၁၉၉၀ ကာလတွေက အစပြုပြီး သဘာဝပတ်ဝန်းကျင်လုံခြုံရေး ဆိုတဲ့ သဘောတရားဟာ လုံခြုံရေးရာ လေ့လာမှုတွေမှာ တင်မက သဘာဝပတ်ဝန်းကျင်ရေးရာ လေ့လာချက်တွေမှာလည်း လွှမ်းမိုး နေရာယူ လာခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်လုံခြုံရေး ဆိုရာမှာ စကားလုံးနှစ်လုံး ပါဝင်ပါတယ်။ ပထမ စကားလုံးကတော့ သဘာ၀ ပတ်ဝန်းကျင် (environment) ဖြစ်ပါတယ်။ ပညာရှင် Boyden ဆိုသူက သဘာဝပတ်ဝန်းကျင် ဆိုတာကို Earth system ထဲမှာ ပါဝင်တဲ့ သက်ရှိပိုးမွှားများနဲ့ ရူပဆိုင်ရာ အစိတ်အပိုင်းများ၊ ဓာတုဆိုင်ရာ အစိတ်အပိုင်းများ လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ လုံခြုံရေး ဆိုတာကိုတော့ ပညာရှင် Soroos ဆိုသူက စိတ်ရောလူပါ ကျန်းမာမှုရှိတဲ့ ဘဝကို ကြည်နူးပျော်ရွှင်စွာ ရှင်သန်ရပ်တည်ရေးအတွက် လူသားတွေရဲ့ စိတ်ချယုံကြည်မှုလို့ အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။ ဒီစကားလုံး အဓိပ္ပာယ်တွေဟာ အကြောင်းအရာများစွာနဲ့ ဆက်စပ်နေတဲ့အတွက် သဘာဝပတ်ဝန်းကျင် လုံခြုံရေးဆိုင်ရာ အခြေခံလေ့လာချက်တွေမှာလည်း ရှုမြင်သုံးသပ်ချက်များစွာ ပေါ်ထွက်လာပါတယ်။
ပထမတမျိုးကတော့ သဘာဝပတ်ဝန်းကျင် လုံခြုံရေးဆိုတာကို သဘာဝပတ်ဝန်းကျင်အပေါ် လူသားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် သက်ရောက်မှုတွေအဖြစ် ရှုမြင်ချက် ဖြစ်ပါတယ်။ ဒါကို ecological security လို့လည်း သတ်မှတ်ကြပါတယ်။ ecosystem နဲ့ ecological processes တွေရဲ့ လုံခြုံရေးကို အဓိကခြိမ်းခြောက် နေတဲ့ အရာတွေဟာ လူသားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေလို့ ဒီအမြင်တွေက ယူဆထားပါတယ်။ ဒီရှုမြင်ချက်ဟာ အစိမ်းရောင် ဒဿနိကဗေဒ (Green Philosophy) နဲ့ ecological theory တွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး၊ စနစ်တကျ အမှီသဟဲပြုမှု၊ ရှုပ်ထွေးမှု၊ မသေချာ မရေရာမှု စတဲ့ သဘောတရားတွေ ပေါင်းစပ်ပါဝင်ပါတယ်။
ဒုတိယ ရှုမြင်သုံးသပ်ချက်တရပ်ကတော့ ဘုံလုံခြုံရေး (common security) အဖြစ် ရှုမြင်ချက် ဖြစ်ပါတယ်။ ဒီအမြင်အရ သဘာဝပတ်ဝန်းကျင်ပြဿနာများကို ဖြစ်ပွားစေမှုနဲ့ အကျိုးသက်ရောက်မှု တွေဟာ နိုင်ငံတနိုင်ငံချင်းရဲ့ နယ်နိမိတ်တွေမှာတင် ဖြစ်ပွားနေခြင်း မဟုတ်ဘဲ ကမ္ဘာ့အဆင့်ပြဿနာလို့ ယူဆချက်တွေ ရှိပါတယ်။
အိုဇုန်းလွှာပေါက်ပြဲမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ နိုင်ငံပေါင်းစုံက ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့တွေကြောင့် ဖြစ်ပြီး၊ ကမ္ဘာတဝှမ်းလုံးရဲ့ လုံခြုံရေးကို ထိခိုက်လာစေကြောင်း ရှုမြင်သုံးသပ်ကြပါတယ်။
ဒါတွေတင်မကဘဲ အခြားပြဿနာတွေဖြစ်တဲ့ အက်ဆစ် မိုးရွာသွန်းမှု၊ မီးခိုးလုံးများ ဖြစ်ပေါ်မှု၊ ရေရှားပါးမှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာတွေဟာလည်း ကမ္ဘာတဝှမ်းလုံးရဲ့ ပြဿနာတွေ ဖြစ်ကြောင်း ယူဆလာကြပါတယ်။ ဒီလိုယူဆချက်တွေအရ သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို နိုင်ငံတွေစုပေါင်းဖြေရှင်းရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းနဲ့ စုပေါင်းလုပ်ဆောင်မှု (collective action) အပေါ်မှာ အခြေခံတဲ့ ဘုံအမျိုးသားရေးလုံခြုံရေး အကျိုးစီးပွားများ (common national security interests) ကို ဖော်ထုတ်ဖို့ လိုအပ်လာကြောင်း အကြံပြုချက်တွေ ပေါ်ထွက်လာပါတယ်။
ဒီလို အကြံပြုချက်တွေကနေတဆင့် သဘာဝပတ်ဝန်းကျင်နဲ့ အမျိုးသားလုံခြုံရေးတို့အကြားက ဆက်နွယ်မှု တွေကို လေ့လာချက်တွေလည်း ပေါ်ထွက်လာပါတယ်။ သဘာဝပတ်ဝန်းကျင်မှာ တစုံတရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာ တဲ့အခါ တိုင်းပြည်ရဲ့ စစ်အင်အားကို အဆုံးအဖြတ်ပေးတဲ့ စီးပွားရေးအဆောက်အအုံကို အားပျော့လာစေ တတ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ဝန်ဆောင်မှုတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်တွေအတွက် အလွန်အရေးကြီးပါတယ်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် အခြေခံကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ သစ်တော၊ ငါးဖမ်း၊ သယံဇာတ တွင်းထွက်ပစ္စည်း ကဏ္ဍတွေသာမက သဘာဝပတ်ဝန်းကျင်ကို မှီခိုရတဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ခရီးသွားကဏ္ဍတွေကိုပါ ထိခိုက်လာစေတတ်ပါတယ်။
ဥပမာအားဖြင့် တရုတ်ပြည်ရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တည်ဆောက်ရေး အစီအစဉ်ဟာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအပေါ်မှာ တည်မှီနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ecology ပညာရပ် ရှူထောင့်ကနေ ကြည့်ရှုမယ်ဆိုရင်တော့ ရေရှည်တည်တံ့ခိုင်မြဲဖို့ ခဲယဉ်းကြောင်း အချို့ပညာရှင်များက ထောက်ပြပြောဆိုကြပါတယ်။ အဓိက အကြောင်းရင်းကတော့ ရေရှားပါးမှု၊ ညစ်ညမ်းရေများပြားမှုနဲ့ မြေဆီလွှာပျက်သုဉ်းမှု၊ စွမ်းအင်မလုံလောက်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးအဆောက်အအုံရဲ့ သဘာဝအရင်းအမြစ်များ ပျက်စီးလာတဲ့အခါ စစ်တပ်ရဲ့ ရေရှည် စွမ်းရည်ကလည်း ကျဆင်းနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါတင်မကပဲ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုဟာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတာကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်ရေးရာ ရှုထောင့်အရ ရေရှည်တည်တံ့ခိုင်မြဲမှု မရှိနိုင်ဘူးဆိုရင် အမျိုးသားလုံခြုံရေးကိုလည်း ထိခိုက်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
တိုင်းပြည်တခုမှာ ကြုံတွေ့ရတတ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဟာ အဓိကအားဖြင့် ပြည်တွင်းဖွံ့ဖြိုးရေးနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် အချို့ပြဿနာတွေကတော့ သက်ဆိုင်ရာ တိုင်းပြည်က ထိန်းချုပ်နိုင်မှုထက် ပိုမိုကျော်လွန်နေပါတယ်။ ထင်ရှားတဲ့ ဥပမာတွေကတော့ လတ္တီကျူတောင်ပိုင်းဒေသမှာ ကမ္ဘာ့အိုဇုန်းလွှာ ပါးလွှာမှုကြောင့် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း အပေါ် သက်ရောက်မှု၊ ပိုလီနီးရှားနဲ့ မာရှယ်လ်ကျွန်းစုတွေမှာ ဖြစ်ပွားခဲ့တဲ့ နယူးကလီးယား လက်နက် စမ်းသပ်မှုများရဲ့ သက်ရောက်မှု၊ ၁၉၈၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Chernobyl nuclear reactor မတော်တဆမှုကြောင့် အရှေ့ဥရောပနိုင်ငံများအပေါ် သက်ရောက်မှုများ၊ အင်ဒိုနီးရှားနိုင်ငံမှ တောမီးလောင်မှုများရဲ့ သက်ရောက်မှုကြောင့် ဖြစ်ရတဲ့ မလေးရှားနဲ့ စင်ကာပူမှ လေထုညစ်ညမ်းမှုများ စတာတွေ ဖြစ်ပါတယ်။
နိုင်ငံဖြတ်ကျော်သက်ရောက်မှုတွေဟာ ပြည်ပလုံခြုံရေး ခြိမ်းခြောက်မှုများနဲ့ ကွာခြားပါတယ်။ အဓိက ကွာခြားရခြင်း အကြောင်းရင်းကတော့ ထိန်းချုပ်ရန် ခက်ခဲမှုနဲ့ မရည်ရွယ်ပဲ ဖြစ်ပွားရခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း လေ့လာသူပညာရှင်များက သဘာဝပတ်ဝန်းကျင်လုံခြုံရေး ဆိုင်ရာ နိုင်ငံဖြတ်ကျော်သက်ရောက်မှုတွေကို ရန်သူမရှိသော ခြိမ်းခြောက်မှုများ (threats without enemies) လို့ အမည်ပေးထားကြပါတယ်။
သဘာဝပတ်ဝန်းကျင်အရေးဟာ ၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ဖွင့်ဆိုထားတဲ့ လူသားလုံခြုံရေးဆိုင်ရာ ကဏ္ဍခုနစ်မျိုးမှာ ပါဝင်တဲ့ ကဏ္ဍဖြစ်ပါတယ်။ အခြားကဏ္ဍ ၆ မျိုးကတော့ စီးပွားရေး၊ အစားအစာ၊ ကျန်းမာရေး၊ ပုဂ္ဂလိက၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေး စတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်အရေးဟာ နိုင်ငံတကာလုံခြုံရေးနဲ့ နိုင်ငံတော်လုံခြုံရေးတို့အပေါ် သက်ရောက်မှုတစုံတရာ ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး အချို့ ပညာရှင်များက ငြင်းဆိုမှုတွေ ရှိတတ်ပေမယ့် လူသားလုံခြုံရေးအပေါ် သက်ရောက်မှုရှိတာကတော့ ဘယ်သူမှ ငြင်းဆိုလို့မရတဲ့ သိသာထင်ရှားမှုတွေ ရှိပါတယ်။
လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်လုံခြုံရေး မရှိမှုတွေဟာ နည်းလမ်းမျိုးစုံ၊ အကြောင်းအရာမျိုးစုံနဲ့ ဖြစ်ပွားနေပါတယ်။ သဘာဝပတ်ဝန်းကျင်လုံခြုံရေးကင်းမဲ့မှု (environmental insecurity) ကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့ လူသားများနေထိုင်တဲ့ နေရာတွေနဲ့ အဆိုပါနေရာများရဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများ၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ဖြစ်ပွားစေတဲ့ ပျက်စီးဆုံးရှုံးမှုများနဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေအပေါ် တုန့်ပြန်နိုင်တဲ့ လူသားတို့ရဲ့ စွမ်းဆောင်ရည် မပြည့်ဝမှု စတာတွေ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အရှေ့တီမောက တောင်တန်းတွေမှာ နေထိုင်ကြတဲ့ ယာသမားကြီးတွေရဲ့ အစားအစာတွေဟာ သူတိုရဲ့ ယာထွက်ကုန်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပိုလျှံမှုတွေကို ရောင်းချမှသာ ငွေအနည်းအကျဉ်း လက်ဝယ်ရှိကြတာ ဖြစ်ပါတယ်။ အဲဒီယာမြေတွေမှာ တစတစနဲ့ မြေဆီလွှာ ပျက်သုဉ်းမှု ဖြစ်လာပါတယ်။ စားသောက်ကုန်တွေကို ရေရှည်သိမ်းဆည်းထားနိုင်တဲ့ အစီအမံတွေ အဲဒီဒေသမှာ မရှိပါဘူး။ ကုန်ပစ္စည်းတွေကို တနေရာကနေ တနေရာကို သယ်ယူပို့ဆောင်ပေးနိုင်မယ့် လမ်းပန်းဆက်သွယ်ရေးစနစ်တွေလည်း မရှိပါဘူး။
တစတစနဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ကျဆင်းလာပါတယ်။ မိုးလေဝသ အခြေအနေတွေက ဖောက်ပြန်လာပါတယ်။ မိုးခေါင်ရေရှား ဖြစ်လာပါတယ်။ ဒီအခါမှာ ယာခင်းတွေ ပျက်စီးလာပါတယ်။ ယာသမားကြီးတွေအတွက် အခြားအစားအစာတွေ ဝယ်ယူနိုင်ဖို့ ပိုက်ဆံကလည်း မရှိသလို၊ ပိုက်ဆံအနည်း အကျဉ်းရှိရင်တောင် ဝယ်ယူနိုင်ဖို့ အခြေအနေကလဲ ခက်ခဲလာပါတယ်။ ရလဒ်ကတော့ အရှေ့တီမောမှာ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှု ပြဿနာတွေ ဖြစ်လာပြီး ၂၀၀၃-၂၀၀၄ ခုနှစ်မှာ လူတသိန်းကျော်ဟာ စားနပ်ရိက္ခာထောက်ပံ့မှု လိုအပ်တဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။
ဒီပြဿနာကို ကြည့်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် လုံခြုံရေးကင်းမဲ့မှုဆိုင်ရာ အကြောင်းရင်းတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ အရှေ့တီမောက ယာသမားကြီးများဟာ သဘာဝပတ်ဝန်းကျင်အပေါ်မှာ မှီခိုပြီး နေထိုင်ရသူများ ဖြစ်ပါတယ်။ သူတို့တတွေဟာ ယာစိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ ဒေသမှာ နေထိုင်ပြီး၊ အသက်ရှင်ရပ်တည်မှုကလည်း ယာထွက်ကုန်များအပေါ်မှာ မှီခိုနေရတာ ဖြစ်ပါတယ်။ အခြား အစားအစာ များကို ဝယ်ယူဖို့အတွက်လည်း ဝင်ငွေရှိသူများ မဟုတ်ပါဘူး။ မြေဆီလွှာပျက်သုဉ်းမှုနဲ့ ရေပြတ်လပ်မှု တွေကို ကျော်လွှားနိုင်မယ့် စွမ်းဆောင်ရည်တွေလည်း မရှိကြပါဘူး။ မြေဆီလွှာပျက်သုဉ်းမှု ထိန်းချုပ်ရေး အစီအစဉ်များ၊ အစားအစာ ရေရှည်သိုလှောင်ထိန်းသိမ်းမှုများ ဆိုင်ရာ အသိပညာများလည်း မရှိကြပါဘူး။ ဒီလိုအခြေအနေတွေကို ပိုမိုဆိုးရွားစေတာကတော့ ကျေးလက်ဆင်းရဲနွမ်းပါးမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးမှုတွေပဲ ဖြစ်ပါတယ်။
အရှေ့တီမောက ယာသမားများနဲ့ သြစတြေးလျနိုင်ငံက လယ်ယာသမားများနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်လုံခြုံရေးကင်းမဲ့မှု ပြဿနာဟာ သဘာဝရေးရာ အခြေအနေတွေထက် လူမှုရေးရာ အခြေအနေတွေအပေါ် ပိုမိုမူတည်ကြောင်း တွေ့မြင်နိုင်ပါတယ်။ သြစတြေးလျနိုင်ငံက ယာသမားများဟာလည်း အလားတူ သဘာဝပတ်ဝန်းကျင် အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူများ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ စားသောက်နေထိုင်မှုဟာ ထွက်ကုန် ပစ္စည်းတွေ အပေါ်မှာ မူတည်နေခြင်း မရှိပါဘူး။ ထွက်ကုန်များကို ဈေးကွက်ကို ရောင်းချပြီး ရရှိလာတဲ့ ပိုက်ဆံနဲ့ အခြားအစားအစာများကို ဝယ်ယူစားသောက်ကြပါတယ်။ အစားအစာ သယ်ယူပို့ဆောင်ရေး စနစ်နဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းမွန်ပါတယ်။
ဒါတင်မကပဲ ရေရှည်သိမ်းဆည်း ထားနိုင်တဲ့ နည်းပညာနဲ့ ပစ္စည်းပစ္စယများလည်း ရှိပါတယ်။ အစိုးရရဲ့ လယ်ယာစိုက်ပျိုးရေးအပေါ် ထောက်ပံ့မှုအဆင့်ကလည်း မြင့်မားပါတယ်။ လယ်ယာထွက်ကုန် များအပေါ် အခြေမခံတဲ့ အခြား ဝင်ငွေများကို ရရှိနိုင်တဲ့ အခွင့်အလမ်းများလည်း ရှိပါတယ်။
သြစတြေးလျ နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ဘေးဆိုးကို ရင်ဆိုင်ရတဲ့အခါ လယ်သမား၊ ယာသမားတွေအနေနဲ့ အစာရေစာ ပြတ်လပ်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို မခံစားကြရပါဘူး။ ဒါကြောင့် လူသားတွေရဲ့ သဘာ၀ ပတ်ဝန်းကျင်လုံခြုံရေးကင်းမဲ့မှု ပြဿနာဟာ သဘာဝရေးရာ အခြေအနေတွေထက် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ အစိုးရရဲ့ တာဝန်ယူမှု၊ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးဆိုင်ရာ အခြေအနေတွေအပေါ် ပိုမိုမူတည်တယ်လို့ ဆိုနိုင်ပါတယ်။
ပညာရှင်အချို့က ဒီလို လူမှုရေးဆိုင်ရာ အခြေအနေတွေကို သက်ရောက်နိုင်မှု အတိုင်းအတာကို အဆုံးအဖြတ်ပေးသော လူမှုရေးအချက်အလက်များအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။ သဘာ၀ ပတ်ဝန်းကျင် ပြောင်းလဲမှုရဲ့ လူသားလုံခြုံရေးကို သက်ရောက်စေမှု အတိုင်းအတာကို အဆုံးအဖြတ် ပေးတဲ့ အဓိကအချက်များကတော့ ဆင်းရဲနွမ်းပါးမှု၊ အစိုးရရဲ့ ထောက်ကူပံ့ပိုးမှု၊ ဆုံးဖြတ်ချက်များအား ထိရောက်စွာချမှတ်နိုင်မှု၊ လူ့အဖွဲ့အစည်းရဲ့ social cohesion စတာတွေပဲ ဖြစ်ပါတယ်။ ဒီအချက် တွေက လူသားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုအပေါ် တုန့်ပြန်နိုင်စွမ်းရည် ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုရဲ့ လူသားလုံခြုံရေးအပေါ် သက်ရောက်မှုတွေကို ရှုထောင့်နှစ်မျိုး ခွဲခြားပြီး လေ့လာနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ရေးရာ ရှုထောင့်က ကြည့်မယ်ဆိုရင် လေထု ညစ်ညမ်းမှု၊ သစ်ထုတ်လုပ်မှု၊ တွင်းထွက်ပစ္စည်း တူးဖော်ရှာဖွေမှု စတာတွေဟာ လူတဦးချင်းဆီရဲ့ သဘာဝသယံဇာတ အသုံးပြုမှုနဲ့ ဝန်ဆောင်မှုများအပေါ် သက်ရောက်မှုရှိစေပါတယ်။
နိုင်ငံရေးနဲ့ လူမှုရေး ရှုထောင့်က ကြည့်မယ်ဆိုရင် တိုင်းပြည်ရဲ့ လူမှုဖူလုံရေးစနစ်၊ လာဘ်ပေးလာဘ်ယူမှု၊ ကုန်သွယ်မှု၊ အစိုးရရဲ့ တာဝန်ယူမှု စတာတွေဟာ လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုအပေါ် တုန့်ပြန်နိုင်စွမ်းရည်ကို သက်ရောက်မှု ရှိစေပါတယ်။ ဒါတွေတင်မကပဲ ကိုလိုနီစနစ်၊ စစ်ပွဲ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ကုန်သွယ်ရေးလွတ်လပ်ခွင့် စတာတွေကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူသား လုံခြုံရေး အပေါ် သက်ရောက်စေနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။
လုံခြုံရေးဆိုတာ ပါဝါရှိတဲ့ စကားလုံးတရပ်ဖြစ်ပြီး ပြဿနာတရပ်ကို လုံခြုံရေးပြဿနာအဖြစ် သတ်မှတ်လိုက်တာနဲ့ ပြဿနာရဲ့ အဖြေတွေကို ရှာဖွေမှုတွေမှာ နိုင်ငံတော် (The State) က ပါဝင်ပတ်သက်လာပြီး high politics ဖြစ်လာကြောင်း ပညာရှင် Waever ဆိုသူက ဆိုထားခဲ့ဖူးပါတယ်။ သဘာဝပတ်ဝန်းကျင် လုံခြုံရေးဟာ စစ်အေးတိုက်ပွဲအလွန်ကာလမှာ လုံခြုံရေးရာ ပြဿနာတရပ်အဖြစ် ပေါ်ထွက်လာတဲ့ သဘောတရားတခုဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားမှုတွေ၊ လေ့လာချက် တွေကတဆင့် နိုင်ငံတခုချင်းစီရဲ့ အမျိုးသားလုံခြုံရေးရာ ကိစ္စတင် မဟုတ်တော့ပဲ ကမ္ဘာ့လုံခြုံရေးရာ အဖြစ် သတ်မှတ်လာတဲ့အထိ ကျယ်ပြန့်လာတဲ့ သဘောတရား ဖြစ်လာခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ပဋိပက္ခတွေ ဖြစ်ပွားရတယ်လို့ ယူဆချက်တွေ ရှိသလို၊ လူသားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ဖြစ်ပွားရတယ်လို့ ယူဆချက်တွေလည်း ရှိပါတယ်။ ဒါတွေတင်မကပဲ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေက လူသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ ယူဆချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စုပေါင်းလုပ်ဆောင်မှု (collective action) အပေါ်မှာ အခြေခံတဲ့ ဘုံအမျိုးသားရေး လုံခြုံရေး အကျိုးစီးပွားများ (common national security interests) ကို ဖော်ထုတ်လာနိုင်ချိန်မှာတော့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အရာများကို ကျော်လွှားလာနိုင်မယ်လို့ ပညာရှင်အများစုက ယူဆထားကြပါတယ်။ ဒီလို စုပေါင်းလုပ်ဆောင်ကြရာမှာ အမျိုးသားများသာမကပဲ အမျိုးသမီးများကိုလည်း ပါဝင်ဆောင်ရွက်ခွင့်ပေးပြီး၊ အတူတကွ လုပ်ဆောင်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။