ဆောင်းပါး

လိုဏ်ဂူထဲမှာ ထိုင်းကျောင်းသားတွေ ဘယ်လို အသက်ဆက်သလဲ

Want create site? Find Free WordPress Themes and plugins.

၉ ရက်ကြာပျောက်ဆုံးနေခဲ့သော အဖွဲ့ဝင် ၁၃ ဦးပါ ထိုင်းလူငယ်ဘောလုံး အသင်းတသင်းသည် လိုဏ်ဂူ ကျောက်စက်ပန်းဆွဲမှ ကျသည့် ကျောက်စက်ရေကို သောက်သုံးနေထိုင်ရင်း အသက်ဆက်ခဲ့ရကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်သည့် ဆရာဝန်တဦးက ပြောသည်။

လိုဏ်ဂူထဲ ပိတ်မိနေသော လူငယ်ဘောလုံးသမားများနှင့် အသက် ၂၅ နှစ်ရှိ နည်းပြတဦးကို စနစ်တကျ ကယ်ထုတ်မည့်အစီအမံများမှာ ဇူလိုင်လ ၃ ရက်က အသေးစိတ် ထွက်ပေါ်လာခဲ့သည်။ ကနဦးက ၉ ရက်ကြာပျောက်ဆုံးနေပြီးနောက် ၎င်းတု့ိရှိနေသည့်နေရာကို တနင်္လာနေ့ ညပိုင်းက ရေငုပ်သမားက ရှာဖွေနိုင်ခဲ့သည်။

ယင်းလိုဏ်ဂူအတွင်း ကျောက်စက်ပန်းဆွဲများသည် လိုဏ်ဂူမျက်နှာကြက်ပေါ်မှ တွဲလောင်းကျနေသော ရေခဲချောင်းများသဖွယ် ဖြာဆင်းနေသည်။ အဆိုပါကျောက်စက်ပန်းဆွဲများက လိုဏ်ဂူမျက်နှာကြက်ကို ဖြတ်သန်း၍ တစက်ချင်းကျနေသော သတ္တုဓာတ်ပါသည့်မိုးရေကို ထုတ်လွှတ်ပေးနေသည်။

ဆေးမှူးတဦးနှင့်အတိုင်ပင်ခံတဦးတို့လိုက်ပါလာသည့် ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင် ၇ ဦးတို့သည် ကျောက်ဆောင်တခုပေါ်တွင် ထွက်ပေါက်မတွေ့ဘဲ ပိတ်နေသူ ၁၃ ဦးနှင့် နေထိုင်လျက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။ ယင်းကျောက်ဆောင်သို့ ကနဦးရောက်ရှိနိုင်ရန် ရေငုပ်သမားများမှာ နာရီများစွာကြာအောင် လမ်းကျဉ်းများနှင့် နောက်ကျိနေသော ရေပြင်ကို ဖြတ်သန်းကူးခတ်ခဲ့ရသည်။

အသင်းသားများ အသက်ရှင်နေဆဲဟူသောသတင်းသည် ထိုင်းနိုင်ငံအတွက် နှစ်ထောင်းအားရစရာ သတင်းတပုဒ်ဖြစ်ခဲ့ပြီး သတင်းဝက်ဘ်ဆိုက်များ၊ လူမှုကွန်ရက်များနှင့် ထိုင်းဝန်ကြီးချုပ်တို့က ကယ်ဆယ်ရေးအဖွဲ့များကို သူရဲကောင်းများအဖြစ် ချီးကျူးထောပနာပြုခဲ့သည်။

“ထိုင်းပြည်သူတွေ အားလုံး၊ နိုင်ငံခြားသားတွေ အားလုံး၊ အကုန်လုံးဟာ သူရဲကောင်းဖြစ်ပါတယ်။ အကုန်လုံးဟာ တယောက်ကို တယောက်ကို ကူညီကြပါတယ်” ဟု ဝန်ကြီးချုပ် ပရာယွက်ချန်အိုချာက သတင်းထောက်များကို ပြောသည်။

Plan A နဲ့ Plan B

ကယ်ဆယ်ရေးသမားများက ၎င်းတို့ အချိန်အတိုင်းအတာတခုအထိ နေထိုင်ရဖွယ်ရှိသည်ကို ပြင်ဆင်ပြီးဖြစ်သဖြင့် ကယ်လိုရီမြင့်မားသော အာဟာရဖြည့်ဂျယ်နှင့် ပါရာစီတမောဆေးပြားများ အပါအဝင် အမြောက်အမြား လိုအပ်မည့် အစားအသောက်နှင့် ဆေးဝါးအထောက်အကူများကို အင်္ဂါနေ့က ၎င်းတို့ထံ ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်သည်။

၎င်းလူငယ်များအတွက် ပထမဆုံးတနပ်စာ အဖြစ် ဝက်သားဟင်းလျာနှင့် ဆန်စေးတို့ကို ပြင်ဆင်ကျွေးမွေးခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက သတင်းထောက်များကို ပြောကြောင်း ဂါးဒီးယန်းသတင်းက ဖော်ပြသည်။

ရေတပ်ဗိုလ်ချုပ် အန်နာကွန်ယူကောင်ကယိုးက မိုးရွာသွန်းမှုမှာ စိန်ခေါ်မှုတရပ်အဖြစ် ရှိနေဆဲဖြစ်သော်လည်း သင့်လျော်သည့်ရေပမာဏကို ဂူအပြင်သို့ စုပ်ထုတ်ပြီးလျှင်ပြီးချင်း ကလေးများကို ဘေးကင်းရန်ကင်း ကယ်ထုတ်လာနိုင်မည်ဖြစ်ကြောင်း ပြောပြသည်။

“ဒါပေမယ့် မိုးတွင်းဖြစ်နေတော့ အလုပ်မဖြစ်ဘူးဗျ။ ကျနော်တို့ နောက်တနည်း လုပ်ရလိမ့်မယ်” ဟု သူက သတင်းထောက်များကို ပြောသည်။ “ကျနော်တို့မှာ plan A နဲ့ plan B ဆိုပြီး ရှိပါတယ်။ အဆုံးစွန်ဆုံးပေါ့လေ။ အားလုံး သူတို့မိဘတွေ ရင်ခွင် ပြန်ရောက်မှာပါ”

ကယ်ဆယ်ရေးအစီအစဉ်များ အကောင်အထည်ဖော်နေစဉ်အတွင်း အဆိုပါ ၁၃ ဦးအတွက် ရေရှည်ခံနိုင်ရည်ရှိစေရန် ကယ်လိုရီမြင့် အာဟာရဖြည့်ဂျယ်နှင့် သတ္တုဓာတ်အားဆေးများ ကျွေး၍ ထိန်းထားသည်။

ထိုင်းအာဏာပိုင်များကို plan A နှင့် plan B အကြောင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြသော်လည်း လူငယ်များကို ၎င်းတို့မူလဝင်ပေါက်မှပင် ပြန်လည်ခေါ်ဆောင်လာရန် ရည်မှန်းထားကြောင်း ပြောပြကြသည်။

ကလေးသုံး ရေငုပ်ကိရိယာများ သုံးနည်း သင်ပေး၍ လိုဏ်ဂူပြင်ပထွက်နိုင်ရန် လမ်းပြပေးခြင်းလည်း ပါဝင်နိုင်ကြောင်း ဆိုသည်။ လိုဏ်ဂူအတွင်းရှိ လီတာသန်း ၁၂၀ ရှိသော ရေပမာဏကို အင်္ဂ ါနေ့ညနေပိုင်းအထိ ၇၅ နာရီကြာအောင် စုပ်ထုတ်နေဆဲဖြစ်သည်။

လေ့ကျင့်ခန်းနှင့်မျှော်လင့်ချက်များ လိုအပ်

၎င်း ၁၃ ဦးတို့သည် ကြွက်သားယိုယွင်းခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့မှ ရောဂါဝင်သည်အထိ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

သို့ရာတွင် ၎င်းတို့၏ ရှင်သန်နေမှုမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာပေါ်တွင် မူတည်နိုင်ကြောင်း၊ မှောင်မည်းစိုစွတ်နေသည့်နေရာမှ ကယ်ဆယ်ရေးအဖွဲ့များ၏ လုပ်ငန်းစဉ်များ ရက်သတ္တပတ်များစွာ၊ လနှင့်ချီသည်ဖြစ်စေ မျှော်လင့်ချက်မပျောက်ဆုံးဘဲ ရပ်တည်နေနိုင်သည့် အနေအထားတွင် ရှိရန် လိုကြောင်း သိရသည်။

“ဒီကိစ္စမှာ စိတ်ပိုင်းဆိုင်ရာဆိုတာ အလေးထား ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ အချက်တချက်ပါ” ဟု ရေကြီးခြင်း(သို့မဟုတ်) မီးလောင်ခြင်းတို့ကြောင့် သတ္တုတွင်းလုပ်သားများ ကယ်ဆယ်ရေး အတွေ့အကြုံရှိသူ အင်ဒရူးဝပ်ဆင်က သုံးသပ်သည်။

“သူတို့ကို ဘယ်အချိန်မှာ ဘယ်လို စတင်ပြီး ကယ်ထုတ်မလဲဆိုတာ မသေချာပါဘူး” ဟု လန်ဒန် ကင်းကောလိပ်မှ စိတ်ဖိစီးမှုရောဂါ ကျွမ်းကျင်ပညာရှင် နေးလ်ဂရင်းဘတ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

“ရေငုပ်သမားတွေ ရောက်လာတဲ့အချိန်မှာ ကလေးတွေအနေနဲ့ ‘သူတို့ကျတော့ ရောက်လာပြီး ငါက ဘာလို့ အပြင်ထွက်လို့ မရသေးတာလဲ’ ဆိုတာမျိုး တွေးမိနိုင်ပါတယ်” ဟု ဝပ်ဆင်က ဖြည့်စွက်ပြောသည်။ ၎င်းသည် ဗြိတိန်နိုင်ငံတွင် သတ္တုတွင်းကယ်ဆယ်ရေးလုပ်ငန်းတွင် စီးပွားရေးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

“အဲဒီအချက်ဟာ သူတို့အနေနဲ့ ကလေးတွေအခြေအနေကို ဘယ်လိုဆက်သွယ်ဆောင်ရွက်နေသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ခင်ဗျားကတော့ သူတို့ကို အခြေအနေဘယ်လိုရှိသလဲလို့ မေးမိမှာပါပဲ။ ဒါဟာ ခက်ခဲတဲ့လုပ်ငန်းစဉ်ဖြစ်တယ်၊ စိတ်ရှည်ရှည်နဲ့ လုပ်ရမယ်ဆိုတာ သူတို့နားလည်သဘောပေါက်ဖို့ လိုပါတယ်။ တတ်နိုင်သမျှ အများကြီး စိတ်ရှည်သည်းခံရမှာပါ”

နေရာနှင့်သန့်ရှင်းရေး

ရုပ်ပိုင်းဆိုင်ရာ ပထမဦးစားပေးအချက်မှာ ယင်းအုပ်စုကို အာဟာရနှင့်ရေဓာတ် ပြန်လည်ဖြည့်တင်းမှုဖြစ်ပြီး ကုန်ဆုံးသွားသော အားအင်များ ပြန်စုစည်းခြင်းဖြစ်သည်။

၉ ရက်ကြာလိုဏ်ဂူအတွင်း ပိတ်မိနေသူများအတွက် အသက်ရှင်သန်ရေး အဓိကသော့ချက် ၃ ခုမှာ အောက်စီဂျင်၊ သင့်တင့်သော အပူချိန်၊ သောက်သုံးနိုင်သော ရေတို့ကြောင့် ယင်းဘောလုံးသမားလေးများ ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်ကြောင်း ပို့စ်မောက်တက္ကသိုလ်မှ ပါမောက္ခ မိုက်တစ်တန်က သုံးသပ်သည်။

နောက်ထပ် အာရုံစိုက်ရမည့်အချက်အနေဖြင့် “သန့်ရှင်းရေးကိစ္စလိုမျိုး ဘာလုပ်လဲပေါ့။ ကူးစက်ရောဂါမဖြစ်အောင် သူတို့ စည်းကမ်းတကျနေရဲ့လား။ ဒါက နောက်ထပ် ခြိမ်းခြောက်လာနိုင်တဲ့ အချက်တချက်ပါ” ဟု တစ်တန်က ပြောသည်။ ၎င်းသည် ဆိုးဝါးသည့် ပတ်ဝန်းကျင်က လူ့ခန္ဓာကို အကျိုးသက်ရောက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သည်။

ယင်းအုပ်စု အစာတဖန်ပြန်စားချိန်တွင် အညစ်အကြေးစွန့်ပစ်ရာ၌ စိတ်ချလုံခြုံမှုရှိရန် လိုအပ်မည်ဖြစ်ပြီ သူတို့သောက်သုံးမည့်ရေအတွက် ညစ်ညမ်းစေခြင်းမရှိရန် အရေးကြီးသည်။

လိုဏ်ဂူအတွင်း ဖုံးလွှမ်းနေသောရေတွင် မိလ္လာ(သို့မဟုတ်)တိရစ္ဆာန်အသေအညစ်အကြေးများ ပါနိုင်ကြောင်း တစ်တန်က ထောက်ပြသည်။

နောက်ထပ် စဉ်းစားသင့်သည့်အချက်တချက်မှာ “သူတို့နေထိုင်ရန် နေရာ ဘယ်လောက်ကျယ်ဝန်းသလဲ” မေးခွန်းဖြစ်သည်။

အချိန်ကြာညောင်းသည်နှင့်အမျှ မလှုပ်မယှက်နေရခြင်း၊ အထိုင်များခြင်းတို့က ကြွက်သားများညောင်းညာနေပြီး ယာယီအားဖြင့် ကြွက်သားနှင့် အရိုးပြဿနာများကို ဖြစ်ပွားစေနိုင်သည်။

အားအင်ချိနဲ့နေသောကလေးများအတွက် လွတ်မြောက်နိုင်ရန် ရေငုပ်ခြင်းသည် ပိုမိုခက်ခဲစေမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

“ဒါက အလွန့်အလွန် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်လာပြီဗျ။ အားလုံးဖြစ်နိုင်တယ်ဆိုရင် ရေလွတ်တဲ့အချိန်အထိ စောင့်ဖို့ပဲ” ဟု ဝပ်ဆင်က မှတ်ချက်ချသည်။

ကိုးကား ။ ။ Channel News Asia

Did you find apk for android? You can find new Free Android Games and apps.
Loading