စြင်္ကန်လျှောက်လမ်း တခုပေါ်တွင် သင်ဖြူးဖျာတချပ်ကို ခင်းပြီး လူလတ်ပိုင်း အမျိုးသားတဦး ကို့ယို့ကားယား အိပ်စက်နေသည်။ သူနှင့် မလှမ်းမကမ်းတွင်လည်း အပေါ်ပိုင်းဗလာနှင့် အိပ်စက်နေသော အမျိုးသား တဦး ရှိနေသည်။ သူတို့အနီးတွင် ဟိုမှ၊ ဒီမှ ရှုပ်ရှက်ခတ် သွယ်တန်းထားသည့် ကြိုးတန်းများပေါ်တွင် ထမီလှန်းနေသည့် အမျိုးသမီးကြီး တဦးလည်း ရှိသည်။ ကြိုးတန်းများပေါ်တွင် ပုဆိုး၊ ထမီ၊ ဘောင်းဘီတို့သည် ဖရိုဖရဲရှိနှင့်။
အဆိုပါ စြင်္ကန်လမ်းသည် ရန်ကုန်မြို့၏ အကြီးဆုံးသော ပြည်သူ့ဆေးရုံကြီးအတွင်းရှိ လူသွားစြင်္ကန်လမ်းပင် ဖြစ်သည်။ ထိုသူများသည် ရန်ကုန်ဆေးရုံကြီးအတွင်း ကျူးကျော်ပြီး စည်းကမ်းမဲ့ ရောင်းချနေသည့် ပျံကျဈေးသည်များ၏ မိသားစု ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများ ဖြစ်ကြသည်။
သူတို့သည် အုတ်တံတိုင်းများ၊ လျှောက်လမ်းများတွင် ထမီများ ဖရိုဖရဲလှမ်းသကဲ့သို့ စြင်္ကန်လမ်းများပေါ်တွင် ပရမ်းပတာ အိပ်စက် နေကြသည်။ သူတို့၏ ကလေးများသည် ပြေးလွှားခုန်ပေါက် ကစားလျှက် အော်ဟစ်ဆူညံ နေသကဲ့သို့ သူတို့ ကိုယ်တိုင်မှာလည်း အော်ဟစ်ဆူညံသံများဖြင် ပွက်လောရိုက်နေသည်။
“အညစ်အကြေးတွေလည်း စွန့်ချင်သလိုစွန့်တာပေါ့နော်။ အညစ်အကြေးဆိုတာ အကုန်ပေါ့၊ အမှိုက်တွေရော၊ ဆီးဝမ်း တွေဆိုရင် ဆေးရုံအရှေ့ဘက်မှာ လာသွားတာတွေ ရှိတယ်။ နောက် တံခါးဖွင့်ထားရင် အတွင်းထဲကို ဝင်ပြီးသွားတာ တွေရှိတယ်။ နောက်ပြီး လုံခြည်တွေ၊ ထမီတွေလည်း အဆင်ပြေသလို လှန်းတာတွေ အများကြီး ရှိတဲ့အခါကျတော့ ဘယ်လိုမှကို ကြည့်မကောင်းတော့ဘူး” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ အစာအိမ် အူလမ်းကြောင်း ဆေးကုဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ သိန်းမြင့်ကပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ဆေးရုံကြီးဖြစ်ပြီး ၁၈၉၉ ခုနှစ် (ကိုလိုနီ) ခေတ်ကတည်းက စတင် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အစိုးရအဆက်ဆက် ပြည်သူ့ဆေးရုံကြီးအဖြစ် ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်မြို့လယ်ခေါင် အချက်အခြာကျသည့် နေရာတွင် တည်ရှိပြီး ၃၅ ဧကခန့်ကျယ်ဝန်းသည့် ကုတင် ၂၀၀၀ ဆံ့ ဆေးရုံကြီးလည်းဖြစ်သည်။
ဆေးရုံကြီးတွင် ခွဲစိတ်ဆောင် ၃ ဆောင်ရှိကာ အထူးကုဌာနအနေဖြင့် ၂၇ ဌာနခန့် ရှိကြောင်း သိရသည်။
ဆေးရုံကြီးတွင် ဆရာဝန်၊ ဆရာမနှင့် သူနာပြုများ အပါအဝင် ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်ခန့် အလုပ်လုပ်ကိုင် လျက်ရှိပြီး လူနာပေါင်း ၁၈၀၀ မှ ၂၀၀၀ ကြားကို တပြိုင်တည်း ကုသပေးနိုင်သည်။
ယင်းသို့ နှစ်ပေါင်း ရာချီသက်တမ်းရှိပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် အရေးပါလှသော အကြီးဆုံး ဆေးရုံကြီး၏ အချို့အစိတ်အပိုင်းများသည် စည်းကမ်းမဲ့ဈေးသည်များ၊ ကျူးကျော်နေထိုင်သူများနှင့် ပြည့်နှက် လျက်ရှိနေသည်။
အဆိုပါဆေးရုံဝင်းအတွင်း ရောင်းချနေသည့် ဈေးသည်များ၏ အနီးတွင် ရေသန့်ဘူးခွံများ၊ ပလတ်စတစ် အမှိုက်များ၊ ကွမ်းတံတွေးများ စသည့် အညစ်အကြေးများနှင့်လည်း ပေပွနေသည်။
ဆေးရုံတွင် တားမြစ်ထားသည့် ဆေးလိပ် ကွမ်းယာများ ရောင်းချခြင်း၊ ကြော်လှော် ချက်ပြုတ်ခြင်း၊ ၊ဆူညံသံများ ပြုလုပ်ခြင်း၊ ဆေးရုံမှ ရေမီး၊ အိမ်သာများ သုံးစွဲခြင်း၊ အရက်ဝိုင်းဖွဲ့သောက်ခြင်း နှင့် ခိုက်ရန်ဖြစ်ပွားခြင်းများပင် ရှိနေကြောင်း ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူများ ထံမှ သိရသည်။
ဇူလိုင်လ ၅ ရက်နေ့ကလည်း ဆေးရုံကြီးတွင် ပျံကျဈေးသည်များ လောင်းကစားပြုလုပ်ရာမှ တဆင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ရုပ်သံများလည်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သေးသည်။
မူလက ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသော ရပ်ဝေးလူနာများအပါအဝင် လူနာအသီးသီး စားရေးသောက်ရေး အဆင်ပြေစေရန် အတွက် ဆေးရုံကြီးတွင် စနစ်တကျ ဈေးရောင်ချရန် နေရာ သတ်မှတ်ပေးထားပြီး စည်းကမ်းချက် ၂၁ ချက် ကိုလည်း ထုတ်ပြန်ထားသည်။
သို့သော်လည်း ဆေးရုံမှ တာဝန်ရှိသူများက သတိပေးချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ဈေးသည်များက နှစ်ပေါင်းများစွာ လျစ်လျူရှုပြီး ဆေးရုံဝန်ထမ်းများကိုသာမက၊ ဆေးရုံတက်ရောက်နေသော လူနာများကိုပါ အနှောင့်အယှက် ပေးလျက်ရှိသဖြင့် အဆိုပါ ပျံကျဈေးသည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ဖို့ရန်အတွက် ဆေးရုံဝန်ထမ်းများ၊ လူနာများနှင့် ပြည်သူများက လိုလားနေကြသည်။
ဆေးရုံတွင်း စည်းကမ်းမဲ့ ဈေးရောင်းချနေမှုများအပြင် ၎င်းတို့နှင့် ဆက်စပ်နေသူများ ကျူးကျော်နေထိုင်မှုများသည် ဆေးရုံဆိုသည့် နေရာနှင့် လုံးဝကိုက်ညီမှုမရှိကြောင်း ပြည်တွင်းအခြေစိုက် ကုမ္ပဏီတခုတွင် အကြီးတန်းအရာရှိ အဖြစ် လုပ်ကိုင်နေသူတဦး ဖြစ်သော ကိုမင်းမင်းက ပြောသည်။
ကိုမင်းမင်းက “ဟိုတရက်က တက်လာတဲ့ ဗီဒီယိုဆိုရင် နှလုံးရောဂါ ကုသဆောင်နားမှာလို့ ပြောကြတယ်။ နှလုံးရောဂါ ဆိုတာ အသံကျယ်ကျယ်ကြားရင်တောင် သေချင်သေသွားနိုင်တဲ့ ရောဂါပါ။ အခုလို အော်ကြီးဟစ်ကျယ် ထိုးကြ ကြိတ်ကြတဲ့ မြင်ကွင်းကို မြင်ရတဲ့ လူနာတွေ၊ လူနာရှင်တွေ ဘယ်လောက်တောင် စိတ်မချမ်းမသာ ဖြစ်မယ်ဆိုတာ သေချာပါတယ်” ဟုဆိုသည်။
ဆက်လက်ပြီး “ဒါကို အစိုးရက မမြင်တာလား၊ မမြင်ချင်ယောင် ဆောင်တာလား မသဲကွဲပါဘူး။ ဒီလိုနေရာမှာ ဒီလို စည်းကမ်းမဲ့ နေထိုင်တာကို ဘယ်လိုချွင်းချက်မျိုးနဲ့မှ လက်ခံစရာ အကြောင်းမရှိပါဘူး။ ဒါဟာ လယ်ကွင်းမဟုတ်ပါဘူး။ ဒီနေရာက စက်မှုဇုန်ဘေးက မြေကွက်လပ်မဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံးက လူနာတွေ အားကိုးတကြီး လာရတဲ့ ဆေးရုံပါ။ အစိုးရအနေနဲ့ ဒါတွေကို လျစ်လျူရှုုထားတာမျိုး လုံးဝ လုံးဝ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ပြောသည်။
ရန်ကုန် ဆေးရုံကြီး အတွင်း ဆေးရုံကြီးမှ ဈေးရောင်းချခွင့် ပြုထားသည့် ဆိုင်ခန်း ၇၀ ရှိပြီး ပျံကျဈေးသည်များ သုံးရာကျော် ရှိနေကာ တစ်နှစ်ထက်တစ်နှစ် ဆေးရုံဝင်းအတွင်းတွင် ရောင်းချသည့် ဈေးသည်များ ပိုမို များပြားလာကြောင်း ဒေါက်တာ ခင်မောင်ကြီးက ဆိုသည်။
“လူဦးရေ များလာတာနဲ့အမျှ ဈေးက ပိုရောင်းကောင်းလာတာပေါ့။ ပိုရောင်းကောင်းလာတော့ အပြင်က ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေက အလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် များလာတယ်။ များလာတဲ့အခါကျတော့ သတ်မှတ်ထားတဲ့ ဈေးတန်း ဧရိယာ အပြင်ဘက်ကို တဖြည်းဖြည်းနဲ့ ကျူးကျော်ပြီးတော့ နောက်ဆုံး စင်ဝင်အောက်အထိ ရောက်လာတာရှိတယ်။ တခါတလေ လူနာဆောင်ထဲအထိပါ လိုက်ပြီးရောင်းနေလို့ လိုက်ပြောရတာတွေ ရှိလာတာပေါ့” ဟု ၎င်း ကပြောသည်။
မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် ရောင်းချနေနေရခြင်းဖြစ်ပြီး နေရာအတည်တကျ စနစ်တကျ ပြန်လည် စီစဉ်ပေးမည်ဆိုပါက အဆင်ပြေနိုင်ကြောင်း ဆေးရုံကြီးတွင် ရောင်းချနေသည့် ဈေးသည်တချို့က ပြောသည်။
ဈေးသည်တဦးကမူ “ဖယ်ခိုင်းလည်း ခဏပါပဲ၊ ပြီးရင်ဒီလိုပဲ ပြန်ရောင်းနေကျ” ဟု ဆိုသည်။
ဈေးသည်များကို စည်းကမ်းတကျ ဖြစ်စေရန်နှင့် ကျူးကျော်နေထိုင်မှုများ မရှိစေရေးအတွက် အစိုးရ အကူအညီ မပါဘဲ ဆောင်ရွက်ရန် မဖြစ်နိုင်သည့် အခြေအနေဖြစ်ကြောင်း ဒေါက်တာသိန်းမြင့်က ပြောသည်။
ဒေါက်တာ သိန်းမြင့်က “အာဏာပိုင်အဖွဲ့အစည်းမပါရင် မရတော့ဘူးလို့ထင်တယ်။ ဝန်ကြီးအစဉ်အဆက်က လုပ်ပေးမယ်၊ ကြိုးစားကြည့်တယ် အဆင်မပြေဘူး။ ဆေးရုံအုပ် အစဉ်အဆက်ကလည်း ကြိုးစားကြည့်တယ်၊ အဆင်မပြေဘူးဆိုတော့ ရိုးရိုးနဲ့ လုပ်လို့မရရင်တော့ တရားဥပဒေအတိုင်း လုပ်တာက ပိုကောင်းမယ်။ ရိုးရိုးဆွေးနွေး ပြောဆိုရုံလောက် နဲ့တော့ မရတော့ဘူးထင်တယ်။ ကျနော်တို့ ပြောဆိုနေကြတာ ၅ နှစ်မကတော့ဘူး” ဟု ဆိုသည်။
ဆက်လက်ပြီး ပြည်သူ့ဆေးရုံကြီး မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်ကြီးက “စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီးတော့ ပြောရမယ် အရင်ကလည်း ပြောထားတာ ရှိတယ်။ အချိန်ကာလ တခုတော့ ကျနော်တို့က သတ်မှတ် ပေးရမယ်။ သတ်မှတ်ပြီးရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့တော့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီက ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း စည်းကမ်းမဲ့ နေထိုင်မှုများနှင့် ဈေးရောင်းချမှုများကို ဥပဒေနှင့် အညီ အရေးယူပေးရန်အတွက် တိုင်းလွှတ်တော်ဥက္ကဋ္ဌမှ တဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အစီရင်ခံစာပေးပို့ တိုက်တွန်းထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ကျနော်အခုလောလောဆယ် ငြိမ်းချမ်းရေးမှာ ၉ ရက်လောက်ရှိပြီ၊ နေပြည်တော်ရောက်နေတာ။ အဲဒီကိစ္စကို သေချာ မသိရသေးဘူး။ အရင်တခါကတော့ သွားကြည့်ထားတယ်။ ဘာမှမတိုင်ပင်ရသေးတော့ ပြောလို့တော့ မရသေးဘူး” ဟုသာ ဖြေကြားခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအထောက်အကူပြု အဖွဲ့တွင်လည်း ပါဝင်သည့် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ပြည်သူလူထုအနေဖြင့် အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး အစိုးရက မည်သို့ ကိုင်တွယ်မည်ကို စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြသည်။
ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကေ်ာမတီ ဥက္ကဋ္ဌ ဦးသာအောင်က “Facebook ကြည့်တဲ့သူတိုင်း အားလုံးသိမှာပါ၊ ဇူလိုင် ၃ ရက်နဲ့ ၄ ရက်မှာ ဆက်တိုက်ပါတယ်။ ၅ ရက်နေ့မှာ ကျနော်တို့ ကွင်းဆင်းတယ်။ ၆ ရက်နေ့မှာ ထပ်ပြီးတော့ Facebook မှာ ထပ်ပါလာတာကတော့ ဈေးသည်တွေ လောင်းကစားလုပ်ပြီး တယောက်နဲ့တယောက် ရန်ဖြစ်တာ ပါလာတယ်။ ဒါတွေကို တိုင်းဒေသကြီးအစိုးရက မသိဘူးဆိုရင် သူတို့ညံ့လို့ပေါ့ဗျာ” ဟု ဆိုသည်။