ဆောင်းပါး

FPNCC ၏ မသဲကွဲသော အပစ်ရပ်လမ်းစဉ်

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးတို့ အပစ် အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက် နိုင်ငံရေးဆွေးနွေးမည်ဟု FPNCC ၏ စာတမ်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိ ကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး၌ FPNCC က တင်သွင်း စာတမ်းတွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

FPNCC ၏ စာတမ်းတွင် အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးတို့မှ ပြည်ထောင်စုအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက် နိုင်ငံရေးဆွေးနွေးမှု အပိုင်းတွင် FPNCC နှင့် ပြည်ထောင်စုအစိုးရတို့ တိုက်ရိုက် မျက်နှာချင်းဆိုင် နိုင်ငံရေး ဆွေးနွေးသည့် ပုံစံကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

AA မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က “ကျနော်တို့က မနေ့ (ဇူလိုင် ၁၃ ရက်) က တရုတ်သံရုံးနဲ့ တိုက်ရိုက်တွေ့တဲ့ အချိန်မှာ ခင်ဗျားတို့ ၃ ဖွဲ့တို့၊ ၄ ဖွဲ့တို့ မဟုတ်ဘဲနဲ့ FPNCC အကုန်လုံး အတူတူ ထိုးရမယ် ဆိုတဲ့ဟာမျိုးကို SSPP ကနေ ပြောခဲ့တယ်။ အဲဒီ အတိုင်း ပါပဲ။ ပြီးရင် ဒီဟာတွေကို အသေးစိတ် ကြားထဲမှာ ပြန်သွားပြီဆိုလို့ရှိရင် ပြန်ပြီးတော့ ပြောဆိုရမယ့် အပိုင်းတွေရှိတယ်” ဟု ပြောသည်။

FPNCC အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က “ထိုးတဲ့ အခါမှာ တော့ ဘယ်လို ဖြစ်လာမလဲဆိုတာ၊ ဒါနောင်မှ ပြောရမှာပဲ။ ကျနော်တို့ အားလုံး ပါဝင်နိုင်ရေး၊ အားလုံး ပါဝင်ရင် ပြီးတာပဲ။ အဲဒါ ခင်ဗျားတို့ ကိုယ်စားအနေနဲ့ ထိုးမှာလား၊ တဖွဲ့ချင်း အနေနဲ့ ထိုးမှာလား ဆိုတာက နောက် ပြဿနာပဲ။ ဒါက ခင်ဗျားတို့၊ ကျနော်တို့ အားလုံး ပါဝင် နိုင်ရေးမှာပဲ အကောင်အထည် ဖော်နိုင်ရင်တော့ ဝမ်းသာစရာ ကောင်းတာပေါ့”ဟု ပြောသည်။

FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရက္ခိုင့် တပ်မတော် (AA)၊ တအာန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်ကြသည်။

ထိုထဲမှ UWSA၊ NDAA၊ SSPP တို့သည် Bilateral (ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များ) လက်မှတ်ထိုးထားသလို၊ KIA တွင်လည်း ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး စာချုပ်ရှိသည်။

သို့သော် TNLA၊ MNDAA၊ AA တို့မှာ မည်သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်မှ မရှိသေးပေ။ ထို့ကြောင့် TNLA၊ MNDAA၊ AA တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေး၍ သီးသန့် တဖွဲ့ချင်း Bilateral ရေးထိုးရန် လိုအပ်နေသည်။

AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က “ဝ အနေနဲ့ Bilateral တွေ ဘာတွေက ထိုးပြီး သွားကြပြီ။ ကျနော်တို့ အဖွဲ့အစည်းဆိုရင် ဘာစာချုပ်မှလည်း မရှိဘူး။ လက်မှတ်လည်း မထိုးရသေးဘူး။ အဲဒီလိုမျိုး အနေ အထားကို သူက ဆိုလိုတာ။ “ဝ” တို့ဆိုတာ သူတို့ ရှိပြီးသားလေနော်။ KIA တို့ ဆိုရင်လည်း သူက ၉၄ Agreement ရှိပြီးသားတွေဆိုတော့ အဲဒါလေးက နည်းနည်းလေး စာလုံး အသုံးအနှုန်းလေး လွဲနေတဲ့ ပုံစံမျိုးပေါ့။ အဓိပ္ပာယ်ကောက် နည်းနည်း လွဲမှားနိုင်တဲ့ အနေအထားမျိုးရှိတယ်” ဟု FPNCC စာတမ်းပါ အချက်နှင့်ပတ် သက်ပြီး ရှင်းပြသည်။

FPNCC သည် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို တဖွဲ့ချင်း ရေးထိုးမည်လား၊ သို့မဟုတ် FPNCC အနေဖြင့်သာ လက်မှတ်ရေးထိုးမည်လား သဲသဲကွဲကွဲ မပြောသလို၊ Bilateral မထိုးရသေးသည့် MNDAA၊ TNLA၊ AA တို့ သီးသန့် Bilateral ရေးထိုးကြမည်လား ဆိုခြင်းကိုလည်း သဲသဲကွဲကွဲ မသိရသေးပေ။

သို့သော်လည်း FPNCC အဖွဲ့ဝင် တချို့က အပစ်အခတ်ရပ်စဲရေး စာချုပ်ကို တဖွဲ့ချင်းထက် အားလုံးစုပေါင်း၍ ထိုးရန် ပိုမို ဆန္ဒရှိနေကြကြောင်း သိရသည်။

အစိုးရ၊ တပ်မတော်ဘက်ကတော့ FPNCC ကို အသိအမှတ် မပြုသေးပေ။ ထို့ကြောင့် အစိုးရနှင့် တပ်မတော် သည် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို FPNCC အနေဖြင့် လက်မှတ်ထိုးခြင်းထက် တဖွဲ့ချင်း လက်မှတ် ထိုးခြင်းကို ပိုမို လိုလားသည်။

AA၊ TNLA၊ MNDAA တို့က တဖွဲ့ချင်း သီးသန့် Bilateral Ageerment ကို လက်မှတ်ထိုးမည်ဆိုသည့်တိုင် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပါမည် ဟူ၍ တပ်မတော်က ထုတ်ပြန်ခိုင်းနေခြင်း ကလည်း FPNCC အဖွဲ့ဝင်များ အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းတွင် ပါဝင်လာနိုင်ရန် အဟန့်အတား ဖြစ်နေသည်။

TNLA မှ ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူးလန်းက “Bilateral ထိုးဖို့ ကမ်းလှမ်းတာ ရှိပါတယ်။ Bilateral ထိုးနိုင်တဲ့ အဆင့်၊ နောက် NCA ထိုးနိုင်တဲ့ အဆင့်ထိ ကမ်းလှမ်း ပါတယ်။ သူတို့ ကျနော်တို့ကို စတိတ်မန့်တွေ ထုတ်ခိုင်း တယ်။ လက်နက်ချရေးဆိုပြီး ပြောတဲ့ဟာက ကျနော်တို့ တပ်မှူး၊ တပ်သားတွေရော၊ ကျနော်တို့ ပြည်သူတွေ ရော၊ လုံးဝ လက်မခံဘူး။ ဒါတော့ ကျနော်တို့ လူကြီးအနေနဲ့ ကျနော်တို့ သွားပြီးတော့မှ လက်မှတ်ထိုး လိုက်တယ် ဆိုရင် အောက်လက်ငယ်သားတွေ လိုက်မပါလားဘူးဆိုရင် ကျနော်တို့ အလုပ်မဖြစ်ဘူးလို့ ကျနော် ဒါရှင်းပြခဲ့ပါတယ်” ဟု ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ၎င်းတို့ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ပြန်လည် ရှင်းပြသည်။

အဆိုပါ ကွဲလွဲနေသည့် အခြေအနေအပေါ် FPNCC အဖွဲ့ဝင်များနှင့် အစိုးရ၊ တပ်မတော်တို့အကြား အချိန်ယူ ညှိနှိုင်းရဦးမည် ဖြစ်သည့်အတွက် FPNCC အဖွဲ့ဝင်များ အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုးမည့် အခြေအနေမှာ ကြာနိုင်သေးကြောင်း အမည်မဖော်လိုသူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူ တဦးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA ထီးရိပ်အောက်ကနေ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသော အစုအဖွဲ့တချို့နှင့် Bilateral Agreement များကို စောင့်ထိန်း လိုက်နာပြီး ပဋိပက္ခ နှင့် တိုက်ပွဲများအား ရှောင်ရှားနိုင်သည့် အစုအဖွဲ့များ ပါဝင်လာနိုင်ခြင်း မရှိသေးကြောင်း၊ ထိုအဖွဲ့များ ပါဝင်လာ နိုင်ရေး မိမိတို့ အစိုးရအနေနှင့် ငြိမ်းချမ်းရေး တံခါး အစဉ်အမြဲ ဖွင့်လှစ် ထားပြီး တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး လမ်းကြောင်းနှင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ အဖွင့် မိန့်ခွန်းတွင် ပြောသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောသော အစုအဖွဲ့များမှာ FPNCC အဖွဲ့ဝင်များကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်က “NCA လက်မှတ်မထိုး ရသေးတဲ့ အဖွဲ့တွေ၊ ငြိမ်းချမ်းရေး အလင်းရောင် ရစေမယ့် ဖြစ်စဉ်မှာ မပါဝင်ကြသေးတဲ့ အင်အားစုတွေ၊ ပုဂ္ဂိုလ်တွေကို ကျမတို့ ပြည်ထောင်စုကြီး အပေါ် စေတနာထား သစ္စာစောင့်ပြီး ပါဝင်လာဖို့ ဖိတ် ခေါ်ပါတယ်။ အစဉ်အမြဲ ကြိုဆို လျက်ပါ” ဟု ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ လ အတွင်း ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုသည့် ပြည် ထောင်စု လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြု ပေးခဲ့ကြောင်း၊ ထို့ကြောင့် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမည်ဟု ဇူလိုင် ၁၁ ရက် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ အဖွင့် အမှာစကား၌ ထည့်သွင်း ပြောဆို ခဲ့သည်။

“ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိလို့ လက်မှတ် ထိုးစရာ မလိုဘူးလို့ ပြောဆိုနေတာတွေနဲ့ အရင် သဘော တူညီ ချက်တွေ ရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့ ညီညွတ်မှု မရှိဘူးလို့ ပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။

FPNCC သည် NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော FPNCC အနေဖြင့်သာ ဆွေးနွေးရန် စသဖြင့် မူဝါဒများ ချမှတ်ထားခြင်းကြောင့် အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းများ ပိတ်သွားခဲ့သည်။

သို့သော် တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် FPNCC အဖွဲ့ဝင်များသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိ ကျင်းပသော တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်လာခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား အစုအဖွဲ့ ၂ ဖွဲ့ခွဲကာ တွေ့ဆုံခဲ့ကြသေးသည်။

SSPP/SSA မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က “တပ်ချုပ်နဲ့ တွေ့တဲ့အခါမှာ အပြုသဘော ဆန်တဲ့ဟာတွေ ပြောကြပါတယ်။ အားလုံး ကျနော်တို့ ဘာမှ သိပ်ကြီး မားတဲ့ ပြဿနာတော့ မရှိပါဘူး။ NCA ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ တချို့ကိစ္စလေးတွေ ဟိုဟာ ဒီဟာလေး တွေ နည်းနည်းပါးပါး ရှိလို့ နည်းနည်း ကြန့်ကြာ သွားတာ ပါ။ ကျနော်တို့က FPNCC ခုနစ်ဖွဲ့တည်းမှာ ပါတယ်။ ဆိုတော့ ကျနော်တို့ မူကတော့ ဟိုအရင် ကတည်းကပဲ အားလုံး ပါဝင်နိုင်ရေး မူပဲ။ ထိုးမယ်ဆိုရင် ကျနော်တို့ အားလုံး ဝမ်းမြောက် ဝမ်းသာစွာနဲ့ အားလုံး စုပေါင်း ထိုးကြမှာပါပဲ”ဟု ပြောသည်။

NMSP မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာကလည်း တနိုင်ငံလုံး ငြိမ်းချမ်းရေး ရချင်ပါက မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုမှ ချန်ထား၍ မရကြောင်း၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့ မပါလျှင် တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရန် မဖြစ်နိုင်ကြောင်း ဆိုသည်။

FPNCC တွင် ပါဝင်ကြသော လက်နက်ကိုင်အဖွဲ့များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် အခြေစိုက် လှုပ်ရှားနေကြသည့် အဖွဲ့များဖြစ်ပြီး တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် အဖွဲ့များလည်း ဖြစ်သည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တပ်မတော်နှင့် FPNCC အဖွဲ့ဝင်များဖြစ်သည့် KIA၊ AA၊ TNLA၊ MNDAA တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲရှောင် ဒုက္ခသည် သိန်းချီ ဖြစ်တည်လာနေသည်။

တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် စစ်ရေးနှင့် နိုင်ငံရေးကိုလည်း မဟာမိတ်ဖွဲ့ထားသည်။ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပေါင်း အင်အားအနက် ရာခိုင်နှုန်း ၈၀ မှာ FPNCC က ပိုင်ဆိုင်ထားသည်။

သို့သော် FPNCC ကမူ နိုင်ငံရေး မဟာမိတ် အဖွဲ့အစည်းသာ ဖြစ်ပြီး စစ်ရေး မဟာမိတ် အဖြစ် ရပ်တည်ခြင်း မရှိပေ။ KIA၊ AA၊ TNLA၊ MNDAA တို့သာလျှင် စစ်ရေးမဟာမိတ်ဖွဲ့ကာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေကြ ခြင်းဖြစ်သည်။

ထို့ကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သို့မဟုတ် FPNCC အဖွဲ့ဝင်များ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မပါဝင်လာနိုင်ပါက ငြိမ်းချမ်းရေး ရရှိရန် မလွယ်ကူလှသလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆွေးနွေးမှုမှာလည်း အဆင်ပြေ ချောမွေ့မည် မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်က “ဘယ်သူတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်၊ ဘယ်သူတွေဟာ ပြည်ထောင်စု အကျိုးကို ကိုယ့် အကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုးထက် တန်ဖိုးထားတယ်ဆိုတာ ဒီ ၂၁ ပင်လုံ ညီလာခံ အစည်းအဝေးတွေမှာ ပေါ်လွင်လာမှာပါ။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက သိလာ ကြမှာပါ” ဟု တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခဲ့သည်။

NCA သည် ပြင်လို့ရကြောင်း၊ သဘောမကျပါက နုတ်ထွက်၍ ရကြောင်း အစိုးနှင့် တပ်မတော်ဘက်က ပြော ဆိုရာ ပြင်ဆင်ခွင့်နှင့် နုတ်ထွက်ပိုင်ခွင့်ရှိကြောင်းကို အစိုးရ၊ တပ်မတော်ဘက်မှ စာအားဖြင့် ကတိခံခဲ့လျှင် “ဝ” အနေဖြင့် လက်မှတ်ရေးထိုးရန် စဉ်းစားပေးနိုင်မည်ဟု UWSA က တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တင်သွင်းမည့် စာတမ်းတွင် ပြောဆိုထားသည်။

အဆိုပါ အခြေအနေ အရပ်ရပ်ကို လေ့လာခြင်းဖြင့် FPNCC သည် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုး မည့် လမ်းစဉ်သည် မသဲကွဲဘဲ ဖြစ်နေသကဲ့သို့ အစိုးရ၊ တပ်မတော်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် တဖက် လမ်းစဉ် သွားနေသလားဆိုသည့် မေးခွန်းများလည်း ထုတ်နေကြပြီး ဖြစ်သည်။

KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က “အခု အချိန်မှာ လက်မှတ်ထိုးရေးကို ပြောတာ စောပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်” ဟု ဇူလိုင် ၁၂ ရက်က မီဒီယာများသို့ ပြောခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading