ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ရခိုင်လွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ၊ ဘဏ္ဍာ၊ အခွန်နဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်ထားမှုနဲ့ ပတ်သက်ပြီး ကော်မတီရဲ့ အစီရင်ခံစာကို လွတ်တော် ဥက္ကဋ္ဌကတဆင့် လွှတ်တော်ကို တင်ပြ၊ မဲခွဲဆုံးဖြတ်လိမ့်မယ်လို့ ယူဆထားခဲ့ကြ ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို ရုတ်တရက် ရွှေ့ဆိုင်းလိုက်တာကို တွေ့ရပြီး ဘာကြောင့် လွှတ်တော် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ရသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
အခု လာမယ့်ရက်ပိုင်းမှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်ကို တင်ပြလာတဲ့ မီနီဘတ်ဂျက်ထဲမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ တည်ဆောက်မယ့် ဈေး ၅ ဈေး ကိစ္စ ထပ်မံ ပါလာတာကြောင့် နောက်ထပ် စီမံ၊ ဘဏ္ဍာ၊ အခွန်နဲ့ စီပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ဥပဒေအရ ပေးအပ်ထားတဲ့တာဝန် ကျေပွန်စွာ မထမ်းဆောင်နိုင်ဘူး ဆိုပြီး တာဝန်ကနေရပ်စဲဖို့ လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဈေး ၅ ဈေး ကိစ္စနဲ့ပဲ ရခိုင်ပြည်နယ်လွှတ်တော်ဟာ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ရာထူးကနေ ဖြုတ်ချခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းနဲ့ လွှတ်တော် ကိုယ်စား လှယ် တချို့ကြား အပေးအယူတွေနဲ့ စည်းရုံးမှုတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် သတင်းရပ်ကွက်က ဆိုပါ တယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်လွှတ်တော်ကို ရခိုင်အမျိုးသားပါတီ (ANP) က လွှမ်းမိုးထားတယ်လို့ ပြောလို့ရ ပေမယ့် ပါတီကနေ နုတ်ထွက်ထားတဲ့ ကိုယ်စားလှယ် တချို့ရှိနေတာကြောင့် ဝန်ကြီး ဦးကျော်အေးသိန်းဟာ စည်ပင် ဝန်ကြီး ဦးမင်းအောင်လိုပဲ ရာထူးကနေ နုတ်ထွက်ရမလား၊ ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။
သေချာတာတခုကတော့ တကယ်လို့သာ ရခိုင်ပြည်နယ် လွှတ်တော်ဟာ ဝန်ကြီး ဦးကျော်အေးသိန်းကို ဝန်ကြီးရာထူး ကနေ ဖြုတ်ချခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား အားပြိုင်မှုတွေ ပိုမို ပြင်းထန်လာဖို့ ရှိသလို၊ တဖက်မှာလည်း လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှု မအောင်မြင်ခဲ့ရင် လွှတ်တော်အပေါ် ရခိုင်လူထုရဲ့ယုံကြည်မှု ကျဆင်းလာ နိုင်ပါတယ်။
အဲဒီတော့ အခုလို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား အားပြိုင်မှုတွေ၊ စွပ်စွဲပြစ်တင်မှုတွေ ဘာကြောင့် ဖြစ်လာရသလဲ၊ အဲဒီ အားပြိုင်မှုရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းအရာတွေ ရှိနေကြသလဲ၊ ဘယ်သူတွေကို အကျိုးဖြစ်စေသလဲဆိုတာ ဆွေးနွေးတင်ပြ သွားပါ့မယ်။
ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်ပြည်နယ် လွှတ်တော်မှာ နေရာ အများဆုံး ရရှိခဲ့ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် မရရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အတိုက်အခံပါတီ အဖြစ် ရပ်တည်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အလားတူပဲ ရခိုင်ပြည်နယ် မြို့နယ်တချို့က ရခိုင်ပြည်သူတွေကလည်း ANP အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိဖို့ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ရှိခဲ့ကြပါသေးတယ်။
အဲဒီအချိန်တုန်းကတော့ ANP ဟာ သူတို့ပါတီနဲ့ ဆွေးနွေးမှု မလုပ်ခဲ့ရင် NLD ပါတီ အနေနဲ့ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အကျပ်အတည်းနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယူဆထားခဲ့ပုံ ရပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ANP ပါတီဘက်က ယူဆထားသလို ဖြစ်မလာဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက သူတို့ပါတီဝင်ဖြစ်တဲ့ ဂွမြို့နယ်ကိုယ်စားလှယ် ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ခဲ့ ပါတယ်။
နိုင်ငံတော်သမ္မတက ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် ရခိုင်ပြည်နယ် လွှတ်တော်မှာ အမည်စာရင်း တင်သွင်းတဲ့ နေ့မှာပဲ ANP က ကိုယ်စားလှယ်တွေဟာ သူတို့ ရင်ဘတ်မှာ အမည်းရောင် စတစ်ကာတွေ ကပ်ပြီး လွှတ်တော် ခန်းမထဲကနေ ထွက်ခွာ ဆန္ဒပြခဲ့ကြပါသေးတယ်။
အဲဒီ အချိန်ကစလို့ ANP နဲ့ NLD ပါတီကြားမှာ ဆက်ဆံရေးတွေ ပြတ်တောက်ခဲ့ပြီး NLD ဦးဆောင် တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ANP ဦးဆောင်တဲ့ လွှတ်တော်ကြားမှာပါ ထိပ်တိုက်တွေ့မှုတွေ အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။
အခြားတဖက်မှာတော့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီ ပြဿနာ အပြင် ရခိုင်အရေးအရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ANP ပါတီအပါအဝင် ရခိုင် တိုင်းရင်းသားတွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုမရှိသလို၊ သူတို့ရဲ့ အသံတွေကို လျစ်လျူရှုထားတာကို ထင်ထင်ရှားရှား တွေ့လာရပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီပြဿနာကို ဖြေရှင်းဖို့ အာဏာရ NLD အစိုးရက ဦးဆောင် ဖွဲ့စည်း နေတဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်အပါအဝင် ကော်မတီ၊ ကော်မရှင်နဲ့ အကြံပေးအဖွဲ့တွေမှာ ရခိုင် တိုင်းရင်း သား ကိုယ်စားပြုသူတွေ ပါဝင်ခွင့်မရရှိသလို၊ NLD ပါတီက ကြီးစိုးတဲ့ ပြည်ထောင်စု လွှတ်တော်မှာလည်း ANP ကိုယ်စား လှယ်တွေ တင်သွင်းတဲ့ အဆိုတွေ မအောင်ခဲ့ပါဘူး။ ဒါကြောင့် NLD အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ANP နဲ့ ရခိုင်လူထုက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် လွှတ်တော် မှာတော့ အဆိုတွေကို အတည်ပြုနိုင်ပေမယ့် ရခိုင်ပြည်နယ်အစိုးရဘက်က အလေးထား အကောင် အထည် ဖော်မှု အားနည်းသလို၊ လွှတ်တော်မှာ မေးခွန်းတွေကို တိတိကျကျ ဖြေဆိုမှု မရှိတာကို တွေ့ရပါတယ်။
အဲဒီလို အခြေအနေမှာပဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပေါ် လွှတ်တော်ဘက်က မကျေလည်မှုတွေဟာ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ် ချက်ကို အဓိက လွှမ်းမိုးထားသူ တဦးဖြစ်တဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်ဖို့ မြားဦး လှည့်ခဲ့ပါ တယ်။
ဒါကြောင့် ပြီးခဲ့တဲ့ လပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို အချက် ၉ ချက်၊ အထူး သဖြင့် ရခိုင်ပြည်နယ်က တည်ဆောက်မယ့် ဈေး ၅ ဈေးကိစ္စနဲ့ ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲ ပြစ်တင်ပြီး ရာထူးကနေ ဖြုတ်ချခဲ့ပါတယ်။
စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ဝန်ကြီး ရာထူးကနေ ဖြုတ်ချမှုရဲ့ နောက်ကွယ်မှာ လွှတ်တော် ကိုယ်စားလှယ် တချို့ ရဲ့ ကိုယ်ကျိုးစီးပွားတွေနဲ့ ဆက်စပ်မှုတွေလည်း ရှိနိုင်ပါတယ်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ရခိုင်ပြည်နယ် လွှတ်တော်က စည်ပင် ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်မှုဟာ အုပ်စုဖွဲ့အနိုင်ကျင့်မှု ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
ဒါပေမယ့် ထူးခြား တာတခုကတော့ ရခိုင် အမျိုးသား ပါတီ (ANP) က လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ ANP က နုတ်ထွက်စာ တင်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ NLD ကိုယ်စားလှယ်တချို့ကတော့ ညီညီညွတ်ညွတ်နဲ့ ဝန်ကြီး ဦးမင်းအောင်ကို ဝန်ကြီးရာထူးကနေ ဖြုတ်ချခဲ့ကြတာ ဖြစ်ပါ တယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို လွှတ်တော်က မဲခွဲ ဆုံးဖြတ်ပြီးနောက်မှာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ရသေ့တောင်မြို့ စာပေဟောပြောပွဲနဲ့ ပတ်သက် ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပုဒ်မ (၃) ခုနဲ့ တရားစွဲဆို လိုက်ပါတယ်။
ဒေါက်တာ အေးမောင် တရားစွဲဆိုခံရတဲ့ တရက်တည်းမှာပဲ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို နိုင်ငံတော် သမ္မတက တာဝန်ကနေ ရပ်စဲကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
ဒီအဖြစ်အပျက်တွေဟာ တိုက်ဆိုင်မှု တခုလည်း ဖြစ်နိုင်သလို၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ရာထူးကနေ ဖြုတ်ချရာ မှာ ဒေါက်တာအေးမောင်က နောက်ကွယ်မှာ ရှိနေတယ်လို့ ယူဆထားလို့ ပြန်လည် ချေပတဲ့ သဘောလည်း ဖြစ်နိုင်ပါ တယ်။
ဒေါက်တာ အေးမောင်ကတော့ သူဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးမင်းအောင်ကိစ္စနဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်က ပုံလံျှရန်ပုံငွေကိစ္စကို ပြည်သူ့ လွှတ်တော်မှာ မေးခွန်း မေးမြန်းဖို့ တင်ပြထားမှုအပေါ် သံသယဖြစ်မိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား ၆ လတာ မီနီဘတ်ဂျက် ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့ကြပေမယ့် သဘောတူညီမှုတွေ မရရှိခဲ့တာကြောင့် ဘဏ္ဍာငွေ ၇၀ ဘီလျံကျော် ထဲက ၆ ဘီလျံကျော်ကို ဖြတ်တောက်ဖို့ ပြီးခဲ့တဲ့ လပိုင်းက ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
တကယ်တော့ ရခိုင်ပြည်နယ်လွှတ်တော်က ဘဏ္ဍာငွေ ၆ ဘီလျံကျော် ဖြတ်တောက်မှုမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က သူတို့ လုပ်ပိုင်ခွင့်အတိုင်း ဆောင်ရွက်တာဖြစ်တယ်၊ လွှတ်တော်ဘက်ကလည်း သူ့လုပ်ပိုင်ခွင့် အတိုင်း အစိုးရကို ထိန်းကျောင်းတာ ဖြစ်တယ် ဆိုတဲ့ မာန၊ အတ္တ ကိုယ်စီကို ဆုပ်ကိုင်ထားကြပါတယ်။ တဖက်မှာလည်း အစိုးရအဖွဲ့နဲ့ လွှတ်တော်ဟာ သူတို့ လုပ်ဆောင်ချက်တွေကို ရခိုင်ပြည်သူတွေ အတွက် ဆောင်ရွက်ကြတာလို့ ပုံဖော်နေကြတာ လည်း တွေ့ရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်လွှတ်တော်က စီမံ၊ ဘဏ္ဍာ၊ အခွန်နဲ့ စီပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင် နေချိန် မှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ရခိုင်ပြည်နယ် ပညာရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆက်သွယ် ရေး ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်လိုက်ပါတယ်။
ဒါပေမယ့် နောက်ကွယ်မှာတော့ ရမ်းဗြဲမြို့နယ် ကိုယ်စားလှယ် ဦးသန်းမောင်ဦးဟာ တရားစွဲဆို မခံရမီ ရက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကိစ္စ အချေအတင် ဖြစ်ခဲ့ကြပါတယ်။ အခုကိစ္စနဲ့ ဘယ်လောက် ဆက်စပ်မှုရှိသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား နိုင်ငံရေးအရ အားပြိုင်မှုတွေ ရှိနေသလို၊ နောက်ကွယ်မှာ ကိုယ်ကျိုးစီးပွား အားပြိုင်မှုတွေ ရှိနေကြတာကြောင့် အခြေအနေ တွေဟာ တနေ့ထက် တနေ့ ပိုမိုရှုပ်ထွေး လာနေပါတယ်။
အခုလို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား အားပြိုင်မှုဟာ ကောင်းတဲ့လက္ခဏာ မဟုတ်သလို၊ ပြဿနာ ကို ဖြေရှင်းတဲ့ နည်းလမ်းလည်း မဟုတ်ပါဘူး။ တကယ်တော့ အဲဒီ အားပြိုင်မှုဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို ပိုမို ဆိုးရွားတဲ့ အခြေအနေ တရပ်ဆီ တွန်းပို့နေသလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ရခိုင်ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကြား အားပြိုင်မှုတွေ၊ ထိပ်တိုက်တွေ့မှု တွေ ထက် အပြန်အလှန် လေးစားမှု၊ ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု ရှိမှသာလျင် ရေရှည်မှာ ရခိုင်ပြည်သူတွေနဲ့ ရခိုင် ပြည်နယ် အတွက် ပိုမို အကျိုးရှိလိမ့်မယ်လို့ သုံးသပ် တင်ပြလိုက်ရပါတယ်။ ။
စာရေးသူ ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒ လေ့လာသုံးသပ်ချက် ဆောင်ပါးများကို ရေးသားနေသူ ဖြစ် သည်။ သူသည် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ စီမံကိန်းရေးဆွဲရေးနှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ကို ရရှိခဲ့သူလည်း ဖြစ်သည်။