်ခြင်း မရှိကြပါ။ ထိုကဲ့သို့သော တွေး ခေါ်မှုများက တိုင်းပြည်ကို ဗမာဇာတ်သွင်းနေသည်ဆိုသည့် အယူအဆများ (အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများ ကြားတွင်) ကို ပိုမို အားကောင်းစေသည်ကို မေ့လျော့နေခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အစိုးရ၏ မှတ်တမ်းအရ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရှိသည်။ သို့သော်လည်း လူမျိုးစု မည်မျှက အမှန်တကယ်ရှိနေပြီး မည်မျှက ပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေသည် ဆိုခြင်းက မသဲကွဲပါ။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်းတွင် တိုင်းရင်းသားများ၏ အမည်များ၊ ဖွဲ့စည်းတည်ဆောက်မှုများနှင့် လူမျိုးတို့နှင့် ပတ်သက်၍ အငြင်းပွားမှုများကြောင့် တိုင်းရင်းသားဆိုင်ရာ အချက်အလက်များ စိစစ်မှု ထုတ်ပြန်မှုတို့ကို မပြုလုပ်နိုင်သေးပါ။

ဇွန်လ ၁၃ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုတိုင်မထုတ်ပြန်ရသေးသည့် တိုင်းပြည်၏ လူမျိုးစုဖွဲ့စည်းပုံ နှင့် ပတ်သက်သည့် အချက်အလက်များက ထုတ်ဝေရန် အဆင်သင့် မဖြစ်သေးကြောင်း လွှတ်တော်တွင် ထပ်လောင်းပြောကြားခဲ့သည်။ ဇွန်လ ၁၃ ရက်နေ့က လွှတ်တော် အစည်းအဝေးတွင် ရသေ့တောင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေ၏ မေးခွန်းတခုကို ဖြေကြားရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယဉ်ကျေးမှု များပြား ကွဲပြားသည့် လူမျိုးစု စုံလင်သော တိုင်းပြည်တခု၏ ခေါင်းဆောင် အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးနှင့်ဒေါ် (ဗမာ)၊ မိနှင့် နိုင်(မွန်)၊ နော် နှင့် စော(ကရင်) စသည့် အမည်နာမများရှေ့က တပ်ခေါ်ရသော စကားလုံးကိုသာ မရည်ညွှန်းဘဲ အဆိုပါ အသုံးအနှုန်းများ နှင့် ရိုသေလေးစားမှုဖြင့် သုံးသည့် အသုံးအနှုန်းများ၏ နောက်ကွယ်မှ တိုင်းရင်းသား လူနည်းစုများ၏ ခံစားချက်နှင့် အဓိပ္ပါယ်များ၊ တန်ဖိုးများကို ဖော်ထုတ်ပြောဆိုရန် လိုအပ်သည်။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုများ ကြားတွင် ယုံကြည်မှု၊ နားလည်မှုများ တည်ဆောက်နေသည့် ယခုကဲ့သို့သော တိုင်းပြည်သမိုင်းမှ ထူးခြားသည့် ကာလ အပိုင်းအခြားတွင် ပိုမို သတိထားသင့်သည်ဟု ရန်ကုန်မှ ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်း၏ အတွင်းရေးမှူး စောဘိုဘိုက ဆိုသည်။

နာမည် ရှေ့စာလုံးများ အပြင် နောက်ထပ်ပြဿနာတခုမှာ တိုင်းရင်းသား အမည်များကို ဗမာအမည်သို့ ပြောင်းလဲနေခြင်း ဖြစ်သည်။ လူနည်းစု တိုင်းရင်းသား အများအပြား၏ နာမည်များကို စာလုံးပေါင်း မှားယွင်းခြင်း သို့မဟုတ် လူဦးရေနှင့် အိမ်ထောင်စု အချက်အလက် ကောက်ယူ မှတ်တမ်းတင်သည့် ဝန်ထမ်းများ အတွက် လွယ်ကူစေရန် ဗမာအသွင်သို့ အတင်း ပြောင်းလဲစေခြင်းတို့ ရှိနေသည်။

အချို့ကရင်တိုင်းရင်းသားများမှာ သူတို့၏ အမည်တွင် နန်း၊ နော်၊ သို့မဟုတ် စော၊ စ၊ မန်း ကဲ့သို့သော အစ စကားလုံးများ မရှိတော့ကြောင်း စောဘိုဘိုက ပြောသည်။ “သူတို့ ပထမဆုံး အကြိမ် နိုင်ငံသားမှတ်ပုံတင် ကတ်လုပ်တဲ့ အခါမှာ ကရင် အသုံးအနှုန်းတွေကို ထည့်သွင်းအသုံးပြုခွင့် မရပါဘူး။ အခုဆိုရင် သူတို့ အမှန်ကို ပြန်ပြင်မယ်ဆိုရင် သတင်းစာမှာ ကြေညာချက်ထည့်ဖို့ လိုအပ်ပြီး တခြားသော ဗျူရိုကရေစီ လုပ်ငန်းစဉ်တွေ အတိုင်းလိုက်လုပ်ရတဲ့ အတွက် အလွန်ကို ခက်ခဲပါတယ်။”

“မိဘ ၂ ပါးလုံးက ကရင်လူမျိုးတွေ ဖြစ်နေပေမယ့် သူတို့ရဲ့ မှတ်ပုံတင်မှာ ဗမာလူမျိုး အဖြစ် စာရင်းသွင်းထားတဲ့ သူတွေ ရှိနေပါတယ်။ သူတို့ရဲ့ မိဘတွေက ခရစ်ယာန်တွေ ဖြစ်ပေမယ့် သူတို့ရဲ့ ကိုးကွယ်တဲ့ ဘာသာကို ဗုဒ္ဓဘာသာ အနေနဲ့ ဖော်ပြထားတာမျိုး သူတို့ရဲ့ ဘာသာရေးနဲ့ ပတ်သက်လို့လည်း အလားတူ ဖြစ်လာခဲ့ပါတယ်” ဟု စောဘိုဘိုက ပြောသည်။

ကရင်တိုင်းရင်းသားများသာ ထိုသို့ ဖြစ်သည်မဟုတ်ဘဲ ချင်း၊ ကချင်၊ ရှမ်း နှင့် ကယား အစရှိသည့် တိုင်းရင်းသား လူနည်း စု တိုင်းရင်းသားများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ယခု စာရေးသူပင် အလားတူ ကြုံတွေ့ခဲ့ရသည်။ ကျမ၏ မွေးစာရင်းနှင့် မှတ်ပုံတင်တွင် ကရင်-ဗမာ အဖြစ် ဖော်ပြထားသော်လည်း သန်းခေါင်စာရင်း အသစ်ပြန်လုပ်သည့်အခါ ကျမ၏ လူမျိုးနေရာတွင် ဗမာတခုတည်း အဖြစ်သို့ ပြောင်းသွားသည်။ နမော်နမဲ့ နိုင်သည့် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ကျမ၏ လူမျိုးစုကြန်အင်လက္ခဏာသတ်မှတ်ချက်ကို အလေးမထားခဲ့ကြပါ။ ကျမတို့ အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည့်အတွက် အရေးမကြီးဟု တွေးခဲ့ကြသည်မှာ ထင်ရှားပါသည်။

“ဗမာ အခေါ်အဝေါ်ကို အသုံးပြုတာက တိုင်းရင်းသားလူနည်းစုတွေရဲ့ သဘောထားအမြင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်” ဟု ရန်ကုန်မှ မွန်စာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ နိုင်စိုးအောင်က ပြောသည်။

လူမျိုးစုကြန်အင်လက္ခဏာ ပျက်ရခြင်းသည် နိုင်ငံရေးအခွင့်အရေးဆုံးရှုံးခြင်း

အမည်စာလုံးပေါင်းမှားခြင်း သို့မဟုတ် ဗမာအခေါ်အဝေါ် ပေါင်းထည့်ခြင်းအပြင် လူတဦးတယောက်၏ တိုင်းရင်းသား အမျိုးအစားကို ပြောင်းလဲခြင်းက လူမျိုးစု အမျိုးသားကြန်အင်လက္ခဏာ ပြဿနာကို ဦးတည်နိုင်ပါသည်။ ပိုမိုဆိုးရွားသည်မှာ နိုင်ငံရေး အခွင့်အရေး ဆုံးရှုံးနိုင်ပါသည်။

မွန်ကိစ္စတွင် မွန်ပြည်နယ်တွင်းတွင် သာမက ရန်ကုန်တိုင်းတွင် နေထိုင်ကြသူများထဲတွင် အများအပြားက သူတို့၏ မှတ်ပုံတင်တွင် ဗမာ အဖြစ်စာရင်းသွင်းထားခံကြရသည်ဟု သိရသည်။

“သူတို့တွေက မွန်လူမျိုး ဖြစ်ပေမယ့် အများအပြားက မှတ်ပုံတင်မှာ ဗမာအဖြစ် ရေးသား ဖော်ပြထားခြင်းခံရတယ်။ မွန်လူဦးရေက ရန်ကုန်မှာ ၁၅၀,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းရပေမယ့် ၄၀,၀၀၀ ဝန်းကျင်လောက်ပဲ မွန်လူမျိုးအဖြစ် စာရင်းသွင်းထားတာ ရှိတယ်။ အဲဒါကြောင့် နိုင်ငံရေးမှာ မွန်တိုင်းရင်းသား ကိုယ်စားပြုခွင့် နစ်နာဆုံးရှုံးရတယ်” ဟု နိုင်စိုးအောင်က ထပ်ပြောသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ လူဦးရေ ၅၀,၀၀၀ ကျော်ရှိသော တိုင်းရင်းသား လူနည်းစုများသည် သက်ဆိုင်ရာ တိုင်း/ပြည်နယ် လွှတ်တော်တွင် ၎င်းတို့လူမျိုးစု ကိုယ်စားပြု တိုင်းရင်းသား ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့် ရရှိသည်။ ထို့ကြောင့် ရန်ကုန်တွင် ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးများ ရွေးကောက်နိုင်ခဲ့သော်လည်း မွန်တိုင်းရင်းသားများမှာ ထိုအခွင့်အရေး မရရှိခဲ့ကြပါ။

ပြည်သူများ၊ များသောအားဖြင့် ဗမာများက ထိုအမည်နာမရှေ့က အသုံးအနှုန်းကိစ္စ၊ လူမျိုးစုတိုုင်းရင်းသားများကို ဗမာအဖြစ် မှားယွင်းရေးသားခြင်းတို့ကို အရေးတကြီး ပြုပြင်စရာမလိုဟု ထင်မြင်ယူဆလေ့ရှိသည်။ မြန်မာနိုင်ငံ ပညာရေး စနစ်တွင် မိခင်ဘာသာစကား အခြေပြုသင်ကြားခြင်းမှတဆင့် ယဉ်ကျေးမှု ကွဲပြားခြင်းကို သင်ကြားခြင်း မရှိခဲ့သည့် အတွက် ထိုသို့ ယူဆချက်များကသာ အမှန်၊ ဗမာဆိုရင် လုံလောက်ပြီဟု ယူဆကြသည်။ ယဉ်ကျေးမှုအရ ကြည့်မည်ဆိုလျှင် တိုင်းရင်းသား ဝတ်စုံများကို ဝတ်ဆင်ခြင်းအားဖြင့် ယဉ်ကျေးမှုထိန်းသိမ်းခြင်းဟု အများစုက မြင်ကြပြီး ကျောင်းနေအရွယ် ကလေးများအား တိုင်းရင်းသား ဘာသာစကားသင်ကြားပေးခြင်း၏ အရေးပါမှုကိုတော့ ချန်ထားချင်ကြသည်။

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသား ဘာသာစကား၊ စာပေနဲ့ သမိုင်းတွေကို အဓိက ထားသင်ကြားပေးနေတဲ့ (မွန်ပြည်သစ်ပါတီက ၎င်းတို့ ထိန်းချုပ်သည့် ဒေသများတွင် တည်ထောင်ထားသော) မွန် အမျိုးသားကျောင်းတွေကို သွား ကြည့်သင့်ပါတယ်” ဟု နိုင်စိုးအောင်က ဆိုသည်။

မွန်တိုင်းရင်းသားတို့၏ မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေး သင်ရိုးညွှန်းတမ်းက အောင်မြင်မှု ရရှိခဲ့ပြီး အခြားသော တိုင်းရင်းသား အဖွဲ့အနည်းငယ်က အတုယူ အကောင်အထည်ဖော်နေကြသည်။ သို့သော်လည်း အဆိုပါ MTB-MLE သင်ကြားနည်းစနစ် သင်ရိုးကို အစိုးရ၏ ထောက်ပံ့မှု မရရှိခဲ့ဟု သူက ဖြည့်စွက်ရှင်းပြသည်။

မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော ယဉ်ကျေးမှုကို ပိုမိုနားလည်ရန်အတွက် လူနည်းစု တိုင်းရင်းသား ကလေးငယ်များသည် ဗမာစကားထက် ၎င်းတို့ ကိုယ်ပိုင်ဘာသာစကားဖြင့် သင်ယူလေ့လာခြင်းက အကောင်းဆုံး ဖြစ်သည့်အတွက် ၎င်းတို့ မိခင်ဘာသာစကားဖြင့် သင်ကြားခြင်းကို အထောက်အကူ ပေးသင့်သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွင်ရှိနေသဖြင့် အခြားသော ဒီမိုကရေစီ နိုင်ငံများ၏ နမူနာများကို လိုက်နာသင့်သည်။ အထူးသဖြင့် အနည်းဆုံး ဘာသာစကား ၃ မျိုး (ရုံးသုံး ဘာသာစကားများနှင့် မိခင်ဘာသာစကား) တို့ကို ကျောင်းများတွင် မသင်မနေရ သင်ကြားပေးနေသည့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ နမူနာကို ယူသင့်ပေသည်။

မြန်မာခေါင်းဆောင်များက မိခင်ဘာသာစကား သုံးစွဲသည့် ပညာရေး စနစ်ကို ပိုမို အလေးပေးလာပြီး ကွဲပြားသော တိုင်းရင်းသားလူမျိုးစုတို့၏ ခံစားချက်ကို ပိုမို တန်ဖိုးထားတတ်လာသည်နှင့် အမျှ တိုင်းပြည်တွင် စစ်မှန်သော ငြိမ်းချမ်းရေးတခုကို တည်ဆောက်ရန် ပိုမို နီးကပ်လာလိမ့်မည် ဖြစ်ပါသည်။

(အင်္ဂလိပ်ဘာသာဖြင့် Analysis: Where Some See Respect, Ethnic Groups See Burmanization and Loss of Rights  တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading