၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် အသက် ၄၈ နှစ်အရွယ် ဆွစ်ဇာလန် ဘဏ်လုပ်ငန်းရှင်ဟောင်း တဦးဖြစ်သည့် Xavier Justo သည် အပူပိုင်းဇုန် ထိုင်းနိုင်ငံမှ ကျွန်းတခုဖြစ်သည့် ကော့စ်မွေ (Koh Samui) ရှိ သူ၏ ဟိုတယ် အသစ် စက်စက်၏ ရှေ့တံခါးဆီသို့ ဦးတည် လျှောက်လာခဲ့သည်။
အဖြူရောင်ကျောက်တုံးများဖြင့်ဆောက်ထားသော အပန်းဖြေအိမ်များနှင့် တလက်လက် တောက်ပနေသော ပင်လယ်ပြင် ကို အပေါ်စီးမှ မြင်နိုင်သည့် အခန်းများကို တည်ဆောက်ရန် ပြီးခဲ့သည့် ၃ နှစ်လုံး အချိန် ယူခဲ့ရသည်။ ယခုအခါ လုပ်ငန်း စတင်ရန် အဆင်သင့်နီးပါး ဖြစ်နေခဲ့လေပြီ။ လုပ်ငန်းလိုင်စင် တခုသာ လိုတော့သည်။
ထိုင်းနိုင်ငံသို့ လွန်ခဲ့သော ၄ နှစ်က Xavier Justo ရောက်ရှိခဲ့သည်။ လန်ဒန်မြို့မှ ငြီးငွေ့ဖွယ်ရာ ဘဏ္ဍာရေးလုပ်ငန်း လောက မှ ထွက်ပြေးခဲ့ဖြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် သူနှင့် သူ၏ ချစ်သူ Laura တို့က ထိုင်းနိုင်ငံတွင် မော်တော် ဆိုင်ကယ်ဖြင့် ခရီးထွက်ခဲ့ကြသည်။
နောက်၂ နှစ်ကြာသောအခါ ကြိုတင်စီစဉ်ထားသည့် ကမ်းခြေတခုတွင် လက်ထပ် ခဲ့ကြသည်။ နောက် ဆုံးတွင် သူတို့စုံတွဲ က ဘန်ကောက်မြို့မှ တောင်ဖက်သို့ လေယာဉ်နှင့်သွားလျှင် တနာရီခရီးသာ ရှိသော ကမ္ဘာလှည့်ခရီးသည် အများဆုံး သွားကြသည့် နေရာဖြစ်သည့် ကော့စ်မွေ တွင် အခြေချခဲ့ကြ သည်။
စီးပွားရေးလုပ်ငန်း တချို့တွင် ကြိုးစားကြည့်ပြီးနောက် နောက်ဆုံးတွင် ဟိုတယ်လုပ်ငန်းသို့ ဝင်ရောက်ရန် Xavier Justo ဆုံးဖြတ်လိုက်သည်။ အိမ်ကောင်းတလုံးပါဝင်သည့် မြေကွက်တခုကို ဝယ်ယူခဲ့ပြီးနောက် တည်ဆောက်မှုများ စတင်ခဲ့ သည်။ အားကစားခန်းမ၊ တခု၊ အိမ်များနှင့် တင်းနစ်ကွင်းတခု ထပ်ဖြည့်ခဲ့သည်။
ဇွန်လ၏ ထိုညနေခင်းတွင် သူက စာရွက်စာတမ်းကိစ္စများတွင် လက်မှတ်ထိုးရန် ရောက်လာမည့် ခရီးသွားလုပ်ငန်း မှ အာဏာပိုင်များ ကို မျှော်လင့်နေခဲ့သည်။
သို့သော်လည်း လက်နက်ကိုင် ထိုင်း ရဲတပ်ဖွဲ့တခုက သော့ခတ်မထားသည့် တံခါး မှတဆင့် တဟုန်ထိုး ဝင်ရောက်လာ ခဲ့ သည်။ ရဲအရာရှိများက သူတို့၏ ပလတ်စတစ် လက်ထိပ်များဖြင့် လက်ကောက်ဝတ် ကို တင်းတင်းချည် လိုက်သည့် အတွက် သွေးများပင် ကြမ်းပြင်ပေါ်သို့ ထွက်ကျခဲ့ရသည်။ ရဲ အဖွဲ့က သူ့ရုံးခန်းအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်သွား ပြီး နောက် ကွန်ပျူတာများ နှင့် ဖိုင်များ အားလုံးကို သိမ်းဆည်းလိုက်ကြသည်။
အိုမင်း ဟောင်းနွမ်းနေသည့် ဒေသတွင်းမှ ထောင်တခုတွင် ၂ ရက်ကြာနေခဲ့ရပြီးနောက် သူ့ကို ဘန်ကောက်မြို့သို့ ခေါ် ဆောင်သွားကြပြီး မာဖီးယား ခေါင်းဆောင် တဦးအတွက်ဆိုလျှင် သင့်လျော်မည့် သတင်းစာရှင်းလင်းပွဲ တခု၌ မီဒီယာ များ ရှေ့တွင် ရဲ အဖွဲ့က အင်အားပြခဲ့ကြသည်။
ဘောင်းတီတို ဝတ်၍ ညှပ်ဖိနပ်စီးထားဆဲ ဖြစ်သော Xavier Justo ကို မောင်းပြန် သေနတ်များ ကိုင်ထားသော ကွန်မန်ဒို များက ဝန်းရံထားကြသည်။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ ထိပ်တန်း အရာရှိကြီး ၄ ဦးက ရောက်ရှိလာသော သတင်းထောက် များကို Xavier Justo အပေါ် စွဲချက်များနှင့် ပတ်သက်၍ ရှင်းပြကြ၏။
Xavier Justo သည် သူ၏ အလုပ်ရှင်ဟောင်း လန်ဒန်အခြေစိုက် လူသိနည်းသည့် ရေနံဝန်ဆောင်မှု ကုမ္ပဏီ တခုဖြစ် သော PetroSaudi ကို ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးစားမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ပါသည်။
သို့သော်လည်း သာမန်မျှဟု ထင်ရသည့် အဆိုပါ စွဲချက်၏ နောက်ကွယ်တွင် ပိုမို၍ ကြီးမားသော ဇာတ်ကြောင်းတခု ရှိနေပါသည်။
လွန်ခဲ့သော ၆ လ က Xavier Justo သည် ဗြိတိန်ဂျာနယ်လစ် တဦးဖြစ်သော Clare Rewcastle Brown ကို သူ၏ အလုပ်ရှင်ဟောင်း ဖြစ်သော PetroSaudi ၏ ဆာဗာများမှ အီးမေးလ် ၂၂၇၀၀၀ အပါအဝင် ထောင်နှင့်ချီသော စာရွက် စာတမ်း များ ပေးခဲ့သည်။
ထိုအချက်အလက်များက 1 Malaysia Development Berhad (1MDB) ကုမ္ပဏီဟု သိကြသည့် မလေးရှားနိုင်ငံမှ အစိုးရ ပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ တခုမှ သန်းပေါင်း ရာချီသော ဒေါ်လာများ ခိုးယူခြင်း ခံခဲ့ရသည်ဆိုသည့် စွပ်စွဲချက်များကို ပေါ်ထွက် လာစေခဲ့ပါသည်။
Xavier Justo ထုတ်ပေးခဲ့သော စာရွက်စာတမ်းများက အနည်းဆုံး တိုင်းပြည် ဒါဇင်ဝက်ခန့်တွင် စုံစမ်းစစ်ဆေးမှုများ ပေါ် ပေါက်စေခဲ့သည်။
အမေရိကန် ရှေ့နေချုပ် Loretta Lynch က အမေရိကန် သမိုင်းတွင် “အကြီးဆုံး အလွဲသုံးစားမှု” ဟု ပြောကြားခဲ့ကြောင်း ဂါးဒီးယန်း သတင်းစာက ၂၀၁၆ ခုနှစ် ဇူလိုင် လ အတွင်းက ရေးသား ဖော်ပြခဲ့သည်။
ထိုကာလ အတွင်း အမေရိကန် တရားရေးဌာန (DoJ)က တင်သွင်းသည့် စွဲချက်များအရ 1MDB ကုမ္ပဏီ မှ အနည်းဆုံး အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံခန့် ခိုးယူခြင်း ခံခဲ့ရသည်ဟု ဆိုသည်။
မလေးရှား ဝန်ကြီးချုပ် ဟောင်း နာဂျစ် ရာဇတ် (Najib Razak) က ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သော အဆိုပါ ရန်ပုံငွေ၏ ရည်ရွယ်ချက် သည် ပျမ်းမျှတလလျှင် ဝင်ငွေ စတာလင်ပေါင် ၃၀၀ ခန့် ရှိသော အလယ်အလတ်ဝင်ငွေ ရှိသူများသည့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန် ဖြစ်သည်။
သို့သော်လည်း 1MDB မှ ခိုးယူခံရသော ငွေများသည် နောက်ပိုင်းတွင် ကမ္ဘာတလွှား၌ ရက်ရက်ရောရာ ဖောဖောသီသီ ငွေကြေး သုံးစွဲမှုများ ပြုလုပ်လာခဲ့ကြသော ဝန်ကြီးချုပ် နာဂျစ် ၏ အပေါင်းအဖော် အမြောက်အမြားဆီသို့ ရောက်ရှိ သွားခဲ့သည် ဟု DoJ ကပြောသည်။ နာဂျစ် က 1MDB မှ ငွေသား အမေရိကန် ဒေါ်လာ ၆၈၁ သန်း ရရှိခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့သော်လည်း နာဂျစ် ရာဇတ် ကမူ ငြင်းဆန်ခဲ့သည်။
1MDB မှ ငွေများဖြင့် အမေရိကန် မန်ဟက်တန် တွင် အဆင့်မြင့်တိုက်ခန်းများ၊ လော့စ် အိင်ဂျလိစ် တွင် အိမ်ကြီး အိမ်ကောင်း များ၊ မိုနေး (Monet) ၏ ပန်းချီကားများ နှင့် ဂျက်လေယာဉ်တစီး ဝယ်ယူခဲ့ကြပြီး ဟောလီးဝုဒ် မှ နာမည်ကျော် ရုပ်ရှင်ကား တကား အတွက်ပင် ငွေကြေး စိုက်ထုတ်ပေးခဲ့သည်ဟု အမေရိကန် တရားရေးဌာန က ဆိုသည်။
1MDB မှ ငွေများကို အဆင့် ၃ ဆင့်ဖြင့် ခိုးယူခဲ့ကြသည်ဟုလည်း အမေရိကန် တရားရေးဌာနက ပြောသည်။
ပထမ ၁ ဘီလီယံ ဒေါ်လာကို 1MDB နှင့် PetroSaudi တို့ကြားမှ ဖက်စပ်လုပ်ငန်း တခုတွင် ရင်းနှီးမြှုပ်နှံသည့် အယောင် ဆောင်၍ အလွဲသုံးစား ပြုလုပ်ခဲ့ကြသည်။ ဒုတိယ တဆင့်မှာ ငွေချေးစာချုပ်များ ထုတ်ဝေခြင်းမှ တဆင့် အမေရိကန် နယူး ယောက် အခြေစိုက် Goldman Sachs ဘဏ်က ရှာဖွေပေးခဲ့သော နောက်ထပ် ဒေါ်လာ ၁.၄ ဘီလီယံကို ဆွစ်ဇာလန်မှ နိုင်ငံခြား ကုမ္ပဏီ တခုသို့ မဆီလျော် မရိုးသားစွာ ပြောင်းရွှေ့ခဲ့သည်။ ထို့နည်းတူပင် Goldman Sachs က ဈေးကွက် အတွင်း မှ ရှာဖွေပေးခဲ့သော ဒေါ်လာ ၁.၃ ဘီလီယံကို စင်ကာပူ ငွေစာရင်းတခုသို့ ပြောင်းခဲ့သည်။
“အကျင့်ပျက် ခြစားတဲ့ 1MDB တာဝန်ရှိသူ အများအပြားက ဒီအများပြည်သူပိုင် ရန်ပုံငွေကို သူတို့ရဲ့ ကိုယ်ပိုင် ဘဏ် စာရင်း သဖွယ် လုပ်ဆောင်ခဲ့ကြပါတယ်”ဟု အမေရိကန် ရှေ့နေချုပ် Loretta Lynch က ပြောကြားခဲ့သည်။
“ပူးပေါင်းကြံစည်သူတွေက သူတို့ခိုးယူထားတဲ့ ရန်ပုံငွေတွေကို ပွင့်လင်းမြင်သာမှုမရှိတဲ့ ငွေလွှဲပြောင်းမှုတွေနဲ့ အယောင် ဆောင် အမည်ခံ ကုမ္ပဏီအတုတွေ ပါဝင်တဲ့ ရှုပ်ထွေးတဲ့ ကွန်ရက်တခုကနေ တဆင့် ငွေဖြူ ဖြစ်အောင် လုပ်ကြပါတယ်။ ကုမ္ပဏီအတုတွေက ဆွစ်ဇာလန်၊ စင်ကာပူနဲ့ အမေရိကန် အပါအဝင် ကမ္ဘာတလွှားက နိုင်ငံအများအပြားမှာ ငွေစာရင်းတွေ ရှိကြပါတယ်”ဟု တရားစွဲဆိုရာတွင် မပါဝင်ခဲ့သော PetroSaudi က အမေရိကန်၏ စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ DoJ ၏ ပြောဆိုမှုများ က “သက်သေမရှိသည့် စွပ်စွဲချက်များ” ထက် မပိုကြောင်းလည်း သူတို့က ပြောသည်။
1MDB အရှုပ်တော်ပုံ စုံစမ်းစစ်ဆေးခြင်းကို တားဆီးရန် သူ၏ လုပ်ပိုင်ခွင့် အာဏာအားလုံးကို တခုမကျန် အသုံးချခဲ့သော မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် အမည်ကို အမေရိကန်၏ စွဲဆိုမှုတွင် ထည့်သွင်းဖော်ပြခြင်း မရှိဘဲ သူ့ကို “မလေးရှား တာဝန် ရှိသူ နံပါတ်(၁)” ဟုသာ ရည်ညွှန်း ဖော်ပြထားသည်။
သို့သော်လည်း မလျော်မကန် ကိစ္စများ၏ အဓိက နေရာတွင် ရှိနေသူအဖြစ် အမေရိကန်က သရုပ်ဖော်ခြင်း ခံရသူမှာ နာဂျစ် ၏ အကြံပေးတဦး ဖြစ်သည့် Jho Low ဖြစ်သည်။ Harrow တက္ကသိုလ်ထွက် အသက် ၂၉ နှစ် အရွယ် Jho Low သည် ဝန်ကြီးချုပ် မွေးစားသား၏ သူငယ်ချင်းဟောင်း တဦး ဖြစ်သည်။
ကလေး တယောက်လို မျက်နှာရှိသော Jho Low သည် ဟောလီးဝုဒ် သရုပ်ဆောင် ဖြစ်သော လင်းဆေး လိုဟန် (Lindsay Lohan) ၊ ပဲရစ် ဟေလ်တန် (Paris Hilton) တို့နှင့် ပါတီ လုပ်ရသည်ကို သဘောကျသူ ဖြစ်သည်။
Jho Low သည် Goldman Sachs မှ ဘဏ်လုပ်ငန်းရှင်ကို အစ်ကိုဟု ခေါ်ကြောင်း DoJ ၏ အဆိုအရ သိရသည်။ သူက ဆွစ်ဇာလန်၊ စင်ကာပူနှင့် Virgin Islands မှ ဘဏ်ငွေ စာရင်းများသို့ 1MDB မှ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ လွှဲပြောင်း ခိုးယူရာတွင် စီစဉ်ကြီးကြပ်ခဲ့သူ ဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူများက စွပ်စွဲထားသည်။ Jho Low က သူသည် မည် သည့် ဥပဒေကိုမျှ ချိုးဖောက်ခဲ့ခြင်း မရှိကြောင်း နှင့် စုံစမ်းစစ်ဆေးခြင်းလည်း ခံမနေရကြောင်း ပြောသည်။
Jho Low ၏ လက်ထောက်မှာ နာဂျစ် ၏ မွေးစားသား Riza Aziz ဖြစ်သည်။ Riza Aziz က ဒါရိုက်တာ Martin Scorsese ၏လက်ရာ “The Wolf of Wall Street” ဇာတ်ကားကို ထုတ်လုပ်ခဲ့သည်။ အကျင့်ပျက်ခြစားမှု၊ ပျက်စီး ဆုံးရှုံး ခြင်း နှင့် လောဘကိုသရုပ်ဖော်သည့် ထိုဇာတ်ကားဖြင့် မင်းသား Leonardo DiCaprio က အကောင်းဆုံး မင်းသား အဖြစ် ရွှေကမ္ဘာလုံးဆု လက်ခံပြီးနောက် ပြောကြားခဲ့သည့် စကားတွင် Jho Low နှင့် Riza Aziz တို့ ၂ ဦးလုံး ၏ အမည်များကို ထည့်သွင်း ကျေးဇူးတင်သွားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် Jho Low က ကမ္ဘာ့အကြီးဆုံး တေးဂီတထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် EMI ၏ အစုရှယ်ယာ ၂၀ ရာခိုင် နှုန်းကို အမေရိကန်ဒေါ်လာ ၁၀၆ သန်း ဖြင့် ဝယ်ယူခဲ့သည်။ ထိုနှစ်မှာပင် သူက ဗဟိုပန်းခြံကို အပေါ်စီးက မြင်ရသည့် Manhattan မှ Time Warner Center တွင် သူ့ဖခင်အတွက် ဒေါ်လာ သန်း ၃၀ တန် ခေါင်မိုးပေါ်မှ အိမ် (Penthouse) တလုံး ဝယ်သူခဲ့သည်။ Riza Aziz ၏ ဟောလီးဝုဒ်မှ ထုတ်လုပ်ရေး ကုမ္ပဏီ က “Red Granite Pictures သို့မဟုတ် Riza Aziz ၏ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ မည့်သည့် မလျော်မကန် ဆောင်ရွက်မှုမှ မရှိခဲ့ကြောင်း”ပြောကြားခဲ့သည်။
ဆေရှဲလ် နှင့် ဘရစ်တစ် ဗားဂျင်း ကျွန်းများကဲ့သို့သော အခွန်ကိစ္စ လွတ်လပ်သည့် နိုင်ငံများတွင် ထူထောင်ထားသည့် ကုမ္ပဏီ အတုအယောင်များနှင့် နိုင်ငံခြား ငွေစာရင်းများမှ တဆင့် မလေးရှာပြည်သူတို့၏ ဘီလီယံနှင့် ချီသော ငွေများ ကို အလွဲသုံးစား ပြုလုပ်ရာတွင် ပူးပေါင်းကြံစည်ခဲ့သူတို့၏ အံ့အားသင့်ဖွယ်ရာ ရယူမှုနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်း များ အားလုံးကို အမေရိကန် နိုင်ငံ၏ စွဲဆိုချက်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံမှ ပျောက်ဆုံးနေသည့် ဘီလီယံနှင့် ချီသောငွေများကို ကမ္ဘာက ဖော်ထုတ်ရာတွင် Xavier Justo ဖြင့် စတင် ခဲ့ပါသည်။
သူ၏ အလုပ်ရှင်ဟောင်း PetroSaudi မှ အီးမေးလ် ၂၂၇၀၀၀ အပါအဝင် အချက်အလက် ၉၀ ဂစ်ဂါဗိုက်ကို ထုတ်ပေး ခဲ့ သည်။
PetroSaudi သည် ရေနံလုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီတခုဖြစ်ပြီး ၎င်းတို့၏ ပထမဆုံးသော အဓိက သဘောတူညီချက်ကို 1MDB နှင့် လက်မှတ်ထိုးခဲ့သည်။ (PetroSaudi က အမှားအယွင်း တစုံတရာ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ထား သည်။) အဆိုပါ ဖိုင်များသာ မရှိခဲ့လျှင် ယခုကိစ္စများ ပေါ်ပေါက်လာမည် မဟုတ်ပေ။
Xavier Justo ၏ PetroSaudi နှင့် ဆက်သွယ်မှုမှာ ကုမ္ပဏီကို စတင်တည်ထောင်သူ ၂ ဦးထဲမှ တဦးဖြစ်သည့် ဆော်ဒီ အာရေးဗီးယား နိုင်ငံသား Tarek Obaid နှင့် ကာလရှည်စွာ မိတ်ဆွေဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သူတို့ ၂ ဦးက ၁၉၉၀ နှောင်းပိုင်း နှစ်များတွင် တွေ့ဆုံခဲ့ကြပြီး ဂျနီဗာ မှ နိုက်ကလပ်များတွင် ပါတီပွဲများ ပုံမှန်တက်ခဲ့ကြသည်။
၂၀၀၆ ခုနှစ်သို့ ရောက်သော အခါ သူတို့ ၂ ယောက်က ခွဲခြား၍ မရအောင် ရင်းနှီးနေကြပြီ ဖြစ်သည်။ Xavier Justo ကလည်း အခြေခိုင်သည့် စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်လာပြီး Fininfor အမည်ရှိ ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီ တခုကို ဦးဆောင်နေသလို ဂျနီဗာ မှ ညဘက်တွင် စည်ကားသည့်နေရာတခု ဖြစ်သော Platinum ကလပ်၏ ပိုင်ရှင် ဖြစ်လာသည်။
Xavier Justo က Tarek Obaid ကို ညီငယ်တယောက် သဖွယ် သဘောထားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် Tarek Obaid ကို အမေရိကန်ဒေါ်လာ ၃၀၀၀၀ ထုတ်ချေး၍ Fininfor ရုံးတွင် စားပွဲနေရာတခု ပေးကာ PetroSaudi ကို စတင် တည်ထောင် ရန် ကူညီပေးခဲ့သည်။
Xavier Justo နှင့် Tarek Obaid တို့က အခြေခံ တူညီသူများ မဟုတ်သော်လည်း အထက်တန်းကျသော ဘဝကို နှစ်ချိုက် ခြင်းက သူတို့ကို အတူတကွ ဖြစ်စေခဲ့၏။
ဆွစ်ဇာလန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချသည့် စပိန်မိဘများမှ မွေးဖွားခဲ့သော Xavier Justo က တက္ကသိုလ် မတက်ခဲ့ရ သော်လည်း Tarek Obaid က Georgetown တက္ကသိုလ်ရှိ နာမည်ကျော် School of Foreign Service မှ ဘွဲ့ရခဲ့သူ ဖြစ် သည်။ သူ၏ အစ်ကိုဖြစ်သူ Nawaf က အင်္ဂလန်နိုင်ငံဆိုင်ရာ ဆော်ဒီ အာရေးဗီးယား သံအမတ်ကြီး၏ အထူး အကြံပေး အဖြစ် တာဝန် ထမ်းဆောင်နေသည်။
PetroSaudi ကို Tarek Obaid နှင့် အတူ ပူးတွဲတည်ထောင်သူမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံကို ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင် Abdullah bin Abdulaziz ၏ ၇ ဦးမြောက်သား မင်းသား Turki bin Abdullah ဖြစ် သည်။
၂၀၀၉ ခုနှစ်တွင် ဂျနီဗာ မှ Xavier Justo ထွက်လာချိန်၌ PetroSaudi သည် လန်ဒန်မြို့ Victoria ရပ်ကွက် အနီးမှ အမည် မသိ စီးပွားရေးလုပ်ငန်း တခုနှင့် ပေါင်းစပ်ထားသော ကတ်ပြားတခုပေါ်မှ နာမည်တခုထက် အနည်းငယ်မျှသာ ပိုခဲ့သည်။ ၂ နှစ်ကြာသော အခါ ဒေါ်လာ ၁.၈၃ ဘီလီယံ ရရှိခဲ့သည်။
PetroSaudi ၏ စီးပွားရေးက အရင်းရှင်စနစ်၏ အထောက်အကူကို ရရှိခဲ့သည်။ ထိပ်တန်း နေရာများတွင် ရှိနေသော မိတ်ဆွေများ၏ အကူအညီဖြင့် တံခါးများကို ဖွင့်လှစ်ခဲ့သည်။
၎င်း၏ အခြေခံ သဘာတရားမှာ ဖွံဖြိုးဆဲနိုင်ငံများတွင် အစိုးရပိုင် ကုမ္ပဏီများက ရရှိနေသည့် ကြီးမားသော ရေနံဝင်ငွေ များထဲမှ တစိတ်တပိုင်းကို ရယူရန် ဖြစ်သည်။ ။
The Guardian တွင် ဖော်ပြထားသည့် Randeep Ramesh ၏ 1MDB: The inside story of the world’s biggest financial scandal ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
ဆက်လက် ဖော်ပြပါမည်။