ဂူကွန်ယက်အတွင်းမှ တခုနှင့်တခု ဆက်စပ်နေသော ကျယ်ဝန်းသော နေရာများကို ဖြတ်သန်းပြီး ဂူအတွင်း ပိတ်မိနေသော ကလေး ၁၂ ဦးကို ၃ ကီလိုမီတာရှည်လျှားသော ခရီးအတိုင်း ကယ်ထုတ်နိုင်မည်ဟု ထိုင်းရေတပ်အထူးတပ်ဖွဲ့များ လွန်ခဲ့သော ၂ ရက်က ယုံကြည်ခဲ့ကြသည်။
ယခုမူ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၏ မိုးရာသီတွင် ၁၀ ကီလိုမီတာရှည်သော ထမ်လုံဂူ၏ မာယာကြောင့် သေဆုံးသူတဦးရှိလာပြီဖြစ်သည်။
နေရာအများအပြားရှိ ကျဉ်းမြောင်းပြီး ရေလွှမ်းနေသာ ဂူလမ်းကြောင်းများ၏ မာယာကို အဆင့်မြင့်လေ့ကျင့်ထားသော ရေတပ်အထူးတပ်ဖွဲ့များပင် ကျော်လွှားနိုင်ခြင်းမရှိကြပေ။
ဂူအတွင်းရှိ ရေမျက်နှာပြင်သည် ကျဆင်းနေပြီး အရာရာ စီစဉ်ထားသည့်အတိုင်းဖြစ်နေကြောင်း ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး နာရောင်ဆက် အိုဆော့သန်နာကွန် က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။
သို့သော် သောကြာနေ့နံနက်တွင် စေတနာ့ဝန်ထမ်း ရေတပ်အထူးတပ်ဖွဲ့ဝင်ဟောင်း ဆာမန် ကူနန် သေဆုံးသွားပြီးနောက် ချင်းရိုင် အုပ်ချုပ်ရေးမှူးမှာ ယခင်လောက် အာမခံပြောကြားနိုင်ခြင်း မရှိတော့ပေ။
ဂူ၏ ကွန်ယက်များအတွင်းတွင် ကယ်ဆယ်ရေးလုပ်သား အများအပြား ဝင်ရောက်နေသောကြောင့် ဂူအတွင်းမှ အောက်ဆီဂျင် အများအပြား ဆုံးရှုံးသွားသည်ဟု သူက ပြောလာသည်။
ယခု ကယ်ဆယ်ရေးလုပ်သားများသည် ကလေးများရှိနေသော နေရာသို့ အောက်ဆီဂျင်ပို့လွှတ်ရန် ၅ ကီလိုမီတာရှည်လျှားသော လေဝင်လေထွက်ပိုက်ကို သွယ်တန်းနေကြသည်။
ရေတပ်အထူးတပ်ဖွဲ့ဝင်များမှာ ကလေးများကို ရေငုတ်သင်ရန် လိုအပ်နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ ပိုမိုခက်ခဲနေသည်။
ထမ်လုံ၏ မြေအောက်ဂူများမှ လူတဦးကို ကယ်ထုတ်ရန် လိုအပ်သော ကျွမ်းကျင်မှုသည် သာမန်ဂူများအတွင်း ရေငုတ်လျှင် လိုသော ကျွမ်းကျင်မှုထက် ကျော်လွန်နေကြောင်း အမေရိကန် အသိအမှတ်ပြု ရေငုတ်သမားတဦးက ပြောသည်။
“သာမန်ဂူတွေမှာ ရေငုတ်ဖို့ဆိုတာ ကမ္ဘာ့ရေငုတ်သမား ၉၉ ရာခိုင်နှုန်းမှာ ရှိတဲ့ ကျွမ်းကျင်မှုထက် အများကြီး ပိုမိုလိုအပ်တယ်။ ဒါကြောင့်မို့လည်း ဂူတွင်းရေငုတ်သမား အရည်အချင်းမီဖို့ဆိုတာ အရမ်းခက်ပါတယ်” ဟု ဂျွန် အက်ဒ်ဆစ်က Educational Technology & Change Journal တွင် ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သည်။
“ဒါပေမယ့် ဒီဂူမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုက သာမန် ဂူတွင်းရေငုတ်ရတာ မဟုတ်ဘဲ ရေငုတ်တဲ့ သူတွေဟာလည်း သာမန်ဂူတွင်း ရေငုတ်သမားတွေ မဟုတ်တော့ဘူး။ ကယ်ဆယ်ရေးသမားတွေဟာ ရေမကူးတတ်သူတွေကို အတူခေါ်လာပြီး အဲဒီလို စိန်ခေါ်မှုများတဲ့နေရာတွေမှာ မတုန်လှုပ်စေဘဲ ခေါ်လာရမယ်။ သူတို့တွေ ရေထဲမှာ ဘာကိုမှ မြင်နိုင်မှာလည်း မဟုတ်ဘူး”ဟုလည်း ဆိုသည်။
မှောင်မဲပြီး အချို့နေရာများတွင် တုန်လှုပ်စရာကောင်းလောက်အောင် ကျဉ်းမြောင်းသည့် ထမ်လုံဂူအတွင်းမှ နောင်ကျိနေသောရေများသည် နေရာအများအပြားတွင် ကော်ဖီကြမ်းအရောင်ဖြစ်နေသည်။
ဂူအတွင်းမှ လီတာ ၁၂၈ သန်းရှိသောရေများကို အင်အားကြီးမားသော ရေစုပ်စက်ကြီးများဖြင့် စုပ်ထုတ်နေသည့် အစီအစဉ်သည်လည်း မိုးကြောင့် အဟန်အတားဖြစ်နိုင်သည်။
အသက် ၃၈ နှစ်အရွယ်ရှိ တပ်ကြပ်ကြီး ကူနန် သည် ရေငုတ်သမားဟောင်းဖြစ်ပြီး စေတနာ့ဝန်ထမ်း ကူညီရန် လွန်ခဲ့သော အပတ်က ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် အောက်ဆီဂျင်ဗူးများကို ကယ်ဆယ်ရေးလမ်းကြောင်းတလျှောက် ထားရှိရန် ပို့ဆောင်စဉ် အောက်ဆီဂျင်ပြတ်လပ်သေဆုံးခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်မှာ ကယ်ဆယ်ရေးစီမံချက်၏ တစိတ်တပိုင်းဖြစ်ပြီး ထိုအစီအစဉ်သည် စာရွက်ပေါ်တွင်ပင် တုန်လှုပ်စရာ ကောင်းနေသည်။
ကလေးတဦးစီကို ရေငုတ်သမားတဦးတွင် ကြိုးဖြင့်ချည်နှောင်ပြီး ၃ ကီလိုမီတာရှည်သော လမ်းတလျှောက်ရှိ လမ်းပြကြိုးတန်းဖြင့် ဖြတ်သန်းရမည်ဖြစ်သည်။
ဂူအတွင်းမှ လွှတ်မြောက်ရန် ပြင်ဆင်သည့်အနေဖြင့် အသက် ၁၁ နှစ်မှ ၁၆ နှစ်အထိရှိသော ကလေးများသည် ရေငုတ်ဝတ်စုံ၊ ရေငုတ်ဖိနပ်၊ ရေငုတ်ဦးထုပ်မာနှင့် ရေငုတ်မျက်နှာဖုံးတို့နှင့် အံဝင်ကွင်ကျဖြစ်ရန် ပထမဆုံး လိုအပ်သည်။
၎င်းတို့ ကြောက်လန့်တုန်လှုပ်မှုကို အနည်းဆုံးဖြစ်စေရန် ကလေးတယောက်စီအား မည်သည်တို့ကို ကြုံတွေ့ရမည်ကို ရှင်းပြရမည်ဖြစ်ပြီး အန္တရာယ်ကြားမှ ဖြတ်သန်းစဉ် ရေတပ် အထူးတပ်ဖွဲ့ဝင် ၂ ဦးစီက ကလေးတဦးစီကို စောင့်ကြပ်လိုက်ပါရမည်ဖြစ်သည်။
ကလေးများသည် ၎င်းတို့၏ အောက်ဆီဂျင်ကို ၎င်းတို့ကိုယ်တိုင်သယ်ဆောင်မည် မဟုတ်ဘဲ ရေငုတ်သမားများထံမှ အောက်ဆီဂျင်ကို လမ်းတလျှောက်လုံး ရယူရမည်ဖြစ်သည်။
သတင်းများအရ နည်းပြဆရာသည် အာဟာရချို့တဲ့နေသည်ဟု သတင်းများကဆိုသောကြောင့် ပိတ်မိနေသော ကလေးများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းကျန်းမာရေးအပေါ် စိုးရိမ်မှုများ ပိုမိုကြီးထွားလာနေသည်။
ဂူလမ်းကြောင်းတလျှောက် ချထားမည့် အောက်ဆီဂျင်ဗူးများမှာ ကူနန် မသေဆုံးမီ ကူညီချထားပေးနေသည့် အောက်ဆီဂျင်ဗူးများဖြစ်သည်။
ထို့ကြောင့် ရေအပြည့်အ၀ လွှမ်းမိုးခြင်းမရှိသော နေရာလွတ်များတွင်ပင် လမ်းကြောင်းရှိ ကျဉ်းမြောင်းသောနေရာများကဲ့သို့ပင် ကလေးများအတွက် လေမရှိသည့် သဘောဖြစ်နေသည်။
ကလေးများသည် ရေငုတ်သမားနှစ်ဦးထံမှ အောက်ဆီဂျင်ကို မူလမှန်းထားသည်ထက် ပိုမိုကြာမြင့်စွာ အသုံးပြုရမည်ဖြစ်သောကြောင့် လမ်းကြောင်းတလျှောက် အောက်ဆီဂျင်ဗူးများ ပိုမိုချထားရမည်ဖြစ်သည်။
ရေငုတ်သမားများသည် ဂူနံရံရှိ ကြိုးကို လမ်းညွှန်အဖြစ်အသုံးပြုပြီး ကလေးတဦးချင်းကို ဂူအတွင်း လုံးဝရေလွှမ်းနေသောနေရာများနှင့် လေခိုနေသောနေရာများမှ လမ်းပြခေါ်ဆောင်မည်ဖြစ်သည်။
တဦးချင်းကို ၄ နာရီ ကယ်ဆယ်မည့်အစီအစဉ်အစား ရေတပ်အထူးတပ်ဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းကာလ လျှော့ချရန် ၎င်းတို့ကို တတန်းတည်း ဆက်တိုက် ခေါ်ဆောင်သွားမည့်ပုံ ရှိသည်။
ထိုသို့ လွန်စွာ အန္တရာယ်ကြီးမားလှသော လုပ်ငန်းများမှာ ကလေး ၂ ဦးနှင့် နည်းပြတို့သည် ပင်ပမ်းနွမ်းနယ်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကို ခံစာနေရသည်ဟု သတင်းများထွက်နေသောကြောင့် ပိုမိုရှုပ်ထွေးသွားစေနိုင်သည်။
ထိုင်းခြေလျှင်တပ်ရင်းများနှင့် သစ်တောအရာရှိများသည် အနီးရှိ မီတာ ၉၀၀ ရှည်သောဂူသည် ကလေးများရှိနေသော နေရာနှင့် ဆက်စပ်နေနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် အခြားဖြစ်နိုင်ခြေရှိသော ဂူထွက်ပေါက်များကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။
ထိုင်းတော်ဝင်ရေတပ်သည် အမေရိကန်ရေတပ်နှင့် ပုံမှန် စစ်ရေးလေ့ကျင့်နေသော တပ်ဖွဲ့ဖြစ်သည်။
၎င်း၏ ကျွမ်းကျင်ရေ ငုတ်သမားသည် ခက်ခဲသော ဂူတွင်းအခြေအနေများကို ကောင်းစွာ အကျွမ်းတဝင်ရှိကြပြီး ထိုင်းနိုင်ငံတွင် လေးစားခံရသူများဖြစ်သည်။ ယခု ကလေးများကို ကယ်ဆယ်ပြီး နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးရန် ထိုရေငုတ်သမားများကို တနိုင်ငံလုံးက အားထားနေကြသည်။
ရေငုတ်ချန်ပီယံ ကူနန် သေဆုံးသောကြောင့် ထိုင်းပြည်သူများသည် ကယ်ဆယ်ရေးအောင်မြင်ရန် မျှော်လင့်ချက်ကို စွန့်လွှတ်ခြင်း မရှိပေ။
သို့သော် မုတ်သုန်မိုးများက ထပ်ရောက်လာကြဦးမည်ဖြစ်သည်။
ကိုးကား။ ။ news.com.au