ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်ခဲ့ တာမှာ တာဝန်ကနေရပ်စဲဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက်၊ ရခိုင်ပြည်နယ် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ နောက်ထပ် ထွက်ပေါ်လာတာကတော့ ဝန်ကြီး ဦးကျော်အေးသိန်းဟာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းတွေကို ချိုးဖောက်ပြီး ပြည်သူ့ ဘဏ္ဍာငွေ ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေကို စစ်ဆေးပေါ်ပေါက်ခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။
အဲဒီတော့ ရခိုင်ပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို ဘယ်သူက တာဝန်ခံမှာလဲ၊ ဘယ်သူက တာဝန်ယူ ဖြေရှင်းမလဲဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။
အားလုံးသိကြပြီးတဲ့အတိုင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ရာထူးတာဝန်ကနေ ရပ်စဲဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် NLD ပါတီက ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေး ဦးဆောင်တဲ့ ကိုယ်စားလှယ် ၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပေးအပ်ထားတဲ့တာဝန် ကျေပွန်စွာ မဆောင်ရွက်နိုင်တာ၊ ဘဏ္ဍာနှစ်အလိုက် ပြည်နယ်ရဲ့ ခွင့်ပြုရန်ပုံငွေကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မဆောင်ရွက်တာ၊ စတဲ့အချက်တွေနဲ့ ရခိုင်ပြည်နယ် လွှတ်တော်က ဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲ ပြစ်တင်ခဲ့တာပါ။
ရခိုင်ပြည်နယ်လွှတ်တော်ကို ကိုယ်စားလှယ် စုစုပေါင်း ၄၇ ဦးနဲ့ ဖွဲ့စည်းထားပြီး USDP က ၃ နေရာ၊ NLD ပါတီက ၉ နေရာ၊ တပ်မတော်သား ကိုယ်စားလှယ် ၁၂ နေရာနဲ့ ရခိုင်အမျိုးသားပါတီ ANP က ၂၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရခိုင် အမျိုးသားပါတီ ANP အတွင်း အကွဲအပြဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ပါတီကနေ ထုတ်ပယ်ခံရသူတွေ၊ နုတ်ထွက်စာ တင်ထားသူတွေ (လက်ရှိမှာ ALD ပါတီက ကိုယ်စားလှယ်နဲ့ ပါတီတည်ထောင်ခွင့် တင်ထားတဲ့ အဖရခိုင်ပြည် ပါတီက ကိုယ်စားလှယ်) ရှိတာကြောင့် ရခိုင်အမျိုးသားပါတီက ၁၆ နေရာသာ ရှိပါတော့တယ်။
အဲဒီတော့ ဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်မှုနဲ့ ပတ်သက်လို့ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရာမှာ တက်ရောက်တဲ့ ကိုယ်စားလှယ် ၄၄ ဦးအနက် ဝန်ကြီးကို စွပ်စွဲမှု မှန်ကန်တယ်လို့ ထောက်ခံတဲ့မဲ ၂၅ မဲ၊ ကန့်ကွက်မဲ ၉ မဲနဲ့ ပယ်မဲ ၁၀ မဲ ရရှိခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေ အနည်းဆုံး သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုကို မှန်ကန်တယ်လို့ ဆုံးဖြတ်မှသာ ဝန်ကြီးတဦးဦးကို ရာထူးကနေ ဖြုတ်ချနိုင်မယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ် လွှတ်တော်ဟာ ဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်မှုနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ အများဆုံးကို ရရှိခဲ့ပေမယ့် လွတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးပုံနှစ်ပုံ မရရှိခဲ့တာကြောင့် ဝန်ကြီးကို စွပ်စွဲပြစ်တင်မှု အတည်မပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ခံ မဟုတ်တဲ့ ဦးကျော်အေးသိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီးအဖြစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက အဆိုပြု ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ အဂတိကင်းစင်တဲ့ အစိုးရ တရပ်အဖြစ် ဖွဲ့စည်းသွားမယ်လို့ မဲဆန္ဒရှင် ပြည်သူတွေကို ကတိပေးခဲ့သလို၊ ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့ကို မဖွဲ့စည်းမီ သူ့ပါတီက ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးတွေအဖြစ် ရွေးချယ်ထားသူတွေကို အဂတိလိုက်စားမှု ရှောင်ကြဉ်ကြဖို့ သတိပေးခဲ့ ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လက ဦးဝင်းမြင့် နိုင်ငံတော်သမ္မတ တာဝန်ယူပြီးနောက် သူ့ရဲ့ ပထမဆုံးမိန့်ခွန်းထဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အဓိက ဦးစားပေး တခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပု တာဝန်ယူခဲ့တာ ၂ ကျော်ရှိခဲ့ပြီးနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ဟာ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုပြီး သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝန်းနဲ့ သားသမီး၊ ဆွေမျိုးတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို တင်ဒါ ပေးနေတာတွေ အပြင် ငွေမပေးရင် တင်ဒါမရဘူးဆိုတဲ့ သတင်းတွေလည်း ရခိုင်လူထုကြားမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် နေပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ရခိုင်အစိုးရအဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူမှုတွေ တစုံတရာ မရှိသေးတာကို တွေ့ရပါတယ်။
တကယ်တော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်မှုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွှတ်တော် စုံးစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေဟာ အာဏာအလွဲသုံးစား ပြုလုပ်တာ၊ ကိုယ်ကျိုးစီးပွား ရှာနေကြတာတွေ အတွက် ခိုင်မာတဲ့ အထောက်အထား တခုလို့ ပြောလို့ရပါတယ်။
ဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲ ပြစ်တင်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်က မဲခွဲ ဆုံးဖြတ်ပြီးနောက်၊ နာရီပိုင်းအကြာမှာပဲ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်မှာပေါ်မှာ စာမျက်နှာ ၆ မျက်နှာရှိတဲ့ “စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်” ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီ လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးချက် အစီရင်ခံစာမှာတော့ ဝန်ကြီးဦးကျော်အေးသိန်းကို ဘယ်လိုအချက်တွေနဲ့ စွပ်စွဲပြစ်တင်တယ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဆောင်ရွက်မှု အခြေအနေ၊ စုံစမ်းစစ်ဆေးချက်၊ စုံစမ်းစစ်ဆေးတွေ့ရှိချက် စတဲ့ အကြောင်းအရာတွေကို အသေးစိတ် ရေးသားထားသလို၊ သက်ဆိုင်သူတွေ ဖြစ်တဲ့ ဝန်ကြီးဦးကျော်အေးသိန်း အပါအဝင် ကုမ္ပဏီက တာဝန်ရှိသူတချို့ကို ခေါ်ယူ၊ မေးမြန်း စစ်ဆေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီး ဦးကျော်အေးသိန်းရဲ့ ဇနီးဖြစ်လာမယ့်သူ (လက်ရှိ တရားဝင်ဇနီး) ပိုင်ဆိုင်တဲ့ သင်္ဂီရွှေပြည်ကုမ္ပဏီကို စစ်ဆေးခွင့် မရခဲ့တာကို တွေ့ရပါတယ်။
လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီး ဦးကျော်အေးသိန်းဟာ သူကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ရတဲ့ မြောက်ဦးခရိုင်မှာ တင်ဒါလုပ်ငန်းနဲ့ ပတ်သက်လို့ တင်ဒါ စည်းမျဉ်းစည်းကမ်းနဲ့ အညီ မဆောင်ရွက်ဘဲ ဇနီးဖြစ်လာမယ့်သူ ပိုင်ဆိုင်တဲ့ သင်္ဂီရွှေပြည်ကုမ္ပဏီကို တင်ဒါဝင်ရောက်မပြိုင်ဘဲ တင်ဒါ ချပေးခဲ့ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ “ဒါဟာ အဂတိလိုက်စားမှုလို့ပဲ ပြောရပါမယ်။ NLD အစိုးရအနေနဲ့ အများအမြင်မှာ ရှင်းရှင်းလင်း ဖြစ်အောင် လုပ်သင့်တယ်လို့” ဆိုပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မယ့် စီမံကိန်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်ကို တင်ပြ၊ သဘောတူညီမှု ရယူရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝန်ကြီး ဦးကျော်အေးသိန်းဟာ ရခိုင်ပြည်နယ် လွှတ်တော်ကို တင်ပြ အတည်ပြုချက် မယူရသေးဘဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က လုပ်ငန်း ၅ ခုကို ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။
လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စုံစမ်းတွေ့ရှိချက်အရဆိုရင် “ဒါဟာ အာဏာအလွဲသုံးစားမှု လုပ်ရပ်ဖြစ်တယ်။ NLD အစိုးရ အနေနဲ့ရော၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ပါ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ အခုလို လုပ်ရပ်ကို လျစ်လျူရှုနေမယ် ဆိုရင်တော့ NLD အစိုးရအတွက် ထိခိုက်နစ်နာစရာတွေ ဖြစ်လာနိုင်ပါတယ်” လို့ သဇင်လူမှုဖွံ့ဖြိုးရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်သန်းက သုံးသပ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရ NLD အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းကို ရခိုင်ပြည်နယ် လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့် နေရဦးမှာ ဖြစ်ပါတယ်။
အာလုံးခြုံကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်မှုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရခိုင်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပါတယ်။ အစီရင်ခံစာရဲ့ အဆိုအရ ဝန်ကြီး ဦးကျော်အေးသိန်းဟာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ အညီ မဆောင်ရွက်တာတွေ၊ ကိုယ်ကျိုးစီပွား အတွက် လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ပြည်သူ့ ဘဏ္ဍာငွေတွေ ထိခိုက် နစ်နာစေသလို၊ လက်ရှိ NLD အစိုးရရဲ့ ပုံရိပ်ကိုလည်း များစွာ ထိခိုက်စေပါတယ်။
အဲဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရ NLD အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးကျော်အေးသိန်းရဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို တာဝန်ယူ ဖြေရှင်းဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
(ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒ လေ့လာရေး သုံးသပ်ချက် ဆောင်းပါးများကို ရေးသားနေသူ တဦးဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးနှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ကို ရရှိခဲ့သည်။)