အိန္ဒိယနှင့် မြန်မာ နှစ်ဘက်စလုံးတွင် ချင်း၊ ကူကီး၊ နာဂ၊ ကသည်း စသည့် တိုင်းရင်းသား လူမျိုးများ နေထိုင်လျက် ရှိ သည်။
ထို တိုင်းရင်းသားများထဲမှ တချို့သော နာဂလူမျိုးများက နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေခြင်းကြောင့် အိန္ဒိယနှင့် မြန်မာကြား ခေါင်းခဲစရာ ဖြစ်နေသည်။
နာဂနိုင်ငံရေးကို ဖော်ဆောင်နေသော နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ – အိုင်အမ်(NSCN-IM) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ – ကပ်ပလန် (NSCN-K) အနက် NSCN-K သည် အိန္ဒိယရှိ နာဂ လူမျိုးများနှင့် မြန်မာရှိ နာဂလူမျိုးများ ကို စုစည်း၍ နာဂ နိုင်ငံတော် ထူထောင်ရေး အတွက်ဟု ဆိုကာ လက်နက်ကိုင် တိုက်ပွဲဝင် နေသည်။
နာဂနိုင်ငံ ထူထောင်ရေး လုပ်နေသော နာဂလူမျိုးများသည် ၁၉၄၇ ခုနှစ် သြဂုတ် ၁၄ ရက်က ဗြိတိသျှ အစိုးရထံမှ ၎င်းတို့ ဘာသာ လွတ်လပ်ရေး ကြေညာခဲ့ခြင်းနှင့် သီးခြား နေထိုင်ခဲ့သည်ဆိုခြင်းကို ဆုပ်ကိုင်၍ နာဂ နိုင်ငံ ထူထောင်ရေးကို ကြိုးပမ်း နေကြခြင်း ဖြစ်သည်။
သို့သော် ဗြိတိသျှ အစိုးရက နာဂတို့၏ လွတ်လပ်ရေး ကြေညာခဲ့ခြင်းကို အသိအမှတ် မပြုခြင်းနှင့် နာဂနိုင်ငံ ထူထောင်ရေး အပေါ် အသိအမှတ် ပြုခြင်း ရှိမရှိကိုတော့ ပြောဆိုခြင်း မရှိသည်ကို တွေ့ရသည်။
အိန္ဒိယနှင့် မြန်မာသည် အိမ်နီးချင်း နိုင်ငံဖြစ်သကဲ့သို့ ဗြိတိသျှ ကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့သော နိုင်ငံ များလည်း ဖြစ်သည်။
အိန္ဒိယသည် ၁၉၄၇ ခုနှစ်၊သြဂုတ်လ ၁၅ ရက်တွင် ဗြိတိသျှ အစိုးရထံက လွတ်လပ်ရေး ရခဲ့ပြီး မြန်မာက ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေး ရခဲ့သည်။
ဤသို့ ၂ နိုင်ငံ လွတ်လပ်ရေး ရယူပြီးနောက် ၁၉၆၃ ခုနှစ်တွင် အိန္ဒိယက နာဂ လူမျိုးများ အတွက် နာဂလန်း ပြည်နယ်ကို သတ်မှတ် ပေးခဲ့သည်။
မြန်မာနိုင်ငံ ဘက်တွင်လည်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ် တို့ကို စုစည်း၍ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ပေးခဲ့သည်။
ထို့နောက် ၁၉၆၇ ခုနှစ်တွင် ၁၆၄၃ ကီလိုမီတာ ထိစပ်နေသော ၂ နိုင်ငံ နယ်နိမိတ်ကို သတ်မှတ် ပိုင်ခြားလိုက်သည်။
နယ်နိမိတ် သတ်မှတ်ခြင်းနှင့်အတူ နာဂလူမျိုးများသည် အိန္ဒိယ-မြန်မာ ၂ နိုင်ငံတွင် အသီးသီး ရှင်သန် ရပ်တည်၍ နိုင်ငံသား များ ဖြစ်သွားခဲ့ကြသည်။
ထိုသို့ ရပ်တည်နေရခြင်းကို နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေသော နာဂလူမျိုးများက မနှစ်သက်ကြပေ။ ထို့နောက် နာဂ နိုင်ငံ ထူထောင်ရေးကို ကြိုးပမ်းလာခဲ့ကြသည်။
ဤကြိုးပမ်းမှုသည် လက်ရှိ ပထဝီအနေအထားနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ နယ်နိမိတ် သတ်မှတ်ကာ နိုင်ငံများ အဖြစ် ရပ်တည်နေကြသော ၂ နိုင်ငံ အတွင်းရှိ ဒေသတချို့ကို စုစည်း၍ နာဂနိုင်ငံ ထူထောင်ရေးသည် အလွန်ခက်ခဲလှပြီး နာဂ လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း အဟန့်အတားများ ဖြစ်စေနိုင်သည်ဟု ဝေဖန်မှုတချို့လည်း ရှိနေသည်။
လက်ရှိတွင် NSCN-K သည် မြန်မာနိုင်ငံ ဘက်ခြမ်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၌ အခြေစိုက်၍ စစ်ရေး လှုပ်ရှားနေသည်။
ထိုအဖွဲ့သည် မြန်မာ- အိန္ဒိယ နယ်နိမိတ်ကို ကျော်ဖြတ်ကာ အိန္ဒိယ တပ်မတော်ကို ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်၍ ၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုလျက် ရှိသည်။
အိန္ဒိယ အစိုးရကမူ NSCN-K ကို နာဂ အခွင့်အရေး ဖော်ဆောင်သူများ အဖြစ် ရှုမြင်မှုမရှိဘဲ အဖျက်အမှောင့် လုပ်ဆောင် နေ သည့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသလို နာဂ လူမျိုးများ၏ ဖွံ့ဖြိုးရေးကို အနှောင့်အယှက် ပေးသူများ အဖြစ် လည်း ရှုမြင်လျက် ရှိသည်။
အိန္ဒိယ အစိုးရနှင့် နီးစပ်သူ တဦးက“NSCN-IM ၊ NSCN-R၊ NSCN-K ဆိုပြီး အဖွဲ့တွေ ကွဲလာတယ်။ အဲဒီမှာ NSCN-K က နာဂ ပြဿနာကို လုပ်နေတယ်။ IM က ဘာမှ ပြဿနာ မဖြစ်ဘူး၊ အဆင်ပြေတယ်။ နာဂနိုင်ငံ သတ်မှတ်ဖို့ NSCN-K က တောင်းဆို နေတယ်။ ဒါက မဖြစ်နိုင်ဘူး”ဟု ပြောသည်။
နာဂ အရေးကို နာဂ အမျိုးသားကောင်စီ (NNC) က ဦးဆောင်ခဲ့သော်လည်း ၁၉၇၅ ခုနှစ်တွင် အိန္ဒိယ အစိုးရနှင့် ငြိမ်းချမ်း ရေး ယူခဲ့ပြီးနောက်ပိုင်း သဘောထားများ ကွဲလွဲလာခဲ့ရာမှ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN) ကို ၁၉၈၀ ပြည့်နှစ် တွင် ဖွဲ့စည်းခဲ့သည်။
သို့သော်လည်း ၁၉၈၈ ခုနှစ် အရောက်တွင် NSCN ခေါင်းဆောင်များကြား မျိုးနွှယ်စု ပြဿနာများအပြင် ခံယူချက်များ ထပ်မံ ကွဲလွဲလာခဲ့ရာမှ ကပ္ပလန် ဦးဆောင်သော NSCN-K နှင့် အိုက်ဇက် ချီရှီဆူ – မွီးဗာ တို့ ဦးဆောင်သော NSCN-IM ဟူ၍ ၂ ဖွဲ့ ကွဲသွားခဲ့သည်။
NSCN-IM သည် အိန္ဒိယနိုင်ငံတွင် အခြေစိုက်ပြီး နာဂလူမျိုးများ အရေးကို ဆောင်ရွက်နေသည်။ NSCN-K ကမူ မြန်မာ နိုင်ငံ မှ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အခြေစိုက်ကာ နာဂအရေး ဆောင်ရွက်နေသည်။
NSCN-IM နှင့် အိန္ဒိယ အစိုးရတို့ ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေး ယူခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အပစ်ရပ် စာချုပ်ကို ချုပ်ဆို၍ ၁ နှစ် လျှင် တကြိမ် သက်တမ်း တိုးလျက်ရှိ ခဲ့သည်။ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးနောက် ၂၀၁၅ ခုနှစ်မှ စတင်၍ နိုင်ငံရေး မူဘောင် တခုကို အတူတကွ ရေးဆွဲနေကြသည်။
ဤမူဘောင်တွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ၂ ဖက်စလုံးက လူထုထံ ချပြခြင်းမရှိဘဲ လျှို့ဝှက်ထား ကြသည်။

ထိုမူဘောင် အချက်များတွင် နာဂလူမျိုးများ၏ ယဉ်ကျေးမှုများအား ကာကွယ် ပေးရမည့်အပြင် ထိန်းသိမ်း စောင့်ရှောက်ခွင့် ပေးရ မည်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရမည်၊ အစိုးရအဖွဲ့များတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေးရမည်ဆိုသော အချက် များ ပါဝင်ကြောင်း ကြားသိရသည်။
ထို့ပြင် အိန္ဒိယ အစိုးရသည် NSCN-IM အပါအဝင် အိန္ဒိယတွင် အခြေစိုက် လှုပ်ရှားနေသော တခြား နာဂ လက်နက်ကိုင် အဖွဲ့များဖြစ်သည့် National Socialist Council of Nagaland- Nekpeo (NSCN-NK)၊ Naga National Council (NNC)၊ Naga National Political Groups(NNPG)၊ Naga National Council-NA(NNC-NA) နှင့် National Socialist Council of Nagaland- Reformation (NSCN-R) တို့ဖြင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေသည်ဟု ဆိုသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံသား နာဂလူမျိုးများသည် NSCN-IM ကို NSCN-K ထက် ပိုမို ထောက်ခံလျက် ရှိပြီး ၎င်းတို့၏ အခွင့် အရေးကို NSCN-IM က ဖော်ဆောင် ပေးသွားနိုင်မည်ဟု ယုံကြည်နေကြကာ NSCN-K ကိုမူ ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး မေးခွန်း ထုတ်မှုများ ရှိနေသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အိုးခရုခရိုင်မှ နာဂလူငယ် အဟုမ်က NSCN-IM သည် လူထုနှင့် နီးစပ်မှုရှိနေပြီး ၎င်းတို့၏ လုပ်ငန်းစဉ်များကို လူထုထံ ပြန်လည်၍ ရှင်းပြသကဲ့သို့ လူထု တွေ့ဆုံမှုများကိုလည်း ပြုလုပ်လျက် ရှိကြောင်း၊ NSCN-K ကမူ လူထု တွေ့ဆုံမှု မရှိသကဲ့သို့ ရပ်တည်ချက်ကိုလည်း လူထုထံ ရှင်းပြခြင်း မရှိကြောင်း ပြောသည်။
“NSCN-IM ကို အိန္ဒိယနာဂတွေက ထောက်ခံတယ်။ အများဆုံး ထောက်ခံတယ်။ NSCN-K က အိန္ဒိယကို လာပြောရ မယ်။ အခု NSCN-K က မလာဘူး။ သူတို့ရဲ့ လုပ်ငန်းစဉ် ဘာမှန်းကို မသိရဘူး။ NSCN-K က နိုင်ငံ လုပ်ချင်ရင် လူထုနဲ့ လာတွေ့ ရ မယ်။ ရှင်းပြရမယ်။ အော်နေလို့ မရဘူး။ သူတို့ ဘာမှမပြောတော့ ငါတို့ လူထု ဘာမှ လုပ်မရဘူး”ဟုလည်း ၎င်းက ပြော ဆို သည်။
NSCN-IM သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ (မဏိပူရပြည်နယ်၊ နာဂလန်းပြည်နယ်၊ အာသံ ပြည်နယ်၊ အာရူနာပရာ ဒေ့လ် ပြည်နယ်) ကို နာဂ ဒေသအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းကြောင့် အိန္ဒိယအစိုးရ အနေဖြင့် ခေါင်းကိုက် စရာ ဖြစ်နေသည်။
သို့သော် အိန္ဒိယ ဗဟိုအစိုးရနှင့် နီးစပ်သူများ၊ မဏိပူရပြည်နယ် အစိုးရနှင့် နီးစပ်သူများကမူ အရှေ့မြောက် ဒေသရှိ ပြည်နယ် အစိုးရများသည်ပင် NSCN-IM တောင်းဆိုသည့် အပေါ် သဘောမတူကြသလို၊ ပူးပေါင်း ရန်လည်း လက်ခံခြင်း မရှိကြောင်း ပြောဆိုကြသည်။
ဤသို့ဆိုလျှင် NSCN-K ၏ အိန္ဒိယ-မြန်မာ နာဂများကို စုစည်း၍ နာဂနိုင်ငံ ထူထောင်မည် ဆိုခြင်းသည်လည်း အလွန် ခက်ခဲ လာမည် ဖြစ်သည်။
အိန္ဒိယနိုင်ငံရှိ Naga People Maement for Human Right Assocation မှ Dr Ringkahao Horam (ပရောဖက်ဆာ အဟောင်းဟိုရမ်) က “မဏိပူရ၊ နာဂလန်း၊ အာရူနာပရာဒေ့လ်၊ အာသံနဲ့ မြန်မာ ပေါင်းပြီး နာဂဒေသ လုပ်ချင်ကြတယ်။ ပထဝီ အနေအထား အရ မဖြစ်နိုင်ဘူး။ ယဉ်ကျေးမှု အရတော့ စုစည်းနိုင်မယ်။ မဏိပူရ၊ နာဂလန်း၊ အာရူနာပရာဒေ့လ်၊ အာသံ ပူးပေါင်းဖို့တောင် သဘော မတူညီကြဘူး။ ဒီတော့ မြန်မာနဲ့ ပူးပေါင်းဖို့ဆိုတာ ပိုဆိုးတယ်။ အိန္ဒိယမှာတောင် မညီ ကြဘူး။ ဒါကြောင့် အိန္ဒိယမှာ အရင် ရှင်းရမယ်”ဟု ပြောသည်။
လက်ရှိတွင် အိန္ဒိယအစိုးရနှင့် NSCN-IM တို့ကြား ငြိမ်းချမ်းရေး ရယူထားခြင်းကြောင့် နာဂလူမျိုးများသည် မဏိပူရ တက္ကသိုလ်၊ နာဂလန်း တက္ကသိုလ်၊ နယူးဒေလီ တက္ကသိုလ်များတွင် လွတ်လပ်စွာ ပညာသင်ကြားခွင့် ရနေသကဲ့သို့ မိခင် ဘာသာစကား များကိုလည်း လွတ်လပ်စွာ သင်ကြားခွင့် ရနေသည့်အပြင် အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေတွင်လည်း အထူး ကာကွယ် စောင့်ရှောက်ရမည့် သူများအဖြစ် သတ်မှတ်ကာ အခွင့်အရေးများ ပေးထားကြောင်းလည်း ၎င်းက ပြောသည်။
NSCN-K သည် နာဂနိုင်ငံ ထူထောင်ရေး ရည်မှန်းချက်ကို ဖော်ဆောင်နေသော်လည်း မည်ကဲ့သို့ အကောင် အထည် ဖော်မည် ဆိုခြင်းကို နာဂလူထု ကိုယ်တိုင်ပင် မသိရဘဲ ဖြစ်နေသည်။
သို့သော် NSCN-K သည် အိန္ဒိယ အစိုးရကို တိုက်ခိုက်နေသော မဏိပူရသူပုန် ကသည်း လက်နက်ကိုင် များကို ၎င်း ဒေသ အတွင်း လှုပ်ရှားခွင့်ပေးကာ ပူးပေါင်း တိုက်ခိုက်မှု ပြုလုပ်၍ နယ်မြေ မတည်ငြိမ်မှု ဖြစ်အောင် ဖော်ဆောင် နေကြောင်း အိန္ဒိယ အစိုးရ ဘက်က ရှုမြင်လျက်ရှိသည်။
ထို့ပြင် United National Liberation Front of Western South East Asia (UNLFWSEA) ဆိုသော မဟာမိတ် အဖွဲ့ ကို NSCN-K က ဦးဆောင်၍ ဖွဲ့စည်းထားပြီး လက်နက်ကိုင် တိုက်ခိုက်နေခြင်းကြောင့် နယ်မြေ တည်ငြိမ်မှု ပျက်ပြားရန် လုပ်ဆောင်ကာ နာဂ နိုင်ငံ ထူထောင်ရေး အပေါ် တထောင့်တနေရာက အားဖြစ်စေမည်ကိုလည်း အိန္ဒိယ အစိုးရဘက်က စိုးရိမ်စရာ ဖြစ်နေသည်။
UNLFWSEA တွင် NSCN-K ၊ အာသံ(အာဆုန်လ်)ပြည် လွတ်မြောက်ရေး တပ်ဦး (ULFA)၊ ဘိုဒို အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDFB-S)၊ ကမ်တာဘူ လွတ်မြောက်ရေး အဖွဲ့ချုပ် (KLO)၊ အနောက်ဘက်ဒေသ ညီညွတ်သော အမျိုးသားများ လွတ်မြောက်ရေး တပ်ဦး (UNLFW) တို့ ပါဝင်ကြကြောင်း သိရသည်။
NSCN-K အပါအဝင် ကသည်း လက်နက်ကိုင် အဖွဲ့များသည် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကျော်၍ အိန္ဒိယ နိုင်ငံထဲသို့ ဝင်ရောက်ကာ အိန္ဒိယ တပ်မတော်ကို ၂၀၁၈ ခုနှစ်က ၈ ကြိမ်၊ ၂၀၁၇ ခုနှစ်က ၂၂ ကြိမ်၊ ၂၀၁၆ ခုနှစ် က ၁၂ ကြိမ်၊ ၂၀၁၅ ခုနှစ်က ၁၇ ကြိမ် စသဖြင့် ခြုံခို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယ အစိုးရဘက်မှ လာသော သတင်း ရင်းမြစ်များက ဆိုသည်။
UNLFWSEA ဆိုသော မဟာမိတ်အဖွဲ့ကို တရုတ်နှင့် ပါကစ္စတန်က အထောက်အပံ့များ ပေးနေသည်ဟု အိန္ဒိယ အစိုးရ ဘက် က ယုံကြည်ထားသည်။
UNLFWSEA သည် အိန္ဒိယအစိုးရ အတွက် စိုးရိမ်စရာ ဖြစ်နေပြီး အရှေ့မြောက်ဒေသ ဖွံ့ဖြိုးရေးနှင့် နယ်မြေ တည်ငြိမ်ရေး အတွက် အနှောင့်အယှက် အပေးဆုံး အဖွဲ့ဟုလည်း အိန္ဒိယဘက်က ယူဆထား နိုင်သည်။
ထို့ကြောင့် အိန္ဒိယအစိုးရသည် မြန်မာအစိုးရ၏ ပူးပေါင်းမှုကို မျှော်လင့်နေပြီး ပူးပေါင်း စစ်ဆင်ရေး လုပ်ရန်နှင့် မြန်မာနိုင်ငံ အတွင်း ထိုအဖွဲ့များကို အခြေစိုက်ခွင့် မပေးရန် အိန္ဒိယ အစိုးရက တောင်းဆိုလျက်ရှိသည်။ မြန်မာ အစိုးရ ဘက်ကတော့ အိန္ဒိယအစိုးရ၏ တောင်းဆိုမှုအပေါ် တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသေးပေ။

သို့သော် ၂၀၁၇ ခုနှစ် သြဂုတ်လကတော့ မြန်မာ့ တပ်မတော်မှ အကြီးအကဲ တဦး အိန္ဒိယသို့ သွားရောက်ခဲ့ပြီး အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး အာရမ်ဂျတ်တလေ နှင့် အိန္ဒိယ လေတပ် ဦးစီးချုပ် Birender Singh Dhanoa တို့အား တွေ့ဆုံကာ မြန်မာနှင့် အိန္ဒိယကြား လုံခြုံရေး ဆိုင်ရာများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်းကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယ သို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ အပါအဝင် ကာကွယ်ရေး ဝန်ကြီး အာရမ် ဂျတ်တလေ နှင့် အမျိုးသား လုံခြုံရေးအကြံပေး အာဂျစ်ဒိုဗယ်လ်တို့ကို တွေ့ဆုံ၍ နယ်စပ် တည်ငြိမ်ရေးများကို ဆွေးနွေးခဲ့သေးကြောင်း သိရသည်။
NSCN-K ၏ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “နာဂ နိုင်ငံထူထောင်ရေးနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ ဖြေလို့မရဘူး။ အဲဒါကျတော့ NSCN-K ဥက္ကဋ္ဌရုံး ကနေပြီးတော့မှပဲ ဖြေကြားပေးလို့ ရမယ်” ဟု ပြောသည်။
လက်ရှိတွင် အိန္ဒိယအစိုးရသည် ၁၆၄၃ ကီလိုမီတာရှိသော အိန္ဒိယ-မြန်မာ နယ်နိမိတ်ကို ခြံစည်းရိုးကာရန် လုံးပမ်းနေ သည်။ ထိုကိစ္စအပေါ် အိန္ဒိယနိုင်ငံမှ နာဂလူမျိုးများက အိန္ဒိယ-မြန်မာ ၂ နိုင်ငံရှိ နာဂလူမျိုးများကို ခွဲခြားလိုက်သလို ဖြစ်နေ သည်ဟု ဆိုကာ ကန့်ကွက်လျက် ရှိသည်။
ထိုခြံစည်းရိုး ကာရံခြင်းသည် NSCN-K ၏ အဖျက်အမှောင့် လုပ်ငန်းများကို တားဆီးရန်နှင့် ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးအတွက် ဖြစ်သည်ဟု အိန္ဒိယအစိုးရ ဘက်က ပြောသည်။
အလားတူ အိန္ဒိယအစိုးရဘက်မှ ခြံစည်းရိုးကာရံခြင်းကို ပြီးဆုံးသည့်တိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အိန္ဒိယ-မြန်မာ ၂ နိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာ သွားလာနိုင်ရေးစနစ် (Free Movement Regime) ကို ကျင့်သုံး ထားသည့်အတွက် ပြဿနာ မရှိနိုင်ကြောင်းလည်း ဆိုသည်။
မြန်မာအစိုးရ ဘက်ကမူ NSCN-K ၏ နာဂ ပြည်ထောင်စု အဖြစ် ခွဲထွက်ရေးကို လက်မခံကြောင်းနှင့် မြန်မာနိုင်ငံ နယ် နိမိတ် အတွင်း အခြေစိုက်၍ အိမ်နီးချင်း နိုင်ငံအား တိုက်ခိုက် နေခြင်းကိုလည်း လက်မခံကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး ခေတ္တ ညွန်ကြားရေးမှူးချုပ်လည်းဖြစ် သမ္မတရုံး ပြောခွင့်ရလည်းဖြစ်သူ ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
“NSCN-K က ဟိုဘက်မှာ၊ အိန္ဒိယဘက်မှာ အဖွဲ့ရှိတယ်၊ ဒီဘက်မှာ အဖွဲ့ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မူဝါဒက ဘာလဲ ဆိုရင် မြန်မာနိုင်ငံရဲ့ ပိုင်နက် နယ်မြေ နယ်နိမိတ်မှာ အခြေစိုက်ပြီးတော့ အိမ်နီးချင်း နိုင်ငံကို ပြန်ပြီးတော့ တိုက်ခိုက်တာမျိုး ကျနော်တို့ လက်မခံဘူး။ NSCN-K အနေနဲ့ မြန်မာနိုင်ငံ ကနေ ပြီးတော့ ခွဲထွက်မယ်၊ ခွဲမထွက်ဘူး ဆိုတာ ကို အာမဘန္တေ ခံဖို့လိုမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
မြန်မာအစိုးရသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ အမျိုးသား တန်းတူ ညီမျှရေး ကြွေးကြော်၍ လက်နက်ကိုင် တိုက်ခိုက်နေသော ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ကရင်၊ ပအို့ဝ် တို့ကို ခွဲမထွက်ပါဟု ဆိုသော ကတိပြုချက် ပေးရန် ပြောနေရာ NSCN-K ၏ ခွဲထွက်ပြီး နာဂနိုင်ငံ ထူထောင်မည်ဆိုခြင်းကို မည်သို့မျှ လက်ခံနိုင်သည့် အခြေအနေ မရှိပေ။
ထို့ကြောင့် NSCN-K ၏ နာဂနိုင်ငံ ထူထောင်ရေး ရည်မှန်းချက်သည် အိန္ဒိယအစိုးရ၏ ကန့်ကွက်မှု အပြင် မြန်မာ အစိုးရ၏ ကန့်ကွက်မှုဖြင့်ပါ ရင်ဆိုင် ကြုံတွေ့ရနိုင်သည်။
သို့သော်လည်း NSCN-K သည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စတင်၍ မြန်မာ့ တပ်မတော်နှင့် ရင်ဆိုင် တိုက်ပွဲများ မဖြစ်ပွား ရန် ထိန်းသိမ်း ထားနိုင်ခဲ့သလို သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်တွင်လည်း ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲ ရေးကို ချုပ်ဆိုထားနိုင်ခဲ့သည်။
ထို့ကြောင့် ဖိအားများ အနည်းအငယ် သက်သာနေသည်ဟု ဆိုနိုင်သည်။ သို့သော် NSCN-K သည် မြန်မာ့ တပ်မတော်ကို ထိခိုက်စေမည့် အကြောင်းအရာ တစုံတရာ လုပ်ဆောင်မိပါက တည်ငြိမ်ခြင်းမှသည် စစ်ပွဲများ အဖြစ် အသွင်ပြောင်းလဲ လာ နိုင်ပြီး မြန်မာနိုင်ငံအတွင်း အခြေစိုက် နေနိုင်ခြင်းလည်း ခက်ခဲသွားနိုင်သည်။
NSCN-K ၏ မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုများကို လေ့လာကြည့်ပါက ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့ (ကချင် လွတ်လပ်ရေး တပ်မတော် – KIA၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် – TNLA၊ ရက္ခိုင့် တပ်မတော် – AA၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – MNDAA) စသည့် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် မဟာမိတ်ပုံစံ ပါဝင်ခြင်း မရှိဘဲ သီးသန့်ရပ်တည်ကာ နာဂအရေးကို ဆောင်ရွက် နေသည်။
ထို့ကြောင့်လည်း မြန်မာ့တပ်မတော်နှင့် ထိပ်တိုက် တွေ့ဆုံမှု မရှိဘဲ တိုက်ပွဲများ မဖြစ်ပွားအောင် ထိန်းသိမ်း ထားနိုင်ခြင်း လည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အိန္ဒိယနိုင်ငံအတွင်းရှိ မျိုးနွယ်စုပေါင်း ၃၅ မျိုးရှိပြီး လူဦးရေ ၁.၉ သန်းရှိသော (၂၀၁၁ ခုနှစ်က အိန္ဒိယနိုင်ငံ သန်းခေါင် စာရင်းအရ) နာဂ လူမျိုးများအတွက် NSCN-IM က ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး အပါအဝင် ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ခွင့် ရှိရေး၊ ဘာသာစကား သင်ကြားခွင့် ရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ လွတ်လပ် စွာ သွားလာနိုင်ရေး၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်ပြုရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး စသည့် အခြေအနေများကို အိန္ဒိယ အစိုးရနှင့် ငြိမ်းချမ်းရေးယူကာ ဖော်ဆောင်နေသည်။
မြန်မာပြည်ရှိ နာဂလူမျိုး ၄ သိန်းဝန်းကျင်သည် စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အများဆုံး နေထိုင်လျက် ရှိကြပြီး ရန်ကုန်၊ မုံရွာ၊ မန္တလေး တို့တွင်လည်း နေထိုင် လျက် ရှိကြောင်း သိရသည်။
ထိုဒေသများအနက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ဒေသအဖြစ် သတ်မှတ် ခံနေရပြီး ဖွံ့ဖြိုးမှု အလွန်နိမ့်ကျလျက် ရှိသည်။
ဤအခြေအနေကို NSCN-K က ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု အားနည်းနေပြီး နာဂနိုင်ငံ ထူထောင်ရေးကိုသာ လုံးပမ်းနေခြင်း သည် မြန်မာနိုင်ငံအတွင်းရှိ နာဂများ အရေး အတွက် စဉ်းစားစရာ ဖြစ်နေသည်။
ထို့နောက် ၂၀၁၇ ခုနှစ် ဇွန် ၉ ရက်နေ့က NSCN-K ဥက္ကဋ္ဌ (မြန်မာနိုင်ငံသား နာဂလူမျိုး) ကပ္ပလန် သေဆုံး ပြီးနောက် NSCN-K တွင် အိန္ဒိယနိုင်ငံသား နာဂလူမျိုးများက ခေါင်းဆောင် နေခြင်းကြောင့် မြန်မာနိုင်ငံရှိ နာဂ လူမျိုးများ အရေးကို မဖော်ဆောင်ဘဲ အိန္ဒိယဘက်ခြမ်း အရေးကိုသာ အာရုံစိုက်နေသလား ဆိုသည့် အချက်သည်လည်း မရှင်းလင်းဘဲ ဖြစ်နေ သည်။
အဆိုပါ အခြေအနေများကို ကြည့်ပါက NSCN-K သည် မြန်မာနိုင်ငံရှိ နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နာဂ လူမျိုးများ ခေတ်မီသော လူ့ဘောင် အသိုင်းအဝိုင်းအတွင်း ဝင်ရောက်နိုင်ရေး ပထမဆုံး ဦးစားပေး ကြိုးပမ်းရန် လိုအပ်နေကြောင်း၊ ထို့နောက်တွင် နာဂနိုင်ငံ ထူထောင်ရေးကို ကြိုးပမ်းသင့် မသင့် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေ သည်။
NSCN-K အနေဖြင့် နာဂနိုင်ငံ ထူထောင်ရေး ဆက်လက် ဆုပ်ကိုင်ထားမည် ဆိုလျှင်လည်း ပထမဆုံး နာဂ လူမျိုးများ ကြားက ကွဲလွဲနေသော သဘောထား အမြင်များအရေးကို ဖြေရှင်းရန် လိုအပ်ပြီး ခေတ်စနစ်နှင့် ညီသော လုပ်ငန်းစဉ် များ ကို ဖော်ဆောင်ရန် လိုအပ်သည်။
မြန်မာနိုင်ငံအတွင်းရှိ နာဂများကို ကြည့်ပါက နာဂနိုင်ငံရေး ပါတီဟု သီးသန့် မရှိသေးပေ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့တွင် ပါဝင်နေကြသည်ကို တွေ့မြင်ရသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အိုးခရုခရိုင်မှ ထန်ကူမျိုးနွယ် Mr. Ra Thing Zimik (မြန်မာအမည် ကိုတင်မြင့်) က “အိန္ဒိယနာဂ- မြန်မာနာဂ ဆိုပြီး ဖြစ်နေပြီ။ ဒါကို ပေါင်းပြီး နာဂနိုင်ငံ လုပ်ဖို့က ခက်မယ်လို့ မြင်တယ်။ ဒါကို ဘယ်လို လုပ်မယ် ဆိုတာ ကျနော် မပြောတတ်ဘူး။ NSCN က ၂ ဖွဲ့ ဖြစ်နေတယ်။ တယောက်နဲ့ တယောက် ချနေတာ ဘယ်လို နာဂနိုင်ငံ ဖြစ်အောင် လုပ်လို့ရမလဲ”ဟု ပြောသည်။
အိန္ဒိယနှင့် မြန်မာ အစိုးရများကတော့ NSCN-K ကို ငြိမ်းချမ်းရေး တံခါးဖွင့်ထားကြောင်း ပြောသည်။
အိန္ဒိယ အစိုးရ ဘက်ကတော့ NSCN-K အနေဖြင့် စိတ်ကို ရှင်းရှင်းလင်းလင်းထားပြီး ဘာရမှဆိုသည့်အပေါ် အခြေခံ မနေ ဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဆိုလျှင် လက်ခံသွားမည် ဖြစ်ကြောင်း၊ မြန်မာအစိုးရ ဘက်ကမူ NSCN-K အနေဖြင့် ခွဲထွက် ရေး မပြုလုပ်ကြောင်း အာမခံမှသာလျှင် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်ခံ သွားမည် ဖြစ်ကြောင်း ပြောဆိုကြသည်။
NSCN-K ၏ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က နာဂအရေးသည် အလွန်ရှုပ်ထွေးသည့် အတွက် အိန္ဒိယနာဂ နှင့် မြန်မာ နာဂတို့ကို လွှမ်းခြုံနိုင်သည့် ညှိနှိုင်းမှု ရမှသာလျှင် ငြိမ်းချမ်းရေးကို ဆွေးနွေးမည်ဟု ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်းက ဧရာဝတီ ကို ပြောခဲ့ဖူးပါသည်။ ။