ဆောင်းပါး

အရာရှိကြီးများကို တပ်မှ ထုတ်သော်လည်း ဖိအား လျော့မည့်ပုံ မမြင်

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာခေါ် ဘင်္ဂလီ ၇၀၀၀၀၀ နီးပါး ထွက်ပြေးခဲ့ရသော ရခိုင်ပြည်နယ် မြောက်ပိုင်းစစ်ဆင်ရေးတွင် လုံခြုံရေးဆောင်ရွက်ချက် အားနည်းခဲ့သည့်အတွက် အဆင့်မြင့်အရာရှိ အချို့ကို ထုတ်ပယ်လိုက်ကြောင်း မြန်မာ့တပ်မတော်က ဇွန်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သော်လည်း စက်တင်ဘာလတွင် ကျင်းပရန် ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားများ ဆက်လက်မြင့်မားနေဦးမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် နိုင်ငံရေးသမား အများအပြားက ခန့်မှန်းထားကြသည်။

ဥရောပသမဂ္ဂ(EU) က စစ်ဖက်ဆိုင်ရာအရာရှိ ၅ ဦး နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ကိုလည်း ပစ်မှတ်ထား ဒဏ်ခတ်အရေးယူခြင်းကို ပြီးခဲ့သည့် ဇွန် ၂၅ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ အရာရှိကြီးများသည်၂၀၁၇ ခုနှစ် အတွင်းက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများတွင် တိုက်ရိုက်ပါဝင် ပတ်သက်သူများဖြစ်သည်။ တနေ့တည်းမှာပင် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အရာရှိများကို ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကြေညာခဲ့သည်။ ဥရောပသမဂ္ဂ၏ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူခြင်းမှာ အသစ်အဆန်း မဟုတ်ပါ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက EU သည် မြန်မာ လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝေဖန် ပြစ်တင်ခဲ့ပြီး တာဝန်ရှိသူများကို ပစ်မှတ်ထားကန့်သတ်မှုများ ပြုလုပ်ရန် ထိုစဉ်ကတည်းက ပြင်ဆင်နေခဲ့သည်။

EU က ထုတ်ပြန်ခဲ့သည့် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွင် ပါဝင်သူများမှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အမှတ်(၃) အထူးစစ်ဆင်ရေး အဖွဲ့မှူး အဖြစ်ဆောင်ရွက်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ၂၀၁၆ မှ ၂၀၁၇ အထိ ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ် မောင်မောင်စိုး၊ အမှတ် (၉၉) ခြေမြန်တပ်မ၏ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး၊ အမှတ် (၃၃) ခြေမြန်တပ်မှ၏ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် သူရစန်းလွင် နှင့် စစ်ဆင်ရေးများတွင် ဗိုလ်မှူးချုပ် အောင်အောင်ကို ကူညီခဲ့သော အမှတ် (၈) လုံခြုံရေး ရဲတပ်ရင်းမှူး သန့်ဇင်ဦးတို့ ဖြစ်သည်။

ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်လိုက်သည့် တပ်မတော်၏ကြေညာချက် တစောင်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးသည် အစိုးရဝန်ထမ်းများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က နှောင့်ယှက်တိုက်ခိုက်မည့် သတင်းများ ကြိုတင်ရရှိခဲ့သော်လည်း လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ မြေပြင်စစ်ဆင်ရေးများတွင် စီမံခန့်ခွဲမှုများ မှားယွင်းခဲ့သောကြောင့် ဗိုလ်ချုပ် မောင်မောင်စိုးကို မတ်လ ၆ ရက်နေ့တွင် ရာထူးမှ ဆိုင်းငံ့ထားခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့တွင် တရားဝင် ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားသည်။

ထို့ အပြင် ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများကို အနီးကပ်ကြီးကြပ်ရန် တာဝန်ပေးခံရသော ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည်လည်း မေလ ၂၂ ရက်နေ့တွင် သူ၏ ဆန္ဒအလျှောက် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး တလတည်း အတွင်းမှာပင် ရဲမှူးချုပ် သူရစန်းလွင်သည်လည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ အခြားတပ်မတော် အရာရှိ ၃ ဦးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိတဦးကို မည်သို့ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ရည်ညွှန်းရေးသားထားခြင်း မရှိပေ။

ဧရာဝတီက ရဲတပ်ရင်းမှူး သန့်ဇင်ဦး ထံ ဇွန်လ ၂၆ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မေးခွန်းများကို ဖြေဆိုပေးရန် သူက ငြင်းဆန်ခဲ့သည်။ “လုံခြုံရေးကိစ္စတွေ၊ ကျနော့်ရဲ့ အထက်လူကြီးတွေနဲ့ အစည်း အဝေးတွေနဲ့ ကျနော် အရမ်း အလုပ်များနေပါတယ်” ဟုသာ ပြန်ဖြေခဲ့ပါသည်။

မြန်မာဘာသာဖြင့် ထုတ်ပြန်သည့် တပ်မတော်၏ ကြေညာချက်တွင် “အကြမ်းဖက် ဘင်္ဂလီများ” ဆိုသည့် စကားလုံးကို သုံးစွဲသွားထားပါသည်။ ဘင်္ဂလီဆိုသည်မှာ မြန်မာပြည်သူ အများစုက ရိုဟင်ဂျာများကို ရည်ညွှန်းသည့် အသုံးအနှုန်းဖြစ်ပါသည်။ သူတို့သည် ဗြိတိသျှကိုလိုနီခေတ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အလုပ်သမားရှားပါးမှုကို ဖြည့်တင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ခေါ်ဆောင်လာသော ရွှေ့ပြောင်းရောက်ရှိလာသူများဟု ဆိုလိုခြင်းဖြစ်သည်။

တပ်မတော်၏ ကြေညာချက်သည် နိုင်ငံတကာ ဖိအားများကြောင့် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း အချို့နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် နိုင်ငံရေးအချို့က ယူဆကြသော်လည်း အခြားသူများကမူ လုပ်ရိုးလုပ်စဉ်တခု ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြင်ကြပါသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာ ဆန်းစစ်သူတဦးဖြစ်သည့် ဒေါက်တာ ရန်မျိုးသိန်းက တပ်မတော်၏ ဆောင်ရွက်မှုကို ကနဦး ခြေလှမ်းတရပ်အနေဖြင့် ကြိုဆိုကြောင်းနှင့် ယခင်ကာလများနှင့် မတူသည့်ထုတ်ပြန်ချက်ဟု ရှုမြင်သည်။ တပ်မတော်က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးတရပ်ကို ထိန်းသိန်းထားရန် ဆန္ဒ ရှိကြောင်း ဖော်ပြနေသည့် သံတမန်ရေးရာ လက္ခဏာတခု အဖြစ် သူက ယူဆပါသည်။ ဥရောပသမဂ္ဂ၊ အမေရိကန် နှင့် အခြား သော အနောက်နိုင်ငံများ၏ ထောက်ခံမှုက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးကြောင်းလည်း ဒေါက်တာ ရန်မျိုးသိန်းက ထောက်ပြပြောဆိုထားသည်။ အကယ်၍ နိုင်ငံတကာဖိအား များလာလျှင် မြန်မာနိုင်ငံအနေဖြင့် ၎င်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဆက်ဆံရေးကို ခိုင်မြဲစေရန် ဗျူဟာမြောက်ဆောင်ရွက်သင့်ကြောင်း သူက ဆိုသည်။

တပ်မတော်အနေဖြင့် ၎င်းတို့၏အရာရှိများကို တပ်မတော်၏ ဥပဒေ၊ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများသာမက လူမှုကျင့်ဝတ်များကိုပါ လိုက်နာမှုရှိ၊ မရှိ အနီးကပ်စောင့်ကြည့်ခြင်းဖြင့် အရာရှိတိုင်းအပေါ် ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနှင့် အရေးယူဆောင်ရွက်ရန် ဒေါက်တာ ရန်မျိုးသိန်းက တိုက်တွန်းသည်။ အရာရှိများအနေဖြင့် ၎င်းတို့၏ တရားဝင်လုပ်ပိုင်ခွင့် ဘောင်ကျော်လွန်သည့်အခါတွင် တပ်မတော် အနေဖြင့် စွပ်စွဲခံရသည့် မတရားမှုကို စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်ကို အများပြည်သူ သိစေရန် ထုတ်ပြန်ပေးသင့်ကြောင်း သူကပြောသည်။ ယင်းသို့ဆောင်ရွက်ခြင်းမှာ ကမ္ဘာတလွှားမှ တပ်မတော်များသည်လည်း ၎င်းတို့တပ်မတော်အရာရှိများကို အနီးကပ်စာင့်ကြည့်ခြင်း စုံစမ်း စစ်ဆေးမှုများဆောင်ရွက်သည့် စံနမူနာ ရှိ၍ဖြစ်ကြောင်း ဆိုသည်။

“တပ်မတော်က အနာဂတ်မှာ ဒါကို ပိုလုပ်လာမယ်လို့ ကျနော်ထင်ပါတယ်” ဟု ဒေါက်တာ ရန်မျိုးသိန်းက ပြောသည်။

မြန်မာနိုင်ငံသည် ကမာ့္ဘ့အဖွဲ့ အစည်းတခု၏ အဖွဲ့ဝင် ဖြစ်သည့်အတွက် ကုလသမဂ္ဂ နှင့် ထိတွေ့ဆောင်ရွက်မှုကို တိုးမြှင့်ခြင်းက စိန်ခေါ်မှုများ၊ ဒွိဟများနှင့် နိုင်ငံတကာ ဖိအားများကို လျှော့ချနိုင်လိမ့်မည်ဟု သူက ယုံကြည်ထားသည်။ သို့သော်လည်း ထိုချဉ်းကပ်မှုတွင် အားသာချက်များရော အားနည်းချက်များပါ ရှိလိမ့်မည် ဖြစ်ကြောင်းပြောသည်။

ရခိုင်မြောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများ မပေါ်ပေါက်မီက အချိန် အတော်ကြာ သွားရောက်လေ့လာခဲ့သော တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ ဦးမောင်မောင်စိုးကလည်း လတ်တလောတွင် တပ်မတော်က ထိပ်တန်းအရာရှိ ၃ ဦးကို ထုုတ်ပယ်လိုက်ခြင်းက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားများ လျှော့ချရေးတွင် အနည်းငယ်မျှသာ သက်ရောက်မှု ရှိလိမ့်မည် ဖြစ်ကြောင်း သဘောတူသည်။

“တပ်မတော်ကရော အစိုးရကပါ EU နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ ဆက်ဆံရေးက အလွန်အရေးကြီးပါတယ်။ နေပြည်တော်မှာ EU ရုံးသစ်တခု ဖွင့်လှစ်ဖို့ စီစဉ်ပေးတာက မြန်မာနိုင်ငံက ရည်ရွယ်ထားတဲ့ ခြေလှမ်းတွေထဲက အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်” ဟု ဒေါက်တာ ရန်မျိုးသိန်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ဒေါ်ပြုံးကေသီနိုင် က EU ၏ အရေးယူ ပိတ်ဆို့မှုသည် မျှော်လင့်ထားပြီးသော အရာဖြစ်ကြောင်းနှင့် တပ်မတော်၏ နောက်ဆုံး ခြေလှမ်းက ၎င်းတို့သည် လုပ်ပိုင်ခွင့် ဘောင်ကျော်သော အရာရှိများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

သို့သော်လည်း အဆိုပါရခိုင်မြောက်ပိုင်းတွင် လက်နက်ကိုင်လှုပ်ရှားနေကြသည့် ရက္ခိုင့်တပ်မတော် (AA)၊ ARSA စစ်သွေးကြွများ နှင့် မူးယစ်ဆေး ဂိုဏ်းများကဲ့သို့သော အရေးပါသည့် အဖွဲ့အစည်းများ လှုပ်ရှားနေကြသည့်အတွက် တာဝန်ကျ လုံခြုံရေးအရာရှိများကိုသာ အလွယ်တကူ အပြစ်တင်ခြင်းက မျှတလိမ့်မည် မဟုတ်ကြောင်း သူကဆိုသည်။ ထို့အပြင် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သော ကျေးရွာများအတွင်းမှ ရန်လိုသည့် အသိုင်းအဝိုင်းသည်လည်း ပိုမိုဆိုးရွားသည့်အခြေအနေတရပ်သို့ ရောက်ရှိစေရန် တွန်းပို့ခဲ့သည်ကိုလည်း ထည့်တွက်သင့်ကြောင်း ဆိုပါသည်။

“အခုအချိန်မှာ နှုတ်အားဖြင့် အငြင်းပွားနေမယ့်အစား ဒီဘက် (တပ်မတော်အရာရှိတွေ) အနေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်မှုတွေကို သက်သေ ခိုင်ခိုင်လုံလုံနဲ့ အထောက်အထား ပြဖို့လိုပါတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုကို ပထမဆုံး အနေဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးများ အကောင်အထည်ဖော်သည့် နေရာတွင် အားနည်းချက်အချို့ ရှိနိုင်သည့်အတွက် နိုင်ငံတကာ အသိုင်းအဝန်းအနေနှင့် မြန်မာနိုင်ငံ၏ အခြေအနေကို နားလည်ပေးရန် သူက တိုက်တွန်းခဲ့ပါသည်။

“ပြီးခဲ့တဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူမယ်ဆိုရင် ဒါ ကျမတို့ အတွက် တကယ်ကို ကောင်းပါတယ်” ဟု ဒေါ် ပြုံးကေသီနိုင်က ပြောသည်။

တပ်မတော်၏ ဆောင်ရွက်မှု အပေါ် နိုင်ငံရေးသမား အချို့က ကြိုဆိုခဲ့ကြသော်လည်း ရခိုင် အမျိုးသား ပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းတွင် မတူကွဲပြားသော အမြင်ရှိနေသည်။ အခြားတိုင်းပြည်များတွင်လည်း ထိုကဲ့သို့သော ပဋိပက္ခကို ကိုင်တွယ်ပုံ မှားယွင်းမှုများ အလားတူရှိခဲ့သည့်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားကို ဖြေလျော့ရန် တပ်မတော်အရာရှိများကို ပြစ်ဒဏ်ပေးခြင်းမှာ မလိုအပ်ကြောင်း သူက ပြောသည်။

လက်တွေ့မြေပြင်မှ အခြေအနေများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မည်သူမည်ဝါကို အကြမ်းဖက်သမားဟု ခွဲခြားရန် အလွန်ခက်ခဲ့သည့် အနေအထားရှိခဲ့ကြောင်း သူပြောသည်။ အဘယ်ကြောင့် ဆိုသော် နယ်မြေရှင်းလင်းရေး စတင်ခဲ့သောအချိန်၊ ၂၀၁၇ သြဂုတ်လ တိုက်ခိုက်မှုများတွင် ပါဝင်သည့် ကျေးရွာများ အားလုံးသည် ARSA နှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပတ်သက်ဆက်နွယ်နေသောကြောင့်ဖြစ်ကြောင်း ပြောသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဒေသတွင်းတွင် တရားဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်မှု နှစ်ပေါင်းများစွာ အားနည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ယင်းအခြေအနေကြောင့် ARSA ခြေကုပ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

“မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) လွှဲပြောင်းပေးဖို့ တောင်းဆိုနေတဲ့ လက်ရှိအခြေအနေက နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လက်တွေ့မှာ ဘာတွေ ဖြစ်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် မသိရှိတာတွေရဲ့ ရလဒ် ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး သူတို့ပြောကြတဲ့ အခါတိုင်း လူ့အခွင့်အရေးနဲ့ လူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးတာကိုပဲ ဇောင်းပေးပြောကြတာ” ဟု ဦးဖေသန်းက ပြောသည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုနှင့် မြန်မာနိုင်ငံ၏ မဝေးသော အနာဂတ်အပေါ် လေ့လာသုံးသပ်သူများနှင့် နိုင်ငံရေးသမားတို့အကြား အမြင်များကွဲပြားမှု ရှိကြသော်လည်း တူညီသည့်ရှုမြင်ပုံတခု ရှိနေပါသည်။ ယင်းမှာ ရိုဟင်ဂျာထောက်ခံသူများနှင့် ရိုဟင်ဂျာအရေးဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ တကယ့်ရည်မှန်းချက်ပန်းတိုင်မှာ တပ်မတော်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး(ICC) သို့ခေါ်ဆောင်ရေးနှင့် ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့် အာမခံချက် ရရှိရေးဖြစ်သည့်အတွက် စက်တင်ဘာလတွင် ကျင်းပရန်ရှိနေသော ကုလသမဂ္ဂ အထွေထွေ ညီလာခံ နီးလာသည်နှင့်အမျှ နိုင်ငံတကာဖိအားများက ပိုတိုးလာဖွယ်ရှိကြောင်း ရှုမြင်ကြခြင်းပင်။

(အင်္ဂလိပ်ဘာသာဖြင့် Analysis: Sacking of Senior Army Officers Unlikely to Reduce International Pressure over Rakhine  တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading