မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် လအတွင်းက မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်း နှင့် ဆက်နွယ်၍ မန္တလေးတိုင်းတွင် ဖမ်းဆီးခဲ့သော မူယစ်ဆေးရောင်းချသူဟု သံသယရှိသူ ဟာဂျီ ယာဆင်အတွက် သင်္ဘောတင်လုပ်ငန်းများကို U Kaung Trading က ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (MPA) ၏ စာရွက်စာတမ်းများတွင် ဖော်ပြနေသည်။ ယင်းစာရွက်စာတမ်းများကို ဧရာဝတီက ကြည့်ရှုခွင့်ရခဲ့သည်။
လွန်ခဲ့သည့် အပတ်မှစ၍ သံသယရှိသူ အနည်းဆုံး ၃ ဦးကို ရန်ကုန်မှ မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ရာ Nice Guy Clearance Service Agency ၏ ပိုင်ရှင် ဦးမင်းနိုင်၊ U Kaung Trading ကုမ္ပဏီ၏ ဒါရိုက်တာ ဖြစ်သော သူ၏ ဇနီး ဒေါ်သီတာမိုး နှင့် ပစ္စည်းတင်ပို့သူ ဟာဂျီဟာဆင် တို့ ဖြစ်ကြသည်။ (ဒေါ်သီတာမိုးအား ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း နောက်ပိုင်းတွင် သတင်းရင်းမြစ်များကဆိုသည်။) U Kaung Trading ၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးအောင်စိုးမိုးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခြင်းခံရသလား သို့မဟုတ် မည်သည့်နေရာတွင် ရှိနေသည် ဆိုသည်ကို မသဲကွဲသေးပါ။
မလေးရှားနိုင်ငံသို့ စားသောက်ကုန်များတင်ပို့ရန် U Kaung Trading နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုထားသော မြန်မာအမည် ဦးမောင်မောင်ဟုလည်း သိကြသည့် ဟာဂျီ ယာဆင်ကို ဖမ်းဆီးသည့် ဇွန်လ ၅ ရက် မတိုင်မီ ကတည်းက ဦးမင်းနိုင်နှင့် ဒေါ်သီတာမိုးတို့ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံမှ Klang ဆိပ်ကမ်းသို့ တင်ပို့လိုက်သည့် ကုန် သေတ္တာ အမှတ် FSCU 9911521 တွင် လဘက်ခြောက်ထုပ်များ အသွင်ဆောင်ထား သော မက်သဖက်တမင်း ၁.၂ တန် နီးပါး နှင့် ဘိန်းဖြူများ ပါဝင်နေခဲ့သည်။
ဟာဂျီဟာဆင်က ပြည်ထဲရေး ဝန်ကြီးဌာနမှ ကနဦး တရားဝင် ထုတ်ပြန်ဖော်ပြသည့် တဦးတည်းသော သံသယရှိသူ ဖြစ်သည်။ ဇွန်လ ၁၉ ရက်နေ့တွင်မူ Nice Guy Clearance Service Agency ၏ ပိုင်ရှင် ဦးမင်းနိုင်နှင့် ဇေယျာဟိန်း (မောင်မောင်(ခ) HJ Yassin ၏ ယောက်ဖ)ကို ဖမ်းဆီးစစ်ဆေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး နောက်တိုးသံသယရှိသူများကိုပါ ထုတ်ပြန်ခဲ့သည်။ ၎င်းတို့မှာ ထားဝယ်ကြီး (ခ) အောင်လွင်၊ ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင်၊ ၎င်း၏ခင်ပွန်း အကိုကြီး(ခ) ကတုံး၊ ဟူစိန်(ခ) မိုဟာမက်ဟူစိန်တို့ဖြစ်ပြီး ထားဝယ်ကြီး (ခ) အောင်လွင်အား ဖမ်းဆီးထားပြီး ကျန်သူများမှာ တိမ်းရှောင်ဆဲဟု ဆိုသည်။
ကုန်သေတ္တာ နံပါတ်ကို အခြေခံပြီး ဧရာဝတီသတင်းဌာနက လေ့လာဆန်းစစ်ခဲ့ရာ အလုပ်သမားများနှင့် အစိုးရဝန်ထမ်းများ အတွက် ကာလရှည် အလုပ်ပိတ်ရက်ဖြစ်သော မြန်မာ နှစ်သစ်ကူး ပွဲတော်ကာလအတွင်းတွင် Pathein Star PTE Ltd က ပိုင်ဆိုင်သည့် Pathein Star V.017S ကုန်သေတ္တာသင်္ဘောဖြင့် တင်ဆောင်ခြင်းဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါ ကုန်သင်္ဘောသည် ရန်ကုန်၊ မလေးရှားမှ Penang နှင့် Klang ဆိပ်ကမ်းနှင့် စင်ကာပူတို့ကြားတွင် ပုံမှန်ပြေးဆွဲနေပါသည်။
တရားမဝင် မူးယစ်ဆေးတင်ပို့မှုတွင် ဆိပ်ကမ်း တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည်ဆိုသော အွန်လိုင်းမှ ခန့်မှန်းပြောဆိုနေမှုများကို ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန် ရှိသူများက နှုတ်အားဖြင့် ငြင်းဆိုခဲ့ကြပါသည်။
သို့သော်လည်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတဦးက U Kaung Trading သည် သင်္ဘောတင်သူအနေဖြင့် Bill of Lading (BL) ကို လက်မှတ်ထိုးထားကြောင်း သူ၏ ရုံးခန်းတွင် ဧရာဝတီသို့ ပြခဲ့သည်။
ထို့ပြင် Samudra Shipping Line နှင့် trading ကုမ္ပဏီတို့ကြားမှ Booking Note (ကုန်ပစ္စည်းနှင့် ပို့ဆောင်မှုတို့နှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများပါဝင်သည့် စာချုပ်) တခုတွင် သင်္ဘောတင်သူ၏ အမည်ကို အင်္ဂလိပ် စာလုံးကြီးဖြင့် “U KAUNG TRADING CO., LTD.” ဟုဖော်ပြထားသည်။ အမည်ကို သဘောတူညီချက်၏ ပထမဆုံး စာကြောင်းတွင် ဖော်ပြထားပြီး ကုန်သေတ္တာကို မလေးရှားနိုင်ငံမှ Klang(အနောက်) ဆိပ်ကမ်းတွင် ချထားရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဧပြီလ ၉ ရက်နေ့ရက်စွဲဖြင့် သဘောင်္တင်ညွှန်ကြားချက် (Shipping Instruction) တစောင်၏ မိတ္တူတွင်လည်း U Kaung Trading ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်စိုးမိုး လက်မှတ်ထိုးထားသည်။ ကုန်သေတ္တာတွင် မြန်မာရိုးရာနှင့် အခြား အစားအစာများ ၉၀၅ ကာတွန်း နှင့် အိတ် ၁၂၀ ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။ U Kaung Trading က ငှားရမ်းခဲ့သော ဝန်ဆောင်မှု ကုမ္ပဏီများထဲမှ တခုကလည်း U Kaung Trading က သင်္ဘောတင်ပေးရသည့် ကုမ္ပဏီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
U Kaung Trading ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်စိုးမိုးမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ သူ၏ ရုံးခန်းသို့ ရောက်မလာသည်မှာ ရက်သတ္တပတ်များစွာ ရှိခဲ့ပြီ ဖြစ်သည်။ ဝန်ထမ်းများက သူတို့၏ အလုပ်ရှင်သည် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသည် သို့မဟုတ် ပုန်းရှောင်နေသည် ဆိုသည်ကို ပြောရန် ငြင်းဆန်ခဲ့ကြသည်။
ပို့ကုန် ကြေညာချက်
Trading ကုမ္ပဏီများ အနေဖြင့် ပို့ကုန်ကြေညာခြင်း လုပ်ငန်းစဉ် ပြီးမြောက်ရန် စာရွက်စာတမ်းများ ရေးသား တင်ပြ မှတ်တမ်းပြုခြင်းများ ပြီးစီးရန် လိုပါသည်။ အကောက်ခွန်ဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် စီးပွား/ကူးသန်း ဝန်ကြီး ဌာန တို့မှ ထောက်ခံချက်များ နှင့် အတည်ပြုချက်များ အပါအဝင် ဖြစ်သည်။ စာရွက်စာတမ်း ကိစ္စများ စတင် ဆောင်ရွက်ခြင်းမှသည် ကုန်တင်သည်အထိ လုပ်ငန်းစဉ်က ရက်သတ္တ ၂ ပတ် ကြာမြင့် နိုင်ပါသည်။ လဘက်ခြောက်ကဲ့သို့သော အစားအစာများအတွက်ပင်လျှင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကွပ်ကွဲရေးဌာန (FDA)၏ ထောက်ခံချက်လိုအပ်ပါသည်။
အကောက်ခွန် ပေးသွင်းရေး နည်းစနစ်များနှင့် ဆိပ်ကမ်း အာဏာပိုင်များ၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ အွန်လိုင်းတွင် ပြောဆိုရေးသားမှုများက ဌာနအသီးသီးမှ အစိုးရအရာရှိများတွင် တာဝန်ရှိကြောင်းဖြစ်သည်။ မူးယစ်ဆေးများ ရေကြောင်းမှ တရားမဝင် တင်ပို့မှုတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အကောက်ခွန်ဌာနမှ အရာရှိများတွင် တာဝန်ရှိသည်ဟု စွပ်စွဲကြသည်။
သို့သော်လည်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဒုတိယ အထွေထွေမန်နေဂျာ ဒေါက်တာ မျိုးငြိမ်းအေးက သင်္ဘောတင်ပို့မှုများကို စုံစမ်းစစ်ဆေးရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် တာဝန်ရှိသည်ဆိုသည်မှာ အများက မှားယွင်းစွာ ယူဆထားခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့က အကောက်ခွန်က ချိတ်ပိတ်ထားတဲ့ ကုန်သေတ္တာတွေကို စစ်ဆေးဖို့ အခွင့် အာဏာ မရှိပါဘူး။ စစ်ဆေးတဲ့ လုပ်ငန်းစဉ်က ကျနော်တို့ အလုပ်မဟုတ်ပါဘူး။ ကျနော်တို့ လုပ်ပေး နေတာက ဆိပ်ကမ်းအတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်”ဟု ဒေါက်တာ မျိုးငြိမ်းအေးက ပြောသည်။
တရားမဝင် မူးယစ်ဆေးများ ပါဝင်နေသည့် အမှုများတွင် သင်္ဘောတင်ပေးသည့် ကုမ္ပဏီက အဓိက တာဝန်ရှိကြောင်း အခြား အကြီးတန်း အရာရှိ တဦးကလည်း ထပ်မံ ပြောသည်။ U Kaung Trading ကို ဟာဂျီယာဆင်က ကုန်သေတ္တာ ငှားသည့် ကုမ္ပဏီမှနေ၍ ကုန်သေတ္တာ ငှားရမ်းခြင်း၊ ထုပ်ပိုးရန် စီစဉ်ခြင်းနှင့် သယ်ဆောင်ပေးမည့် သင်္ဘောလိုင်းနှင့် စာချုပ်ချုပ်ဆိုခြင်းမှ စ၍ ရောက်ရှိမည့် ဆိပ်ကမ်းတွင် ကြေညာခြင်း လုပ်ငန်းစဉ်များ အထိ အစအဆုံး ပြီးစီးသည်အထိ ဆောင်ရွက်ရန် ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။
ထို့နောက် သင်္ဘောတင်ပေးသည့် ကုမ္ပဏီ က ပို့ကုန် ပုံစံ (ED)၊ ကုန်ပို့လွှာ၊ အရောင်းစာချုပ်၊ သင်္ဘောတင် ညွှန်ကြားချက်များ၊ Booking Note နှင့် အခြားသော လိုအပ်သည့် စာရွက်စာတမ်းများကို အကောက်ခွန် ဦးစီးဌာန၏ စာရွက်စာတမ်း အထောက်အထားများ စစ်ဆေးမှုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတရပ် အနေဖြင့် တင်သွင်းရသည်။
X-ray အိတ်ဇရေး ရိုက်ကူးခြင်း
ထို့နောက် ဂျပန်အစိုးရ၏ နည်းပညာ အကူအညီ ရရှိထားသည့် Myanmar Automated Cargo Clearance System (MACCS) အရ အကောက်ခွန် ဦးစီးဌာနက သင်္ဘောတင်သည့် ကုမ္ပဏီကို အစိမ်း၊ အဝါ သို့မဟုတ် အနီ လိုင်း စသဖြင့် သတ်မှတ်ပေးသည်။ အစိမ်းရောင် သတ်မှတ်သည့် ခံရသည့် ကုမ္ပဏီများမှာ ဆိပ်ကမ်းတွင် X-ray ဖြင့် စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့် ရသည်။
အဝါ သို့မဟုတ် အနီရောင် သတ်မှတ် ခံရသည့် ကုန်သေတ္တာများမှာ အကောက်ခွန် အရာရှိတဦး ကိုင်တွယ်သည့် X-ray စက်တခုဖြင့် စစ်ဆေးခြင်းကို ခံယူရလေ့ ရှိသည်။ X-ray ဖြင့် စစ်ဆေးခြင်း လုပ်ငန်းစဉ် ပြီးသည့်အခါ ကုန် သေတ္တာကို ချိတ်ပိတ်ရန် နှင့် သင်္ဘောထွက်ခွာခွင့်ရရန် အကောက်ခွန်ဌာန၏ အတည်ပြုချက် ရရှိရန် လိုအပ်သည်။
U Kaung Trading ၏ ကုန်သေတ္တာ ဖြစ်သည့် FSCU 9911521 ကို အစိမ်း၊ အဝါ သို့မဟုတ် အနီရောင် မည်သို့သတ်မှတ်ခဲ့သည်ကို သူတို့မသိကြောင်း ဆိပ်ကမ်းအရာရှိများက ပြောကြသည်။ အကယ်၍ ထိုကုန်သေတ္တာကို အဝါ သို့မဟုတ် အနီရောင်သတ်မှတ်ခဲ့လျှင် X-ray စစ်ဆေးမှုကို ခံယူရန် သေချာသလောက် ဖြစ်သည်။
အကောက်ခွန် ဦးစီးဌာနက ဆိပ်ကမ်းနှင့် လေဆိပ်မှ အရာရှိများကို လအနည်းငယ် ကြာတိုင်း ပုံမှန် ရွှေ့ပြောင်းတာဝန်ချ ထားလေ့ ရှိသည်။ မြန်မာ နှစ်သစ်ကူးပွဲတော်ကာလများအတွင်းက မြန်မာ့စက်မှုဆိပ်ကမ်း (MIP) တွင် မည်သည့် အကောက်ခွန် အရာရှိများ တာဝန်ကျခဲ့သည်ကို ရှင်းလင်းစွာ မသိရသေးပေ။
သင်္ဘောတင်လုပ်ငန်း ဝန်ဆောင်မှုပေးသည့် အေဂျင်စီ ဝန်ထမ်းတဦးက X-ray စစ်ဆေးမှုတခုမှ လွတ်မြောက်နိုင်မည့် ဖြစ်နိုင်သော ဟာကွက် အနည်းငယ်သာ ရှိကြောင်းပြောပြပါသည်။ ၎င်းတို့ထဲတွင် အစိမ်းရောင် သတ်မှတ်ခံရခြင်း (x-ray ကင်းလွတ်ခွင့် တရားဝင်ရ) သို့မဟုတ် အနီရောင်သို့မဟုတ် အဝါရောင် လမ်းကြောင်း သတ်မှတ်ခံရသည့် ကုန်သေတ္တာတခုကို လွှတ်ပေးရန် အရာရှိတဦးဦးကို လာဘ်ပေးခြင်းတို့ဖြစ်ကြောင်း ပြောသည်။
ဇွန်လ ၁၃ ရက်နေ့တွင် ဧရာဝတီက အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းအောင်နှင့် တွေ့ဆုံရန် ခွင့်တောင်းခဲ့သော်လည်း လက်အောက်ဝန်ထမ်းတဦးက သူ၏ အထက်လူကြီးသည် ယခုအပတ်အတွင်း နေပြည်တော်တွင် အစည်းအဝေး အများအပြား တက်ရောက်ရန် ရှိနေသည့်အတွက် အလွန် အလုပ်များနေကြောင်း ပြောသည်။
U Kaung Trading က အစားအစာများ နှင့် အခြားသော ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သည်ဟု ဆိပ်ကမ်း အရာရှိတဦးက ပြောသည်။ ဌာန၏ Bill of Lading (BL)များကို ထိန်းသိမ်းသည့် စနစ်က ကွန်ပျူတာ အသုံးပြုသည့် စနစ်မဟုတ်သောကြောင့် စာရွက်စာတမ်းများကို ၃ နှစ်စာခန့် ထိန်းသိမ်း ထားရသည်။
ထိုကာလအတွင်းတွင် U Kaung Trading က Bill of Lading (BL) စာရွက်စာတမ်း မည်မျှတင်ပြခဲ့သည် ဆိုသည်ကို အတိအကျဖြေကြားပေးရန် သူက ငြင်းဆန်ခဲ့သော်လည်း အကြမ်းဖျင်းအားဖြင့် U Kaung Trading က စင်ကာပူ နှင့် မလေးရှားသို့ ကုန်သေတ္တာ ၁၀၀ မှ ၂၀၀ အတွင်း တင်ပို့ခဲ့သည်ဟု ခန့်မှန်း ပြောကြားခဲ့သည်။ U Kaung Trading က အစိမ်းရောင် အဖြစ် အကြိမ်မည်မျှ သတ်မှတ်ခြင်းခံခဲ့ရသည် သို့မဟုတ် ထိန်းသိမ်းခံထားရသည့် သံသယ ရှိသူ ဟာဂျီ ယာဆင် အတွက် အကြိမ်ရေးမည်မျှ ဝန်ဆောင် မှုပေးခဲ့သည် ဆိုခြင်းကလည်း ရှင်းရှင်းလင်း မသိရသေးပေ။
“လူတွေက လုပ်ငန်းစဉ်ကို နားမလည်ဘဲ ဆိပ်ကမ်း အာဏာပိုင်တွေကို အပြစ်တင်နေကြတယ်။ ဒါပေမယ့် ပိုပြီး တာဝန်ရှိတဲ့ ဌာနက အကောက်ခွန်ပါ။ ကျနော်တို့က ကုန်သေတ္တာ စစ်ဆေးတာ သို့မဟုတ် X-ray စစ်ဆေးတာကိုရော ဘယ်တုန်းကမှ မလုပ်ပါဘူး” ဟု ဆိပ်ကမ်း တာဝန်ရှိသူက ပြောသည်။
မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၏ အဆိုအရ အစိုးရက ရန်ကုန်ရှိ ဆိပ်ကမ်း ၄ ခု ဖြစ်သည့် Asia World Port Terminal (AWPT)၊ Myanmar Industrial Port (MIP)၊ Bo Aung Kyaw Street Wharf (BSW) နှင့် Ahlone International Port Terminal (AIPT) တို့ကို ပုဂ္ဂလိက ကုမ္ပဏီ ၄ ခုသို့ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုထားသည်ဟု သိရသည်။
ဆန်တင်ပို့ မှုများ အများဆုံး ကိုင်တွယ်နေသည့် ဆူးလေ ဆိပ်ကမ်းတခုတည်းသာလျှင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က တိုက်ရိုက် ကြီးကြပ်နေသည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ မှတ်တမ်းများအရ အဆိုပါ ဆိပ်ကမ်း ၅ ခုက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အတွင်း ကုန်သေတ္တာ ၉၂၀၀၀ နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်အတွင်းတွင် ကုန်သေတ္တာ ၈၈၅၀၀ ခန့် ကိုင်တွယ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများ
ဟာဂျီ ဟာဆင်ကို မူးယစ်ဆေး သုံးစွဲသူတဦး ဟုတ်/မဟုတ် စစ်ဆေးရန် စိတ်ကျန်းမာရေးဆေးရုံသို့ မပို့ဆောင်မီ ထိန်းသိမ်းထားခဲ့သော ဆိပ်ကမ်းမြို့မ ရဲစခန်းသို့ ဧရာဝတီက သွားရောက်ခဲ့သော်လည်း ဦးမင်းနိုင်၊ ဒေါ်သီတာမိုး သို့မဟုတ် ဦး အောင်ကျော်မိုးတို့ကို မတွေ့ရှိခဲ့ရပါ။
သံသယရှိသူ ၃ ဦးကို အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) အပါအဝင် အခြား သက်ဆိုင်ရာ ဌာနများနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားသည့် အဖွဲ့တခုက ရန်ကုန်တနေရာတွင် စစ်ဆေးကြောင်း ရဲမှူး ဦးတင်ဦးက ပြောသည်။ (ယခုအပတ် အင်္ဂါနေ့ ဇွန်လ ၁၉ ရက်တွင် ဦးမင်းနိုင်တဦးတည်းကို ဆိပ်ကမ်းမြို့မအချုပ်ခန်းတွင် တွေ့ရှိရပြီး၊ ယာဆင်နှင့် နောက်တိုးသံသယရှိသူ ဇေယျာဟိန်းကို အခြားတနေရာတွင် ဆက်လက်စစ်ဆေးနေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။)
ဟာဂျီဟာဆင်သည် ဦးမင်းနိုင်၏ မိသားစုနှင့် နီးစပ်မှုရှိပြီး သူတို့နှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြောင်း ဧရာဝတီက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ Nice Guy Clearance Agency ပိုင်ရှင် ဦးမင်းနိုင်သည့် ၂၀၁၆ ခုနှစ်တွင် ဒုတိယမြောက်အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် အေးဂျင့် အဖြစ် အကောက်ခွန် ဦးစီးဌာန၏ ဆုချီးမြင့်ခြင်း ခံခဲ့ရသေးသည်။
လွန်ခဲ့သော ရက်အနည်းငယ်က Nice Guy Clearance Agency အတွက် အလုပ်လုပ်သော အကောက်ခွန် အေးဂျင့် အချို့နှင့် ဆက်သွယ်ရန် ဧရာဝတီက ကြိုးစားခဲ့သော်လည်း သူတို့က တုန့်ပြန်ခဲ့ခြင်း မရှိပါ။ လူ ၁၀ ဦးခန့် ရှိမည်ဟု ယူဆရသော Nice Guy အဖွဲ့တခုလုံးက လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသလား သို့မဟုတ် ရဲ တပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခြင်း ခံနေရသလား ဆိုုခြင်းကို သေချာစွာ မသိရသေးပါ။
နောက်ထပ် ဦးမောင်မောင် တဦးဖြစ်သည့် ရွှေကမ္ဘာဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်က သူသည် သံသယရှိသူ ဟာဂျီ ယာဆင်နှင့် တဦးတည်း ဖြစ်သည်ဟု Facebook တွင် ထွက်ပေါ်လျှက်ရှိပါသည်။ ကုမ္ပဏီဖက်က အတည်မပြုနိုင်သည့် သတင်းများကို ငြင်းဆိုပါသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်မောင်မှာ အသက် ၆၀ အရွယ် ဖြစ်သော်လည်း ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားသည့် သံသယ ရှိသူမှာ အသက် ၄၄ နှစ် အရွယ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ကလည်း အသက်ပိုကြီးသည့် ဦးမောင်မောင်ဘက်က ထောက်ခံခဲ့ပြီး သူသည် အလုပ်အမှုဆောင်ကော်မတီဝင် တဦးဖြစ်ခဲ့၍ ရိုးသားဖြောင့်မတ်သူ ဖြစ်ကြောင်းပြောသည်။
(အင်္ဂလိပ်ဘာသာဖြင့် Official Papers Show U Kaung Trading Was Shipping Agent in Malaysian Drug Haul တွင် ဖတ်ရှုပါ။)