များပြားလာသော ငြိမ်းချမ်းရေး ဗိသုကာများ
ပြည်သူလူထုက ငြိမ်းချမ်းရေးရလိုသည့်ဆန္ဒကို လှုပ်ရှားပြသလာသည်နှင့်အမျှ ငြိမ်းချမ်းရေး ဗိသုကာကြီးများ တဦး ပြီး တဦး ပေါ်ထွက်လာခဲ့ကြ ပြီးနောက် ငြိမ်းချမ်းရေး အတွက် မူအမျိုးအစားစား သည်လည်း ကျွနု်ပ်တို့ ပြည်ထောင်စု သမ္မတ ဗမာနိုင်ငံတော်တွင် တမျိုးပြီးတမျိုး ပေါ်ပေါက်လျက်ရှိနေခဲ့ပေရာ ကာလဝေါဟာရနှင့်သာ တောင်းပန်ခြင်း ပြုရ ချေလျှင် “ဟိုး ဆရာ ဟိုး” ဟူ၍ အော်ဟစ်ရတော့မည် ကဲ့သို့ ရှိနေလေပြီ။
ပြည်သူလူထု၏ ဆန္ဒဖြစ်သော ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေး ဗိသုကာကြီးများ တဦးပြီးတဦး ယခုကဲ့သို့ စိတ်အား ထက်သန် စွာ ဝင်ရောက် ဆောင်ရွက်မှုကိုကား ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုခြင်း ပြုရပေမည်။
သို့ရာတွင် လွန်ခဲ့သော အပတ်က ဤဂျာနယ်တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း နိုင်ငံတော် အစိုးရ၏ လွတ်ငြိမ်း ချမ်းသာခွင့် ငြိမ်းချမ်းရေးမူနှင့် လက်နက်ကိုင် တော်လှန်နေကြသူများ၏ တွေ့ဆုံဆွေးနွေး ငြိမ်းချမ်းရေးမူ နှစ်ခု ရှိသည့်အနက် နှစ်ဦးနှစ်ဖက်စလုံးက လက်ခံနိုင်ဖွယ်ရာရှိသော ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ကြီး၏ “သူမနာ ကိုယ်မနာ” သင်ပုန်းချေ ငြိမ်းချမ်းရေး မူသည်သာ အမှန်ကန်ဆုံးနှင့် အဖြစ်နိုင်ဆုံးသော ငြိမ်းချမ်းရေးမူ ဖြစ်သည့် အကြောင်းကို ဖတ်ရှုပြီးလောက်ပြီဟု မျှော်လင့်သည်။
ကျွနု်ပ်တို့ ဂျာနယ် ပုံနှိပ်ပြီးစီးသော အချိန်လောက်တွင် ငြိမ်းချမ်းရေး ဗိသုကာကြီးများ ဖြစ်ကြသော ရဲဘော်ချမ်းအေးနှင့် ဗိုလ်လကျာ်တို့အပြင် ပ-မ-ည-တ အဖွဲ့ချုပ်၏ သဘာပတိ အဖွဲ့ဝင်နှင့် ပြည်သူ့ညီညွတ်ရေး ပါတီ၏ အတွင်းရေးမှူးချုပ် ဖြစ်သူ ဦးသိန်းဖေမြင့် သည်လည်း ငြိမ်းချမ်းရေး ဗိသုကာကြီးတဦး အဖြစ် ပြည်သူလူထုဆန္ဒကို ထမ်းဆောင်ရန် ၎င်း၏ ငြိမ်းချမ်းရေးမူကို စွဲကိုင်၍ ထွက်ပေါ်လာပြန်သည်။
ဦးသိန်းဖေမြင့်၏ ပြည်ထောင်စု လူထု၏ ဆန္ဒကို ထမ်းဆောင်လိုသော စေတနာကိုကား အသိအမှတ် ပြုရလိမ့်မည်သာ ဖြစ်ပေသည်။
သို့ရာတွင် “အစိုးရလည်း တာဝန်မကင်း၊ သူပုန်များလည်း အပြစ်ရှိသည်၊ ထို့ကြောင့် ရပ်တန်းက ရပ်ကြပါ” ဟု ဆိုလို ချင် ဟန် ရှိသော ဦးသိန်းဖေမြင့်၏ မူကို ကာယကံရှင် နှစ်ဦးနှစ်ဖက်က အဘယ်ပုံ သဘောထားကြ သည်ကိုကား မသိရသေးပေ။
ယခုအခါတွင် နှစ်ဦးနှစ်ဖက်စလုံးက လက်ခံနိုင်မည့်မူကို ငြိမ်းချမ်းရေး လိုလားသူတိုင်း ကြိုးပမ်းရှာဖွေလျက် ရှိကြ သည် ကို သတိပြုဖို့ လိုသည်။ နှစ်ဦးနှစ်ဖက်စလုံးက လက်မခံနိုင်သော အပြုအမူနှင့် အပြောအဆိုများကို သတိကြီးစွာ ထားရှိဖို့ လိုသည်။
အဘယ်ကြောင့်ဆိုသော် ကာယကံရှင် နှစ်ဦးနှစ်ဖက် ရှိနေသည့်အခိုက်၊ တဖက်က လက်ခံနိုင်သည့် တိုင်အောင် အခြား တဖက်က လက်မခံနိုင်ပါက ငြိမ်းချမ်းရေးရနိုင်ရန် အကြောင်း မရှိပေ။
ထို့ကြောင့်လည်း နှစ်ဦးနှစ်ဖက်စလုံးက လက်ခံနိုင်ရန် အကြောင်းရှိသော ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ကြီး၏ “သူမနာ ကိုယ်မနာ သင်ပုန်းချေ ငြိမ်းချမ်းရေးမူ” သည်သာလျှင် အမှန်ကန်ဆုံးနှင့် အဖြစ်နိုင်ဆုံးသော ငြိမ်းချမ်းရေးမူ အဖြစ်ဖြင့် ကျွနုပ် တို့က ထောက်ခံ ရေးသားခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး မူများကို ဆွေးနွေး ညှိနှိုင်းကြပါ
ငြိမ်းချမ်းရေး ဗိသုကာကြီးများ တဦးပြီးတဦး ပေါ်ထွက်ကာ ငြိမ်းချမ်းရေးမူများလည်း တမူပြိးတမူ ပေါ်ထွက်လျက်ရှိခြင်း ကြောင့် ရိုးသားရှင်းလင်းလှသော ငြိမ်းချမ်းရေးဆိုသည့် စကားကလေး သုံးလုံးသည်ပင် ရှုပ်ထွေးမှန်းမသိ ရှုပ်ထွေးစ ပြုလာသည်ကို တွေ့ရှိရပေသည်။
ငြိမ်းချမ်းရေး စကားလုံး ရှုပ်ထွေးလျှင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အလားအလာ သည်လည်း ရှုပ်ထွေးသွားမည် ကို စိုးရိမ်စရာ ဖြစ်လာသည်။
ထို့ကြောင့် ငြိမ်းချမ်းရေး ဗိသုကာများအား ငြိမ်းချမ်းရေးမူ တမူတည်း ဖြစ်လာအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလို သည်။
ယခုအခါတွင် ငြိမ်းချမ်းရေး တည်ဆောက်ရန် ငြိမ်းချမ်းရေး ဗိသုကာများနှင့် မူအသီးအသီးတို့ ရှိပေရာ ၎င်းတို့ အနက်
(၁) လက်နက်ကိုင် တော်လှန် နေကြသူများ၏ “တွေ့ဆုံ ဆွေးနွေးရေး ငြိမ်းချမ်းရေးမူနှင့် ဆန့်ကျင်ဘက်ဖြစ်သော” ။
(၂) ဝန်ကြီးချုပ် ဦးနု၏ လက်နက်ချ ဝင်လာခဲ့ကြပါဆိုသော ငြိမ်းချမ်းရေးမူ။
(၃) နိုင်ငံတော်အစိုးရ၏ ဘယ်တော့မျှ မစေ့စပ်၊ အပြုတ်တိုက်မည်ဆိုသော ငြိမ်းချမ်းရေးမူ။
(၄) ရဲဘော် ချမ်းအေး၏ လက်နက်နှင့် ဒီမိုကရေစီကို လဲလှယ်ကြပါဆိုသော ငြိမ်းချမ်းရေးမူ။
(၅) ဗိုလ်လကျာ်၏ “ဦးနု၏ လွတ်ငြိမ်းချမ်းသာခွင့်မူကို အခွင့်အရေးယူ၍ လက်နက်ချ ဝင်လာခဲ့ကြပါ” ဆိုသော ငြိမ်းချမ်း ရေး မူဟူ၍ မူလေးမူရှိသည်။
ဦးနု၊ နိုင်ငံတော်အစိုးရ၊ ရဲဘော်ချမ်းအေးနှင့် ဗိုလ်လကျာ်တို့၏ ငြိမ်းချမ်းရေးမူ လေးမူသည် တော်လှန် နေကြသူများက ကမ်းလှမ်းလျက်ရှိသော တွေ့ဆုံဆွေးနွေးရေးကို ဆန့်ကျင်သည့် သဘောရှိသောမူ လက်နက်ချရေးမူများသာ ဖြစ် သည်။
ဤမူ ငါးမူအပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ကြီး၏ “သူမနာ ကိုယ်မနာ သင်ပုန်းချေ ငြိမ်းချမ်းရေး” မူလည်း ရှိသေးသည်။
ဤမူသည် လက်နက်ချခိုင်းသော မူနှင့်တွေ့ဆုံဆွေးနွေးရေး မူနှစ်မူအား နှစ်ဦးနှစ်ဖက်စလုံးက လက်ခံလာအောင် ဖျန်ဖြေ သော ငြိမ်းချမ်းရေးမူပင် ဖြစ်လေသည်။
ဤကဲ့သို့ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ဗိသုကာ အသီးသီးနှင့် မူအမျိုးမျိုးပေါ်ပေါက်လျက်ရှိရာ ဤကဲ့သို့သော ကွဲပြားနေကြလျှင် ငြိမ်းချမ်းရေးအလားအလာသည် ရှိနိုင်ပေလိမ့်ဦးမည်ကား မဟုတ်ပေ။
ထို့ကြောင့် အကွဲကွဲ အပြားပြား ဖြစ်နေသော ငြိမ်းချမ်းရေး မူများကို ညှိနှိုင်းစုစည်းရန် အတွက် ငြိမ်းချမ်းရေး ဗိသုကာ များ အားလုံး မျက်နှာစုံညီ ပါဝင်သော စည်းဝေးပွဲတခုကို အမြန်ဆုံး ခေါ်ဆိုသင့်ပြီဟု ထင်မြင်မိပေသည်။
ဤသို့ မျက်နှာစုံညီ အစည်းအဝေးပွဲကို ခေါ်ဆို၍ အကွဲကွဲ အပြားပြားဖြစ်နေသော ငြိမ်းချမ်းရေး မူများကို ဆွေးနွေး ညှိနှိုင်း မှသာလျှင် ငြိမ်းချမ်းရေးမူ တမူတည်း ဖြစ်လာနိုင်ပေလိမ့်မည်။
ဤကဲ့သို့ သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေးမူကို ရရှိမှသာလျှင် ပြည်သူလူထုက တောင့်တလျက်ရှိသော ပြည်တွင်း ငြိမ်းချမ်းရေး သည် ရနိုင်ပေလိမ့်မည်။
ဝန်ကြီးချုပ်၏ သတင်းစာ ကွန်ဖရင့်နှင့် ငြိမ်းချမ်းရေး အလားအလာ
ယခုအပတ်အတွင်း ငြိမ်းချမ်းရေး အလားအလာကို မျှော်လင့်ချက်ပေးသော အပြောအဆိုနှင့် လှုပ်ရှားမှုများကို တွေ့မြင် ကြားနာကြရသဖြင့် များစွာအားတက်စရာ ရှိလာပေသည်။
မေလ ၇ ရက်နေ့က ကျင်းပခဲ့သော ဝန်ကြီးချုပ်၏ သတင်းစာ ကွန်ဖရင့်တွင် “ကျနော်တို့ ဖဆပလ အဖွဲ့ချုပ် အနေနဲ့ ရော၊ အစိုးရ အနေနဲ့ပါ သူပုန်တွေကို ဆက်မတိုက်ချင်တော့ပါဘူး” ဟု ဝန်ကြီးချုပ် ဦးနုက လေးလေးနက်နက် ပြောဆို သွားခဲ့သော စကားသည် အာဏာ လက်ရှိဖြစ်သော ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် နိုင်ငံတော် အစိုးရ အဖွဲ့တို့၏ စေတနာ ရိုး၊ ဆန္ဒရိုးသာဖြစ်ခဲ့ပါမူ ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုပြုရပေလိမ့်မည်။
ဤအတိုင်းသာမှန်ခဲ့လျှင် ဆယ်နှစ်နီးပါးခန့်မျှ “အပြုတ်တိုက်မည်” ဟု ကြွေးကြော်ပြီးရင်း ကြွေးကြော်ကာ အပြုတ် တိုက် ပြီးရင်း တိုက်ခိုက် လာခဲ့သော ဖဆပလ အစိုးရ၏ ပြည်တွင်းစစ်အပေါ် သဘောထားသည် ငြိမ်းချမ်းရေးကို မွတ်မွတ်သိပ်သိပ် တောင်းဆိုလျက် ရှိနေကြသော ပြည်သူလူထု၏ ဆန္ဒနှင့် လှုပ်ရှားမှုများကြောင့် ပြောင်းလွဲလာစ ပြု လေပြီဟု ဆိုနိုင်ပေလိမ့်မည်။
သို့ရာတွင် သူပုန်များကိုလည်း ဆက်လက်၍ မတိုက်ချင်တော့ပါ။ လက်နက်ချ၍သာ ဝင်လာခဲ့ကြပါဟု ဆိုလိုက်ပြန် သော အခါတွင်မူကား ဝန်ကြီးချုပ် ဦးနုသည် သူပုန်များက လက်မခံနိုင်သော လက်နက် ချခိုင်းသည့် ရာဇသံကို မစွန့် လွှတ်နိုင်သေးဘဲ အစွဲအလမ်းကြီးနေဆဲ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။
အပြုတ်တိုက် ချေမှုန်းရင်း လက်နက် အချခိုင်းသည်ကို ငြင်းဆန်ခဲ့သော သူပုန်များအား ဆက်မတိုက်ချင်တော့ ပါဘူး။ လက်နက်ချ၍သာ ဝင်လာခဲ့ကြပါဟူသော ဖိတ်ခေါ်ကမ်းလှမ်းချက်ကို သူပုန်များက ယုံယုံကြည်ကြည်နှင့် လက်ခံကြပါ မည် လား။ ယုံယုံကြည်ကြည်နှင့် လက်ခံ၍ ဝင်လာခဲ့ကြပါမူ အဘယ်ပြောဖွယ်ရာ ရှိမည်နည်း။
ကြီးမားသော စစ်တပ်အင်အားဖြင့် မီးကုန်ယမ်းကုန် ထိုးနှက်ခဲ့စဉ်ကပင် လက်နက်မချလို၍ အသေအလဲ ခုခံ တိုက် ခိုက် ခဲ့ကြသော အဖြစ်အပျက်များကို ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော ဝန်ကြီးချုပ်ဦးနုသည် ခေါင်းအေးအေးနှင့် စဉ်းစားဖို့ ကောင်းလေပြီ။
နိုင်ငံတော် အစိုးရ၏ ပြန်ကြားချက်
မေလ ၉ ရက်နေ့က အထူးကက်ဘိနက် အစည်းအဝေးတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက နိုင်ငံတော် အစိုးရ ထံသို့ မေတ္တာရပ်ခံသော ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို စဉ်းစားကြသည်ဟု ကြားသိရသဖြင့် ဤအဘိုးကြီးအိုနှင့် ပြည်သူ လူထု၏ ဆန္ဒနှင့်လှုပ်ရှားမှုကို နိုင်ငံတော် အစိုးရအဖွဲ့က လေးလေးစားစား အရေးထားစ ပြုလာပြီဟု ဆိုရပေလိမ့်မည်။
ဤသို့ ပြည်သူလူထု၏ ဆန္ဒကို လေးစားသမူ ပြုလာသော နိုင်ငံတော် အစိုးရ၏ ပြောင်းလဲမှုကို အသိအမှတ် ပြုကာ ခရီးဦးကြို ပြုရပေလိမ့်မည်။
ရဟန်းရှင်လူနှင့် ပြည်သူတို့၏ ကိုယ်စား ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မေတ္တာရပ်ခံချက်ကို အရေးတယူနှင့် လေးလေး စားစား အကြောင်းပြန်ကြားရန် အတွက် နိုင်ငံတော် အစိုးရအဖွဲ့က ဝန်ကြီး သခင် ကျော်ဒွန်းကို ဆရာကြီး သခင် ကိုယ်တော်မှိုင်း ထံသို့ စေလွှတ်ခဲ့သည့် တိုးတက် ပြောင်းလဲလာမှုကိုလည်း ဝမ်းမြောက်ဝမ်းသာ အသိအမှတ် ပြုရပေလိမ့်မည်။
သို့ရာတွင် နိုင်ငံတော် အစိုးရအဖွဲ့၏ အနှစ်သာရသည် ထူးခြားပြောင်းလဲခြင်း မရှိသေးသည့် အကြောင်းကိုကား ပြည်သူ တို့က သတိ ရှိရပေလိမ့်မည်။
နိုင်ငံတော် အစိုးရအဖွဲ့က ဝန်ကြီး သခင် ကျော်ဒွန်းမှတဆင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ပြန်ကြားချက်တွင် “လက်နက်ချ၍ ဝင်လာကြပါ၊ သက်သက်ညှာညှာ စဉ်းစားပါမည်” ဟူ၍သာ ဖော်ပြပါရှိပေသည်။
ဤပြန်ကြားချက်ကို ကြည့်ရခြင်းအားဖြင့် ဟန်အားဖြင့် ပြောင်းလဲလာပြီဖြစ်သော်လည်း အနှစ်သာရတွင်ကား ယခင်က မူဟောင်းနှင့် အစွဲအလမ်းဟောင်းများကို မစွန့်လွှတ်နိုင်သေးကြောင်း သိသာ ထင်ရှားပေသည်။
လူလုပ်သော ဆုံးဖြတ်ချက်
ဤအချက်နှင့် စပ်လျဉ်း၍ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပြန်ကြားချက်သည် အထူး လေးနက်သည်နှင့် အမျှ အမှန် တရားလည်း ဖြစ်ပေသည်။
ဆရာကြီးက အစိုးရအဖွဲ့ကိုယ်စား လာရောက်ရှင်းလင်းသော သခင်ကျော်ဒွန်းအား ပြန်ကြားရာတွင် အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက် မပြောင်းလဲဘဲ လိပ်ခဲတည်းလည်း ဖြစ်နေခြင်းအတွက် “ဘုရားဟော မဟုတ်ဘဲ လူလုပ်သော ဆုံးဖြတ် ချက် များသာ ဖြစ်၍ ပြင်လိုလျှင် ပြင်နိုင်ကြောင်း၊ ဆုံးဖြတ်ချက် အမိန့်ဆိုသည်မှာ အချိန်ကာလ ဒေသအလိုက် ပြင်ဆင် သင့်သည့် အချိန်တွင် ပြင်ရစမြဲ ဖြစ်ကြောင်း” ပြောကြား လိုက်သည်ဟု သိရလေသည်။
စင်စစ်အားဖြင့် ဤအချက်ကို အစိုးရအဖွဲ့ဝင်များ အလေးအနက် ဆင်ခြင်စဉ်းစား သင့်ကြလေသည်။ လွတ်လပ်ရေး ရပြီးသည့် ဤမှာဘက်တွင် နိုင်ငံတော် အစိုးရသည် အချို့အချို့သော ကိစ္စရပ်များတွင် ကာလဒေသ အခြေအနေအရ ဆုံးဖြတ်ချက်များ၊ အမိန့်များ၊ ဥပဒေများကို ပြင်ဆင် ပြောင်းလဲခဲ့ကြရသည်မှာ လက်ရှိ အစိုးရအဖွဲ့ဝင်များ အသိဆုံးပင် ဖြစ်သည်။
ယခုကဲ့သို့ တိုင်းပြည်နှင့် လူမျိုး၏ သာယာဝပြောရေး အတွက် မရှိမဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးတွင်မှ “ထွက်ပြီး သည့် ဆင်စွယ် ဝင်တယ်လို့ မရှိ” ဟူသော စကားအရ “ရာဇအိန္ဒြေ”ကို ငဲ့လွန်းနေပါမူ ပြည်တွင်း ငြိမ်းချမ်းရေးသည် နီးလျက်နှင့် ဝေးနေကြရမည်ပင် ဖြစ်လေသည်။
သို့ဖြစ်ရာ ဝန်ကြီး သခင်ချစ်မောင်၏ စကားအရ “အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့နေရာမှာ တခြားသူတွေ ထက် ပိုရင်သာ ပိုရမယ် မလျော့ပါဘူး” ဟူသော အချက်သည် တကယ့်မှန်ကန်သော သစ္စာတရားသာ ဖြစ်ပါက ပြည်တွင်းစစ် မီးတောက်မီးလျှံများ ကြားတွင် ၉ နှစ်ကျော် ၁၀ နှစ် နီးပါးမျှ အလူးအလှိမ့် ခံကြရသော၊ ယခုတိုင် မရှုမလှ ခံနေကြရဆဲဖြစ်သော ရဟန်းရှင်လူ ပြည်သူအားလုံး၏ အကျိုးအတွက် မိမိတို့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်စရာ မရှိပေ။
အကယ်၍ သူမနာ ကိုယ်မနာ သင်ပုန်းချေ ငြိမ်းချမ်းရေး မူကိုသာ လက်ခံ ရွက်ဆောင်ခဲ့ပါမူ ပြည်သူ လူထု၏ ကြည်ညို လေးစားမှုပင် ခံယူရမည်မှာ မလွဲပေ။
မည်သို့ပင် ဖြစ်စေကာမူ ရဟန်းရှင်လူနှင့် ပြည်သူတို့၏ ဆန္ဒနှင့် လှုပ်ရှား တောင်းဆိုမှုများကြောင့် မလွှဲသာ မရှောင်သာ ပြောင်းလဲ လိုက်လျော လာခဲ့ရသော နိုင်ငံတော် အစိုးရ၏ ပြောင်းလဲချက်ကို ဆက်လက် ထိန်းသိမ်းရင်း အနှစ်သာရပါ လိုက်လျော ပြောင်းလဲလာသည့် တိုင်အောင် ငြိမ်းချမ်းရေး လိုလားသူတိုင်း ဇွဲကောင်းကောင်းနှင့် လှုပ်ရှား ကြိုးပမ်း ရလိမ့်ဦးမည် ဖြစ်ပေသည်။ ။
၁၉၅၇ ခုနှစ် မေလ ၁၆ ရက်ထုတ် လင်းယုန် ဂျာနယ် အတွဲ ၁၊ အမှတ် ၄ တွင် ဗန်းမော်တင်အောင် ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသညါ။ ဤ ဆောင်းပါးကို မိုးလုံးမှိုင်း စာပေက ထုတ်ဝေသော “လင်းယုန် ဂျာနယ်မှ ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်းပါးများ” စာအုပ်ကနေ ပြန်လည် ကူးယူ ဖော်ပြပါသည်။