ဆောင်းပါး

အငြင်းပွားနေကြတဲ့ ကရင် ကျောက်မီးသွေး စီမံကိန်း

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်၊ ဘားအံမြို့ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနယ်မြေရှိ လယ်ကွင်းပြင်သည် ကြခတ်ဝါးရုံပင် ပေါများသော တောအုပ်လေးဖြင့် အနားသတ်ထားသည်ကို တွေ့ရသည်။ ဒေသခံတို့ နိစ္စဓူဝ ဝမ်းစာရှာဖွေရေးအတွက် ယင်းတောအုပ်လေးမှ ထွက်ရှိသော တောဟင်းလျာများက အထောက်အကူပြုနေပြီး ယာတော စိုက်ခင်းတို့ကလည်း ဘဝ ရပ်တည်ရေးအတွက် အရေးပါလှသည်။

ပြည်နယ်အစိုးရက ဤနယ်မြေတွင် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ဆန္ဒပြင်းပြနေပြီး အနားတွင် တသွင်သွင်စီးဆင်းနေသော သံလွင်မြစ်က ထိုစက်ရုံအတွက် ကျောက်မီးသွေး သယ်ဆောင်ပေးမည့် အဓိကလမ်းကြောင်း ဖြစ်လာပေမည်။ ကရင်တိုင်းရင်းသူ ဒေါ်ပွေသ အပါအဝင် ဒေသခံ အများအပြားကမူ စက်ရုံကြောင့် ၎င်းတို့၏ လူနေမှုဘဝ အကြီးအကျယ် ပြောင်းလဲသွားမည်ဟု ဆိုကြသည်။

“ကျောက်မီးသွေးစက်ရုံ ရောက်လာရင် ကျမတို့ လုပ်ကိုင်စားသောက်ရမယ့် နေရာတွေ ပျောက်ကုန်မှာပေါ့။ ဒါကြောင့် ဒီစက်ရုံကို မဖြစ်စေချင်ဘူး” ဟု စီမံကိန်းနယ်မြေရှိ ထုံးတောင်ရွာတွင် လယ်မြေ ဧကတချို့ ပိုင်ဆိုင်သည့် ဒေါ်ပွေသက ပြောသည်။

ပြည်ထောင်စုအစိုးရက အငြင်းပွားဖွယ်ဖြစ်နေသော၊ ကန့်ကွက်သူ များပြားသော အဆိုပါစီမံကိန်းကို အတည်ပြုခြင်း မရှိသေးပေ။ သို့သော်လည်း ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပူးတွဲလုပ်ကိုင်မည့် ကုမ္ပဏီတို့ကမူ စီမံကိန်း လုပ်ကိုင်ခွင့် ရမည်ဟု ယူဆထားကြပြီး လုပ်ငန်းတချို့ကိုပင် အကုန်အကျခံ လုပ်ဆောင်ထားပြီး ဖြစ်နေသည်။

ဘေးထွက်ဆိုးကျိုး

တည်ဆောက်လိုသည့် စက်ရုံမှ လျှပ်စစ်ဓာတ် မီဂါဝပ် ၁,၂၈ဝ ထုတ်လုပ်နိုင်မည်ဟု သိရသည်။ နိုင်ငံအနှံ့အပြား ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေစေရန်အတွက် လျှပ်စစ်ဓာတ်အား အရေးတကြီး လိုအပ်လျက်ရှိရာ ထိုကိန်းဂဏန်းမှာ မက်လောက်စရာ ပမာဏ ဖြစ်နေသည်။

သို့သော်လည်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ဤမျှ များပြားသည့် ပမာဏကို ထုတ်လုပ်မည့် စီမံကိန်းမျိုးကို တိုင်းနှင့်ပြည်နယ် အစိုးရများက ဆောင်ရွက်ခွင့် မရှိပေ။ စီမံကိန်းလုပ်ဆောင်ခွင့်အတွက် ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေစဉ်မှာပင် ဒေသခံအများအပြား၏ ကန့်ကွက်မှုကို ပြည်နယ်အစိုးရ ရင်ဆိုင်နေရသည်။

ဒေသတွင်း သြဇာကြီးသော၊ အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းတခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) က ဤစီမံကိန်းနှင့် ပတ်သက်ပြီး မည်သည့်ဘက်ကိုမျှ ထောက်ခံရန် အဆင်သင့် မရှိသေးဟု ဆိုသည်။

“ဒါက လုပ်ရင်လည်း ကောင်းတယ်၊ မလုပ်ရင်လည်း ကောင်းတယ်။ လုပ်ရင်တော့ ကျနော်တို့ပြည်သူတွေ လိုအပ်နေတာတွေ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာမှာပေါ့” ဟု KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

ကရင်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးလှိုင်က စီမံကိန်းသည် သန့်စင်ကျောက်မီးသွေး နည်းပညာကို သုံးမည် ဖြစ်သောကြောင့် ဘေးထွက်ဆိုးကျိုးများကို ထိရောက်စွာလျော့ချနိုင်မည်ဟု ဆိုသည်။

“ကျနော်တို့ အိမ်နီးချင်း ထိုင်းမှာတောင်မှ ဒီလောက် နည်းပညာမြင့်မဟုတ်တဲ့ စနစ်နဲ့ ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်နေတာပဲ။ ကျနော်တို့တိုင်းပြည်အတွက် လုပ်သင့်တာကို လုပ်တာပါ” ဟု ပြည်နယ်ဝန်ကြီးက ပြောသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံစံငယ်တွင် ကျောက်မီးသွေး တင်သွင်းရေးအတွက် အသုံးပြုမည့် ရေလမ်းကြောင်း၊ ဆိပ်ကမ်းတို့ကို တွေ့ရသည်/ စန္ဒာမော်/Myanmar Now

ဘားအံဒေသ စီမံကိန်း အကောင်အထည် ဖော်ပါက ဝတ်ကြီး၊ ကျုံမသွယ် ကျေးရွာအုပ်စု နှစ်ခု တည်ရှိရာ နယ်မြေအတွင်း သဘာဝအရင်းအမြစ်များ ပျောက်ကွယ်သွားခြင်း၊ လယ်ယာကိုင်းကျွန်း အလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ စက်ရုံဘေးထွက်ဆိုးကျိုးဆိုင်ရာ ကျန်းမာရေးထိခိုက်မှု အန္တရာယ်တို့ ပေါ်ပေါက်လာမည်ဟူသော စိုးရိမ်မှုများ ပေါ်ပေါက်နေသည်။

ဘေးထွက်ဆိုးကျိုး နည်းနိုင်သမျှ နည်းပါးစေရန် ဆောင်ရွက်မည်ဟူသော အစိုးရ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သံသယရှိသူများထဲတွင် ဝတ်ကြီးတဘက်ကမ်းရှိ ဥဒေါင်းကျေးရွာမှ ရွာဦးကျောင်းဆရာတော်လည်း ပါဝင်သည်။

“လျှပ်စစ်မီးကတော့ လိုချင်တာပေါ့။ လျှပ်စစ်ရမှ ပြည်နယ်ရော၊ နိုင်ငံရော တိုးတက်မယ် ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် သူတို့က တကယ့်ကိုကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့ လုပ်ဆောင်မယ် ဆိုတာကိုတော့ မယုံဘူး။ ဒါကြောင့် ကန့်ကွက်နေရတာပါ” ဟု ဆရာတော်က မိန့်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များကမူ စီမံကိန်းတွင် ကျောက်မီးသွေး တန်ချိန် ၄ သန်း နှစ်စဉ် အသုံးပြုမည်ဖြစ်သောကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ပေါင်း ၇၅ သိန်းခန့် ထွက်နိုင်ကြောင်း တွက်ချက်ထားကြသည်။

ပြည်သူ့လွှတ်တော်၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌက တည်ဆဲဥပဒေများပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်လျှင် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံသည် အန္တရာယ် မရှိနိုင်ကြောင်း သုံးသပ်သည်။

“ဥပဒေတွေအတိုင်းလုပ်မယ် ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ တကယ်လို့ သူတို့က ဥပဒေကို ချိုးဖောက်တယ် ဆိုရင်လည်း အရေးယူလို့ ရနေတာပဲ” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောသည်။

နေပြည်တော် မီးနီပြ

အခြား တိုင်းနှင့်ပြည်နယ်အစိုးရများက ကျောက်မီးသွေးစွမ်းအင်သုံး စီမံကိန်းကြီးမျိုးကို အဆိုပြုခြင်း မရှိသေးပေ။

စီမံကိန်းကို တက်တက်ကြွကြွ ထောက်ခံကြသည့် ဒေသခံများလည်း ရှိသည်။ ထိုသို့ ထောက်ခံသူ အများအပြားတည်ရှိရာ ဝတ်ကြီးကျေးရွာသည် အငြိမ်းစား ဝန်ထမ်း များစွာ နေထိုင်ကြသောရွာလည်း ဖြစ်သည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနယ်မြေ တည်ရှိရာ ကျေးရွာ အများအပြားတွင် ကျောက်မီးသွေးဆန့်ကျင်ရေး ပိုစတာများ ရှိနေသည်ကို တွေ့ရသည်/ စန္ဒာမော်/Myanmar Now

ထိုရွာမှ ရဲဝန်ထမ်းဟောင်းတဦး ဖြစ်သော ဦးခင်မောင်ဆန်းက စက်ရုံမှ ဘေးထွက်ဆိုးကျိုး ထွက်ပေါ်မလာရန် အစိုးရက စီစဉ်ပေးနိုင်မည်ဟု ယုံကြည်နေသည်။

“ကျနော်ကတော့ တိုင်းပြည်ကို အကျိုးရှိစေမယ့် ဒီစီမံကိန်းကို ကြိုဆိုတယ်။ ဖြစ်စေချင်တယ်။ အစိုးရကလည်း အန္တရာယ် အနည်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ပြောထားတာပဲလေ” ဟု အသားညိုညို၊ ထောင်ထောင်မောင်းမောင်း ရဲဝန်ထမ်းဟောင်းက ဆိုသည်။

ကျောက်မီးသွေး၊ ရေအားတို့ကို အသုံးပြုရေးမှာ ကန့်ကွက်ချက်များ၊ ကန့်သတ်ချက်များကြောင့် ဓာတ်အားထုတ်လုပ်ရေး အစီအစဉ်များ နှောင့်နှေးရသည်ဟု အစိုးရက ကနဦးတွင် ပြောကြားခဲ့သည်။ ၂ဝ၁၆ တွင် အစိုးရသစ်၏ ပထမရက် ၁ဝဝ ဆောင်ရွက်ချက်များဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်စဉ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

၂ဝ၁၈ ဖေဖော်ဝါရီလ နေပြည်တော် အစည်းအဝေးကြီးတခုတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားထုတ်လုပ်ရေးအတွက် အခြားရွေးချယ်စရာတခုကို ချပြခဲ့သည်။ ကျောက်မီးသွေးက ဈေးသက်သာသော်လည်း “အခြားသုံးသပ်ရန် အချက်များစွာ ရှိသဖြင့်” LNG ဓာတ်ငွေ့သုံးပြီး လျှပ်စစ်ဓာတ်ထုတ်လုပ်ရေး ရေတိုစီမံကိန်းများ ပြုလုပ်မည်ဟု ဝန်ကြီးက ဆိုသည်။

မတ်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတခုတွင်မူ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောခဲ့သည်။ ဒေသခံတို့ ကန့်ကွက်မှုကြောင့် စီမံကိန်းကို ခွင့်ပြုမည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ လျှပ်စစ်ဓာတ်ထုတ်လုပ်ရန် အသုံးပြုမည့် စွမ်းအင်များအနက် ကျောက်မီးသွေးသည် နောက်ဆုံး ဦးစားပေးဖြစ်မည်ဟု ဆိုသည်။

‘‘ရေအားတွေ အများကြီး။ တခြားလုပ်စရာတွေလည်း အများကြီးပါ။ ဒါလုပ်မှ လျှပ်စစ်ရမှာ မဟုတ်ဘူး” ဟု ဦးဝင်းခိုင်က ပြောသည်။

စီမံကိန်းကို နေပြည်တော်ဘက်မှ သဘောမတူကြောင်း အသံထွက်နေသော်လည်း ပြည်နယ်အစိုးရနှင့် တွဲဖက်ပြီး စီမံကိန်း အကောင်အထည်မည့် Toyo Thai Myanmar ကုမ္ပဏီက နောက်ဆုတ်ခြင်း မရှိပေ။ နှစ်ဆန်းပိုင်းတွင် တင်ပြထားသည့် လုပ်ငန်းဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်ပြီး အစိုးရထံမှ ပြန်ကြားချက်ကို စောင့်မျှော်နေသည်ဟု ကုမ္ပဏီ၏ ဝတ်ကြီးဒေသ ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်စီမံကိန်း တာဝန်ခံ ကိုထက်အောင်မွန်က ပြောသည်။

“ကျနော်တို့ဘက်ကတော့ ကျနော်တို့ လုပ်ရမယ့် ဖြစ်နိုင်ချေ ရှိ၊ မရှိ ကနဦး စမ်းသပ်ထားတဲ့ အစီရင်ခံစာကို ပြည်နယ်အစိုးရကိုရော ပြည်ထောင်စုကိုရော တင်ထားပါတယ်” ဟု ကိုထက်အောင်မွန်က ဇွန်လနှောင်းပိုင်းတွင် ပြောသည်။

ကုမ္ပဏီက စီမံကိန်းအတွက် ဒေါ်လာ သုံး ဘီလီယံ ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ စီမံကိန်းတွင် အသုံးပြုမည် ဆိုသော သန့်စင်ကျောက်မီးသွေး၏ ဘေးထွက်ဆိုးကျိုးနည်းပါးမှုအကြောင်း လေ့လာနိုင်ရန် ဒေသခံတချို့ကို ဂျပန်နိုင်ငံသို့ အလည်အပတ် ပို့ဆောင်ပေးခဲ့သည်။

ပြည်နယ်အစိုးရ၏ ပြင်ဆင်မှု

စီမံကိန်း လုပ်ကိုင်ခွင့်ပြုမည် ဆိုပါက စက်ရုံသည် ၂ဝ၂ဝ ရွေးကောက်ပွဲအပြီး သုံးနှစ်ကြာမှ စတင် လည်ပတ်နိုင်မည် ဖြစ်ပြီး သတ်မှတ်ထားသည့် ဓာတ်အားပမာဏ အပြည့်အဝ ထွက်ရှိရန် နောက်ထပ် တနှစ် အချိန်ယူရမည်ဟု သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်က နေပြည်တော်ထံမှ ခွင့်ပြုချက်ရသည့်နှင့် စီမံကိန်းကို စတင်နိုင်ရန် စီစဉ်နေသည်။

စီမံကိန်းကို သဘောကျခြင်း မရှိသော်လည်း စီမံကိန်းနယ်မြေရှိ မြေကွက်ကို ပြည်နယ်အစိုးရထံ ရောင်းချလိုက်သည့် ဒေသခံ ဒေါ်ထုံးနီ/ စန္ဒာမော်/Myanmar Now

“တကယ်လို့များ ပြည်ထောင်စုက မီးစိမ်းပြလိုက်တာနဲ့ ချက်ချင်းလုပ်နိုင်အောင်ဆိုပြီးတော့ အဲဒီကမြေတွေကို နစ်နာကြေးပေးထားတယ်” ဟု ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောသည်။

ပြည်နယ်အစိုးရက စီမံကိန်းနယ်မြေအတွင်း ဧက အများအပြားကို လျော်ကြေး ကျပ်သိန်းပေါင်း ကိုးထောင်ကျော် သုံးကာ ဝယ်ယူပြီး ဖြစ်သည်ဟု ပြည်နယ်အဆင့် ကော်မတီတခုထံမှ သိရသည်။

ယမန်နှစ်က ဒေသခံ ၂၂ ဦးကို နစ်နာကြေး၊ သီးနှံလျော်ကြေး ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက ပြောသည်။

ဤအခြေအနေတွင် ထုံးတောင်ကျေးရွာမှ ဒေသခံ အများအပြားကမူ ၎င်းတို့၏ လယ်မြေများကို မည်သည့်နည်းနှင့်မျှ မရောင်းနိုင်ကြောင်း ပြောကြသည်။ သုံးအိမ်ရွာတွင်မူ မြေယာလျော်ကြေးယူထားသူ ငါးဦး အနည်းဆုံး ရှိသည်။ လျော်ကြေးယူထားသည် ဆိုသော်လည်း စီမံကိန်းကို သဘောကျခြင်းမရှိဟု သုံးအိမ်ရွာမှ ဒေါ်ထုံးနီက ပြောသည်။

“ဒီလယ်တွေကို မရောင်းရင် စီမံကိန်းလုပ်တဲ့အခါ နစ်နာမယ်လို့ ပြောကြတယ်။ ကျမကလည်း ဒီလယ်တွေကို ထိုင်းမှာ အလုပ်သွားလုပ်ပြီး ဝယ်ထားတော့ အလကားတော့ အဆုံးမခံနိုင်ဘူးလေ။ ဒါကြောင့် ရောင်းလိုက်ရတာပါ” ဟု ဒေါ်ထုံးနီက ထိုင်နေသည့် သစ်သားခုံကို လက်သဲဖြင့်ခြစ်ရင်း ပြောပြသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံ လုပ်ဆောင်မည် ဆိုသည်ကို ပွင့်ပွင့်လင်းလင်း ကြေညာသင့်သည်ဟု ဝေဖန်သူလည်း ရှိနေသည်။

ပြည်နယ်ဝန်ကြီးချုပ်ကမူ အဆိုပါဝေဖန်မှုများကို ပယ်ချလိုက်သည်။

“ကျမတို့က ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောတယ်။ ကျမတို့ကို မေးလာတိုင်း ကျမတို့ ဖြေနေတာပဲ။ အားလုံးကို သိအောင်လည်း ပြောပြထားတယ်။ ဘာကိုမှ ထိန်ချန်ထားတာမရှိဘူး” ဟု ဒေါ်နန်းခင်ထွေးမြင့်က မေလကုန်ပိုင်း ပြည်နယ်မြို့တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။

စီမံကိန်းနယ်မြေ သုံးအိမ်ရွာမှ ရာအိမ်မှူး စောကျော်တင့်ကမူ ကျောက်မီးသွေး စွမ်းအင်သုံးပြီး ဓာတ်အားထုတ်လိုသူတို့သည် ဒေသခံများကို ပြောဆိုတိုင်ပင်ခြင်းမရှိဟု ဆိုသည်။

မကြာသေးမီက ထိုဒေသသို့ သွားရောက်စဉ် တဖွဲဖွဲကျနေသော မိုးစက်များအောက်တွင် ခေါင်းဆောင်းမပါ၊ ဖိနပ်ဝတ်ဆင်ထားခြင်း မရှိသည့် ရာအိမ်မှူးက ဓားမတချောင်း ချိုင်းကြား ညှပ်ကာ ရွာသုဿန်အစပ်၌ လူးလားခေါက်တုံ့ လျှောက်ရင်း မြေကျင်းတချို့ကို လိုက်လံပြသသည်။

“မြေစမ်းဖို့ဆိုပြီး မြေတွင်းတွေ ဖောက်တယ်။ ကျနော်တို့ မသိရဘူး။ ဘာမှ အသိပေး၊ ပြောဆို တိုင်ပင်ခြင်း မရှိဘဲ လုပ်ချင်ရာ လာလုပ်တတ်တဲ့သူတွေရဲ့ ကတိတွေကို ဘယ်လိုယုံရမလဲ” ဟု ရာအိမ်မှူးက ပြောလိုက်သည်။

( Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading