အရှေ့တောင် အာရှသားများအတွက် ဘောလုံးက အားကစား ဘုရင်ဖြစ်သည်။ National Geographic ၏ လေ့လာမှုတခု အရ အရှေ့တောင် အာရှနိုင်ငံ ၁၁ ခု၌ (ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင် ၃ နိုင်ငံမှ အပ) ၈ ခုတွင် ဘောလုံးက ရေပန်းအစားဆုံး အားကစား ဖြစ်သည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို အရှေ့တောင် အာရှမှ လူ ၂၄၅ သန်းနီးပါး ကြည့်ရှု့ခဲ့ကြရာ အလယ် အမေရိကနှင့် မြောက်အမေရိက ၂ ခုပေါင်း ခန့် ရှိခဲ့သည်။

သို့သော်လည်း ဝမ်းနည်းဖွယ်ရာ ကောင်းသည်မှာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဒေသတွင်းက တသင်းမျှ ဝင်ရောက် ယှဉ်ပြိုင်နေခြင်း မရှိပါ။ ထို့ကြောင့် သန်း ၆၃၀ ကျော်သော ပရိသတ်များမှာ အားပေးရမည့် အသင်း မရှိဘဲ ဖြစ်နေကြသည်။ သို့သော်လည်း ထိုအချက်က ကျနော်တို့၏ ဘောလုံး အပေါ် စွဲလန်းမှုကို ထိခိုက် စေနိုင်ခြင်း မရှိပါ။ ဗိုလ်လုပွဲများ နီးကပ်လာသည်နှင့် အမျှ ကမ္ဘာ၏ အလေးပေး အာရုံစိုက်မှုက တိုး၍သာ လာနေသည်။

Ceritalah Asean က ဘောလုံး ရောဂါကို ခံစားကြည့်နိုင်ရန် နှင့် ပရိသတ်များက မည်သူ့ကို အားပေး သည်ကို သိနိုင်ရန် ဟနွိုင်းမှသည် ဂျကာတာ အထိ အလျှင်အမြန် ရွေ့လျားကြည့်ခဲ့ပါသည်။

ဟနွိုင်းမြို့ My Dinh ရပ်ကွက်မှ အသက် ၁၉ နှစ်အရွယ် ဗီယက်နမ် အမျိုးသားတက္ကသိုလ် ကျောင်းသူ Do Trang က ဂျာမနီ အသင်း၏ အမာခံ ပရိသတ်ဖြစ်သည်။ “ကျမသူတို့ကို ကြိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အသင်းမှာ ရုပ်ချောတဲ့ ဘောလုံးသမားတွေ ရှိတယ်။” သူ၏ သူငယ်ချင်း ဖြစ်သော လူသား အရင်းအမြစ် မန်နေဂျာ Duong Hoa က ရုရှား အသင်းကို အားပေးသည်။ “သူတို့က ထင်ထင်ရှားရှား ပိုပြီးတော့ ကောင်းတယ်။ ပိုပြီး ကျွမ်းကျင်တယ်” ဟု ရုရှား အသင်းနှင့် စပိန် အသင်းတို့ ၁ ဂိုးစီ သရေကျနေခဲ့ပြီးနောက် ပယ်နယ်တီ အဆုံး အဖြတ်တွင် ရုရှားက ၄ ဂိုး ၃ဂိုး ဖြင့် အနိုင်ရရှိသွားသည့် ပွဲကို ရည်ညွှန်း၍ သူက ဆိုသည်။

ဂျကာတာမြို့တွင် ကုန်တိုက်တခု၏ လုံခြုံရေး ဝန်ထမ်းဖြစ်သော Riko က အုပ်စု F မှ အသင်းတသင်း ဖြစ်သည့် မက္ကဆီကို အသင်းက အကြိုဗိုလ်လုပွဲသို့ ရောက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ “ကျနော် မက္ကဆီကို အသင်းကို အားပေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော် အကြိုက်ဆုံး ဘောလုံးသမား ဖြစ်တဲ့ Javier Hernandes (Chicharito ဟုလည်း သိကြသည်) က သူတို့ ရှေ့တန်းတွေထဲက တယောက် ဖြစ်နေ လို့ပါ။”
ကျနော်က ဘယ်သူ့ကို အားပေးသနည်း ဟု မေးကောင်းမေးကြနိုင်ပါသည်။
လွယ်ပါသည်။ ကျနော်က ဘောလုံး အတွက် ဘယ်တုန်းကမှ ဒုက္ခမခံခဲ့ပါ။ နောက်ဆုံး ဗိုလ်လုပွဲသည်ပင် ကျနော့် ကို မည်သည့် အချိန်တွင်မျှ မဆွဲဆောင်နိုင်ခဲ့ပါ။

မကြာတော့မည့် အနာဂတ်တွင် အရှေ့တောင် အာရှနိုင်ငံများ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ရေး အလားအလာ နှင့် ပတ်သက်၍ အစိုးရ အရာရှိတဦး ဖြစ်သည့် Nuangruthai Raikrang က သူ၏ နိုင်ငံဖြစ်သော ထိုင်းနိုင်ငံက နိုင်ငံတကာစင်မြင့်သို့ ရောက်အောင်ပြုလုပ်နိုင်လိမ့်မည် ဟု အကောင်းဖက် က မြင်ထားသည်။ “တကယ်လို့ အစိုးရက ကျမတို့ ဘောလုံး အသင်းကို ပိုပြီး ထောက်ပံ့မှုတွေ လုပ်ပေးနိုင်မယ် ဆိုရင် တနေ့မှာ ကျမတို့ ခြေစစ်ပွဲအောင်မယ်လို့ ထင်ပါတယ်။”

အသက် ၂၉ နှစ် အရွယ် အလုပ်လက်မဲ့တဦး ဖြစ်သည့် Cris Robert Penol က လည်း အလားတူ အမြင်ရှိသည်။ “ဖိလစ်ပိုင် အားကစားသမားတွေက ဘယ်လို အားကစားနည်းကို မဆို ကစားနိုင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ခြေစစ်ပွဲ မအောင်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အစိုးရက ကျနော်တို့ နိုင်ငံမှာ လေ့ကျင့်ရေး အထောက်အကူ ကောင်းကောင်းတွေ မပေးဘူး။ အဲဒီ အပြင် ဘတ်စ်ကက်ဘောလ်နဲ့ လက်ဝှေ့က ပိုပြီး လူကြိုက် များတယ်။”

KPJ Healthcare University College မှ ကထိက နှင့် လက်ထောက်ဌာနမှူး ဖြစ်သည့် Mithra Thuraisingam က မလေးရှားနိုင်ငံ အနေဖြင့် အနည်းဆုံးတော့ ယခု အချိန်တွင် အလားအလာ မရှိဟု ယူဆသည်။ “မလေးရှားက ကမ္ဘာ့ဖလားမှာ မပါနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ FAM (မလေးရှား ဘောလုံး အဖွဲ့ချုပ်) ကို ကျွမ်းကျင်တဲ့သူတွေက သူတို့ရဲ့ အနေအထားကြောင့် မဟုတ်ဘဲ စိတ်စေတနာကို အခြေပြုပြီး ဦးဆောင် သင့်လို့ ဖြစ်ပါတယ်။”

သူတို့၏ နိုင်ငံများက တနေ့တွင် အရှေ့တောင်အာရှကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားတွင် ပါဝင်လိမ့်မည်ဟု သူတို့ ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ အရှေ့တောင် အာရှသည် ဘောလုံးနိုင်ငံ ဖြစ်သည်၊ ဆက်၍ လည်း ဖြစ်နေလိမ့်ဦးမည် ဆိုသည်မှာ သံသယရှိစရာ မလိုပါ။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)