ရေလွှမ်းနေသော ဂူတခုအတွင်းသို့ ထိုင်းကျောင်းသားငယ် ၁၂ ဦးကို ခေါ်ဆောင်သွားခဲ့သော ငယ်ရွယ်သည့် ဘောလုံးနည်းပြကို အချို့သူများက ပြစ်တင်ဝေဖန်နေကြသော်လည်း ကလေးများ၏ မိသားစုများကမူ ၎င်းတို့၏ သားများ ဆက်လက်ရှင်သန်နေခြင်းမှာ သူ့ကြောင့်သာဖြစ်သည်ဟု ပြောကြားကြသည်။
“အက်”ဟု ချစ်စနိုးခေါ်ကြသည့် အက်ကပို ချန်တာဝေါင်၏ ထိုကလေးများကို ချစ်သောစိတ်သည့် သူ့ကိုယ်သူချစ်သော စိတ်ထက်ပင် ပိုမိုကြီးမားသည်ဟု တောဝက်ဘောလုံးအသင်း၏ အကြီးတန်းနည်းပြကလည်း ပြောသည်။
“သူသာ ကလေးတွေနဲ့ပါမသွားရင် ကျမရဲ့သား ဘာဖြစ်သွားမလဲ” ဟု ဂူအတွင်း ကျန်ရစ်နေဆဲဖြစ်သော ကလေးများအနက် တဦး၏ မိခင်ဖြစ်သူ ပွန်ချိုင်း ကမ်လုံက ထိုင်းရုပ်သံသို့ပြောသည်။ “သူပြန်ထွက်လာတဲ့အခါကျရင် ကျမတို့က သူ့နှလုံးသားဒဏ်ရာကို ကုသပေးရမယ်။ အက် မင်းကို ငါတို့ဘယ်တော့မှ အပြစ်မတင်ဘူး” ဟုလည်း ဆက်လက်ပြောကြားသည်။
အသက် ၂၅ နှစ်အရွယ် အက်ကာပိုသည် တောဝက် အကယ်ဒမီ မယ်ဆိုင် ဘောလုံးအသင်း၏ လက်ထောက်နည်းပြဖြစ်သည်။ အစာမစားဘဲနေသောကြောင့် အာဟာရချို့တဲ့နေသည့် ဘုန်းကြီးလူထွက် အက်သည် ဂူအတွင်း လှောင်ပိတ်မိနေသည့်နေရာတွင် ကလေးများ စိတ်တည်ငြိမ်ရေးအတွက် တရားထိုင်စေခဲ့သည်။
![](https://burma.irrawaddy.com/wp-content/uploads/2018/07/01-6.jpg)
အသက် ၁၀ နှစ်အရွယ်မှ စတင်ပြီး မိဘမဲ့ဖြစ်ခဲ့သော နည်းပြ အက်ကာပို နှင့်ပတ်သက်သည့် ဇာတ်လမ်းများက မီဒီယာတွင် စိတ်ဝင်စားဖွယ် ပေါ်ထွက်လာခဲ့သည်။
ချိန်းဆိုထားသော ကိစ္စတခုရှိသောကြောင့် ဇွန်လ ၂၃ ရက်နေ့တွင် ဘောလုံးအသင်းကို စောင့်ရှောက်ရန် တာဝန်ကို အက်ကာပိုအား သူ လွှဲပြောင်းပေးခဲ့ကြောင်း တောဝက်အသင်း၏ အသက် ၃၇ နှစ်ရှိ အကြီးတန်းနည်းပြ နော့ပါရက် ကသာဝေါင်က ပြောသည်။
ဒွိုင်နန်နွန်တောင်တန်း နံဘေးရှိ ဘောလုံးကွင်းတွင် ကလေးများကို ခေါ်ဆောင် ဆော့ကစားစေခြင်းမှာ ရည်ရွယ်ချက်ရှိသည်။ ထိုဘောလုံးကွင်းသည် ထိုင်းမြန်မာနယ်စပ်အနီး မြောက်ဖက်ဆုံးခရိုင်ဖြစ်သော ချင်းရိုင်ခရိုင်ရှိ မယ်ဆိုင် ပရာစစ်ဆတ် ကျောင်းမှ သိပ်မဝေးသည့်အပြင် အနီးတွင် ရေတံခွန်များနှင့် ၁၀ ကီလိုမီတာရှည်သော ထမ်လုံ ဂူကွန်ယက်ရှိနေသောကြောင့် တောဝက်ဘောလုံးအသင်းအတွက် လေ့ကျင့်ရေးကွင်းကောင်းတခု ဖြစ်သည်။
ကလေးများကို စောင့်ရှောက်ရန် အကြီးတန်းနည်းပြ နော့ပါရက်က လက်ထောက်နည်းပြကို တာဝန်ပေးလိုက်ပြီး အသက်အရွယ် ပိုမိုကြီးသည့် ကလေးများနှင့်အတူ သွားရန် အကြံပေးခဲ့သည်။
“အဲဒီကို သွားတဲ့လမ်းမှာ ကလေးတွေကို စောင့်ရှောက်လို့ရအောင် မင်းက ကလေးတွေရဲ့ စက်ဘီးတွေနောက်ဆုံးကနေ စက်ဘီးနဲ့လိုက်၊ ဂရုစိုက်” ဟု အကြီးတန်းနည်းပြ နော့ပါရက်က သူ၏ဖေ့ဘွတ် မက်ဆေ့ဖြင့် ရေးသားခဲ့ကြောင်း Washington Post သတင်းစာကဖေါ်ပြသည်။
ထမ်လုံဂူ၏ အဝင်ပေါက်တွင် ဇွန်လမှ အောက်တိုဘာလအထိ ရှည်ကြာသော မိုးရာသီ၌ ဂူအတွင်းဝင်လျှင် တွေ့ကြုံရနိုင်သည့် အန္တရာယ်များကို ဖေါ်ပြထားသော ဆိုင်းဘုတ်ရှိသည်။
တောဝက်အသင်းမှ အသက်အရွယ် ပိုမိုကြီးမားသော ကစားသမားမျာသည် တနင်္ဂနွေနေ့ ညနေတွင် ကစားရမည့် ပွဲတခုရှိနေပြီး ကလေးများ ပြန်ရောက် မလာသောအခါ မိဘများက စိတ်ပူပြီး နည်းပြ နော့ပါရက်ကို ဖုန်းဆက်ကြသည်။
ဘောလုံးအသင်းသည် ထမ်လုံဂူကို သွားရောက်လေ့လာသည်ဟု လေ့ကျင့်မှု ပြီးဆုံး၍ အိမ်သို့ပြန်လာသည့် ၁၃ နှစ်သားတဦးက စိတ်ပူနေသော နည်းပြ နော့ပါရက်ကိုပြောသည်။ ဂူသို့ နည်းပြ နော့ပါရက် ရောက်သောအခါ ဂူပေါက်ဝတွင် ကလေးများ၏ စက်ဘီးများနှင့် အိတ်များကိုသာ တွေ့ရတော့သည်။
အက်ကာပိုသည် ဘုန်းကြီးကျောင်းမှ ထွက်လျှင်ထွက်ခြင်း တောဝက်အသင်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သူ၏ မွေးဇာတိ ကျေးရွာတွင် ရောဂါတခု ကျရောက်ပြီးနောက် အသက် ၇ နှစ်အရွယ် ညီ၊ ထိုနောက် အမေနှင့်အဖေတို့သေဆုံးသွားသည်။ အသက် ၁၀ နှစ်အရွယ်သာရှိသေးသော အက်ကာပိုသာ အသက်ရှင်ကျန်နိုင်ခဲ့သည်။
အသက် ၁၂ နှစ်အရွယ်အထိ သူ့ကို ဆွေမျိုးသားချင်းများက စောင့်ရှောက်ထားသော်လည်း သူသည် ဝမ်းနည်း အထီးကျန်နေတတ်သော ကလေးတဦးဖြစ်သည်ဟု သူ၏အဒေါ် အမ်ပွန် ဆရီဝီချိုင်က The Australian သတင်းစာသို့ပြောသည်။
သံဃာတပါးဖြစ်လာစေရန်အတွက် ဘုန်းကြီးကျောင်းတခုသို သူ့ကို ပို့ရန် ဆွေမျိုးများက ဆုံးဖြတ်ခဲ့ပြီး အက်ကာပိုသည် ထိုဘုန်းကြီးကျောင်းတွင် ဆယ်စုနှစ်တခုကျော်နေထိုင်ပြီး တရားထိုင်ခြင်းနှင့် ဗုဒ္ဓတရားတော်များကို သင်ယူခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်ရှိ ကျန်းမာရေးမကောင်းသော အဖွားကို ပြုစုရန် ဘုန်ကြီးကျောင်းမှ ပြန်ထွက်လာခဲ့သည်။
ထိုစဉ်က မယ်ဆိုင် ပရာစစ်ဆတ် ကျောင်းသည် တောဝက်ဘောလုံးအသင်းကို စတင်ထူထောင်ပြီး ခရိုင်အတွင်းပွဲများတွင် စတင်ယှဉ်ပြိုင်ချိန်ဖြစ်သည်။ ကစားသမားအများစုမှာ တောင်ပေါ်တိုင်းရင်းသားများနှင့် ဆင်းရဲသော မိသားစုများမှ ဖြစ်စ်ပြီး နယ်စပ်ဒေသတွင် နိုင်ငံမဲ့သူများဖြစ်သောကြောင့် ဘဝတူ နည်းပြ အက်က လွန်စွာ စာနာ ချစ်ခင်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2018/07/02-5.jpg)
“သူ့ကိုယ်သူထက် ကလေးတွေကို သူပိုချစ်တယ်” ဟု အက်ကာပို၏ သူငယ်ချင်း မယ်ဆိုင် ဘုန်းကြီးကျောင်းရှိ ကော်ဖီဆိုင်တွင်အလုပ်လုပ်သော ဂျွိုင်း ကမ်ပိုင်က ပြောသည်။ “သူက အရက်မသောက်၊ ဆေးလိပ်မသောက်ဘူး။ သူဟာ သူ့ကိုယ်သူစောင့်ရှောက်နိုင်သူဖြစ်ပြီး ကလေးတွေကိုလည်း ဒီလိုဖြစ်လာအောင် သင်ပေးနေသူပါ” ဟုလည်း ပြောသည်။
ကလေးများ ကျောင်းတွင် အဆင့်ကောင်းကောင်းရလျှင် အဝတ်အစားနှင့် ဖိနပ်များကို ဆုအဖြစ်ပေးသော စနစ်တခုကို အက်ကာပိုက အသင်းတွင် လုပ်ဆောင်ထားကြောင်းလည်း အကြီးတန်းနည်းပြ နော့ပါရက်က ဆိုသည်။
ကလေးများ ကျွမ်းကျင် ကစားသမားများဖြစ်လာရေး အိပ်မက်ကို ကူညီရန်လည်း ကမကထပြု ကူညီမည့်သူများကို ရှာဖွေရန်လည်း သူကြိုးစားပေးပြီး ကလေးများ လေ့ကျင့်ရေး အသွားအပြန်တွင် လိုက်ပါပို့ဆောင်ပေးတတ်သည်။
ထိုင်းရေတပ်အထူးတပ်ဖွဲ့က လွန်ခဲ့သောအပတ်က ကလေးများနှင့် အက်ကာပိုတို့ ၎င်းတို့၏ မိသားစုများထံ ရေးသားသောစာများကို ဓါတ်ပုံရိုက်ပြီး ဖေ့ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။
![](https://burma.irrawaddy.com/wp-content/uploads/2018/07/pic4.jpeg)
မှတ်စုစာအုပ်တအုပ်မှ ဆုပ်ဖြဲထားသည့် အဝါရောင် စာမျက်နှာတွင် အက်ကာပိုက တောင်းပန်သော စာတစောင်ရေးသားခဲ့သည်။ “ကလေးတွေကို ကျနော် အကောင်းဆုံး စောင့်ရှောက်ပါမယ်။ အားပေးကူညီမှု အားလုံးကို ကျေးဇူးတင်ပြီး ကျတော် တောင်းပန်လိုပါတယ်” ဟု သူက ရေးခဲ့သည်။
တကမ္ဘာလုံးက စောင့်ဆိုင်းနေချိန်တွင် နည်းပြအက်၏ အတ္တကင်းမဲ့မှုနှင့် ဘုန်းကြီးကျောင်းမှ အတွေ့အကြုံများသာမရှိလျှင် ကလေးများ ဆက်လက်ရှင်သန်နိုင်မည် မဟုတ်သည်ကို သေသေချာချာ သိလာကြသည်။
အက်ကာပို၏ သူငယ်ချင်း ကမ်ပိုင်က “သူက သူ့ကိုယ်သူပဲ အပြစ်တင်မယ်ဆိုတာ ကျနော်သိနေတယ်” ဟု တထစ်ချ ဆိုသည်။
ကိုးကား။ ။ Washington Post, The Australian, news.com.au