ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြန်မာအစိုးရနှင့် တပ်မတော်တို့ တက်ကြွစွာ ဦးဆောင်နေသည်မှာ တပ်မတော်၏ အင်အားချိနဲ့နေခြင်းကြောင့်ဟု နားလည်မှုမလွဲသင့်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်တွင် စတင်ကျင်းပသည့် တတိယအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ ပထမနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
“ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းဟာ ကျနော်တို့မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ် စေလိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင် ထိန်းဖို့ အဓိပ္ပါယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့ လိုပါမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။
လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) အနေဖြင့် ငြိမ်းချမ်းရေးနှင့်မဆိုင်သော ကိစ္စများကို ဆွေးနွေးနေခြင်းထက် နိုင်ငံတကာငြိမ်းချမ်းရေး မူများနှင့်အညီ လုပ်ကိုင်သင့်ကြောင်းနှင့် မလိုအပ်သည်ကို ဆွဲထည့် ဆွေးနွေးပြီး အချိန်ဆွဲနေမည့်အစား တနိုင်ငံလုံးငြိမ်းချမ်းရေး ရရှိလာချိန်တွင် ရှေ့ဆက်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံဆွေးနွေးပွဲများတွင် တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍကို လာမည့် ၁၀ နှစ်ကျော်အတွင်း အဆုံးသတ်သင့်ကြောင်း အလွတ်သဘောဆွေးနွေးပွဲတွင် EAOs တို့၏ အဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် အထက်ပါ စကားများကို ပြောကြားသည်ဟု ယုံကြည်ရသည်။
“EAOs တွေက နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၃၀ မှာမှ စတင်ချင်တယ်။ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်မှုကိုလည်း ၂၀၂၀ က စပြီးဖယ်ထုတ်ချင်” သည့် အချက်က တပ်မတော်အား စိုးရိမ်မှုဖြစ်စေသည်ဟု အမည်မဖေါ်လိုသော ဗိုလ်ချုပ်ဟောင်းတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖေါ်ပြီး ငြိမ်းချမ်းရေး ရယူရန် အားထုတ်မှုမှာ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများအကြား တိုက်ခိုက်မှုများကြောင့် စိန်ခေါ်မှုများ ရှိနေဆဲပင်ဖြစ်သည်။ ယခုကျင်းပနေသည့် ငြိမ်းချမ်းရေးညီလာခံ မစတင်မီကလေးမှာပင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြားတိုက်ပွဲများ တနင်္လာနေ့က ဖြစ်ပွားခဲ့သေးသည်။
လက်နက်ကိုင်တပ်များ ပေါင်းစည်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနှင့် ပတ်သက်ပြီး တပ်မတော် အကြီးအကဲက “ဒီအချိန်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုပေါ်ပေါက်လာဖို့ လက်နက်ကိုင် လမ်းစဉ်တွေ ချုပ်ငြိမ်းသွားရေးဟာ ပထမ ဦးစားပေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
“ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံအပြင် မည်သည့်စနစ်ကျင့်သုံးတဲ့ နိုင်ငံမှာမဆို တခုတည်းသော တပ်မတော် တရပ်သာ ရှိပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ လည်း နိုင်ငံတကာက ကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ထောင်ရေးအယူအဆမှာ အဆိုပြုချက်တခု အဆင့်သာရှိသေးပြီး တပ်မတော်နှင့် EAOs တို့အကြား သဘောတူညီခြင်း မရှိသေးပေ။
ငြိမ်းချမ်းရေး ရင်းမြစ်များ ချို့တဲ့နေ
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့တွင် တပ်မတော်၏ အခန်းကဏ္ဍကို ကာကွယ် ပြောဆိုခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် ပိုမိုကောင်းမွန်သော အခြေခံလိုအပ်နေကြောင်းနှင့် NCA ကို လက်မှတ်ရေးထိုးခြင်း မရှိသေးသောအဖွဲ့များ လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်းလည်း ပြောသည်။
“ကျနော်တို့နိုင်ငံဟာ နိုင်ငံတနိုင်ငံအတွက်လိုအပ်တဲ့ အရင်းအမြစ်ကောင်းတွေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမယ့် ငြိမ်းချမ်းရေးအရင်းအမြစ်ကောင်းတွေကတော့ လိုအပ်နေဆဲပဲ ဖြစ်တယ်ဆိုတာ အားလုံးလက်ခံရမည့် ပကတိ အရှိတရားဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
“ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတိုင်းမှာ တပ်မတော်အနေနဲ့ ထဲထဲ ဝင်ဝင်ပူးပေါင်းပါဝင်ပြီး အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်များ၊ နိုင်ငံတော် လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုမပြိုကွဲရေးအတွက် ဆောင်ရွက်ချက်များကိုသာ ဆောင်ရွက်ခဲ့ကြောင်း ခိုင်ခိုင်မာမာပြောလိုပါတယ်” ဟုလည်း ပြောခဲ့သည်။
တပ်မတော် တပ်ဖွဲ့များ၏ အင်အားကို တပ်မတော် အကြီးအကဲက မီးမောင်းထိုးပြနေခြင်းနှင့် မိန့်ခွန်းတခုလုံးသည် NCA လက်မှတ်ရေးထိုးသော EAO s များနှင့်သာမက လက်မှတ်ရေးထိုးခြင်း မရှိသေးသော EAOs များနှင့် ညှိနှိုင်းမှုကိုပါ ထိခိုက်စေမည်ကို ညီလာခံတက်ရောက်သော ကိုယ်စားလှယ်များက စိုးရိမ်နေကြသည်။
ငြိမ်းချမ်းရေးကို အဓမ္မတည်ဆောက်မရဘဲ ယုံကြည်မှု၊ နားလည်မှုနှင့် စိတ်စေတနာကောင်းများဖြင့်သာ တည်ဆောက်ရနိုင်ကြောင်း NCA လက်မှတ်ရေးထိုးသော အဖွဲ့များကိုယ်စား ညီလာခံမိန့်ခွန်းပြောကြားရာတွင် ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖောက ပြောဆိုခဲ့သည်။
မျှော်လင့်ချက်ဖြင့် လာခဲ့သော FPNCC
လူမျိုးစုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး NCA စာချုပ်ကို လက်မှတ်ရေးထိုးရန် အစိုးရက ဆွဲဆောင်နိုင်ခြင်း မရှိသေးသော်လည်း ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေးတွင် EAO အဖွဲအစည်းပေါင်း ၁၉ ဖွဲ့ တက်ရောက်နေကြသည်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သော အရှေ့မြောက်ပိုင်းအခြေစိုက် မဟာမိတ်အဖွဲ့ ဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ၇ ဖွဲ့သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ညီလာခံသို့ လာရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ် မေလက ကျင်းပသော နောက်ဆုံးညီလာခံတွင်လည်း ယခုကဲ့သို့ တရုတ်နိုင်ငံ၏ အကူအညီဖြင့် FPNCC အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့သည်။
သို့သော် အစိုးရက FPNCC မဟာမိတ်အဖွဲ့အဖြစ် ဖိတ်ကြားခြင်းမဟုတ်။ တဖွဲ့ချင်း ဖိတ်ကြားခြင်း ဖြစ်သည်။ တပ်မတော်အကြီးအကဲသည် FPNCC အဖွဲ့ဝင် ၄ ဖွဲ့ဖြစ်သော UWSA၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကို ဇူလိုင် ၁၁ ရက်က တွေ့ဆုံခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုအဖွဲ့များကို နောက်တရက်တွင် တွေ့ဆုံခဲ့သည်။
၎င်းတို့အဖွဲ့သည် နေပြည်တော်ညီလာခံသို့ မျှော်လင့်ချက် နှင့် လာခဲ့ခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့/တပ်မတော် (KIO/KIA) ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ဂွန်မော်က နေပြည်တော်တွင် သတင်းထောက်များအား ဇူလိုင် ၁၀ ရက်က ပြောဆိုခဲ့သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ်ပလန် (NSCN-K) အဖွဲ့တို့မှ ကိုယ်စားလှယ်များလည်း ညီလာခံ တက်ရောက်ကြသည်။
ယခုနှစ်တွင် FPNCC အပါအဝင် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော အဖွဲ့များကို ညီလာခံ၏ အစုအဖွဲ့လိုက်ဆွေးနွေးပွဲများတွင် ၎င်းတို့အမြင်များ ဆွေးနွေးနိုင်ရန် သို့ ဖိတ်ကြားခဲ့သည်။ သို့သော် ၎င်းတို့ ဆုံးဖြတ်ချက်ချမှုများတွင် ပါဝင်ခွင့်ရမည် မဟုတ်ပေ။
လက်နက်ကိုင်အဖွဲ့အားလုံး NCA ထိုးခိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် တပ်မတော်တို့သည် မိန့်ခွန်းပြောကြားသည့် လေသံကွာသော်လည်း EAOs များအားလုံး NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းရာတွင်မူ တူညီကြသည်။
၎င်းတို့ဒေသသည် စစ်ဖြစ်ပွားခြင်း မရှိသောကြောင့် NCA ကို လက်မှတ်ရေးထိုးရန် မလိုဟူသော ဝ၊ မိုင်းလားနှင့် နာဂ စသည့် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်း အချို့၏ ပြောဆိုချက်များကိုလည်း တပ်မတော်အကြီးအကဲက ပယ်ချသည်။
NCA စာချုပ် ကို ၂၀၁၅ ခုနှစ် အောက်တိုလာလတွင် လက်မှတ်ရေးထိုးပြီး ထိုနှစ်ဒီဇင်ဘာတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော UWSA၊ NDAA-မိုင်းလားနှင့် NSCN-K တို့က ၎င်းတို့သည် NCA ကို လက်မှတ်ထိုးရန် မလို၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် လိုသည်ဟူသော ဆန္ဒကို ဖေါ်ပြခဲ့ကြပြီး ဖြစ်သည်။
“ယခင်သဘော တူညီချက်တွေရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် ဒီထက် ပိုမိုနက်ရှိုင်းကျယ်ပြန့်ပါတယ်။ စာချုပ်ရဲ့အခြေခံမူ ပထမအချက်မှာပဲ ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ သဘောတူ သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့သည် မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်သော အရေးပါသည့် အချက်များဖြစ်သည်။ ပြည်သူများက ငြိမ်းချမ်းရေးကို မကြာမီရလိုကြောင်း ပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးကို ဖိအားများဖြင့် တည်ဆောက်၍ မရကြောင်းနှင့် အပြန်အလှန် ယုံကြည်မှု နားလည်မှုတို့ဖြင့်သာ တည်ဆောက်ရမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
“NCA က ဒီကနေ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာနေပြီဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အဓိက တံခါးပေါက်လည်း ဖြစ်ပါတယ်။ တဘက်မှာလည်း ပဋိပက္ခဒေသတွေမှာ နေထိုင်ခဲ့ရပြီး လက်နက်ကိုင်တိုက်ခိုက်မှုတွေ အကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေဟာလည်း NCA ကနေ ဖန်တီး ပေးလိုက်တဲ့ အပစ်အခတ်ရပ်စဲမှုတွေကြောင့် လုံခြုံမှုနဲ့တည်ငြိမ်မှု အသီးအပွင့်တွေကို တဖြည်းဖြည်းချင်း တိုးမြှင့်ရရှိခံစားနေကြရပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
အပစ်အခတ်ရပ်စဲရုံမျှဖြင့် မလုံလောက်သောကြောင့် EAOs များအတွက် ငြိမ်းချမ်းရေးတံခါးပေါက်ကို အမြဲဖွင့်ထားပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ကြိုဆိုကြောင်းနှင့် ရှေ့ဆက်တိုးတက်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးညှိနှိုင်းမှုများဖြင့် အဖြေရှာရမည်ဟုလည်း ဆိုသည်။
“NCA ဟာ အင်အားစုအားလုံးကို ဆုံဆည်းနိုင်အောင် ဆောင်ကျဉ်းပေးခဲ့တဲ့ ဆုံမှတ်တခုဖြစ်သလို ကျမတို့ အားလုံးရဲ့ပန်းတိုင်ကို ဆက်ပြီး လျှောက်လှမ်းနိုင်အောင် အစပြုပေးခဲ့တဲ့ စမှတ်တိုင်တခုလည်း ဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့သည်။
“ကျမတို့ ဟာ NCA သဘောတူညီချက်တွေမှာပဲ ရပ်တန့်နေတာ၊ ရပ်ဆိုင်းနေတာ မဟုတ်ပါဘူး” ဟုဆိုသည်။ ထို့အပြင် ပြည်ထောင်စု သဘောတူညီချက် ဒုတိယပိုင်းကို ညီလာခံ ၆ ရက်အပြီးတွင် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်းပြောဆိုသည်။ ပြည်ထောင်စု သဘောတူညီချက် ပထမပိုင်းကို ယမန် နှစ်က လက်မှတ်ရေးထိုးခဲ့ပြီး အနာဂတ် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံမူ ၃၇ ခုပါဝင်သော်လည်း ၎င်းတို့အားလုံးနီးပါးမှာ တပ်မတော်၏ ၂၀၀၈ ဖွဲ့စည်းပုံထဲတွင် ရှိပြီးသားအချက်များသာ ဖြစ်နေသည်။
ညီလာခံကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများ၊ EAO ခေါင်းဆောင်များနှင့် တပ်မတော်နှင့် အစိုးရ အရာရှိများသည် ကဏ္ဍတခုချင်းစီအတွက် ဖက်ဒရယ် အခြေခံမူများပေါ်ထွက်လာရေး ထပ်မံဆွေးနွေးနိုင်မည်လားဆိုသည်ကို လေ့လာသူများနှင့် လူထုက စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။
(အင်္ဂလိပ်ဘာသာဖြင့် Analysis: Military Chief Says Tatmadaw Wants Peace — but Not Because It’s Weak တွင် ဖတ်ရှုပါ)