တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ ကို ယမန်နှစ် ၂၁ ရာစုပင်လုံအစည်းအဝေး အပြီးတွင် လိုအပ်ချက်အရ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်တွင် အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံရမည့် မူဝါဒသဘောတူညီချက် ၃၇ ချက် ပါဝင်သည်။ ထိုမူဝါဒ ၃၇ ချက်က လက်ရှိဥပဒေများ နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိပြီးသား အချက်များဖြစ်သည့်အတွက် ညှိနှိုင်းဆွေးနွေးသူများ အနေဖြင့် တပ်မတော်က ကျောထောက် နောက်ခံပြုထားသည့် လက်ရှိ အခြေခံဥပဒေ၏ လွှမ်းမိုးမှုမှ ကင်းလွတ်သော NCA အခြေပြု ဖက်ဒရယ် အခြေခံဥပဒေ တခုကို ဖန်တီးနိုင်လိမ့်မည် ဟုတ်၊ မဟုတ်နှင့် ပတ်သက်၍ မေးခွန်းများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
ထိုစဉ်က အကယ်၍ ၎င်းတို့ ပြည်ထောင်စု သဘောတူညီချက်ကို လက်မှတ်မထိုးလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုလုံးကို ရှေ့ဆက်မရနိုင်ဟု အစိုးရက ပြောကြားခဲ့သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက လိုက်လျောခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးဘက် ဖြစ်သည့် အစိုးရ (NLD အစိုးရနှင့် တပ်မတော်) က ၎င်းတို့၏ အခြား အဆိုပြုချက်မှန်သမျှကို လက်မခံဘဲ NCA သည် သာလျှင် ငြိမ်းချမ်းရေးသို့ ရောက်မည့်လမ်းဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ကြသည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ဆိုသည်။
ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်၍ ပြုလုပ်နေသော်လည်း နှစ်ဘက်လုံးက အကြောင်းအရာ အတော်များများ အပေါ်တွင် အပြည့်အဝ သဘောတူညီမှု မရရှိကြသေးပါ။
သဘောမတူညီသည့် အချက်များ အများအပြားရှိနေသော်လည်း တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပမည်။ ဆွေးနွေးရန် ကျန်သည့် အကြောင်းအရာများထဲတွင် ကျား/မ တန်းတူညီမျှရေးကို နိုင်ငံရေး အစီအစဉ်အောက်တွင် ထည့်သွင်းရန် သင့်/မသင့်လည်း အပါအဝင်ဖြစ်သည်။ လက်ရှိ နိုင်ငံရေးမူဘောင် တွင် နိုင်ငံရေး ခေါင်းဆောင်မှုပိုင်းတွင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို အမျိုးသမီးများအတွက် သတ်မှတ်ပေးသင့် ကြောင်း ဖော်ပြထားတာလည်းရှိသည်။
လာမည့် ဇူလိုင် ၁၁ ရက်နေ့တွင် ပြုလုပ်မည့် ညီလာခံ၏ နောက်ထပ်အရေးပါသော ကိစ္စများမှာ မြေယာအသုံးချမှုနှင့် သဘာဝ သယံဇာတတွင် ညီညွှတ်မျှတသော အာဏာခွဲဝေမှု ဖြစ်စေရေး၊ လူမှုရေး နှင့် စီးပွားရေးဆိုင်ရာ မူဝါဒများ နှင့် နိုင်ငံရေးဆိုင်ရာ ကျန်ရှိသော အချက်များ ဖြစ်သည်။ နိုင်ငံရေးတွင် ပြည်နယ်အခြေခံဥပဒေရေးဆွဲရေး သို့မဟုတ် ခွဲထွက်ရေး ကဲ့သို့ အကြောင်းအချက်များကို ဖယ်ချန်ထားမည်ဖြစ်ပြီး ၎င်းတို့ကို အတွဲလိုက် နောက်မှ ပြန်လည်ဆွေးနွေးရန် သဘောတူထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍများဆိုင်ရာ လုပ်ငန်း ကော်မတီအလိုက် ဆွေးနွေးပွဲများက အခြေခံမူသစ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ညီလာခံ မတိုင်မီ ဇူလိုင်လ ၈ ရက်-၉ရက် တို့ တွင် နောက်တကြိမ် တွေ့ဆုံ၍ အခြေခံမှုများ အပေါ် ဆွေးနွေးကြခဲ့ကြသည်။ ညီလာခံတွင် ကိုယ်စားလှယ် ၇၀၀ ခန့်ပါဝင်မည် ဖြစ်သည်။
အခြေခံမူများမှာ ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့၏ ပြည်သူများ နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားသည့် အပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ယခုနှစ်အတွင်းတွင် မွန်ပြည်သစ် ပါတီက NCA လက်မှတ်ထိုးခဲ့သည့် အတွက် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် စုဆောင်းရရှိခဲ့သည့် ပြည်သူလူထု၏ သဘောထားများက ဆွေးနွေးမှုများတွင် ပါဝင်လာ လိမ့်မည် ဖြစ်သည်။
ပြည်ထောင်စု အဆင့်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆွေးနွေးမှုများမှတဆင့် သဘောတူညီချက် အဆင့်သို့ရောက်လာလျှင် အရေးပါသော အချက်များက ချန်ထားခြင်းခံခဲ့ရသည်ဟု လူမျိုးစုအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုများ အတွင်းတွင် အဆိုပါ အချက်များကို တင်သွင်းခဲ့ကြသော အရပ်ဘက် အဖွဲ့ အစည်းများမှ အဖွဲ့ဝင်များက ပြောကြသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေမှ ကျော်လွန်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်သစ်တရပ် လိုအပ်
မြေယာကဏ္ဍ ညှိနှိုင်းဆွေးနွေးရေးမှ တဆင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် (KPSN) က နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြုပြင်ပြောင်းလဲပါက စစ်မှန်ပြီး အားလုံးပါဝင်သည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံရေးဆွေးနွေးမှု ဖြစ်လာရေးအတွက် အထောက်အကူဖြစ်လာမည် ဖြစ်ကြောင်း ယခင်အပတ်က ထောက်ပြခဲ့သည်။
KPSN က “လက်ရှိမြေယာနှင့် သဘာဝ အရင်းအမြစ် ကဏ္ဍစီမံခန့်ခွဲမှုစနစ်မှ ဖက်ဒရယ်ကျကျ စီမံခန့်ခွဲမှုစနစ်ဆီသို့ ပြောင်းလဲနိုင်ရေးသည် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိပြီး ဤသို့သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်မှု မရှိခြင်းသည် ပဋိပက္ခ၏ အဓိက တွန်းအားဖြစ်နေသည်။” ဟု ပြောဆိုသည်။
ဌာနေကရင် တိုင်းရင်းသား လူမှု အဖွဲ့အစည်း ၂ ဒါဇင်ကျော် ပါဝင်သည့် ကွန်ရက်တခု ဖြစ်သော KPSN က ကရင် ပြည်သူမျာနှင့် တွေ့ဆုံဆွေးနွေးမှုများ အတွင်းတွင် ရရှိခဲ့သော အကြံပြုချက်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင်ရရှိခဲ့သော သဘောတူညီချက် တို့ကို အသေးစိတ် လေ့လာခဲ့သည်။
ဌာနေတိုင်းရင်းသားများ၏ ဆန္ဒများကို ရောင်ပြန်ဟပ်သည့် အကြံပြုချက်များ၏ ၈၀ ရာခိုင်နှုန်း ကျော်က UPDJC ၏ ညှိနှိုင်း ဆွေးနွေးမှု အဆင့် အသီးသီးတွင် ပယ်ချခြင်းခံရသည်ဟု KPSN မှ စောအဲလက်စ် က ဆိုသည်။
“ “အားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးမှု” နှင့် “တန်းတူညီမ ှုနှင့် ကိုယ်ပိုင်ပြန်ဌာန်းခွင့်” တို့သည် စစ်မှန်သော ငြိမ်းချမ်းရေး၏ အနှစ်သာရဖြစ်သည်ဟု နိုင်ငံရေးဆွေးနွေးမှု မူဘောင်က ဆိုထားပေမယ့် တပ်မတော်ကိုယ်စားလှယ်တွေက နိုင်ငံရေးဆွေးနွေးမှုကဏ္ဍ (၅) ရပ်ဖြစ်တဲ့ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ တွေမှာ အဆိုပြုချက်တွေကို ဆက်တိုက် ကန့်ကွက်နေတာ ဖြစ်တယ်။” ဟု ၎င်းက ဆိုသည်။
အခြေခံမူ ၃၇ ချက်ကို ကိုယ်စားလှယ်အနည်းစုကသာ လက်မှတ်ထိုးခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှု မူဘောင်အောက်ရှိ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာခြင်း မရှိဟု လည်း KPSN က ထောက်ပြခဲ့သည်။ ပြည်ထောင်စု သဘောတူညီချက်၏ အခြေခံ ဖက်ဒရယ်မူဝါဒ အဆိုပြုချက်များကို အသိအမှတ်မပြုခြင်းက လက်ရှိ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်အပေါ် စစ်မှန်ကောင်းမွန်သော သဘောထားမရှိကြောင်း ဖော်ပြနေသည်ဟု ၎င်းတို့က ပြောသည်။
တိုင်းရင်းသားတို့၏ မြေယာအခွင့်အရေးများကို လေးစားခြင်းမရှိဘဲ မြန်မာပြည်သူပြည်သားအားလုံးအတွက် တန်းတူညီ မ ျှ မှု ကို ပေးနိုင်မည့် စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်မလာနိုင်ဟု KPSN က ဆိုသည်။ တပ်မတော်နှင့် ရွေးကောက်ခံ အရပ်သား အစိုးရက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အသုံးချပြီး၊ မြေယာနှင့် သဘာဝ အရင်းအမြစ်ပိုင်ဆိုင်ရေး၊ စီမံခန့်ခွဲရေးနှင့် ထိန်းချုပ်ရေးတို့တွင် ဗဟိုက ချုပ်ကိုင်မှုကို တရားဝင်ပိုမိုအားကောင်းအောင် လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိက ရည်မှန်း ချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတခု တည်ထောင်ရေးကို ထိခိုက်နေသည်ဟု ၎င်းတို့က ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်သွားလည်း တပ်မတော်က ဂရုမထား
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များက ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုလုပ်ငန်းစဉ်သည် နိုင်ငံရေးဆွေးနွေးမှုမူဘောင်နှင့် အညီ အကောင်အထည် ဖော်ခြင်း မရှိသည်ကို အပြည့်အဝ သဘောပေါက်နေသည့်တိုင် ၎င်းတို့မှာ ခြိမ်းခြောက်ခံရပြီး သဘောတူညီချက်ကို ဖိအားကြောင့် လက်မှတ်ထိုးခဲ့ကြရသည်။ နိုင်ငံရေး ဆွေးနွေးပွဲများ နှင့် အပစ်ခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ၂ ခု လုံးတွင် တပ်မတော်ကိုယ်စားလှယ်များက စကားဝိုင်းဆွေးနွေးမှုများကို လွှမ်းမိုးထားပြီး တပ်မတော်၏ ရပ်တည်ချက် ဖြစ်သော မူဝါဒ ၆ ရပ်ကို ကိုင်စွဲထားသည်။ ၎င်းတို့ထဲမှ တခုမှာ တည်ဆဲဥပဒေများ နှင့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေတို့နှင့် အညီ ဖြစ်ရန် ဖြစ်သည်။
တပ်မတော်ကိုယ်စားလှယ်များက ၎င်းတို့လိုချင်သည့် အရာ မရမချင်း ညှိနှိုင်းဆွေးနွေးမှုများ ရှေ့ဆက်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုလေ့ ရှိပြီး၊ ထိုသို့မဟုတ်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်သွားမည်ဟု မသိမသာ ခြိမ်းခြောက်ပုံစံမျိုးများရှိကြောင်း ဆွေးနွေးပွဲများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ က ဆိုသည်။
ပြီးခဲ့သည့် နှစ် မေလအတွင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်မှူးကြီးစိုင်းငင်းက ဆွေးနွေးပွဲများ တွင် ဆွေးနွေးနေစဉ်အတွင်း တပ်မတော်က “ ကျနော်တို့ (တပ်မတော်)က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်သွားလည်း ဘာမှမဖြစ်ပါဘူး။” ဟု ရိုင်းပြစွာ ပြောဆိုမှုများ ရှိခဲ့ကြောင်း သ ျှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပြုမှုမှုမျိုးကို NCA ဆွေးနွေးညှိနှိုင်းမှု များ စတင်ခဲ့သည့် ၅ နှစ်ကျော် သက်တမ်းတလေ ျှာက် အတွင်းတွင် ကြိမ်ဖန်များစွာဖြစ်ပေါ်ခဲ့သည်ကိုလည်း ကြားသိရသည်။
UPDJC ၏ မြေယာ နှင့် သဘာဝ ပတ်ဝန်းကျင် လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်တဦး ဖြစ်သည့် ဖဒိုစောနေသဘလေး က မြေယာ ကဏ္ဍ ညှိနှိုင်းဆွေးနွေးမှုများတွင် ကရင်အမျိုးသားအဆင့်ဆွေးနွေးပွဲမှ မူဝါဒ အကြံပြုချက်များ တင်သွင်းသည့်တိုင် အဆိုပါ အဓိကအချက်များ ပိတ်ပင်ခံရသည်ဟု ပြောဆိုကြောင်း KPSN ၏ လေ့လာမှုတွင် ဖော်ပြထားသည်။
“UPDJC မှာပါတဲ့ အစိုးရနဲ့ တပ်မတော် ကိုယ်စားလှယ်တွေက ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို သုံးပြီး ကျနော်တို့ မူဝါဒ အကြံပြုချက်တွေကို ပိတ်ပင်ကြတယ်။” ဟု KNU ၏ ဗဟို လယ်ယာမြေဌာန၏ ဌာနမှူးတဦး ဖြစ်သည့် ဖဒိုစောနေသဘလေးက ပြောကြားသည်။
မြေယာ ကဏ္ဍတွင်သာ မဟုတ်ပါ၊ အခြားနေရာများတွင်လည်း ပြဿနာများ ရှိနေသည်။ စီးပွားရေး ကဏ္ဍတွင် ချမှတ်ထား သော အခြေခံမှုများမှာ အလွန် ယေဘုယျဆန်သည်။ ပြီးခဲ့သည့် လအတွင်းတွင် တိုင်းရင်းသားလူမျိုးရေးရာစင်တာ (ENAC) က ထုတ်ပြန်ခဲ့သည့် ဖက်ဒရယ်ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ လေ့လာမှုတခုအရ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် သဘာဝပတ် ဝန်းကျင် ကိစ္စရပ်များ စီမံခန့်ခွဲရေး အတွက် ပြည်နယ်နှင့်တိုင်း အာဏာပိုင်များကို လုပ်ပိုင်ခွင့်နှင့် အထူးထောက်ပံ့မှုများ ပေးရန် လိုအပ်နေသည်။
ပြည်ထောင်စု သဘောတူစာချုပ် ပထမပိုင်းတွင် နိုင်ငံရေး ကဏ္ဍအောက်၌ အခြေခံမူ ၁၂ ချက်၊ စီးပွားရေး ကဏ္ဍ အောက် ၌ ၁၁ ချက်၊ လူမှုရေး ကဏ္ဍအောက်၌ ၄ ချက်၊ မြေနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍအောက်၌ ၁၀ ချက် ပါဝင်သော်လည်း လုံခြုံရေး ကဏ္ဍအတွက် တချက်မျှ မပါဝင်ခဲ့ပါ။
NCA အကောင်အထည်ဖော်ရေးတွင်ပင် အခက်အခဲများ ပေါ်ထွက်နေသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းဆုံးနေပြီဟု လေ့လာစောင့်ကြည့်သူများက ယူဆသည်။ ထို့ပြင် လက်ရှိ အချိန်တွင် NLD အစိုးရသည် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် လှုပ်ရှားသော အဖွဲ့များကို NCA လက်မှတ်ထိုးလာအောင် လုပ်ဆောင် နိုင်ခဲ့ခြင်းမရှိပါ။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်သည့် ၇ နှစ် နီးပါးကာလအတွင်းတွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် အရပ်သား ၁၅၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရ သည်။ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော်နေသော ကရင်ပြည်နယ်တွင်ပင် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသူ အရပ်သား ၈၅၀၀ ကျော်ရှိကြောင်း KPSN ၏ အဆိုအရ သိရသည်။
တိုင်းရင်းသားအဖွဲ့များ မညီညွတ်ခြင်းက ဆွေးနွေးမှုကို အားနည်းစေခြင်း
နိုင်ငံရေး ဆွေးနွေးမှုတွင်ရော အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်မှုတွင်ပါ ဗိုလ်ချုပ်ကြီးများက ခေါင်းမာနေကြချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက တိုင်းရင်းသား အဖွဲ့များအစုကို တစုတစည်းတည်း ကိုယ်စားပြုသည့်အသံ ကင်းမဲ့နေသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်မှ ညှိနှိုင်းဆွေးနွေးသူတဦးက ညှိနှိုင်းမှုများအတွင်းတွင် ဖက်ဒရယ် တပ်မတော် အကြောင်းသို့ ရောက်သည့် တချိန်တွင် ဖက်ဒရယ်တပ်မတော်တခု ၏ အခြေခံမှုများအတွက် ထောက်ခံမည့် အသံများက တိုင်းရင်းသား လက်နက်ပိုင်အဖွဲ့များ ကြားတွင် တူညီစွာ ပေါ်ထွက်လာခြင်းမရှိဟု ဧရာဝတီသို့ ပြောသည်။ ဖက်ဒရယ်တပ်မတော် ဆိုသည့် သဘောတရားကို တပ်မတော် ဖက်က ညင်းဆန်ထားသော်လည်း NCA လက်မှတ်ထိုး သူများရော၊ လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖက်က ကိုင်စွဲထားခဲ့သည်။
“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်တွေက သူတို့ တင်ပြတဲ့ အခြေခံ မူတွေကို ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ အားနည်းကြတယ်။ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကလည်း ထိထိရောက်ရောက် ညှိနှိုင်းနိုင်မှု မလုပ်နိုင်ကြဘူး။” ဟု KNU ၏ တွဲဖက် အထွေထွေအတွင်း ရေးမှူး ဖဒို စောဆဲဘွယ် ကပြောကြောင်း KPSN ၏ လေ့လာမှုတွင် ဖော်ပြထား သည်။ သူက UPDJC ၏ လူမှုရေး ကဏ္ဍ လုပ်ငန်း ကော်မတီတွင် အဖွဲ့ဝင် ဖြစ်သည်။
“တပ်မတော် ဘက်မှာတော့ သူတို့က တူညီတဲ့ ရပ်တည်ချက်တခုတည်းပေါ်မှာပဲ ဆွေးနွေးကြတယ်။ သူတို့က သူတို့အားသာမယ်ထင်တဲ့အချက်တွေကိုပဲ ဆွေးနွေးကြတယ်။ ဒီလိုမှ မဟုတ်ရင် မဆွေးနွေးကြဘူး။ အစိုးရနဲ့ လွှတ်တော်ကလည်း ညှိနှိုင်းဆွေးနွေးပွဲတွေမှာ တပ်မတော်နဲ့ တဘက်တည်းရှိတယ်ဆိုတာ ပေါ်လွင်တယ်။” ဟု သူက ထပ်ပြောခဲ့သည်။
ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)မှ ကိုယ်စားလှယ် တဦး ဖြစ်ပြီး NCA လက်မှတ်ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဆလိုင်းယောအောင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ စည်းလုံး ညီညွတ်မှုက စာရွက်ပေါ်တွင်သာ ရှိသည်ဟု ပြောသည်။ ထို့အတွက်ကြောင့် သူတို့နှင့် စေ့စပ်ညှိနှိုင်းသူများ၏ အမြင်တွင် သူတို့မှာ အားနည်းသည့် အသွင်ကို ဖြစ်စေသည်ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် ခေါင်းဆောင်ကောင်းများ ရှိ နေသည့် တိုင် သူတို့အများစုက စေ့စပ်ညှိနှိုင်းရေး စားပွဲတွင် ထိပ်တိုက်ပြောဆိုမှု သိပ်မရှိဟု သိရသည်။
“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ သဘောမတူညီမှုတွေရှိတာကို တဖက်က စေ့စပ်ညှိနှိုင်းသူတွေက အားနည်းချက်သင်္ကေတခုလို မြင်ကြတယ်။ ဒါကြောင့် ဆွေးနွေးပွဲတွေအတွင်းက ဒီလို အမြင်တွေက လုပ်ငန်းစဉ် တခု လုံးကို သက်ရောက်စေတယ်။” ဟု သူက ပြောသည်။
လာမည့် ညီလာခံတွင် အဓိက နိုင်ငံရေးအခြေခံဖက်ဒရယ် မူဝါဒများ ဆွေးနွေးမှုမရှိသောကြောင့် နိုင်ငံရေးဆိုင်ရာ အရေးကြီး မူဝါဒသဘော တူညီချက်များ ထပ်ရရှိမည် မဟုတ်သည်က ရှင်းလင်းပါသည်။ တပ်မတော် နှင့် NLD ခေါင်း ဆောင်များက သူတို့၏ နိင်ငံရေးရည်မှန်းချက်ကို သက်သေပြသည့် အချိန်နှင့် တိုင်းရင်းသား ခေါင်းဆောင်များက သူတို့ပြည်သူတို့၏ အသံများထင်ဟပ်ပြမည့် ဆွေးနွေးမှုများ လုပ်လာနိုင်မှသာ လျှင် ဒီမိုကရေစီ ဖက်ဒရယ် အခြေခံဥပဒေသစ်တခု ရရှိရေးသို့ ပိုမိုနီးကပ်လာပါလိမ့်မည်။
ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဇူလိုင် ၆ ရက်နေ့က ဖော်ပြခဲ့သည့် Analysis: Military Intransigence Signals Dead End for Peace Process ကို ဆီလျော်အောင် ဘာသာပြန်သည်။