ဆောင်းပါး

သယံဇာတတူးဖော်ရေး လုပ်ငန်း ငွေကြေးအစီရင်ခံစာ ကွာဟချက်များ ရှိနေဆဲ

Want create site? Find Free WordPress Themes and plugins.

သယံဇာတ တူးဖော်ထုတ်သည့်ကဏ္ဍတွင် နိုင်ငံပိုင်လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု နည်းပါးနေဆဲဖြစ်ပြီး နိုင်ငံတကာ စံချိန်စံနှုန်းများပြည့်မှီနိုင်ရေး ပြုပြင်ပြောင်းလဲမှု လိုအပ်နေသည်ဟု မြန်မာနိုင်ငံတွင် သဘာဝသယံဇာအရင်းအမြစ်များ တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ဖွဲ့စည်းထားသော သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ EITI အဖွဲ့ဝင်လောင်းအဖြစ် ၂၀၁၄ ခုနှစ် ဇူလိုင်က အသိအမှတ်ပြုခံခဲ့ရပြီး တင်းပြည့်အဖွဲ့ဝင်ဖြစ်လာနိုင်ရေး အထောက်အကူ ဖြစ်စေနိုင်မည့် အကဲဖြတ်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ရဦးမည် ဖြစ်သည်။ အကဲဖြတ်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ဇူလိုင်လတွင် စတင်မည်ဖြစ်သည်။

ပထမဆုံး မြန်မာ EITI အစီရင်ခံစာကို လွန်ခဲ့သည့် နှစ်နှစ်ကျော် ဇန်နဝါရီလ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့ပြီး ထိုအချိန်က အလွန်ပင် ဝေဖန်မှုများ ကြုံခဲ့ရသည်။ မြန်မာ EITI ညှိနှိုင်းရေးမှူးရုံးက ရေနံနှင့်သဘာဝဓါတ်ငွေ့၊ ကျောက်မျက်နှင့် ကျောက်စိမ်း၊ အခြားသတ္တုတူးဖော်ရေးနှင့် ပုလဲမွေးမြူရေးတို့အပါအဝင် သယံဇာတ ထုတ်ယူသုံးစွဲသည့် ကဏ္ဍဆိုင်ရာ ဒုတိယနှင့် တတိယအကြိမ်မြောက် အစီရင်ခံစာများကို မတ်လက ထုတ်ပြန်ထားသည်။

ဒုတိယအကြိမ်အစီရင်ခံစာသည် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် ဖြစ်ပြီး တတိယအကြိမ် အစီရင်ခံစာသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကို လွှမ်းခြုံသည်။ မြန်မာ EITI ညှိနှိုင်းရေးမှူးရုံးက သစ်တောကဏ္ဍဆိုင်ရာ အစီရင်ခံစာကိုလည်း နောက်ဆက်တွဲအဖြစ် ဇူလိုင်လတွင် ထုတ်ပြန်မည်ဟု သိရသည်။

အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက် ၂၁ ချက်ထဲတွင် မြန်မာနိုင်ငံ သယံဇာတ ထုတ်ယူရေးလုပ်ငန်းစဉ်သည် ယိုယွင်းပျက်စီးနေသည်ကို ဖော်ပြထားသည်ဟု အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တဦးဖြစ်သည့် MEITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ ဒေါ်မိုးမိုးထွန်းက ဆိုသည်။

အစီရင်ခံစာများသည် ကုမ္ပဏီများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက MEITI ရုံးသို့ ပေးပို့သော အချက်အလက်များပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။

“အဓိကအားဖြင့် အကြံပြုချက်တွေထဲ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးဟာ အင်မတန်ကြီးမားတယ်ဆိုတာ ကျမတို့တွေ့တယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတ လုပ်ငန်းစဉ်ဟာဆို မြန်မာ EITI ပါ အချက်အလက်များအရ ယိုယွင်းပျက်စီးနေတယ်ဆိုတာ ကျမတို့ ငြင်းလို့မရတာ တွေ့ရတယ်။ သယံဇာတထုတ်ယူမှုကနေ ရောင်းချခြင်းက လွဲမှားတဲ့ စီမံအုပ်ချုပ်မှုကြောင့် (လွဲမှားတာလည်း လက်ရှိအစိုးရက မဟုတ်ဘဲ ခေတ်အဆက်ဆက်က လွဲမှားခဲ့တဲ့ စီမံအုပ်ချုပ်မှုကြောင့်) အကျင့်ပျက် ခြစားမှုတွေ နိုင်ငံဘဏ္ဍာငွေတွေ အလေအလွင့်ဖြစ်ပေါ်နေတာ ကျမတို့ အစီရင်ခံစာမှာ တွေ့ရှိရတယ်။ နောက်ပြီး လိုင်စင်ချထားပေးတာတွေ၊ အခွန်ကောက်ခံတာတွေ၊ အစိုးရနဲ့ ကုမ္ပဏီကြားမှာ အကျိုးတူ ချုပ်ဆိုတာတွေ ကြီးကြပ်စစ်ဆေးမှုတွေ ဥပဒေလုပ်ထုံးလုပ်နည်းများမှာ အားနည်းနေမှုများရှိတဲ့အတွက် နိုင်ငံအတွက် ရသင့်ရထိုက်တဲ့ ဘဏ္ဍာငွေတွေ ဆုံးရှုံးရတဲ့အပြင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးနေရတာကို ကျမတို့ တွေ့တယ်” ဟု ဒေါ်မိုးမိုးထွန်းက ထောက်ပြသည်။

အစိုးရအနေဖြင့် ပထမအကြိမ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်နေသကဲ့သို့ ဒုတိယနဲ့ တတိယကြိမ်အစီရင်ခံစာများပါ အကြံပြုချက်များကို လက်ရှိလည်း ဆောင်ရွက်နေသည်ဟု
သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ သတ္တုတွင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်က ဆိုသည်။ ဦးကျော်သက်သည် MEITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အစိုးရကိုယ်စားလှယ်ဖြစ်ပြီး ဇူလိုင် ၂၈ ရက်ကပြုလုပ်သော အစီရင်ခံစာများအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ရှင်းလင်းခဲ့သူလည်း ဖြစ်သည်။

“ကျနော်တို့ ပထမအကြိမ် အစီရင်ခံစာမှာ ပါလာတဲ့ အကြံပြုချက် ၁၄ ချက်ကို ကျနော်တို့ရဲ့ MSG (သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့) အစည်းအဝေးတိုင်းမှာ ထည့်သွင်းဆွေးနွေးပြီးတော့ ကျနော်တို့ တိုးတက်မှု တွေရလာတယ်။ ဒါ ပွဲပြီးမီးသေ မဟုတ်ပါဘူး။ ဒီအစီရင်ခံစာထဲမှာ တွေ့လာတဲ့ အချက်တွေကို ဘာတွေပြင်ကြမလဲ ဆွေးနွေးကြတယ်။ ဘာကြောင့်လဲဆို EITI ရဲ့ အဓိက ရည်မှန်းချက်ကိုက good governance သယံဇာတတူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုစနစ်တွေ ပေါ်လာဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တဖွဲ့လုံးခံယူတာက report to reform (အစီရင်ခံစာပါ အကြံပြုချက်များမှတဆင့် ပြုပြင်ပြောင်းလဲရေး) ပါ” ဟု ဦးကျော်သက်က ဧရာဝတီသို့ ရှင်းပြသည်။

သယံဇာတတူးဖော်ရေးကဏ္ဍ တပ်မတော်မှ ထိန်းချုပ်ထားဆဲ

ယခုနှစ်ထုတ်ပြန်ခဲ့သော မြန်မာ EITI ဆိုင်ရာအစီရင်ခံစာများသည် ပထမဆုံးတခုထက် ပိုမိုပြည့်စုံလာသော်လည်း ကွာဟချက်များ ရှိနေသေးကြောင်း ဒေါ်မိုးမိုးထွန်းက ဆိုသည်။ အစိုးရဌာနများအနေဖြင့် အကြံပြုချက်များကို အကောင်အထည်ဖော်နေသော်လည်း တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက် (UMEHL) တို့တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု နည်းပါးနေသေးသည်ဟု MSG အဖွဲ့ဝင်များက ပြောဆိုသည်။

တပ်မတော်က သတ္တုတူးဖော်ရေးလုပ်ငန်းအားလုံးနီးပါးတွင် ပါဝင်ဆောင်ရွက်နေပြီး MEITI ထံပေးသည့် ထိုလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာအချက်အလက်များအရ အခွန်ငွေပေးဆောင်မှု ကျပ် ၁.၃ ဘီလီယံခန့်ရှိသည်ဟု သိရသည်။

“ကျမတို့ နိုင်ငံရဲ့ အားနည်းချက်က စာရင်းစစ်က စာရင်းပဲ စစ်နိုင်တယ်။ performance ကို မစစ်နိုင်ဘူး။ ဒါက လုပ်ငန်းစစ်ကို မစစ်နိုင်တဲ့အရာတွေ EITI အစီရင်ခံစာအရလည်း အများကြီး တွေ့ရတယ်။ MEC အကြောင်း သိတဲ့လူ နည်းတယ်။ ဦးပိုင်အကြောင်း သိတာများတယ်။ MEC သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး အောက်မှာပဲ။ ပထမအကြိမ် အစီရင်ခံစာမှာကတည်းက အကြံပြုတိုက်တွန်းချက်မှာ ပါပါတယ်။ ဦးပိုင်သည် နိုင်ငံပိုင် စီးပွားရေး ဖြစ်သင့်သလားဆိုတာ ကျမတို့ သူတို့ကိုလည်း မေးပါတယ်။”

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကလည်း သတ္တုတွင်းလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးအတွက် ဓါတ်သတ္တုသယံဇာတဆိုင်ရာ မူဝါဒနှင့် ဥပဒေများ စနစ်တကျ ဆောင်ရွက်ရန် မတ်လတွင် တိုက်တွန်းထားသည်။

သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) က ကျောက်စိမ်းမြေဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကုမဏီ သုံးခုကို ကွင်းဆင်းစစ်ဆေးရန် ကြိုးပမ်းခဲ့သော်လည်း တပ်မတော်က ခွင့်ပြုမပေးခဲ့သည့်အတွက် ကြိုးပမ်းမှု မအောင်မြင်ခဲ့ဟု သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ အခွန်အများဆုံးရရှိ၊ သို့သော် ပစ္စည်းဖြင့် ပေးချေမှုတွင် ကွာဟချက်များရှိနေ

၂၀၁၅-၁၆ ခုနှစ်တွင် သယံဇာတတူးဖော်ထုတ်လုပ်သည့်ကုမဏီများ ထံမှ ရရှိသည့် အခွန်ဘဏ္ဍာငွေပေါင်း ၃,၄၀၄.၄၆၉ ဘီလီယံကျပ် (အခွန်ဘဏ္ဍာစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း) ဖြစ်သည်ဟု ဗဟိုစာရင်းအင်းအဖွဲ့၏ အချက်အလက်များကို ကိုးကားပြီး MEITI အစီရင်ခံစာတွင် ဖော်ပြထားသည်။ သယံဇာတတူးဖော်ရေးကဏ္ဍမှ ပြည်ပပို့ကုန်မှရငွေသည် အမေရိကန်ဒေါ်လာ ၅,၃၀၄.၀၃ သန်းရှိပြီး၊ တိုင်းပြည်၏ စုစုပေါင်းတင်ပို့ကုန်မှ ရရှိငွေ၏ ၄၇.၆ ရာခိုင်နှုန်းရှိသည်။

၂၀၁၄-၁၅ ခုနှစ်တွင် သယံဇာတတူးဖော်ရေးကဏ္ဍမှ ရရှိငွေသည် အနည်းငယ်ပိုများပြီး ၃,၄၀၈.၁၉၃ ဘီလီယံကျပ် ရှိခဲ့သည်။ ၎င်းသည် စုစုပေါင်းအခွန်ငွေ၏ ၂၀.၆ ရာခိုင်နှုန်းရှိခဲ့သည်။ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၆၆၄၈.၀၇ သန်း ရှိခဲ့ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၅၃.၁ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းသည် နှစ်နှစ်ဆက်တိုက် အခွန်အများဆုံးပေးဆောင်ခဲ့သော ကဏ္ဍအဖြစ် ဆက်ရှိနေခဲ့သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) သည် ကမ်းလွန်နှင့် ကုန်းတွင်း ရေနံတူးဖော်ရေးအတွက် ခွင့်ပြုချက်ထုတ်ပေးသည့် ဌာနဖြစ်သည့်အပြင် ထိုကဏ္ဍတွင် ပါဝင် ရင်းနှီးမြှုပ်နှံထားသော အဖွဲ့လည်း ဖြစ်သည်။

၂၀၁၅-၁၆ တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်ယူသည့် ကုမဏီ ၄၁ ခု (ထိုအထဲတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီများအပါအဝင်) မှ ကောက်ယူရရှိသော အခွန်ငွေသည် ကျပ် ၂၅၇၉.၉၁၇ ဘီလီယံ (အခွန်အခရငွေအားလုံး၏ ၇၆ ရာခိုင်နှုန်း) ရှိသည်။ ထို ၇၆ ရာခိုင်နှုန်းမှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ အခြားအကောင့် (Other Accounts) များ ၃၃ ရာခိုင်နှုန်း နှင့် အစိုးရဌာနများသို့ ၄၃ ရာခိုင်နှုန်း ပြန်လည်လွှဲပြောင်းပေးသည်ကို တွေ့ရသည်။

ယမန်နှစ် (၂၀၁၄-၁၅) တွင် ထိုရေနံနှင့်သဘာဝဓါတ်ငွေ့ ကုမ္ပဏီများကပင် အခွန်ဘဏ္ဍာငွေအားလုံး၏ ၂၈၈၂.၂၀၆ ဘီလီယံကျပ် (၈၅ ရာခိုင်နှုန်း) ရရှိခဲ့သည်။ ထိုအထဲမှာ အခြားအကောင့်များသို့ ၃၉ ရာခိုင်နှုန်းနှင့် အစိုးရဌာနများကို ၄၅ ရာခိုင်နှုန်း လွှဲပြောင်းပေးခဲ့သည်။

“အစီရင်ခံစာပါ ရွေးချယ်ထားသော သယံဇာတတူးဖော်ရေးကုမဏီများမှ ပစ္စည်းဖြင့်ပေးချေမှုကို အစိုးရဌာနများမှ ရရှိသော အချက်အလက်များနှင့် ချိန်ညှိကြည့်သည့်အခါ ကွဲလွဲချက်များကို သတိပြုမိသည်” ဟု MEITI ၂၀၁၅-၁၆ ခုနှစ် အစီရင်ခံစာက ဖော်ပြထားသည်။

အစီရင်ခံစာအရ ၂၀၁၅-၁၆ ခုနှစ်အတွက် ပစ္စည်းဖြင့်ပေးချေမှု (in kind payment) တွင် သဘာဝဓါတ်ငွေ့ ကုဗပေသန်းပေါင်း ၁၃၇၀၆၆ ကို ရှိခဲ့သော်လည်း သဘာဝဓါတ်ငွေ့မှ ရရှိသော ဝင်ငွေကို တွက်ချက်ရာတွင် ကုဗပေ သန်းပေါင်း ၇၁၃ ၏ ဝင်ငွေကိုသာ တွက်ချက်ထားပြီး ကုဗပေသန်းပေါင်း ၁၃၆၃၅၃ က ပျောက်ဆုံးနေသည်။

ယမန်နှစ် (၂၀၁၄-၁၅) တွင် ကွဲလွဲပျောက်ဆုံးနေသည့် ကုဗပေသန်းပေါင်း ၁၂၉၆၃၈ ရှိပြီး မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ၏စာရင်းတွင် ကုဗပေသန်းပေါင်း ၆၄၅ ၏ ဝင်ငွေကိုသာ ဖော်ပြထားသည်။

ကွဲလွဲချက်ကို ရှင်းလင်းသည့် အခြားအချက်အလက်များကို MEITI သို့ ပေးပို့ခြင်းမရှိဘဲ ထိုကုဗပေသန်းပေါင်း သိန်းကျော်ထဲမှ သုံးပုံ ၂ ပုံခန့်သည့် စစ်တပ်က အသုံးပြုသည်ဟု ယူဆရသည်။

သယံဇာတဆိုင်ရာ တာဝန်ခံယူ တာဝန်ယူမှုအတွက် အထောက်အကူဖြစ်စေရန် ထိုအချက်အလက်များကို အစိုးရအနေဖြင့် ဝေမျှသင့်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတဦးဖြစ်သည့် ဦးဝင်းမျိုးသူက ဆိုသည်။

“ပျောက်ဆုံးတဲ့ သဘာဝဓါတ်ငွေ့ ကုဗပေသန်း ၄ သောင်းကျော်လောက်ရှိတယ် ကြားတယ်။ ဓါတ်ငွေ့ပိုက် ပေါက်ပီး မလုံလို့ ထွက်ကုန်တာ။ ပျောက်တာပဲ ဖြစ်ဖြစ် တပ်ကိုပေးတာပဲ ဖြစ်ဖြစ် ဝင်တာတော့ စာရင်းပြရမှာပေါ့။ တပ်က လက်နက်စက်ရုံတွေကို ကုဗပေပေါင်း ၉ သောင်းကျော်က ဈေးနှုန်းက အလကားနီးပါး ပေးပစ်တာ။ အမှန်က စာရင်းရှိပြီးသား။ စာရင်းရှိပြီးသားဆိုရင် ငွေကို ပြန်သွင်းရမယ်” ဟု ၎င်းက ဆိုသည်။ ၂၀၁၈ ဈေးနှုန်းနဲ့ရောင်းလျှင်ပင် သဘာဝဓါတ်ငွေ့ ကုဗပေ တသန်းကို အမေရိကန် ဒေါ်လာ ၄၀၀၀ ခန့် ရှိပြီး နှစ်နှစ်စာအတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ခန့် ဆုံးရှုံးနေရသည်။

ကျောက်စိမ်းထုတ်ယူရေးတွင်လည်း ကုမ္ပဏီများမှ ပေးသော စာရင်းအချက်အလက်နှင့် အစိုးရစာရင်းတို့ ကွာဟမှုများ ရှိနေသည်။ ၂၀၁၅-၁၅ ခုနှစ်တွင် အစိုးရအချက်အလက်အရ စုစုပေါင်း ပစ္စည်းဖြင့်ပေးချေမှု ၄၂၆၅၅၄ ကီလိုဂရမ် ရှိသည်။ MEITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အစိုးရကိုယ်စားလှယ်များကမူ ကျောက်စိမ်း၊ ရွှေတို့ကို ပစ္စည်းဖြင့်ပေးချေသော ပမဏများသည် ပြတိုက်များတွင် ထိန်းသိမ်းထားသည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ရေနံ သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် နိုင်ငံခြားကြွေးမြီ

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ၏ ကမ်းလွန်နှင့် ကုန်းတွင်း သဘာဝဓါတ်ငွေ့ထုတ်ယူသည့် လုပ်ငန်းမှ အခွန်ထည့်ဝင်ငွေသည် တိုင်းပြည်၏ စုစုပေါင်းဝင်ငွေ၏ ၄၇.၅ ရာခိုင်နှုန်းဖြစ်သည်။ MOGE သည် အခွန်ဘဏ္ဍာအများဆုံးပေးဆောင်သော်လည်း နိုင်ငံတော်ကြွေးမြီထက်ဝက်နီးပါးကို ကိုယ်စားပြုနေသည်ဟု ဒေါ်မိုးမိုးထွန်းက ရှင်းပြသည်။

“အဲဒီတော့ ကျမတို့သည် တကယ်ကို MOGE က မြတ်နေတာလားဆိုတာ ပြန်လည် စဉ်းစားဖို့လိုတယ်။ ကမ်းလွန်လုပ်ကွက် စီမံကိန်းများဟာ ပိုက်လိုင်း တည်ဆောက်ခြင်းကနေ နိုင်ငံခြားချေးငွေ အမြောက်အမြားကိုလည်း ချေးယူထားတာ တွေ့ရတယ်။ စွမ်းအင်အနေနဲ့ တရုပ်ကနေ ချေးငွေ အများဆုံး ချေးယူထားတယ်။ အတိုးနှုန်းကလည်း ၄.၅ % ပါ။ အခု အစီရင်ခံစာ တင်ပြတဲ့အထဲမှာ ချေးငွေတွေကို ဖော်ပြပီး တနှစ် ဘယ်လောက်ဆပ်နိုင်တယ်ဆိုတာ အတိုးအားဖြင့် ဘယ်လောက်ပေးနိုင်တယ်ဆိုတာ ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါဘူး” ဟု ဒေါ်မိုးမိုးထွန်းက ဆိုသည်။

MOGE မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်သည့် ဦးသန်းဌေးအောင်က MOGE က တရုပ်၊ ဂျပန်၊ ထိုင်းနှင့် အိန္ဒိယတို့မှ ချေးယူထားသော နိုင်ငံခြားချေးငွေ ၈ ခုထဲမှ ၃ ခုကို ပြန်လည်ပေးဆပ်ပြီး ဖြစ်သည်ဟု ဆိုသည်။ ဦးသန်းဌေးအောင်သည် MSG တွင် အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်သည်။

ကမ်းလွန်ရေနံ ရှာဖွေရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) မှ ချေးယူထားငွေမှာ အမေရိကန်ဒေါ်လာ ၁၁၁.၇၃၂ သန်းဖြစ်ပြီး၊ နှစ်ပေါင်း ၃၀ အတွင်း အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ထိုပေးချေမှုအတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ရမည် ဖြစ်သည်။

ကုန်းတွင်းရေနံ ရှာဖွေရေးလုပ်ငန်း စီမံကိန်းအတွက် တရုပ်ပြည်မှ China Soft loan အဖြစ် အမေရိကန်ဒေါ်လာ ၈၀.၅၁ သန်း ချေးယူထားပြီး အရစ်ကျ ပြန်လည်ပေးဆောင်မှုကို ၂၀၁၃ ဇန်နဝါရီမှ စတင်ခဲ့ကာ ၂၀၂၂ ခုနှစ် ဇူလိုင်အထိ ပြန်ဆပ်ရမည် ဖြစ်သည်။

တရုပ်ပြည်မှ ချေးယူထားသော ချေးငွေများထဲတွင် ရတနာ-ရန်ကုန် ၂၄ လက်မပိုက်လိုင်း ပြည်တွင်းသဘာ၀ ဓါတ်ငွေ့ စီမံကိန်း၊ အရှေ့တောင်အာရှ သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့် ရွှေကမ်းလွန် သဘာဝဓါတ်ငွေ့ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း စီမံကိန်း တို့အတွက်ပါဝင်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၅၄.၄၅၄ သန်းရှိသည်။ ထိုစီမံကိန်းများအတွက် အရစ်ကျ ပြန်ဆပ်ချိန် ၁၅ နှစ်ဖြစ်ပြီး ရတနာ-ရန်ကုန် ဂတ်စ်ပိုက်လိုင်းအတွက် ၂၀၁၅ ခုနှစ်က ပြန်လည်ပေးဆပ်နေသည်။ ကျန်စီမံကိန်းနှစ်ခုအတွက် ပေးချေမှုကို ၂၀၁၆ က စတင်ပေးဆောင်နေသည်။

မတ်လ ၃၁ ရက်အထိ တရုပ်ပြည်မှ ချေးငွေ လေးခုအတွက် အမေရိကန် ဒေါ်လာ ၁၄၅၉ .၆၃၉ သန်းနှင့် အတိုးအဖြစ် အမေရိကန်ဒေါ်လာ ၄၄၀.၉ ၄ သန်းပေးဆောင်ရန် ကျန်ရှိနေသေးသည်ဟု အစိုးရစာရင်းများအရ သိရသည်။

ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍမှ အခွန်ပိုတိုးရလာခြင်း

၂၀၁၅-၁၆ ခုနှစ်တွင် ကျောက်မျက်နှင့် ကျောက်စိမ်းထုတ်ယူခြင်းမှ အခွန်ငွေပေါင်း ၇၀၇.၈၀၈ ဘီလီယံကျပ် (သယံဇာတထုတ်ယူရေးလုပ်ငန်းများက နိုင်ငံတော်သို့ပေးသွင်းငွေ စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်း) ရရှိခဲ့ပြီး ထိုပမာဏသည် ၂၀၁၄-၁၅ ခုနှစ်ကရရှိခဲ့သော ၃၈၇.၀၂၈ ဘီလီယံကျပ် (၁၁ ရာခိုင်နှုန်း) ထက် ပိုများလာသည်။

၂၀၁၅-၁၆ ခုနှစ် အခွန်ငွေပိုရလာခြင်းမှာ အခွန်ငွေ ကျပ်သန်း ၁၀၀၀ အထက် အခွန်ဆောင်ခဲ့သော ကျောက်မျက်နှင့် ကျောက်စိမ်းတူးဖော်ရေကုမ္ပဏီ ၅၁ ခုမှ ရရှိသော အခွန်ဘဏ္ဍာဖြစ်သည်။ ကုမ္ပဏီပေါင်း ၁၆၆၀ ကျော်ထဲမှ ဖြစ်သည်။ ယခင်နှစ် (၂၀၁၄-၁၅) က ကောက်ယူခဲ့သော အခွန်ငွေသည် အခွန်ငွေ ကျပ်သန်းပေါင်း ၇၅၀ အထက်ဆောင်ခဲ့သော ကုမ္ပဏီ ၇၂ ခုမှ ဖြစ်သည်။

ပထမဆုံးအကြိမ် MEITI အစီရင်ခံစာဖြစ်သော ၂၀၁၃-၁၄ ခုနှစ်တွင် ကုမ္ပဏီ ၁၁ ခုကသာ ပွင့်လင်းမြင်သာမှု တိုင်းတာရေးအတွက် ပါဝင်ခဲ့ပြီး၊ ထိုနောက်ပိုင်း MEITI သို့ ပူးပေါင်းပါဝင်လာသော ကုမ္ပဏီအရေအတွက် တိုးများလာခြင်း ဖြစ်သည်။

သယံဇာတတူးဖော်ရေးကဏ္ဍအောက်ရှိ ရွှေ၊ ပယင်း၊ ကြေးနီ စသဖြင့် အခြား သတ္တုတူးဖော်ရေးအောက်ရှိ လုပ်ငန်းများ၏ အခွန်ငွေသည် ၉၈.၅၈၃ ဘီလီယံကျပ် (၃ ရာခိုင်နှုန်း) ရှိပြီး ၂၀၁၅-၁၆ ခုနှစ် အတွက် အခွန်ငွေ ကျပ်သန်း ၂၅၀ အထက်ပေးဆောင်သော ကုမဏီ ၂၈ ခုမှ ဖြစ်သည်။ လက်ရှိတွင် ကုမဏီပေါင်း ၁၀၃၈ ခု ရှိသည်။

ယမန်နှစ် (၂၀၁၄-၁၅) တွင် ကုမဏီပေါင်း ၉၆၉ ခုမှ အခွန်ငွေကျပ်သန်း ၂၅၀ အထက်ပေးဆောင်သော ကုမဏီ ၂၉ ခု ရှိခဲ့ပြီး၊ ထိုကုမဏီ ၂၉ ခုမှ အခွန်ဘဏ္ဍာငွေပေါင်း ၁၂၄.၈၄၈ ဘီလီယံကျပ် (၄ ရာခိုင်နှုန်း) ရရှိခဲ့သည်။

ထိုကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက သတင်းအချက်အလက် ပိုမို ဝေမ ျှလာသည့် အပေါ်တွင် ဦးကျော်သက်က အကောင်းမြင်သည်။ “အဓိကကတော့ ကျနော်တို့ ဆောင်ရွက်တဲ့လုပ်ငန်းတွေက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပါပီ။ ဒါကို ကျနော်တို့တင် မဟုတ်ဘဲ။ ပြည်ထောင်စုဝန်ကြီးတွေ ၊ ညွှန်ချုပ်တွေ လုပ်ငန်းရှင်တွေ အနေနဲ့ EITI စံနှုန်းတွေ သိအောင်ရယ်၊ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ မိုင်းထုတ်လုပ်ငန်းတွေ ဖြစ်လာဖို့ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

သက်ဆိုင်ရာ သတ္တုတူးဖော်သည့် ကုမ္ပဏီတိုင်းကို သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (environmental management plan) ဆောင်ရွက်ခိုင်းပြီး၊ EMP နဲ့ လိုက်လျောညီထွေ မဆောင်ရွက်သည့် ကုမ္ပဏီများ၊ အခွန်အပြည့်အဝ မဆောင်တဲ့သူများကို လိုင်စင် ပိတ်သိမ်းခဲ့သည်ဟု ဦးကျော်သက် ဆိုသည်။ ထိုအတွက်ကြောင့် ၂၀၁၃-၁၄ ခုနှစ်လောက်တွင် လိုင်စင်ရ ကုမ္ပဏီ ၂ ထောင်လောက်ရှိရာက ယနေ့တွင် ၁၃၉၃ ခုသာ ကျန်တော့သည့်အတွက် ယင်းသည် သိသာထင်ရှားသည့် အပြောင်းအလဲတခု ဖြစ်သည်ဟု ထောက်ပြသည်။

MEITI အစီရင်ခံစာ သုံးသပ်နိုင်ရေးအတွက် သတ္တုတူးဖော်သည့် ကုမ္ပဏီများက ၎င်းတို့ငွေကြေးဆိုင်ရာ အချက်အလက်များ ဝေမျှပေးသည့်အပေါ် ထောက်ရှုကြည့်ပါက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများအပါအဝင် ကုမ္ပဏီ အနည်းစုကသာ သယံဇာတတူးဖော်ရေးကဏ္ဍကို လက်ဝါးကြီးအုပ်ထားကြောင်း ပေါ်လွင်နေသည်။

“ဒီအချက်တွေကို အခြေခံခြင်းအားဖြင့် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ ထုတ်လုပ်ရေးဆိုင်ရာ စာရင်းအင်း အချက်အလက်တွေ၊ ဘဏ္ဍာရေးအချက်အလက်တွေကို သယံဇာတရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ဖို့ အချိန်ကျပီလို့ ဖော်ပြနေတဲ့ ဥပမာ ဖြစ်ပါတယ်” ဟု ဒေါ်မိုးမိုးထွန်းက ဆိုသည်။

“အဓိကကတော့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အားလုံးသည် အကြံပြုတိုက်တွန်းချက်ထဲမှာလည်း ပါပါတယ်။ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ မညီပါဘူး။ ကိုယ်ဟာကို ဆုံးဖြတ်။ ကိုယ်ဟာကို ကြီးကြပ်စစ်ဆေးတယ်။ ဒီနေ့အချိန်ထိ ဘယ်သူ့ကိုတော့ ဥပဒေအရ ဟိုဟာဖြစ်နေလို့ ဆိုပြီး တရားစွဲဆိုမှု မရှိပါဘူး။ ဒေသခံတွေသာ အကြောင်းအမျိုးမျိုးကြောင့် အစိုးရရဲ့ တရားစွဲဆိုမှု ခံနေရတုန်းပါ” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

(အင်္ဂလိပ်ဘာသာဖြင့် Big Holes Still Exist in Financial Reports of Extractive Companies တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading