ဆော်ဒီ အာရေးဗီးယား နိုင်ငံ၏ သံတမန်ရေး ထောက်ခံမှုကို အပြည့်အဝ အားကိုးနိုင်သော၊ ဆော်ဒီတော်ဝင် မိသားစု ၏ ယာဉ်တခုသဖွယ် ဖြစ်သော ကုမ္ပဏီတခုက တံခါးဖွင့်ခြင်းကို ရတနာ သိုက်များက စောင့်ဆိုင်းနေကြသည်။
အစိုးရ ရင်းနှီးမြှုပ်နှံသူများထံမှ ငွေများသေချာစေရန် အချိန်များစွာ ယူရမည်မဟုတ်သည့် အာရှအလယ်ပိုင်းမှ ရေနံ မြေများကို သူတို့က ထိန်းချုပ်ထားကြောင်း အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို PetroSaudi က ပြောခဲ့သည်။
ထိုနေရာသည် PetroSaudi ၏ တည်ထောင်သူများ နှင့် မလေးရှားဝန်ကြီးချုပ် တို့ကို ၂၀၀၉ ခုနှစ် မတ်လတွင် တွေ့ဆုံ စေခဲ့သည့် အကြောင်း တရပ် ဖြစ်ပါသည်။
မိုနာကို ကမ်းရိုးတန်း မှ ၉၂ မီတာရှည်သော ရွက်လှေပေါ်တွင် Tarek Obaid နှင့် မင်းသား Turki တို့က မလေးရှား ဝန်ကြီးချုပ် နာဂျစ် ၏ အကြံပေး Jho Low နှင့် ဝန်ကြီးချုပ်၏ အခြားမိသားစုဝင်များ နှင့် တနေ့တာ အချိန် ဖြုန်းခဲ့ကြ သည်။
တွေ့ဆုံပွဲကို လျှပ်တပျက်ရိုက်ကူးထားသည့် ဓာတ်ပုံများ၌ ဘောင်းဘီတိုများ၊ ဘေ့စ်ဘောလ် ဦးထုပ်များ နှင့် အားလပ် ရက် ခရီးစဉ်တခု အသွင်ရှိခဲ့သော်လည်း သူတို့ဆွေးနွေးမှုများက အရေးကြီးသော စီးပွားရေး အကြောင်းများ ဖြစ်သည်။
ရရှိသော ရလဒ်မှာ Tarek Obaid နှင့် Jho Low တို့က စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် များပြားသည့် ငွေ ကြေး များကို သူတို့ ၂ ယောက်လုံးက ထိန်းချုပ်ခွင့် ပြုထားသည့် သဘောတူညီချက်အရ အတူတကွ အလုပ်လုပ်ကြ ရန် ဆုံးဖြတ်ချက် တခု ဖြစ်သည်။
Jho Low က မလေးရှား အစိုးရတွင် တရားဝင် ရာထူး ရယူထားခြင်း မရှိသော်လည်း သူက ဝန်ကြီးချုပ်အတွက် ယုံကြည် စိတ်ချရသည့် လူယုံတယောက် ဖြစ်လာသည်။ လူငယ်ပင် ဖြစ်သော်လည်း Jho Low က ရေနံကြွယ်ဝသည့် မလေးရှား ပြည်နယ်တခုမှ ဝင်ငွေများ ရင်းနှီးမြှုပ်နှံရမည့် ရန်ပုံငွေတခု ထူထောင်ရန် Goldman Sachs နှင့် အတူ အလုပ် လုပ်ရာတွင် ကောင်းစွာ စီမံနိုင်ခဲ့သည်။
နာဂျစ် နှင့် Jho Low တို့က PetroSaudi တည်ထောင်သူများ ရွက်လှေစီး ထွက်နေချိန်တွင် မလေးရှား ဗဟို အစိုးရ က မကြာမီတွင် 1Malaysia Development Berhad (1MDB) ဟု အမည် ပြောင်းလဲခဲ့သော ရန်ပုံငွေတခု၏ ထိန်းချုပ် မှု ကို ရယူလိုက်သည်။
မလေးရှားနိုင်ငံတွင် စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန် အစိုးရကို တာဝန်ပေးခဲ့သည်။ အဆိုပါ ရန်ပုံ ငွေတွင် သုံးစွဲ ရန် ဒေါ်လာ ၁ ဘီလီယံကျော် ရှိနေခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရန် နှင့် ဘုတ် အဖွဲ့ဝင်များ၊ မန်နေဂျာများ ခန့်ထားခြင်း နှင့် အလုပ်ဖြုတ်ခြင်းများ ပြုလုပ်ရန် ဝန်ကြီးချုပ် နာဂျစ် တွင် အာဏာအပြည့်အဝ ရှိနေခဲ့သည်။
Jho Low က ငွေအလွှဲအပြောင်းများကို ချောမွေ့အောင် ပြုလုပ်ပေးရသည့် အသွင်ရှိသည်ဟု DoJ က ဆိုသည်။ သူက 1MDB ၏ ဘုတ်အဖွဲ့ အစည်းအဝေး ပွဲများကိုပင် တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ကြားခံ အဆက်အသွယ် အဖြစ် ဆောင် ရွက်ခဲ့သည်။
PetroSaudi နှင့် တွေ့ဆုံပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ရန်ပုံငွေ အသစ်အတွက် ပထမဆုံးသော အဓိက သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့သည်။ PetroSaudi နှင့် 1MDB တို့ ဖက်စပ်ဆောင်ရွက်ရန် ဒေါ်လာ ၂.၅ ဘီလီယံတန် သဘောတူညီချက်တခုကို ၂၀၀၉ ခုနှစ် စက်တင်ဘလ အတွင်းက ဆော်ဒီအာရေးဗီးယား နိုင်ငံသို့ နာဂျစ် သွားရောက်စဉ် အတွင်း လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။
သတင်း ထုတ်ပြန်ချက်တွင် အဆိုပါ ဖက်စပ်လုပ်ငန်းက သက်ရောက်မှု မြင့်မားသည့် စီမံကိန်းများတွင် ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ပြီး ဆော်ဒီအာရေးဗီးယား နိုင်ငံက မလေးရှား အပေါ်တွင် ယုံကြည်စိတ်ချမှု ရှိကြောင်း ဖော်ပြ နေခြင်း ဖြစ်သည်ဟု ပြောသည်။
သို့သော်လည်း အမေရိကန် တရားရေးဌာန ကမူ အဆိုပါ သဘောတူညီချက်သည် 1MDB မှ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကျော်ကို PetroSaudi တွင်လည်းကောင်း 1MDB တွင် လည်းကောင်း မည်သည့် တရားဝင် ရာထူးမှ မရှိ သည့် အသက် ၂၉ နှစ် အရွယ် Jho Low က ထိန်းချုပ်ထားသော ဆွစ်ဇာလန် ဘဏ်ငွေစာရင်းတခု သို့ လွှဲပြောင်းခြင်း အတွက် ဟန်ဆောင်ခြင်း သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။ PetroSaudi က 1MDB ရန်ပုံငွေ အားလုံးသည် ၎င်း ၏ ရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အဖွဲ့ အစည်းများသို့ ပေးခဲ့ပြီး ဖြစ်သည်ဟု အခိုင်အမာပြောခဲ့သည်။
ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိသည့် ဖက်စပ်လုပ်ငန်း သဘောတူညီချက်က မယုံနိုင်စရာ အရှိန် အဟုန်ဖြင့် ပြီးဆုံးခဲ့ သည်။ ၁ လပင် မကြာမြင့်ခဲ့ပါ။ ရွက်လှေပေါ်တွင် တွေ့ဆုံခဲ့ပြီး များမကြာမီတွင် Tarek Obaid က PetroSaudi ၏ စီးပွားရေး ကိစ္စများကို ကိုင်တွယ်သည့် ကုမ္ပဏီ ဒါရိုက်တာ Patrick Mahony နှင့် Jho Low ကို မိတ်ဆက်ပေးခဲ့သည်။
The Guardian က မြင်တွေ့ခဲ့ရသည့် စာရွက်စာတမ်းများအရ Patrick Mahony နှင့် Jho Low တို့သည် ဖက်စပ် လုပ် ငန်း နှင့် ပတ်သက်၍ ဆွေးနွေးရန် အတွက် နယူးယောက်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့၌ နေ့လယ်စာ စားရင်း တွေ့ဆုံခဲ့ ကြသည်။
တယောက်စာ တပွဲလျှင် ဒေါ်လာ ၅၄၀ ကျသည့် ဆူရှီ စားသောက်ဆိုင်တခု ဖြစ်သော Masa တွင် ညစာ စားပြီးနောက် တနေ့တွင် Patrick Mahony က Jho Low သို့ ကမ်းလှမ်းချက်တခုကို အီးမေးလ်ဖြင့် ပေးပို့ခဲ့သည်။
“PSI (PetroSaudi) ကို အသုံးပြုနိုင်မယ့် နေရာတွေကို ခင်ဗျားတို့ လိုက်ရှာနေတယ် ဆိုတာကို ကျနော်တို့ သိပါတယ်။ ဘယ်နေရာမှာလဲ ဆိုတာကို ကျနော်တို့ကို သိခွင့်ပေးဖို့ လိုပါတယ်” ဟု အဆိုပါ အီးမေးလ်တွင် ဖော်ပြထားသည်။
The Guardian က မြင်တွေ့ခဲ့ရသော စာရွက်စာတမ်းများသည် ယုံကြည် လက်ခံနိုင်စရာများ မရှိဘဲ အတုအယောင် များ ဖြစ်ကြပြီး လိုသည်ကိုသာ ရွေးချယ် ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်သည်ဟု PetroSaudi က ပြောသည်။
၃ ပတ်ပင် မကြာသည့် အချိန်၌ သဘောတူညီချက် ပြီးမြောက်သွားသည်။ ဖက်စပ် လုပ်ငန်းတွင် PetroSaudi က ဒေါ်လာ ၁.၅ ဘီလီယံတန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုင်ဆိုင်မှုများ ထည့်ဝင်မည် ဖြစ်ပြီး 1MDB က ငွေသား ၁ ဘီလီယံ ဒေါ်လာ ထည့်ဝင်မည် ဖြစ်သည်ဟု ဆိုသည်။
အမေရိကန်မှ တရားစွဲဆိုမှု အရ 1MDB က PetroSaudi ဖက်စပ်လုပ်ငန်းနှင့် သက်ဆိုင်သည့် ငွေစာရင်းတခုသို့ ဒေါ်လာ သန်း ၃၀၀ လွှဲပြောင်း ပေးခဲ့ပြီး ကျန်သည့် ဒေါ်လာ သန်း ၇၀၀ ကို RBS Coutts မှ ဆွစ်ဇာလန် ဘဏ် စာရင်း တခုသို့ လွှဲ ပြောင်းပေးခဲ့သည်။
အဆိုပါဘဏ် စာရင်းကို ဆေရှဲလ် နိုင်ငံတွင် မှတ်ပုံတင်ထားသော Good Star အမည်ရှိ ကုမ္ပဏီ အတုတခုက ထိန်း ချုပ် သည်။ Good Star ၏ ပိုင်ရှင်မှာ PetroSaudi မဟုတ်ဘဲ Jho Low ဖြစ်သည် ဟု အမေရိကန် တရားရေး ဌာန က စွပ်စွဲခဲ့သည်။
ဒေါ်လာ သန်း ၇၀၀ ကို ပုံစံပြောင်းရန် အတွက် Good Star ငွေစာရင်းနှင့် ပတ်သက်သော မမှန်ကန်သည့် အချက် အလက် များ ကို 1MDB က ဘဏ်များသို့ ပေးခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောသည်။
The Guardian က မြင်တွေ့ခဲ့ရသည့် စာရွက်စာတမ်းများတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် PetroSaudi က ဒေါ်လာ သန်း ၇၀၀ ကို ကုမ္ပဏီက ထိန်းချုပ်ထားသည့် ဘဏ်ငွေစာရင်း တခုသို့ ပေးရန် ညွှန်ကြား ခဲ့သည့် အသွင်ရှိသည်။
သို့သော်လည်း ရက်အနည်းငယ် ကြာသော အခါ RBS Coutts ဘဏ် က လက်ခံရယူမည့် ငွေစာရင်း အမည်နှင့် ပတ် သက်၍ နောက်ထပ် သတင်း အချက်အလက်များ တောင်းခံခဲ့ချိန်တွင် 1MDB က ပေးခဲ့သည်မှာ Good Star ငွေစာ ရင်း ဖြစ်သည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် Jho Low က Patrick Mahony ထံသို့ အီးမေးလ် တစောင် ပေးပို့၍ အမြန်ဆုံး ရှင်း လင်း သင့်ကြောင်း ပြောခဲ့သည်။
“1MDB နဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်တာ သို့မဟုတ် ပျောက်ဆုံးတာ မရှိပါဘူး။ ရင်းနှီးမြှုပ်နှံမှုကို အမြတ်အစွန်း နဲ့ အတူ ပြန်ပေးခဲ့ပါတယ်။ 1MDB က လွှဲပြောင်းပေးတဲ့ ငွေကြေး အားလုံးက 1MDB ဘုတ် အဖွဲ့ရဲ့ အပြည့်အဝ သဘော တူညီချက်နဲ့ ပေးခဲ့တာ ဖြစ်ပါတယ်” ဟု PetroSaudi က The Guardian သို့ ပြောသည်။
The Guardian က မြင်တွေ့ခဲ့ရသည့် စာရွက်စာတမ်းများ အရ Good Star မှ လွှဲပြောင်းပေးမှုများက ထိုစဉ်က အသက် ၃၂ နှစ် အရွယ် Tarek Obaid နှင့် အသက် ၃၃ နှစ် အရွယ် Patrick Mahony တို့ကို အလွန်ချမ်းသာ သူများ ဖြစ်အောင် ပြု လုပ်ပေးခဲ့သည်။
မှတ်တမ်းများအရ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် Good Star က Tarek Obaid ကို ကြားခံ ဝန်ဆောင် မှု များပေးသည့် အတွက် အဖိုးအခ အဖြစ် ဖော်ပြထားသော ဒေါ်လာ ၈၅ သန်းပေးရန် သဘော တူညီခဲ့သည်။
ထိုငွေကို Tarek Obaid ၏ JP Morgan ဆွစ်ဇာလန် ဘဏ်စာရင်းသို့ ထည့်သွင်း ပေးခဲ့သည်။ တချိန်တည်းမှာပင် အီးမေးလ်နှင့် ဥပဒေရေးရာ စာရွက်စာတမ်းများ အရ Patrick Mahony ကို Good Star အတွက် ရင်းနှီးမြှုပ်နှံမှု မန်နေဂျာ အဖြစ် ကန်ထရိုက်တခု ပေးခဲ့ကြောင်း ညွှန်ပြနေသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် Tarek Obaid က JP Morgan မှ သူ၏ အဆက်အသွယ်ထံသို့ အီးမေးလ်တစောင် ပေးပို့၍ ဒေါ်လာ ၃၃ သန်းကို Patrick Mahony ပိုင်ဆိုင်သည့် ငွေစာရင်းတခုသို့ လွှဲပြောင်းပေးရန် မေတ္တာ ရပ်ခံခဲ့ သည်။
နောက် ၄ ရက်ကြာသည့် အခါ Patrick Mahony က Notting Hill တွင် ဒေါ်လာ ၆.၇ သန်းတန် အိမ်တလုံး ဝယ်ယူ ရေး နှင့် နိုင်ငံခြား ကုမ္ပဏီတခု တည်ထောင်ရန် စတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာလ ၁၂ ရက် ရောက် သည့် အခါ အိမ်အတွက် ကန်ထရိုက် စာချုပ်များ အလဲအလှယ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ဘဏ် လုပ်ငန်းရှင်ဟောင်း Patrick Mahony က ဆွစ်ဇာလန်တွင် ဘဏ်ငွေစာရင်းတခု ဖန်တီးခဲ့သည်။ ဝယ်ယူခြင်း အတွက် ငွေပေးချေမှု အားလုံးတို့ကို British Virgin တွင် Patrick Mahony ထူထောင်ထားသည့် ကုမ္ပဏီ တခုမှ တဆင့် အဆိုပါ ငွေစာရင်းဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
The Guardian မှ မေးခွန်းများကို တုံ့ပြန်ရာတွင် PetroSaudi က Tarek Obaid ကို ငွေပေးခြင်းက ပွဲစားခ ပေးခြင်း မ ဟုတ်ကြောင်း နှင့် Patrick Mahony သို့ လွှဲပြောင်းပေးသည့် ဒေါ်လာ ၃၃ သန်းကလည်း PetroSaudi – 1MDB ဖက်စပ် လုပ်ငန်း နှင့် မသက်ဆိုင်ကြောင်း ပြောသည်။
သူတို့ မိတ်ဆွေ Tarek Obaid ၏ ကံတရား ပြောင်းလဲ နေသည်ကို Laura နှင့် Xavier Justo တို့ သတိ မပြုမိခဲ့ကြပါ။ Tarek Obaid က ဖုန်းဆက်၍ လန်ဒန်မှ PetroSaudi တွင် ဒါရိုက်တာ ရာထူးတခု ကမ်းလှမ်းသည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ လ အတွင်းတွင် သူတို့ စုံတွဲက ထိုင်းနိုင်ငံ ကပ္ပလီပင်လယ် ကမ်းရိုးတန်းတွင် နေဆာလှုံနေကြသည်။
ကုမ္ပဏီက နေ့ချင်း ညချင်းပင် အောင်မြင်လာခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြည့်ရှု စောင့်ရှောက်မည့် သူ တဦး လိုအပ်ကြောင်း Tarek Obaid က Xavier Justo ကို ပြောသည်။
Xavier Justo က Tarek Obaid ၏ ကနဦး ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် လစာ ကောင်းကောင်းရမည့် စွန့်စားခန်းတခုက သူ့ကို ဆွဲဆောင်ခြင်းခံခဲ့ရသည်။ Xavier Justo ၏ အဆိုအရ သူ့ကို Tarek Obaid က လစာ စတာလင်ပေါင် ၄၀၀၀၀၀၊ သန်းနှင့်ချီသော ဆုကြေးများနှင့် လန်ဒန်မြို့လယ်မှ Mayfair ရပ်ကွက် တွင် တပတ်လျှင် ပေါင် ၁၀၀၀၀ ပေးရသည့် အခန်းတခုတို့ ရရှိမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ် နွေဦးရာသီတွင် လန်ဒန်သို့ Xavier Justo ရောက်လာပြီး ဇွန်လတွင် PetroSaudi ၏ ဒါရိုက်တာ တဦး ဖြစ်လာသည်။ သို့သော်လည်း သူ့ကို အကျိုးအမြတ် များပြားလှသော အာရှမှ စီးပွားရေး လုပ်ငန်းနှင့် မပတ်သက်စေခဲ့ ပါ။ စပိန်လူမျိုး တယောက် ဖြစ်သည့် Xavier Justo က ဗင်နီဇွဲလားတွင် လုပ်ငန်းသစ်တခု စတင်နိုင်ရန် တာဝန်ယူခဲ့ရ သည်။ ၂၀၁၁ ခုနှစ် တနှစ်လုံး နီးပါး လန်ဒန်နှင့် ကရာကတ်စ် ကြား၌ လေယာဉ်စီးရင်း အချိန်ကုန်ခဲ့ရသည်။
၂၀၁၀ စက်တင်ဘာနှင့် ၂၀၁၁ ခုနှစ် မေလကြားတွင် 1MDB က PetroSaudi နှင့် ပြုလုပ်သည့် ဖက်စပ် လုပ်ငန်း သို့ နောက်ထပ် ဒေါ်လာ သန်း ၈၃၀ ထုတ်ပေးရန် သဘောတူညီခဲ့သည်။ ထို့ကြောင့် 1MDB ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု က ဒေါ်လာ ၁.၈၃ ဘီလီယံ ဖြစ်လာသည်။
နောက်ထပ် ငွေထုတ်ပေးမှုများတွင် PetroSaudi ၏ အမှုဆောင် အရာရှိချုပ် ဟု အမေရိကန် တရားရေးဌာနက ဖော်ပြ ခဲ့သော Tarek Obaid ၏ မေတ္တာရပ်ခံချက်ဖြင့် Jho Low ထိန်းချုပ်ထားသည်ဟု ဆိုသော ဆွစ်ဇာလန် ဘဏ်စာရင်း တခု သို့ ဒေါ်လာ သန်း ၃၃၀ ပေးခဲ့သည်ဟု အမေရိကန် တာဝန် ရှိသူများက စွပ်စွဲခဲ့သည်။
The Guardian က တွေ့မြင်ခဲ့ရသည့် အီးမေးလ်နှင့် ဘဏ် မှတ်တမ်းများက ၂၀၁၀ စက်တင်ဘာလမှ စ၍ ၉ လ အတွင်း Tarek Obaid က သူ၏ ဆွစ်ဇာလန်ရှိ JP Morgan ဘဏ်စာရင်းမှ ဒေါ်လာ ၇၇ သန်းကို PetroSaudi ကို ပူးတွဲ တည်ထောင်သူ ဖြစ်သည့် မင်းသား Turki bin Abdullah ထံသို့ လွှဲပြောင်းခဲ့ကြောင်း ဖော်ပြနေသည်။
အမေရိကန် တာဝန်ရှိသူများ၏ အဆိုအရ ၂၀၁၁ ခုနှစ် နွေဦးရာသီတွင် မင်းသား Turki က Jho Low ထိန်းချုပ်ထား သည့် Good Star ကုမ္ပဏီ၏ ငွေစာရင်းမှလည်း ဒေါ်လာ ၂၄ သန်း ရရှိခဲ့ကြောင်း ဘဏ်မှတ်တမ်းများက ဖော်ပြနေ သည် ဟု သိရသည်။ ထို ရက်များအတွင်းမှာပင် အဆိုပါ ရန်ပုံငွေများထဲမှ ဒေါ်လာ သန်း၂၀ ကို မလေးရှား ဝန်ကြီးချုပ် နာဂျစ် နှင့် သက်ဆိုင် သည့် ဘဏ်ငွေစာရင်း တခုသို့ လွှဲပြောင်းပေးခဲ့သည် ဟု ဆိုသည်။
ထိုအချိန်မှာပင် Jho Low က ပါပါရာဇီများကို ကြောက်သည့် ကမ္ဘာ့ထိပ်တန်း လူချမ်းသာများ တွေ့ဆုံရေး အတွက် စီစဉ် ပေးသူတဦး၊ R&B အဆိုကျော်များ၊ ဟောလီးဝုဒ် နာမည်ကျော် သရုပ်ဆောင်များနှင့် အတူ သောက်စား ပျော်ပါး တတ်သူ တဦး အဖြစ် နယူးယောက်ရှိ ကလပ်များတွင် အသိများလာသည်။
အမေရိကန် အာဏာပိုင်များ၏ အဆိုအရ ဟောလီးဝုဒ်မှ ပိုင်ဆိုင်မှုများအတွက် ဒေါ်လာ သန်း ၁၀၀ နှင့် နယူးယောက် မှ တိုက်ခန်းများအတွက် ဒေါ်လာ သန်း ၄၀ တို့ကို ဖက်စပ်လုပ်ငန်း၏ ငွေလွှဲပြောင်းမှုများမှ အသုံးပြုခဲ့သည်ဟု သိရသည်။
The Wolf of Wall Street ဇာတ်ကားတွင် စိုက်ထုတ်သော ငွေကြေးများကိုပင် PetroSaudi ဖက်စပ်လုပ်ငန်းမှ အသွင် ပြောင်းခဲ့သော ဘီလီယံ နှင့် ချီသည့် ဒေါ်လာများ အထိ တိုက်ရိုက် ခြေရာခံ၍ ရနိုင်သည်ဟု အမေရိကန် တာဝန်ရှိသူများ က စွပ်စွဲခဲ့ကြသည်။
တချိန်တည်းမှာပင် Xavier Justo က PetroSaudi တွင် အလုပ်လုပ်ရသည့် အနေအထားကို မကျေနပ်မှုများ တိုးလာ နေ သည်။ သူ၏ ဇနီး ဖြစ်သူ Laura ၏ အဆိုအရ မကျေနပ်မှု၏ ပထမဆုံး အရိပ်အယောင်မှာ သူ၏ လစာက Tarek Obaid ကမ်းလှမ်းခဲ့သော ပမာဏ၏ တဝက်ခန့်သာ ရှိကြောင်း သူတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ဆု ကြေးမှာ လည်း ကတိပြု ထားသည်ထက် များစွာလျော့နည်း၍ ဂဏန်း ၇ လုံးအစား ဂဏန်း ၆ လုံးသာ ပို၍ ဖြစ်ဖွယ်ရာ ရှိသည် ကို သတိပြုမိလာသည်။
နောက်ထပ် ကိစ္စများလည်း ရှိသေးသည်။ လစာကို နောက်ကျမှ ရလေ့ရှိပြီး တခါတရံတွင် လုံးဝ မရကြောင်း Xavier Justo က Laura ကိုပြောသည်။ အလုပ်ရှင်များက ပေးမည်ဟု ယူဆရသည့် Mayfair မှ အခန်းတွက် ငှားရမ်းခ ပေးနေ ရခြင်းကို အဆုံးသတ်ခဲ့သည်ဟု သူက ရှင်းပြခဲ့သည်။
အစပိုင်းတွင် Xavier Justo က ယခုကဲ့သို့ ဖြစ်ခြင်းသည် တမင်လုပ်နေခြင်း မဟုတ်ဘဲ ကုမ္ပဏီ၏ စာရင်းဇယား ဆိုင်ရာ အားနည်းမှု သက်သက်သာ ဖြစ်ကြောင်း Laura ကို ပြောခဲ့သည်။ သို့သော်လည်း Tarek Obaid ၏ အမူအကျင့် နှင့် ပတ်သက်၍ သူပို၍ စိတ်ပျက်လာသည်။
ချမ်းသာကြွယ်ဝ လာပြီးနောက် Tarek Obaid က ဘဝင်မြင့်လာကြောင်း Xavier Justo က သူ၏ သူငယ်ချင်းများကို ပြောပြခဲ့သည်။ သူ၏ ဆော်ဒီနိုင်ငံသား မိတ်ဆွေလေး၏ အပြောင်းအလဲများကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာရ သည်ဟု Xavier Justo က အခြားသူများကို ပြောခဲ့သည်။ အထူးသဖြင့် Tarek Obaid သည် ဆင်ခြင်တုံတရား နည်းလာပြီး မထိန်းနိုင် မသိမ်းနိုင်သော ဒေါသကို ပြလာခြင်းကြောင့်ဟု ဆိုသည်။
Xavier Justo နှင့် Tarek Obaid တို့၏ ကာလရှည်ကြာခင်မင်မှုက လစာဝင်ငွေမြင့်မားသည့် ကုမ္ပဏီ လုပ်ငန်းခွင်တွင် ၁၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် စိုးရိမ်ရေမှတ် အထိရောက်လာပြီး နောက်ဆုံးတွင် ခွာပြဲခဲ့ကြသည်။
၂၀၁၀ နှစ်ကုန်ပိုင်းတွင် Xavier Justo က အရေးတကြီး အစည်းအဝေးတခု တက်ရောက်ရန် လေယာဉ် လွတ်သွားခဲ့ သည်။ သူက Tarek Obaid ကိုတောင်းပန်ခဲ့သည်။ Xavier Justo ၏ အဆိုအရ သူ၏ မိတ်ဆွေသည် အရူးတယောက် လို ဒေါသထွက်သွားပြီး ဖုန်း မက်ဆေ့ချ် နှင့် အီးမေးလ်များမှတဆင့် ဆဲဆိုမှုများ ဆက်တိုက် ပေးပို့ခဲ့သည်ဟု သိရသည်။
စိုးရိမ်မှုများလာသော Xavier Justo က ၂၀၁၁ ခုနှစ် မတ်လတွင် အလုပ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ဒေါသ တကြီး နှင့် အီးမေးလ်များ အပြန်အလှန်ပို့ခဲ့ကြပြီးနောက် Tarek Obaid က Xavier Justo ကို ဘဝင်မြင့်သူ ကြီးကျယ် သူဟု ခေါ်ဝေါ်ခဲ့သည်။
ဧပြီလ ရောက်သည့် အခါ Mayfair ၌ အမြင့်ဆုံး အခြေအနေသို့ ရောက်ခဲ့သည်။ ကျောက်သားများ၊ အနက်ရောင် သားရေ များ နှင့် သတ္တု အနုပညာများဖြင့် ဆင်ယင်ထားသော Connaught ဟိုတယ် ဘားခန်း၌ Xavier Justo နှင့် Patrick Mahony တို့ အလုပ်ထွက်ခြင်းနှင့် ပတ်သက်သော ကိစ္စများကို တွေ့ဆုံ ဖြေရှင်းကြသည်။ ဆုကြေး အနေဖြင့် ဆွစ်ဇာလန် ဖရန့်စ် ၆.၅ သန်း (စတာလင်ပေါင် ၅ သန်း) ပေးရန် Patrick Mahony က သဘောတူခဲ့သည်ဟု Xavier Justo က ဆို သည်။
The Guardian တွင် ဖော်ပြထားသည့် Randeep Ramesh ၏ 1MDB: The inside story of the world’s biggest financial scandal ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
ဆက်လက် ဖော်ပြပါမည်။
စက်စပ် ဖတ်ရှုရန် – ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၁)