ဆောင်းပါး

အချိန်နဲ့အမျှ အရေးကြီးနေတဲ့ ထမ်လုံဂူ ကယ်ဆယ်ရေး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လိုဏ်ဂူတခု အတွင်းတွင် ပိတ်မိနေသော ကလေး ၁၂ ဦးနှင့် ဘောလုံး အသင်းနည်းပြတဦးတို့ကို အမြန်ဆုံး ကယ်ဆယ်နိုင်ရန် အတွက် ဆက်လက်လုပ်ဆောင်နေသည်ဟု ထိုင်း အာဏာပိုင်များက ဇူလိုင်လ ၅ ရက်နေ့ တွင်ပြောသည်။

ချင်းရိုင်ခရိုင် ထမ်လုံလိုဏ်ဂူ အစိတ်အပိုင်းများမှ ရေမျက်နှာပြင်က ဇူလိုင်လ ၄ ရက်နေ့တွင် ၄၀ စင်တီမီတာ လျော့ကျသွားခဲ့ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး အဖွဲ့မှ ကယ်ဆယ်ရေး အရာရှိ တဦးကပြောသည်။

ယခု သီတင်းပတ်ကုန်ရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းလိမ့်မည်ဟု ကြိုတင်ခန့်မှန်းရသည့် အတွက် ထိုအချိန်မတိုင်မီ ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရေးကို ဦးစားပေးသည့် စစ်ဆင်ရေးတခု ပြုလုပ်ရန် အာဏာပိုင်များက ကြိုးစားနေသည်။

“ရေပိုများလာမယ့် အန္တရယ်ရှိပါတယ်” ဟု ချင်းရိုင် အုပ်ချုပ်ရေးမှူး နရွန်ဆက် အိုဆော့တနာကွန်းက ကယ်ဆယ်ရေး စခန်းနေရာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ မုတ်သုန်မိုးကြောင့် ဂူအတွင်းမှ ရေမျက်နှာပြင် အနိမ့်အမြင့်နှင့် ပတ်သက်၍ အဓိက စိုးရိမ်နေရဆဲ ဖြစ်သည်ဟုလည်း ထပ်ပြောသည်။

အဆက်မပြတ် စုပ်ထုတ်နေသည့်အတွက် အတွင်းမှ ရေမျက်နှာပြင်က ကျဆင်းသွားခဲ့သည်ဟု ချင်းရိုင် အုပ်ချုပ်ရေးမှူးက ဆိုသည်။ ကယ်ဆယ်ရေး အဖွဲ့များမှာ နောက်တကြိမ် ရေများ မူလအမြင့်သို့ ပြန်တက်မလာမီ ပိတ်မိနေသူများကို ခေါ်ထုတ်နိုင်ရေး အချိန်လု ဆောင်ရွက်နေကြရသည်။

“သူတို့ကို မတွေ့မီက ကျနော်တို့က အချိန်နဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ အခုတော့ ကျနော်တို့ ရေနဲ့ ယှဉ်ပြိုင်နေရတယ်။ အဲဒါက လိုဏ်ဂူ တလျှောက် ဖုံးလွှမ်းထားပါတယ်။”

ပိတ်မိနေသူ ၁၃ ဦး ရှိရာ အပိုင်းသို့ တယ်လီဖုန်းလိုင်းများ တိုးချဲ့နေသည်ဟု ချင်းရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။ သို့သော်လည်း အစောပိုင်းတွင်မူ တယ်လီဖုန်းများ ရေထဲသို့ ပြုတ်ကျ၍ အားလုံး ပျက်စီးခဲ့ရသည်။

ကလေးငယ်များနှင့် သူတို့၏ နည်းပြသည် စိတ်ဓာတ်ပိုင်းဆိုင်ရာကောင်းမွန်မှုရှိပြီး ဆက်လက်၍ သည်းခံနေကြသည်ဟု လည်း အုပ်ချုပ်ရေးမှူးကပြောသည်။

ဇွန်လ ၂၃ ရက်နေ့ကတည်းက ပျောက်ဆုံးသွားသည့် အဖွဲ့ကို ဇူလိုင်လ ၂ ရက်နေ့တွင် ထိုင်း ရေတပ် SEALS အဖွဲ့နှင့် ဗြိတိန်မှ လိုဏ်ဂူတွင်း ရေငုပ်ကျွမ်းကျင်သူ ၂ ဦးတို့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဆရာဝန် ၂ ဦးတို့က ကလေးများနှင့်အတူ နေထိုင်နေပြီး ကယ်ဆယ်ရေးသမားများမှာမူ ရာသီဥတု အခြေအနေ မတည်ငြိမ်ခြင်းကို စိတ်ပျက်နေကြသည်။

အလျှင်စလိုလုပ်ရန်မလိုကြောင်းနှင့် ဘောလုံးအသင်း၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း အသင့်ဖြစ်ပါက ၎င်းကို ခေါ်ထုတ်လာမည်ဖြစ်ကြောင်း ထိုင်းရေတပ် ဗိုလ်ချုပ်ကြီး အပရွှန် ယုကွန်ကယောက်က ပြောကြောင်း Bangkok Post သတင်းတွင် ဖေါ်ပြသည်။

“လေးလလည်း ဖြစ်ရင်ဖြစ်မယ်၊ တလလည်း ဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် တပတ်လည်းဖြစ်ရင်ဖြစ်မယ်” ဟု သူပြောသည်။ “ပထမဆုံးစီမံချက်ကတော့ ရေအမြင့်ကို လျှော့ချပြီး သူတို့ကို ကယ်ထုတ်ဖို့ပဲ။ ဒါပေမယ့် အဲဒီလို မလုပ်နိုင်ရင် လုပ်မယ့် နောက်ဆက်တွဲအစီအစဉ်တခုလည်း ရှိရမယ်” ဟုလည်း ပြောသည်။

သို့သော် ရာသီဥတု အခြေအနေကြောင့် လူအတော်များများ စိုးရိမ်နေကြပြီး ထိုသို့စိုးရိမ်သူများတွင် ပြည်ထဲရေးဝန်ကြီး အနုပေါင် ပေါဂျင်ဒါလည်းပါဝင်သည်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ အချိန်လုလုပ်နေရသော အလုပ်ဖြစ်သည်ဟု သူပြောသည်။

“လာမယ့် ရက်တွေမှာ မိုးရွာမယ်လို့ ခန့်မှန်းထားတော့ ကယ်ဆယ်ရေးကို အရှိန်မြှင့်လုပ်ရမယ်။ ရေတက်လာရင် လုပ်ရကိုင်ရခက်မယ်။ အဲဒီအချိန်မတိုင်မီ ကလေးတွေက်ကို ကယ်ထုတ်ရမယ်” ဟု ဗိုလ်ချုပ်ကြီး အနုပေါင်ပြောသည်။

ရေနှင့် အစားအစာ ပြတ်တောက်နေသော ဘောလုံးအသင်းအတွက် ပို့ဆောင်ထားသော ရိက္ခာ လေးရက်စာရှိပြီး ပြန်လည်အားဖြည့် ဓါတ်ဆားများနှင့် အောက်ဆီဂျင် ဗူး ၇၀ လည်း ပို့ထားသည်ဟု ဘန်ကောက်ပို့စ် က ရေးသားဖေါ်ပြသည်။

ထမ်လုံဂူအတွင်း အခြေအနေပြ မြေပုံ

မည်သည့်အတွက်ဂူအတွင်းဝင်ရသနည်း

ထိုဘောလုံးအသင်းသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဂူကွန်ယက်အတွင်း ဝင်ရောက်ခြင်းမှာ ဘောလုံးအသင်း ဒေသ ထုံးစံနှင့်သက်ဆိုင်သည်ဟု ကလေးများကို စတင်တွေ့ရှိခဲ့သော ရေငုတ်သမားများအနက် တဦးကပြောသည်။

“သူတို့တွေက ရေထဲမဆင်းခင် ကျောပိုးအိတ်တွေ၊ ဖိနပ်တွေကိုထားခဲ့ပြီး ဂူရဲ့ တဖက်အဆုံးအထိသွားမယ်၊ ဂူတဖက်အဆုံးအထိ သွားပြီး ဂူနံရံမှာ ကိုယ့်အမည်ကိုယ်ရေးကြမယ်၊ ပြီးရင်ပြန်လာမယ်ဆိုတာ ဒီက ကလေးတွေအတွက် ထုံးစံပဲ” ဟု ဖူးခက်တွင် ရေငုတ်သင်တန်းကြောင်းဖွင့်ထားသော ဒတ်ရေငုတ်သမား ဘန် ရေးမင်းနန့်က Sky News သို့ပြောသည်။

ရေးမင်းနန့်သည် အသက် ၁၁ နှစ်မှ ၁၆ နှစ်အထိ ပါဝင်သော ကလေးများနှင့် နည်းပြထံသို့ ပျောက်ဆုံးသည့် ၁၀ ရက်မြောက်နေ့ဖြစ်သောဇူလိုင်လ ၂ ရက်နေ့က ရောက်ရှိခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်သည် ဟု New York Post ကဖေါ်ပြသည်။

လာမည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်ခြင်းမရှိမီ ကလေးများကို ရေကူးခြင်းနှင့် ရေငုတ်ဝတ်စုံဖြင့် ရေငုတ်ခြင်း သင်ကြားပေးပြီး ထွက်လာနိုင်အောင် မလုပ်ဆောင်ပါက ၎င်းတို့ကို လချီကြာအောင် ထိုနေရာတွင် ဆက်လက်ထားရှိရေးကိုလည်း အာဏာပိုင်များ စဉ်းစားသုံးသပ်နေကြသည်။

ကလေးများမှာ လက်ရှိအချိန်တွင် ထိုသို့ကြီးမားသော အခက်အခဲကို ဖြတ်ကျော်နိုင်လောက်အောင် အားမရှိကြသေးပေ။ ထိုင်းရေတပ်ဆရာဝန်များသည် ကလေးများရှိသော နေရာသို့ ဇူလိုင်လ ၃ ရက်နေ့တွင် ရောက်လာကြပြီး အာဟာရကြွယ်ဝသော အစားအစာများကို ကျွေးမွေးလျက်ရှိသည်။

ကယ်ဆယ်ရေးသမားများအတွက် အခြားရွေးချယ်စရာနည်းလမ်းမှာ ကလေးများရှိသောနေရာသို့ ကျင်းတူးပြီး ကလေးများကို မတင်ထုတ်ယူရန်ဖြစ်သည်။ ယခုကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော ဗြိတိန် ဂူတွင်းကယ်ဆယ်ရေးကောင်စီက ကလေးများကို ဂူအတွင်း ၁.၂ မိုင်အကွာတွင် တွေ့ပြီး ထိုနေရာသည် မြေအောက် ဝ.၆ မိုင်နက်မည်ဟု ခန့်မှန်းထားသည် သို့သော် အခြားသော တွက်ချက်မှုအရဆိုပါက ကလေးများသည် ဂူအတွင်း ၂.၅ မိုင်အထိ သွားခဲ့ကြသည်ဟု ဆိုပြန်သည်။ ဂူသည် တောင်ကြောတခုတွင် ၆ မိုင်ခန့်ရှည်လျှားစွာ ရှိနေပြီး အနိမ့်အမြင့် တူညီခြင်းလည်း မရှိပေ။

နည်းပြဆရာ တရားစွဲဆိုခံရနိုင်

ကလေးများကို ဂူအတွင်း ဦးဆောင်ခေါ်ယူသွားသော ၎င်းတို့ ဘောလုံးနည်းပြဆရာသည် ကလေးများကို အန္တရယ်ကျရောက်စေသောကြောင့် တရားစွဲဆို ခံရနိုင်သည်ဟု သတင်းတပုဒ်က ဖေါ်ပြသည်။

တောဝက်ရိုင်း ဘောလုံးအသင်း၏ အသက် ၂၅ နှစ်အရွယ် နည်းပြ အီကာပို ချန်သော်ဝန် ဟု ထိုင်း သတင်းများကဖေါ်ပြသူကို တရားစွဲဆိုခြင်းပြုမပြုကို အာဏာပိုင်များ စဉ်းစားနေသည်။ ဇွန်လ ၂၃ ရက်နေ့က ဘောလုံးလေ့ကျင်မှုအပြီး ဂူအတွင်းသို့ ကလေးများကို ခေါ်ဆောင်သွားရာတွင် ပေါ့ဆမှုအတွက် စွဲဆိုမဆို စဉ်းစားနေခြင်းဖြစ်သည်။

“ပထမဆုံး ဒီကိစ္စကို သေသေချာချာ လေ့လာဖို့လိုတယ်” ဟု တရားစွဲရန် အစီအစဉ်ရှိမရှိ မေးသောအခါ မယ်ဆိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး ကော့စမန် ဆာရာ့ဒန်က အင်္ဂဘာသာဖြင့် ထုတ်ဝေသော Khaosod သတင်းစာသို့ပြောသည်။

ဒေသခံများကမူ နည်းပြဆရာအနေဖြင့် စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင်လုပ်ခဲ့ရန်သင့်သည်ဟု ပြောကြသည်။

သို့သော် နည်းပြသည် ဂူအတွင်းရေလွှမ်းမိုးမည်၊ သူနှင့် သူ့အသင်း ရက်ပေါင်းများစွာ ပိတ်မိနေမည်ကို ကြိုမြင်နိုင်စွမ်းမရှိကြောင်း ထိုင်း ရာဇဝတ်မှု ရှေ့နေတဦးကပြောသည်။

“ကျနော့် အမြင်ကတော့ သူ့မှာ ရည်ရွယ်ချက်မရှိဘူး။ သူတို့ဂူထဲမဝင်ခင်တုန်းက မိုးကလည်း မရွာသေးဘူး။ သူတို့ အဲဒီကို မကြာခဏ သွားတတ်ကြတယ်။ ဒါကြောင့် ပြဿနာရှိမယ်လို့ သူတို့မထင်ကြဘူး။ ဥပဒေက ရည်ရွယ်ချက် ကိုလည်းကြည့်တယ်” ဟု ရှေ့နေ အနန်ချိုင် ချိုင်ရာဒက်ရှိ ကပြောသည်။

အချို့ကမူ ကလေးများ ဂူထဲတွင် ၉ ရက် ကြာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခြင်းမှာ နည်းပြကြောင့်ဟု ဆိုကြသည်။

၂၀၁၀ ခုနှစ်က မြေအောက်တွင် ရက်ပေါင်း ၆၉ ရက် ပိတ်မိနေခဲ့ဖူးသူ ချီလီနိုင်ငံသား မိုင်းတွင်းလုပ်သား အိုမာ ရေဂျာဒါ့စ် က နည်းပြသည် သူကိုယ်တိုင်ပိတ်မိနေစေကာမူ ကလေးများ စိတ်ဓါတ် မကျဆင်းအောင်လုပ်ဆောင်ရာတွင် အဓိက ဖြစ်သည်ဟု ပြောဆိုသည်။

ထိုဘောလုံးအသင်းသည် တောင်ပေါ်စက်ဘီးစီးခြင်း နှင့် ရေတံခွန်များသို့ သွားရောက်ခြင်း၊ ဂူများကို လေ့လာခြင်း စသည်တို့ကို မကြာခဏ ပြုလုပ်တတ်သည်ဟု ၎င်းတို့၏ မိဘများကပြောသည်။

ကိုးကား။ ။ Channel News Asia, news.com.au, Bangkok Post, Khaosod

Did you find apk for android? You can find new Free Android Games and apps.
Loading