ဆောင်းပါး

တရုတ်က ဆရာကြီးဖြစ်လည်း ဗီယက်နမ်ကို ကင်ဂျုံအွန်း စံနမူနာထား

Want create site? Find Free WordPress Themes and plugins.

လအတန်ကြာအတွင်း တရုတ်နိုင်ငံသို့ သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့သော ကင်ဂျုံအွန်း၏ သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခုအထိ ဆက်လက် သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။

ကင်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကြောင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို ရှင်းလင်း ပြောကြားရန် ဘေဂျင်းသို့ သွားရောက်ခဲ့သော်လည်း ယခုနှစ် အစောပိုင်းက သူ ပြောကြားခဲ့သော မှတ်ချက်တခုမှာ လေ့လာသူများအကြား ပဲ့တင်ထပ်နေဆဲဖြစ်သည်။

ပြုံယမ်းသည် ဗီယက်နမ်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို နမူနာယူသင့်သည်ဟု ကင်က ဧပြီလ နှောင်းပိုင်းတွင် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနှင့် ခုံတန်းတခုတွင်ထိုင်ရင်း ပြောခဲ့သည်။

ဇွန်လ ၁၂ ရက်နေ့က ထရမ့်နှင့်တွေ့ဆုံခဲ့စဉ် ကင်သည် နျူကလီးယားလက်နက် စွန့်လွှတ်မည့် အသေးစိတ် အစီအစဉ်ကို ကတိကဝတ်ပေးရန် မလိုဘဲ အမေရိကန်၏ လုံခြုံရေး အာမခံချက်ကို ရရှိအောင် လုပ်ဆောင်နိုင် ခဲ့သည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ရန် စီးပွားရေး တိုးတက်ရေးနှင့် နျူကလီးယား လက်နက် ထုတ်လုပ်ရေး စင်ပြိုင်မူဝါဒကို စွန့်လွှတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားသည် နျူလက်နက် ဖျက်သိမ်းရေးကို ဗန်းပြကာ အရေးယူပိတ်ဆို့မှုများ လျှော့ချရေးနှင့် တခြား နိုင်ငံတကာ အကူအညီများ တောင်းခံမည်ဟု မျှော်လင့်နေကြသည်။

ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံ၏ အကူအညီသည် လွန်စွာ အရေးပါသည်။ ကင်သည် ဘေဂျင်းခရီးစဉ်အတွင်း စိုက်ပျိုးရေးသုတေသန ဌာနတခုသို့လည်း သွားရောက်ခဲ့ပြီး ထိုသို့ သွားရောက်ခြင်းမှာ အရေးယူပိတ်ဆို့မှုမှ ကင်းလွတ်သော မြောက်ကိုရီးယား စားနပ်ရိက္ခာနှင့် လယ်ယာကဏ္ဍကို ပြန်လည် တည်ဆောက်ရန် လိုကြောင်း အသိအမှတ်ပြုသည့် လက္ခဏာဖြစ်သည်ဟု သုတေသီများက သုံးသပ်ကြသည်။

ကင်က မွန်းကို ပြောခဲ့သော စကားကြောင့် မြောက်ကိုရီးယားသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်မှုကို ဆက်လက်မှီခိုမည်၊ မမှီခိုမည်ကို ကျွမ်းကျင်သူများက စဉ်းစားသုံးသပ်လာကြသည်။ တောင်ကိုရီးယား Maeil Business သတင်းစာက ကိုးကားဖော်ပြခဲ့သော ထိုမှတ်ချက်ကြောင့် မေးခွန်း နှစ်ခု ထွက်ပေါ်လာခဲ့သည်။

ပထမမေးခွန်းမှာ မည်သည့်အတွက် ဗီယက်နမ်ကို စံနမူနာထားရသနည်း ဟူသော မေးခွန်းဖြစ်သည်။

ကင်သည် ရှီနှင့် မကြာခဏတွေ့ဆုံပြီး တရုတ်နိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အကြီးမားဆုံးစီးပွားရေးနှင့် မြောက်ကိုရီးယားကို အုပ်ထိန်းသူ ဖြစ်သည်ဟူသော အချက်ကိုကြည့်လျှင် ပြုံယမ်းသည် တရုတ်နိုင်ငံ၏ တိုးတက်မှု ပုံစံကို ကျင့်သုံးမည်ဟု စဉ်းစားလျှင် သဘာဝကျသည်။

မည်သို့ဆိုစေကာမူ ဗီယက်နမ် နိုင်ငံက ၁၉၈၆ ခုနှစ်စတွင် စတင်ခဲ့သည့် “ဒွိုင်မွိုင်” စီးပွားရေး ပြုပြင် ပြောင်းလဲမှုသည် ၁၉၇၈ ခုနှစ်က တရုတ်နိုင်ငံ၏ တံခါးဖွင့်မူဝါဒကို ပုံတူ ကူးချထားခြင်း ဖြစ်သည်။ အခြေခံအတွေးအခေါ်မှာ အာဏာကို ကွန်မြူနစ်ပါတီက ချုပ်ကိုင်ပြီး နိုင်ငံခြားငွေရင်း ဝင်ရောက်ခွင့် ပေးခြင်းနှင့် ပို့ကုန်မြှင့်တင်ခြင်းဖြင့် စီပွားရေး တိုးတက်မှုရအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

တရုတ်နိုင်ငံ၏ တိုးတက်မှုမှာ ဗီယက်နမ်ထက် သာလွန်သည်။ တရုတ်နိုင်ငံ၏ တဦးချင်းဝင်ငွေမှာ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁၂၃ ရှိပြီး လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကထက် ၂၉ ဆ တိုးလာပြီး ဗီယက်နမ်မှာမူ ၅ ဆသာ တိုးပြီး ၂၁၇၁ အမေရိကန် ဒေါ်လာသာရှိသည်ဟု ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။

ဘေဂျင်းခရီးစဉ်အတွင်း စိုက်ပျိုးရေးသုတေသန ဌာနတခုသို့ ကင်ဂျုံအွန်း သွားရောက်ခဲ့စဉ်/ Reuters

သို့သော် အနီးကပ်လေ့လာသောအခါ ဗီယက်နမ်လမ်းကြောင်းကို ကင် ပိုမိုနှစ်သက်ရနိုင်သော အခြား အဓိက ကွဲလွဲချက်များ ရှိနေသည်။

“တရုတ်နိုင်ငံက အရမ်းကို ရှေ့တန်းရောက်သွားပြီ” ဟု ဆုမီတိုမိုကော်ပိုရေးရှင်း နိုင်ငံတကာသုတေသနဌာနမှ အထက်တန်း သုတေသီ ဂျန်ယာအစ်ရှီက ကင်သည် မည်သည့်အတွက် ဗီယက်နမ်ကို စံထား အတုခိုးသည်ကို ရှင်းလင်းပြောကြားသည်။

ဗီယက်နမ်သည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များကို တက်ကြွစွာ ဖော်ဆောင်ပြီး သူ့လမ်းသူထွင်သည်။ ယခုအခါ လွတ်လပ်သော ကုန်သွယ်ရေးစာချုပ် ၁၂ ခုအထိ သက်ဝင် လှုပ်ရှားနေသည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ် ADB က ဆိုသည်။

ထို အရေအတွက်သည် ဗီယက်နမ်ထက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ခြောက်နှစ်စောပြီး ဝင်ခွင့်ရသော တရုတ်နိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်ရေးစာချုပ် ၁၇ ခုထက် နည်းသော်လည်း ဗီယက်နမ်သည် တရုတ်နှင့်မတူဘဲ ကျယ်ပြန့်သော စီးပွားရေး ဖွင့်ပေးခြင်းကို တောင်းဆိုသည့် တိုးတက်သောနိုင်ငံများနှင့် စေ့စပ်ဆွေးနွေးရန် တုံ့ဆိုင်းမှု မရှိခြင်းဖြစ်သည်။

ဗီယက်နမ်၏ ဂျပန်နှင့် လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်သည် ၂၀၀၉ ခုနှစ်တွင် စတင် သက်ဝင်သည်။ ဗီယက်နမ်သည် Trans-Pacific Partnership ၏ အဖွဲ့ဝင်လည်းဖြစ်ပြီး ဥရောပသမဂ္ဂနှင့်လည်း ဆွေးနွေးပွဲများ ပြုလုပ်နေသည်။ Trans-Pacific Partnership အဖွဲ့မှာ ယခင် အမေရိကန်ဦးဆောင်သော အစီအစဉ်တခုဖြစ်ပြီး ထရမ့် သမ္မတဖြစ်လာပြီးနောက် အမေရိကန် ပြန်လည်နုတ်ထွက်ခဲ့သည့် အဖွဲ့ဖြစ်သည်။

အခြားအဓိက ကွဲလွဲချက်တခုမှာ ဗီယက်နမ်နိုင်ငံက ချိန်ခွင်လျှာညီသော တိုးတက်မှုကို အားပေးခြင်းဖြစ်သည်။

လူဦးရေမှာလည်း ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ တရုတ်နိုင်ငံတွင် လူဦးရေး ၁.၄ ဘီလျံရှိပြီး ဗီယက်နမ်လူဦးရေမှာ သန်း ၁၀၀ အောက်တွင်သာ ရှိသည်။ ပြည်တွင်းစားသုံးမှု၏ ကွဲပြားလှသော အလားအလာများကို ထည့်မတွက်လျှင်ပင် ပို့ကုန်လုပ်ငန်းများအတွက် ဈေးမကြီးသော လုပ်အားရရှိနိုင်မှု ကွာဟချက် ရှိသည်။

တရုတ်နိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့သူ တိန့်ရှောင်ဖိန်က “တချို့လူတွေကို အရင် ချမ်းသာခွင့်ပေးလိုက်ပါ” ဟူသော သူ ကျော်ကြားလှသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။ ထိုအခြေခံမှစတင်ပြီး တရုတ်နိုင်ငံသည် ရှန်ဟိုင်း၊ ရှန်ဇန်းနှင့် ပြည်ပဈေးကွက်များ ချဉ်းကပ်ရန် လွယ်ကူသည့် အခြားကမ်းရိုးတန်းမြို့များတွင် အထူးစီးပွားရေးဇုန်များ တည်ထောင်ပြီး တိုးတက်အောင် လုပ်သည်။

တောင်ပိုင်းနှင့်မြောက်ပိုင်း ကွဲခဲ့သော ဗီယက်နမ်သည် တရုတ်နိုင်ငံ၏ နည်းလမ်းကို တိုက်ရိုက်ကူးယူ အသုံးမပြုပေ။

တောင်ပိုင်းမှ ဟိုချီမင်း စီးတီးသည် အခြေခံ အဆောက်အအုံများ ကောင်းမွန်သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ပိုမိုစွဲဆောင်သော သဘောသဘာ၀ ရှိသော်လည်း အစိုးရသည် အီလက်ထရွန်းနစ်၊ သံမဏိနှင့် ရေနံဓါတုစက်ရုံများကို နိုင်ငံအလယ်ပိုင်းနှင့် ဟနွိုင်း တည်ရှိသော မြောက်ပိုင်းတို့သို့ ဆွဲဆောင် ခေါ်ယူသည်။

ဗီယက်နမ်မြောက်ပိုင်း၏ ပထမဆုံး ရေနက်ဆိပ်ကမ်းဖြစ်သော လက်ချ်ဟုယန် နိုင်ငံတကာဆိပ်ကမ်းကို မေလက ဖွင့်လှစ်ခဲ့ပြီး ဗီယက်နမ်သည် ခွဲဝေဖြန့်ချသော သေနင်္ဂဗျူဟာကို ကျင့်သုံးသည်။ ထိုသေနင်္ဂဗျူဟာ၏ ရလဒ်မှာ ဗီယက်နမ်သည် တရုတ်နိုင်ငံနှင့် ယှဉ်လျှင် စီးပွားရေးကွာဟမှု သိသိသာသာ နည်းပါးနေခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ နိုင်ငံပေါင်း ၁၅၈ နိုင်ငံစစ်တမ်းအရ တရုတ်နိုင်ငံ၏ ဝင်ငွေ မညီမျှမှုကို တိုင်းတာသော အညွှန်းကိန်း (ကိန်းဂဏန်း မြင့်မားခြင်းသည် မညီမျှမှု မြင့်မားခြင်းကို ပြသည်) မှာ ဝ.၄၂၂ ဖြစ်ပြီး ၄၉ ခုမြောက် အမြင့်မားဆုံး ကိန်းဖြစ်နေသည်။ ဗီယက်နမ်၏ ကိန်းမှာမူ ဝ.၃၄၈ ဖြစ်ပြီး ၁၀၁ နေရာတွင်ရှိနေသည်။

တရုတ်နိုင်ငံကဲ့သို့ အချို့သော နေရာများတွင် စက်မှုလုပ်ငန်း ဗဟိုချက်များ ထူထောင်ခြင်းသည် စီးပွားရေး တိုးတက်မှု ဖြစ်စေသော်လည်း ပိုင်ဆိုင်မှု ရှိသူနှင့် မရှိသူအကြား ကွာဟချက်ကို ပိုမိုကျယ်ပြန့်စေသည်။ ဗီယက်နမ်သည် ထိုသို့သော စီးပွားရေးအချက်အခြာ နေရာများ၏ အကျိုးကျေးဇူးများကို မယူဘဲ တည်ငြိမ်သော တိုးတက်မှုကို ရွေးချယ်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံကို လေ့လာလျှင် လူဦးရေမှာ ပိုမိုနည်းပါးပြီး ၂၅ သန်းသာ ရှိသည်။ ထရမ့်က လုံခြုံရေး အာမခံချက် ပေးထားစေကာမူ မညီမျှသော တိုးတက်မှုကြောင့် မတည်ငြိမ်မှုများ ဖြစ်လာလျှင် ကင် အစိုးရ အတွက် အလုံးစုံ ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် နိုင်ငံတကာနယ်ပယ်တွင် ရဲရင့်စွာ လုပ်ဆောင်ခြင်းနှင့် ပြည်တွင်းရေးရာများကို အသေးစိတ် ဂရုတစိုက် စီမံသော ဗီယက်နမ်သည် ကင်ကို စွဲဆောင်လိုက်ခြင်း ဖြစ်သည်။

သို့သော် အခြားမေးခွန်းတခု ရှိနေသေးသည်။ မွန်းနှင့်တွေ့ဆုံစဉ် ဗီယက်နမ်ပုံစံ ကြိုက်ကြောင်း ပြောရန် လိုအပ်သည်ဟု ကင် ဘာကြောင့် တွေးမိသနည်း ဟူသော မေးခွန်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ အဓိက သတင်းစာကြီး တစောင်မှ ဝါရင့့် သတင်းထောက်တဦးက အကြောင်း သုံးခု ပေးသည်။ မြောက်ကိုရီးယားသည် တရုတ်နှင့် ကင်းကင်းနေလိုသည်၊ အမေရိကန်နှင့် နီးစပ်သော ဆက်ဆံရေး လိုချင်သည်၊ တောင်ကိုရီးယား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ရရှိရန် ကြိုးစားလိုသည်။

အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း မကြာသေးမီ နှစ်များအတွင်း မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား ကြီးထွားလာသော တဦးနှင့်တဦး အယုံအကြည် ကင်းမဲ့မှု ဆက်လက်ရှိနေသည်ဟု ပထမအကြောင်းရင်းနှင့် ပတ်သက်ပြီး ထိုဝါရင့် သတင်းထောက်က ရှင်းပြသည်။

တရုတ်နိုင်ငံဘက် ယိမ်းနေရသည်မှ အဆင်မပြေကြောင်း ပြသလိုက်လျှင် အမေရိကန်က ဝင်ရောက် ကူညီလိမ့်မည်ဟုလည်း မြောက်ကိုရီးယားနိုင်ငံက စဉ်းစားကောင်း စဉ်းစားနိုင်သည်။ ထိုအချက်သည်လည်း ဗီယက်နမ်ကို စံနမူနာထားသော အချက်ဖြစ်သည်။

ဗီယက်နမ်နှင့် အမေရိကန်တို့သည် စစ်ပွဲတခု တိုက်ခဲ့သော်လည်း ၁၉၉၅ ခုနှစ်တွင် ပုံမှန် ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် ဆက်ဆံရေးနွေးထွေးမှုမှာ လွန်စွာမြန်ဆန်လှသည်။ ၂၀၁၆ ခုနှစ်အထိ ၁၅ ကာလလုံးလုံး ဗီယက်နမ် အထည်အလိပ်၊ အီလက်ထရွန်းနစ် ပစ္စည်းနှင့် တခြားကုန်များ အများဆုံးတင်ပို့သော ဈေးကွက်မှာ အမေရိကန်နိုင်ငံ ဖြစ်နေသည်။

တောင်တရုတ်ပင်လယ်တွင် နယ်နိမိတ် အငြင်းပွားမှုကြောင့်လည်း ဗီယက်နမ်သည် အမေရိကန်နှင့် စစ်ဖက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ပြီး ရန်သူတော်ဟောင်းထံမှ လက်နက်များကို စတင်ဝယ်ယူ လာသည်။

စီးပွားရေးရှုထောင့်မှ ကြည့်လျှင်လည်း ကင်သည် ဗီယက်နမ်တွင်ဖြစ်ခဲ့သည့်အတိုင်း တောင်ကိုရီးယား ကုမ္ပဏီများ မြောက်ကိုရီးယားတွင် လာရောက်ရင်းနှီး မြှုပ်နှံသည်ကို မြင်လိုပေမည်။

ဗီယက်နမ် စစ်အတွင်းက အမေရိကန်က ထောက်ခံခဲ့သော တောင်ကိုရီးယားသည် ဗီယက်နမ်နှင့် ကာလ ကြာရှည်စွာ ကင်းကင်းနေခဲ့သည်။ သိပ်မကြာမီက ဆမ်ဆောင်း အီလက်ထရွန်းနစ်သည် ဗီယက်နမ်တွင် တနှစ်လျှင် မိုဘိုင်းဖုန်း ထုတ်လုပ်နိုင်စွမ်း အလုံးရေ သန်း ၂၄၀ အထိရှိလာပြီး နိုင်ငံ၏ စုစုပေါင်းပို့ကုန်၏ လေးပုံတပုံ ရှိလာသည်။

LG Electronics ၊ Lotte Group နှင့် အခြားသော တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းများသည်လည်း ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံကြပြီး ဗီယက်နမ်သည် ၂၀၁၄ ခုနှစ်မှ စတင်ပြီး တောင်ကိုရီးယား၏ အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံသော နေရာဖြစ်လာကာ ဂျပန်ကိုပင် ကျော်လွန်သွားခဲ့သည်။

မွန်းနှင့်တွေ့ဆုံစဉ်အတွင်း ကင်က ဗီယက်နမ်ကို ကိုးကားပြောဆိုခြင်းမှာ တောင်ကိုရီးယား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်ရန် မျိုးစေ့ချခြင်းလည်း ဖြစ်နိုင်သည်။

မြောက်ကိုရီးယား နျူလက်နက် ဖျက်သိမ်းရေးတွင် အခြားလှည့်ကွက်များစွာ ရှိနေနိုင်သည်။ သို့သော် ကင်သည် ထက်မြက်သော စေ့စပ့်ညှိနှိုင်းသူဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ကာ သူ၏ ဗီယက်နမ် ကိုးကားပြောဆိုမှုတွင် စီပွားရေး အခွင့်အလမ်းများကို မည်သို့ အများဆုံးရအောင် လုပ်မည်ကို အရိပ်အမြွက် ပြောလိုက်ခြင်းပင်။

( Nikkei Asian Review ပါ Toru Takahashi ရေးသည့် Kim courts China but finds his economic muse in Vietnam ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading