အငူမော် ကမ်းခြေတွင် လှိုင်းများ ရိုက်ခတ်နေပြီး ပင်လယ်ရေသည် စိမ်းလည်းမစိမ်း ခဲသားရောင် သန်းနေသည်။ မိုးသား တိမ်တိုက်များကလည်း တလိပ်လိပ်တက် လာကာ ကောင်ကင်တခုလုံး မည်းနက်နေပါသည်။
ပင်လယ်ကမ်းခြေနှင့် မျက်နှာချင်းဆိုင်တွင် စိမ်းစိုနေသော မေယု တောင်တန်း တည်ရှိပြီး မကြာသေးခင်က ဖွင့်လှစ် ခဲ့သော ရသေ့တောင်မြို့နယ် အငူမော်မှ နေ၍ မောင်တောမြို့နယ် အင်းဒင်ကျေးရွာ အထိ ခင်းထားသော ကွန်ကရစ် ကားလမ်းမသည် ညီညာ ဖြောင့်ဖြူးနေ၏။
မောင်တော ဒေသအတွင်းသို့ အစိုးရ အစီအမံဖြင့် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက် ၂ ရက်ကြာ သတင်း သွားရောက်ယူခွင့် ရခဲ့ပါသည်။
အရေးအခင်း ကာလတုန်းက မီးလောင်ခဲ့သော နေရာများသည် လက်ရှိအချိန်တွင် ခြုံနွယ်များ ထူထပ်စွာ ပေါက် ရောက် နေကာ စွန့်ပစ် ဖုန်းဆိုးမြေ အဖြစ်သို့ ရောက်ရှိနေသည်။
ပြီးခဲသော ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း အငူမော်ကားလမ်း၏ ဟိုဘက် သည်ဘက်တွင် တပိုင်းတစ မီးလောင်ပြာကျနေသော သံသေတ္တာများ၊ ရေအိုးခွက်များ၊ အိုးခွက် ပန်းကန်များ ပြန့်ကျဲနေသည်။
တရွာလုံး မီးလောင်ခဲ့သည့် အတွက် လူသူကင်းမဲ့နေပြီး အုံးပင်များ၏ အလက် အရွက်များသည်လည်း မီးအရှိန် ကြောင့် ခြောက်ကပ်ကပ်ဖြင့် ရိုးတန်များသာ ရှိကြသည်ကို တွေ့မြင်ရသည်။
ခရီးစဉ် တလျှောက်တွင် မိုးသဲ၍ ဓာတ်ပုံများကို ကားပေါ်မှသာ ရိုက်ယူရသည်။ ကားလမ်းတလျှောက် လှမ်းမြင်ရ သည့် လယ်ကွင်းပြင်များသည် မိုးဦးကျချိန် စိုက်ပျိုးရာသီ ဖြစ်သော်လည်း အထီးကျန်ပြီး မြက်ရိုင်းများက နေရာယူ ထားသည်။

လက်ရှိ အခြေအနေအရ မောင်တော ဒေသတွင် လယ်ယာ လုပ်ငန်းခွင် အတွက် အခက်အခဲ ဖြစ်နေကြောင်း လည်း ဒေသခံများ က ပြောပြသည်။
“ဒီနှစ်ကတော့ လယ်တွေကို ဒီအတိုင်းပဲ ပစ်ထားရတယ်။ လယ်ထွန်ဖို့ လုပ်သားတွေလည်း မရှိဘူး ဖြစ်နေတယ်။ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားလို့မရသေးဘူး”ဟု မောင်တောမြို့နယ် အင်းဒင်ကျေးရွာနေ အသက် ၅၀ အရွယ် ဒေါ်မရွှေခင်က ပြောသည်။
ယခင်နှစ်များက မောင်တောမြို့နယ်အတွင်း ရခိုင် တိုင်းရင်းသားများသည် ကိုယ်ပိုင်လယ်မြေများကို ထွန်ယက် စိုက် ပျိုး ရာ တွင် ပတ်ဝန်းကျင် ကျေးရွာရှိ ဘင်္ဂါလီရွာသား လယ်လုပ်သားများကို ငှားရမ်းပြီး လုပ်ကိုင်ခဲ့ကြကြောင်း သိရ သည်။
အရေးအခင်းကြောင့် ယခင်က လည်ပတ်နေခဲ့သော လယ်ယာလုပ်ငန်းနှင့် လူမှုစီးပွားရေးများသည် အကျပ် အတည်း ဖြစ်ကာ နှစ်ဘက်စလုံးတွင် နစ်နာဆုံးရှုံးများစွာ ကြုံခဲ့ကြရပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းတည်ရှိသော အင်းဒင်ကျေးရွာသည် ဘင်္ဂါလီကျေးရွာသား ၁၀ ဦး သတ်ဖြတ် မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကမ္ဘာ့အလယ်တွင် နာမည်ကြီးခဲ့သလို လူအများ စိတ်ဝင်စားမှုလည်း မြင့်တက်ခဲ့သည်။

အကြမ်းဖက်မှုဖြစ်စဉ်က အင်းဒင်ကျေးရွာသားများသည် ပိတ်မိနေခဲ့ပြီး လယ်တောထဲသို့ သွားရောက်သည့် ရခိုင် တိုင်း ရင်းသား အသက် (၆၀) ကျော်အရွယ် ဦးမောင်နီသည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
သြဂုတ်လ ၂၅ ရက်နေ့က ဦးမောင်နီနှင့်အတူ လယ်နီးချင်းဖြစ်သူ ဦးမောင်ဖြူသိန်း (၅၂) နှစ်သည်လည်း လယ်တော ထဲ ရှိ တင်းကုတ်မှ ကျွဲများ အစာစားရန်အတွက် လွှတ်ပေးရန် အတူတကွ သွားရောက်ခဲ့ကြရာ အကြမ်းဖက် သမား များ က ဦးမောင်နီကို ဝိုင်းဝန်းဖမ်းဆီး ခေါ်ဆောင်သွားစဉ် ဦးမောင်ဖြူသိန်း အနေဖြင့် မကူနိုင် မကယ်နိုင်ဘဲ အသက် လု ထွက်ပြေး လွတ်မြောက် လာခဲ့ရသည်ဟု ဆိုသည်။
သို့သော်လည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို မြင်တွေ့ခဲ့ရသော ဦးမောင်ဖြူသိန်း တယောက် ထိုအတော အတွင်း သွေးပျက်ထိတ်လန့် နေခဲ့ပြီး စိတ်ဒဏ်ရာရရှိမှု ဖြစ်သွားကြောင်းလည်း ကျေးရွာသားများက ပြန်ပြောပြသည်။
“သူက ဘင်္ဂါလီတွေလက်က လွတ်လာပြီး ရွာပြန်ရောက်လာတယ်။ ရွာပြန်ရောက်ပြီး စိတ်ကယောင် ချောက်ချားတွေ ဖြစ်ပြီး တလ နှစ်လလောက် ရူးသွားတယ်”ဟု အင်းဒင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောပြသည်။
Reuters သတင်းဌာန အပါအဝင် ကမ္ဘာ့ သတင်းဌာနများသည် နောက်ကွယ်က ဖြစ်ရပ်မှန် ကွင်းဆက်သတင်း များကို ဖော်ပြ နိုင်ခြင်းမရှိဘဲ ဘင်္ဂါလီရွာသား ၁၀ ဦး သတ်ဖြတ်ခံရသည့် သတင်းကိုသာ ဇောင်းပေး ဖော်ပြခဲ့ကြသည့် အတွက် ဝေဖန် ရှုတ်ချကြောင်းလည်း အင်းဒင် ကျေးရွာသားများက ပြောဆိုကြသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တောင်ယာထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသော ကိုင်းကြီး မြို တိုင်းရင်းသား များသည် တောင်တန်းများတွင် မနေရတော့သဖြင့် မောင်တောမြို့နယ် သစ်တုန်းနားခွဆုံ အနီးတွင် ရွာသစ် တည် ပေးထားသည်။
ရွာသစ်တွင် ပြောင်းရွှေ့နေထိုင်သော မြိုတိုင်းရင်းသား အိမ်ထောင်စု ၁၂၀ ရှိပြီး လူဦးရေ ၆၀၀ ကျော်ရှိ ကြောင်းလည်း သိရသည်။
ကိုင်းကြီးမြို တိုင်းရင်းသား ကျေးရွာသားများ အတွက် အစိုးရက လုပ်ကိုင်စားသောက်ရန် မျိုးစပါးများကို ထောက်ပံ့ ပေး ထားသော်လည်း စပါးစိုက်ပျိုးရန် မြေကွက်မရှိသောကြောင့် အခက် ကြုံတွေ့နေရကြောင်းလည်း ရွာသားများက ပြောပြကြသည်။
“စားရေး သောက်ရေးကလည်း WFP က ထောက်ပံ့လို့ အဆင်ပြေတယ် ဆိုပေမယ့် မလုံလောက်ဘူး။ အနီးအနားမှာ ဟင်းရှာ စားတယ်။ ထင်းတွေ ခုတ်ရောင်းတယ်။ နောက်တခုပြောချင်တာက အစိုးရက ကျနော်တို့ကို စိုက်ပျိုး စားသောက် ဖို့ မျိုးစပါးတွေပေးတယ်။ ဒါပေမယ့် ကျနော်တို့မှာ မြေကွက်တွေမရှိဘူး”ဟု မြိုတိုင်းရင်းသား ဖြစ်သူ ဦကျော်လှစိန်က ဧရာဝတီသို့ ပြောပြသည်။
မောင်တော မြို့နယ်အတွင်း တည်ရှိသော ကြက်ရိုးပြင် ဘင်္ဂါလီ ကျေးရွာသားများသည်လည်း အရေးအခင်းကြောင့် အခက်အခဲ ဒုက္ခများ ကြုံကြရသည်ဟု ဆိုသည်။
ကြက်ရိုးပြင် ကျေးရွာတွင် မူလက လူဦးရေ ၁ သောင်းကျော်ရှိပြီး လက်ရှိအချိန်တွင် လူဦးရေ ၆၀၀ ကျော်သာ ကျန်ရှိ ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်အတွင်း တစုံတရာ ဖြစ်ပွားခြင်း မရှိသော်လည်း တဖက်နိုင်ငံသို့ ရွာလုံးကျွတ် ထွက်ပြေး ကြ သော ဘင်္ဂါလီ ရွာသားများသည် ကြက်ရိုးပြင်ကျေးရွာကနေ ဖြတ်သန်း ထွက်ပြေးကြရာ ထိုမြင်ကွင်းကို မြင်တွေ့ ရ သဖြင့် စိုးရိမ်ကြောင့်ကြစိတ်များ ဖြစ်ပေါ်ကာ ကြက်ရိုးပြင် ရွာသားတချို့လည်း ထွက်ပြေးခဲ့ကြောင်း ကြက်ရိုးပြင် ကျေးရွာ နေ ဘင်္ဂါလီများက ပြောပြသည်။
“ကျနော်တို့ရွာမှာ အရေးအခင်းတုန်းက ဘာမှမဖြစ်ခဲ့ဘူး။ အားလုံး ကိုယ့်ရွာမှာ နေကြတာ၊ တခြား ရွာသားတွေက ထွက်ပြေး ကြတဲ့အခါ ကျနော်တို့ ရွာကနေဖြတ်ပြီး ပြေးကြတယ်။ အဲဒါတွေကို မြင်ပြီးတော့ ရွာသားတချို့က လည်း ဒီမှာလည်း ဖြစ်လာတော့မယ် ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ထွက်ပြေးကြတာ”ဟု ကြက်ရိုးပြင် ဘင်္ဂါလီကျေးရွာနေ ကိုအဘူတရုတ် က ရှင်းပြသည်။
အရေးအခင်းကြောင့် ဘင်္ဂါလီကျေးရွာသားများသည် စိုက်ပျိုးထားသော စပါးခင်းများကို မရိတ်သိမ်းနိုင်တော့ဘဲ ရွာ အနီးရှိ လယ်ကွင်းများသာ စပါး ရိတ်သိမ်းခဲ့ရကြောင်း၊ ဒေသတွင်း ကူးလူးဆက်ဆံပြီး တဦးနှင့်တဦး မှီတင်း လုပ်ကိုင် လာခဲ့သည့် စီးပွားရေး လုပ်ငန်းများသည်လည်း ဆုံးရှုံးနစ်နာခဲ့ရကြောင်း ကြက်ရိုးပြင် ဘင်္ဂါလီ ကျေးရွာသားများ က ပြောဆိုသည်။
တဖက်နိုင်ငံရောက် ဘင်္ဂါလီကျေးရွာသားများ လုပ်ကိုင်ခဲ့သော မောင်တောမြို့နယ်အတွင်းက လယ်မြေဧက ၇ သောင်း ကျော်လည်း လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့ ဖြစ်နေသောကြောင့် ယခုနှစ် စပါးစိုက်ပျိုး ရာသီအတွက် မည်သို့ စီမံ လုပ်ကိုင်မည် ဆိုသည်ကို ပြည်နယ် အစိုးရအနေဖြင့် မဆုံးဖြတ်နိုင်သဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထား ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော မြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သော အကြမ်ဖက်မှုများကြောင့် ဒေသခံ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက် စသည့် တိုင်းရင်းသားလူမျိုးများ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသလို ဟိန္ဒူဘာသာဝင်များ သည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ဘင်္ဂါလီကျေးရွာသား အမြောက်အများလည်း တဖက်နိုင်ငံသို့ ဝင်ရောက် ထွက်ပြေး သွား ကြ သည်။
လက်ရှိ နယ်မြေအခြေအနေသည် တည်ငြိမ်စပြုလာပြီ ဖြစ်၍ ဒေသခံ တိုင်းရင်းသားများနှင့် ဘင်္ဂါလီကျေးရွာသား တို့ သည် အေးချမ်းစွာဖြင့် ပုံမှန်သွားလာလှုပ်ရှား နေကြသည်ကို တွေ့မြင် ခဲ့ရသည်။
သို့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ အကြမ်းဖက်မှုနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များက ထိတ်လန့် ဖွယ်ရာ ကောင်းလှသည့်အတွက် မောင်တောဒေသ အတွင်း နေထိုင်ကြသည့် အားလုံးသော လူမှုအသိုင်းအဝိုင်း အတွက် စိုးရိမ်ပူပန်သည့် အခြေအနေတွင်ပင် ရှိနေသေးသည်။

တဖက်နိုင်ငံသို့ ဝင်ရောက်သွားခဲ့သော ဘင်္ဂါလီများအား ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက် စာချုပ်ပါ အတိုင်း လက်ခံရန် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာတို့ ဆွေးနွေး သဘောတူခဲ့ကြသည်။
မြန်မာ အစိုးရအနေဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက တဖက်နိုင်ငံသို့ ရောက်ရှိသွားသော ဘင်္ဂါလီများကို ပြန်လည် လက်ခံရန်အတွက် မောင်တော မြို့နယ် အတွင်း ပြန်လည် လက်ခံရေးစခန်း ၂ ခု ဖွင့်လှစ် ထားရှိခဲ့သည်။
ကုန်းလမ်းရောက်မှ ဝင်ရောက်လာသူများကို တောင်ပြို လက်ဝဲစခန်းနှင့် ရေလမ်းမှ ဝင်ရောက်လာသူများကို ငခူရ စခန်း တို့တွင် စိစစ်လက်ခံပြီး လှဖိုးခေါင်ကြားစခန်းတွင် ယာယီ ထားရှိကာ ပြန်လည်နေရာ ချထားပေးမည် ဖြစ် ကြောင်း အစိုးက ထုတ်ပြန်ထားသည်။
မြန်မာ အစိုးရဘက်က ပြန်လည်လက်ခံရေး စခန်းများ အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း တဖက်နိုင်ငံဘက်မှ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း တစ်ဦးတယောက်မှ ပြန်ဝင်လာသူမရှိသေးကြောင်းလည်း လူမှုဝန်ထမ်း ကယ် ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးစိုးအောင်က ပြောသည်။
“၂ နှစ်ငံ သဘောတူညီချက်နဲ့ ဝင်လာတဲ့ လူက တယောက်မှ မရှိသေးဘူး။ မိမိဆန္ဒအလျောက် ဝင်လာတဲ့ မိသားစု ၅ ယောက် တဖွဲ့ရှိတယ်။ နောက်တခါ ၆၂ ယောက် တဖွဲ့ရှိတယ်။ အခုတခါ လှေစီးပြီး ရောက်လာတာ ၉၂ ဦးရှိတယ်။ ဒါတွေက တရားဝင်အနေနဲ့ ၂နိုင်ငံ သဘောတူညီချက်နဲ့ လွှဲပြောင်းပေးတဲ့ အနေအထားတော့ မဟုတ်ဘူး။ သူတို့ ဆန္ဒ အလျောက် ရောက်ရှိ လာတာသာ ဖြစ်တယ်”ဟု ဒုဝန်ကြီး ဦးစိုးအောင်က ရှင်းပြသည်။
မောင်တောဒေသ ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ကဏ္ဍအလိုက် စီမံကိန်းများ ရေးဆွဲကာ ဆောင်ရွက် လုပ်ကိုင်နေသော်လည်း တဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးသည့် အတွက် လုပ်ငန်းများ ကို အကောင်အထည်ဖော်ရန် အချိန် နှောင့်နှေးနေရသည်။
“ပြန်လည် ထူထောင်ရေး ဆိုတာ ကဏ္ဍတခုတည်း မဟုတ်ဘူး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အသက်မွေး ဝမ်း ကျောင်း ဆိုင်ရာ လုပ်ငန်းများပါဝင်တယ်။ အဲဒီဟာတွေကိုလုပ်ဖို့ လူတွေက ပြန်မလာသေးတဲ့အတွက် လက်ရှိ လုပ်နိုင် တာက ဘာလဲဆိုတော့ ကားလမ်းတွေ၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းတွေ လုပ်နိုင်တယ်၊ လမ်းတွေ အရင် တုန်း က ထက်ကို ပိုပြီးကောင်းလာတာကို တွေ့ရလိမ့်မယ်”ဟု ဒုဝန်ကြီး ဦးစိုးအောင်က ပြောပြသည်။

လက်ရှိအချိန်တွင် တရားဝင် ၂ နိုင်ငံ သဘောတူညီချက် လမ်းကြောင်းအတိုင်း မဟုတ်ဘဲ ကိုယ့်ဆန္ဒအလျောက် တဖက် နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ မိသားစုဝင် ၅ ဦးနှင့် နိုင်ငံတော် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင်ဖြင့် ပြန်လည် လက်ခံထားသူ ဘင်္ဂါလီ ၆၂ ဦးတို့သာ ရှိသေးသည်။
အဆိုပါ တရားမဝင် လမ်းကြောင်းမှနေ ပြန်ဝင်လာသည့် အတွက် ဖမ်းဆီး အပြစ်ပေးထားသူ ဘင်္ဂါလီ ၆၂ ဦးသည် လိုအပ်သည့် ပုံစံများဖြည့်ရန် နှင့် လက်ခံရေး စခန်းများမှ တဆင့် ပြန်လည် ဝင်ရောက်ရေးကိစ္စ တို့ကို မသိရှိ ကြဟု အစိုးရ က မှတ်ယူခဲ့သည်။
ထို့ကြောင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ ၂ နိုင်ငံ သဘောတူညီချက် အတိုင်း သတ်မှတ်ထားသည့် ပြန်လည် လက်ခံရေး စခန်းတွင် စနစ်တကျ စိစစ်မှုများပြုလုပ်ကာ ကြားစခန်းတွင် ထားရှိနိုင်ရေးအတွက် ကျခံရသောပြစ်ဒဏ် များ ကို သမ္မတက လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်း မေလ ၂၇ ရက်က နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။
ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က“ကျနော်တို့ ကတော့ သူတို့ ထွက်သွားကတည်းက နိုင်ငံတော်ကို ပုန်ကန်လို့ ထွက်သွားတာ။ နောက်ပြီးတော့ နယ်စပ်ကို ဖြတ်ကျော် သွားတာ။ ပြန်လာရင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူရမယ်။ ဥပဒေအတိုင်းပဲ လုပ်စေချင်တာ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဇွန်လ ၁၁ ရက် နံနက်ပိုင်းက ရသေ့တောင်မြို့နယ် ဆင်ဗိုက်ကျေးရွာနှင့် အောင်ဗလ ကျေးရွာကြား ပင်လယ် ကမ်းစပ်တွင် လှေပျက်ပြီး ဘင်္ဂါလီအမျိုသား ၄၄ ဦးနှင့် အမျိုးသမီး ၆၀၊ စုစုပေါင်း ၁၀၄ ဦးကို တွေ့ရှိ ခဲ့သေးသည်။
ထို လှေစီးဒုက္ခသည် ၁၀၄ ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စိစစ်မှုများအရ ဘင်္ဂလား ဒေ့ရ်ှ နိုင်ငံသား ၁၂ ဦးနှင့် မောင်တော ဒေသအတွင်း နေထိုင်ခဲ့သူ ၉၂ ဦးတို့ကို စိစစ်တွေ့ရှိခဲ့သည့် အတွက် ဒေသအတွင်း နေထိုင်ခဲ့သူ အဖြစ် စိစစ် တွေ့ရှိသူ ဘင်္ဂါလီ ၉၂ ဦးကို လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ပြန်လည်နေရာချထား ပေးမည်ဖြစ်သလို ဘင်္ဂလား ဒေ့ရ်နိုင်ငံ သား အဖြစ် စိစစ်တွေ့ရှိသည့် ၁၂ ဦးကိုလည်း သံတမန်နည်းလမ်းအတိုင်း ပြန်လည် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည်။
လှေစီးဒုက္ခသည် ဘင်္ဂါလီ အမျိုးသမီးငယ်တချို့မှာ မလေးရှားနိုင်ငံရှိ ၎င်းတို့နှင့် စေ့စပ်ထားသည့် အမျိုးသားများနှင့် လက်ထပ်ရန် အတွက် သွားရောက်ရခြင်း ဖြစ်ကြောင်း ငခူရ ပြန်လည် လက်ခံရေး စခန်းတွင် ဇွန်လ ၁၄ ရက်နေ့က အင်တာဗျူးစဉ် ပြောပြကြသည်။

“ကျမအစ်ကိုက မလေးရှားမှာ ရှိတယ်။ သူကနေပြီးတော့ အမျိုးသား တယောက်နဲ့ လက်ထပ် ပေးဖို့ကို ဆက်သွယ် တယ်။ အွန်လိုင်း ကနေပြီးတော့ ကျမနဲ့ လက်ထပ်ပေးမယ့် အမျိုးသားကိုပြတယ်။ အဲဒီလူနဲ့ လက်ထပ်ယူဖို့ မလေးရှား ကို ထွက်လာတဲ့အခါ စက်လှေပျက်ပြီး ဒီကိုရောက်လာတာပါ”ဟု အသက် ၁၈ နှစ်အရွယ် လှေစီးဒုက္ခသည် အမျိုးသမီး မရှယ်ဟေရာ က ပြောသည်။
အဆိုပါ မရှယ်ဟေရာ သည် မောင်တောမြို့နယ် အလယ်သံကျော်တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် နေ့ဖြစ်စဉ် နောက်ပိုင်းတွင် မိသားစုဝင် ၈ ဦးနှင့်အတူ တဖက်နိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြန် ပြောပြ သည်။
ထိုသို့သော အခြေအနေများတွင် မောင်တောဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အစိုးရ ၏ ဆောင်ရွက်ချက်များသည် ပွင့်လင်း မြင်သာမှုမရှိကြောင်းနှင့် ဒေသခံ တိုင်းရင်းသားများသည်လည်း ဘေးဖယ်ထား ခြင်း ခံနေရကြောင်း ရခိုင် ခေါင်းဆောင်များက ယူဆကြသည်။
ဗဟိုအစိုးရအဖွဲ့နှင့် ရခိုင်အမတ်များကြားတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ယုံကြည်မှုကျဆင်းနေသလို ရခိုင် ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံ အရပ်ဘက်လူမှု အဖွဲ့အစည်းများကြားလည်း ယုံကြည်မှုများ ပျောက်ဆုံး နေသည်ကို အထင် အရှား တွေ့မြင်နေရသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအနေဖြင့် သိပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရှိသည့် အခြေအနေ အဆင့်တခုကို ပွင့်လင်းမြင်သာစွာချပြရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သော ရခိုင် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အဆိုတရပ် တင်သွင်းခဲ့သည်။
ယင်းအဆိုကို မောင်တောအမတ် ဦးမောင်အုန်းက တင်သွင်းခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီး ဦးကျော် လွင် က လွှတ်တော်တွင် ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား သဘောထား ပေးခဲ့ရာတွင် ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လွှတ်တော် ကိုယ်စားလှယ်များနှင့် လာရောက် တွေ့ဆုံ မည် ဖြစ်သည့် အတွက် သိလိုသည်များကိုသာ မေးမြန်းကြရန် ဖြေကြားပေးခဲ့သည်။
လွှတ်တော်တွင် ကန်ကွက်သူ မရှိသဖြင့် ထိုအဆိုအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင်ပင် ဒေါက်တာ ဝင်းမြတ်အေး ရခိုင်ပြည်နယ် လွှတ်တော်သို့လာရောက်ပြီး လွှတ်တော် ကိုယ်စား လှယ် များ နှင့် တွေ့ဆုံခဲ့သည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ အပြန်အလှန် တွေ့ဆုံ ဆွေးနွေးခဲ့ကြရာတွင် ဒေါက်တာ ဝင်းမြတ်အေးက ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင် နေရသည့် အတွက် အစိုးရအဖွဲ့၏ ပူပန်မှုများကိုသာ အဓိကချပြခဲ့သည်။
“နိုင်ငံတကာအမြင်က အခုဖြစ်နေတဲ့ အဖြစ်အပျက်ကို နိုင်ငံတကာရဲ့ ရာဇဝတ်မှု ခုံရုံးကို တင်ဖို့လုပ်ပါတယ်။ ICC ဆိုတာ ရှိပါတယ်။ အာရ်တူပီ (Responsibility to Protect “R2P”) ဆိုတာ ရှိပါတယ်။ ဧမတန်ကို ကြောက်စရာ ကောင်း ပါတယ်။ ကျနော်တို့က ဆင်းရဲတဲ့နိုင်ငံ ဖြစ်တယ်။ အင်အားနည်းတဲ့ နိုင်ငံဖြစ်တယ်။ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မဟုတ်တဲ့ သတင်းတွေ ပျံ့သွားပြီးတော့ တခါတည်း ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ အတင်း လုပ်တယ်။ အတင်းလုပ်ရင် အတင်း ခံရပါတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ထိုစဉ်က ပြည်နယ်လွှတ်တော် အမတ်များကို ရှင်းပြခဲ့သည်။
မောင်တော ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို ပွင့်လင်း မြင်သာစွာ ချပြရန် လွှတ်တော်က အတည်ပြုခဲ့ သော် လည်း လက်ရှိ အချိန်အထိ အစိုးရအနေဖြင့် တိုင်ပင်ဆွေးနွေး အသိပေးခြင်း မရှိကြောင်း မောင်တော အမတ် ဦးမောင်အုန်းက ထောက်ပြ ဝေဖန်သည်။
“ဒေါက်တာ ဝင်းမြတ်အေးနဲ့ လွှတ်တော်မှာ တွေ့ဆုံစဉ်မှာ မေးမြန်းတော့လည်း ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုတယ်။ အားလုံးပါဝင် ပူးပေါင်း လုပ်ဆောင်ရမယ် လို့သာ ပြောခဲ့တာ။ အခုအချိန်ထိ ကျနော်တို့ ဒေသခံ လွှတ်တော် ကိုယ်စား လှယ်တွေကို အသိပေးတာ၊ တိုင်ပင်တာ တခုမှမရှိဘူး”ဟုလည်း ဦးမောင်အုန်းက ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်သည် ၎င်း အာဏာရရှိစဉ် ကာလ အတွင်း ပထမဆုံး လာရောက်သော ခရီးစဉ် တခုလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မောင်တောမြို့နယ် အတွင်းသို့ ကွင်းဆင်းလှည့်လှည် ကြည်ရှုခဲ့ပြီး အပြန်တွင် စစ်တွေ လေဆိပ် ခန်းမ၌ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခဏတာတွေ့ဆုံကာ စစ်တွေမြို့ထဲသို့ ဝင်ရောက်ခြင်း၊ ရခိုင် တိုင်းရင်း သား ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းမရှိဘဲ လေဆိပ်ကနေ လှည့်ပြန်ခဲ့သည့်အတွက် ဝေဖန်မှုများလည်း ရှိခဲ့သည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အစွန်းရောက် အကြမ်း ဖက် သမားများက တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၂၆ ရက်အထိ ဟိန္ဒူ ဘာသာဝင်များ၊ ရခိုင် တိုင်းရင်းသားများ၊ ဒိုင်း နက်၊ မြို၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများအပါအဝင် ၈၄ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်သမား များ၏ ဖမ်းဆီး ခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ ၅၄ ဦး ပျောက်ဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန် ထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၆၄ ရွာရှိပြီး တိုင်းရင်းသားကျေးရွာ ၈၁ ရွာ၊ ဘင်္ဂါလီ ကျေးရွာ ၂၇၂ ရွာ၊ တိုင်းရင်း/ဘင်္ဂါလီ ရောနှောနေထိုင်သည့်ကျေးရွာ ၁၁ ရွာ ရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၃၃၉ ရွာရှိပြီး တိုင်းရင်းသားကျေးရွာ ၁၅၉ ရွာ၊ ဘင်္ဂါလီကျေးရွာ ၁၇၅ ရွာ ၊ တိုင်းရင်းသား/ဘင်္ဂါလီရောနှော ကျေးရွာ ၅ ရွာရှိကြောင်းလည်း သိရသည်။
အကြမ်းဖက်မှုအလွန် မောင်တောဒေသအတွင်း ဘင်္ဂါလီကျေးရွာနှင့် လူဦးရေပေါင်း မည်မျှ ကျန်ရှိနေခဲ့သည် ဆိုသည် ကို သက်ဆိုင်ရာ ဌာနများသို့ မေးမြန်းခဲ့သော်လည်း တိတိကျကျ မသိရှိရပေ။
မောင်တောဒေသ အကြမ်ဖက် ဖြစ်စဉ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့သည် မေလ ၁ ရက်နေ့က မောင်တောမြို့နယ် အတွင်းသို့ လာရောက်ကြည့်ရှု ခဲ့ကြသည်။
အဆိုပါ ကိုယ်စားလှယ်များသည် မောင်တောမြို့နယ်အတွင်း ပြန်လည် လက်ခံရေး စခန်းဖြစ်သည့် လှဖိုးခေါင် ကြားစခန်း၊ တောင်ပြို လက်ဝဲ၊ ရွှေဇား ဘင်္ဂါလီရွာ၊ ပန်းတောပြင် ဘင်္ဂါလီရွာများသို့ သွားရောက် လေ့လာခဲ့ ကြောင်း လည်း သိရသည်။
ထိုခရီးစဉ်တွင် ပန်းတောပြင်ကျေးရွာတွင် ဘင်္ဂါလီရွာသားများက NVC ကတ် (National Verification Card) မလိုချင် ကြောင်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံများမှ လာရောက်သော ကိုယ်စားလှယ်အဖွဲ့ထံ တင်ပြခဲ့ ကြောင်း ပန်းတောပြင် ဘင်္ဂါလီကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးအဏ္ဏဝါက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC များကို ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်နေ့မှ စတင် ထုတ်ပေးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ အမျိုးသား ၆၀၉၇ ဦးနှင့် အမျိုးသမီး ၃၀၇၆ ဦး စုစုပေါင်း ၉၁၇၃ ဦး ထုတ်ပေးပြီး ဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက် နေ့က အစိုးရအဖွဲ့က ထုတ်ပြန်သည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များအတွင်း နယ်ခြားစောင့် ရဲစခန်းများကို ဝင်ရောက် တိုက်ခိုက်၊ ကားလမ်း များကို လက်လုပ်မိုင်းများ ထောင်ပြီး စစ်ကားများကို မိုင်းဆွဲ၊ အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်ခဲ့သည့် ARSA အကြမ်းဖက် အဖွဲ့အစည်းများနှင့်ပတ်သက်၍ မေးမြန်းကြည့်သည့် အခါတိုင်း ဘင်္ဂါလီ ရွာသားတိုင်းက ခေါင်းခါ ပြီး မျက်နှာ လွှဲသွားကြသည်။
တဖက်နိုင်ငံသို့ ရောက်ရှိသွားသော ဘင်္ဂါလီများနှင့်ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများက တပ်မတော်၏ ကြမ်းတမ်း သည့် နယ်မြေ ရှင်းလင်းရေးများကြောင့် လူအုပ်စုလိုက် ထွက်ပြေး တိမ်းရှောင်ရခြင်း ဖြစ်သည်ဟု စွပ်စွဲမှု များလည်း ရှိနေသည်။
တချို့သော ဘင်္ဂါလီ ကျေးရွာများသည် စစ်ဆင်ရေး ရုပ်သိမ်းပြီး နယ်မြေရှင်းလင်းမှု မရှိတော့သည့် ကာလများ တွင် ရွာလုံးကျွတ် နယ်စပ်ဖြတ်ကျော်ပြီး တဖက်နိုင်ငံသို့ ဝင်ရောက် သွားကြကြောင်းလည်း သိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာအနီးရှိ ပင်လယ် ကမ်း ခြေ နှင့် ဂေါ်ဒူသာရ ပင်လယ် ကမ်းခြေများတွင် တဖက်နိုင်ငံသို့ လှေဖြင့်ကူးရန် စောင့်ဆိုင်းနေသော ဘင်္ဂါလီကျေးရွာ သား ၁၇၀၀ ခန့်ရှိရာသို့ ပြည်ထောင်စု ဝန်ကြီးများ သွားရောက်သည့် ခရီးစဉ်တွင် ဝန်ကြီးများက တဖက်နိုင်ငံသို့ မသွား ရန် ဖျောင်းဖျသော်လည်း အဆင်မပြေခဲ့ပေ။
ပင်လယ် ကမ်းခြေအထိ သွားရောက် ဖျောင်းဖျခဲ့သော ဝန်ကြီးများတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့် ဆွေ၊ လူ/ကယ်ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် လဝက ဝန်ကြီး ဦးသိန်းဆွေ တို့ ပါဝင်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံ သံအမတ်ကြီး နှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့လည်း ပါဝင်ခဲ့သည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် ထွက်ခွာကြသည်ကို အတိအကျ မသိရှိသော်လည်း ဒေသတွင်း သတင်းများ အရ ဘင်္ဂါလီကျေးရွာများ အနေဖြင့် လုံခြုံမှုမရှိတော့ဟု ခံယူလျက် စိုးရိမ်ကြောင့်ကြ စိတ်များဖြင့် ထွက်ခွာကြသူများ ရှိသလို တဖက်တွင်လည်း ARSA အဖွဲ့ဝင်များက ခြိမ်းခြောက် ခေါ်ယူမှုများ ရှိသည့် အတွက်ကြောင့် တဖက်နိုင်ငံသို့ ဝင်ရောက် သွားကြခြင်း ဖြစ်သည်ဟု သိရသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA အဖွဲ့၏ နယ်ခြားစောင့် စခန်းများကို တပြိုင်တည်း တိုက်ခိုက်မှုသည် ကိုဖီအာနန် အကြံပေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာသည့် အချိန်နှင့် တပြိုက်နက် ဒေသေနေ ဘင်္ဂါလီ ကျေးရွာသားများကို အသုံးချကာ အချိန်ကိုက် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရယူခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်း ရပါသည်။
စစ်အစိုးရ လက်ထက်၌ ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေသနေ ဘင်္ဂါလီရွာသားများအား ဆန္ဒမဲပြားများ ပေးပိုင်ခွင့် ရရှိခဲ့သော်လည်း ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပသည့်အခါ ဥပဒေအရ ယာယီ သက်သေခံ လက်မှတ် (White Card) ဖြင့် မဲပေးခွင့် မရရှိခဲ့သည့်အတွက် မွတ်စလင် ဘင်္ဂါလီ ခေါင်းဆောင်များကြားတွင် တော်လှန် ပုန်ကန်လိုစိတ်ကို အားကြီးစေခဲ့သည်ဟုလည်း ဆိုကြသည်။
တဖက်တွင်လည်း ဘင်္ဂါလီများ အနေဖြင့် နိုင်ငံသားဖြစ်မှု ရရှိရေးထက်၊ တိုင်းရင်းသား လူမျိုးတမျိုး အမည် ဖြစ်လို သော ရိုဟင်ဂျာ ဆိုသည့် စကားလုံးကို တွင်ကျယ်စွာ သုံးစွဲရေးကိုသာ ရယူလိုနေကြသည့် အတွက် နိုင်ငံသားဖြစ် ရေး၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းများမှာ ရှေ့မတိုးနိုင်ဟု ဆိုရပါမည်။
သို့အတွက်ကြောင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး အစိုးရ အဆက်ဆက်သည် မြောက်မြားစွာသော စုံစမ်း စစ်ဆေးရေး အဖွဲ့များ၊ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်း ဖြေရှင်းခဲ့ကြသော်လည်း အနာနှင့်ဆေး တခြားစီဖြစ်ကာ မောင်တော ဒေသ အခြေအနေသည် ကုထုံးမဲ့နေဆဲ သဘော ဖြစ်နေရသည်ဟု ဆိုလိုက်ချင်ပါတော့သည်။ ။