မြန်မာနိုင်ငံနှင့် နိုင်ငံတကာအတွက် ရခိုင်ပြည်နယ် ပြဿနာများကို ဖြေရှင်းရာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာမှ အကြံပြုချက်များသည် အဓိက မူဘောင်တခုဖြစ်လာခဲ့သည်ဟု ကော်မရှင်၏ အစီရင်ခံစာတရပ်တွင် ပြောသည်။
ဇွန်လ ၈ ရက်နေ့က ဒိန်းမတ်နိုင်ငံတွင် ထုတ်ပြန်ခဲ့သည့် ကော်မရှင်၏ “Lessons Learned” အစီရင်ခံစာတွင် “မြန်မာနိုင်ငံနှင့် နိုင်ငံတကာမိတ်ဆွေများအကြား ဆက်ဆံရေးသည် ဆိုးရွားလာသော်လည်း ကော်မရှင်၏ အကြံပြုချက်များအကောင်အထည်ဖော်ရေးသည် ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် သဘောတူညီမှုအတွက် တခုတည်းသော မူဝါဒ အဖြစ် ဆက်လက်တည်ရှိနေသည်” ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန် အားထုတ်မှုများရှိသော်လည်း ကော်မရှင်၏ တနှစ်တာ သက်တမ်းအတွင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လတို့တွင် အကြမ်းဖက်မှုများကြောင့် မြေပြင်အခြေအနေမှာ ပိုဆိုးရွားလာခဲ့သည်။ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ARSA မှ နှစ်ကြိမ်စလုံးတွင် လုံခြုံရေးတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများနှင့် မြန်မာ့တပ်မတော်၏ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် အပျက်အစီးများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက်ထွက်ပြေးခြင်းနှင့် မွတ်စလင်အများစု ပါဝင်သော အရပ်သားထောင်ချီသေဆုံးမှု သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထိုအခြေအနေများကြောင့် နိုင်ငံတကာမှ မြန်မာအစိုးရနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာ့တပ်မတော်သည် လူမျိုးစု သုတ်သင်မှု ပြုလုပ်သည်ဟု စွပ်စွဲကြပြီး တပ်မတော်ကမူ ထိုအချက်ကို ငြင်းဆိုထားသည်။
ကော်မရှင်က ၎င်း၏အစီရင်ခံစာသစ်တွင် ကော်မရှင်၏ အကြံပြုချက်များနှင့် အကြံဉာဏ်များ ရှိသော်လည်း ရခိုင်ပြည်နယ်အခြေအနေသည် ပိုမိုဆိုးရွားခဲ့သည်ဟု လက်ခံထားသည်။ သို့သော် ထိုသို့အခြေအနေ ဆိုးရွားသွားခြင်းသည် ကော်မရှင်က တာဝန်ယူလုပ်ဆောင်ရသည့် လုပ်ငန်း၏ အရေးကြီးမှုကို ညွှန်ပြနေကြောင်းနှင့် ကော်မရှင်သက်တမ်းကုန်ဆုံးသည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် အပြီးသတ် အစီရင်ခံစာသာ မရှိပါက အခြေအနေသည် ယခုထက်ပင် ပိုမိုဆိုးရွားနိုင်သည်ဟု ဆိုသည်။
ကော်မရှင်မှ အကြံပြုချက် ၈၈ ချက်ပါဝင်သည့် အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ သြဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာကို မြန်မာအစိုးရက လက်ခံကြောင်းနှင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းကို ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကော်မရှင် ဥက္ကဌ ကိုဖီအာနန်က ထိုအပြီးသတ်အစီရင်ခံကို တင်ပြသည့် အောက်တိုဘာလလယ် အစည်းအဝေးတွင်လည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ကော်မရှင်၏ တွေ့ရှိချက်များကို ကြိုဆိုခဲ့သည်ဟု ကော်မရှင်က ပြောသည်။
ထို အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ဝန်ကြီးအဆင့်ကော်မတီတခုကို အစိုးရက ဖွဲ့စည်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း ဒုက္ခသည်များ ပြန်လည်လက်ခံရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ ဒုက္ခသည်များ ဆန္ဒအလျှောက် ဘေးကင်းလုံခြုံစွာပြန်လာရေး ကုလသမဂ္ဂအေဂျင်စီများ၏ အကူအညီယူရန်လည်း သဘောတူထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှရန်နာ ဘာဂျန်နာကလည်း သူမ၏ မကြာသေးမီက မြန်မာနိုင်ငံခရီးစဉ်အပြီး အစိုးရမှ လုပ်ဆောင်နေမှုများကို အပြုသဘောဆောင်သော ခြေလှမ်းအဖြစ် ကြိုဆိုခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၊ UNDP၊ UNHCR တို့အကြား ဒုက္ခသည်များပြန်လာရေး အကူအညီပေးရန် နားလည်မှု စာချွန်လွှာကို ဇွန်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းကို ကြိုဆိုခဲ့သည်။
ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းဖြင့် လက်ရှိအားထုတ်မှုများသည် ပြသာနာများ၏ ရင်းမြစ်များကိုပါ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း အထူးကိုယ်စားလှယ်ကပြောသည်။
နိုင်ငံရေးအတားအဆီးများ

မွတ်စလင် ၁၃၀, ၀၀၀ ခန့်ကို နေရပ်မှ ထွက်ပြေးစေခဲ့သည့် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်ပြီး ရခိုင်ပြည်နယ်မှ အခြေအနေကို နိုင်ငံတကာမီဒီယာများက အနီးကပ် စောင့်ကြည့်လေ့လာခဲ့သည်ဟု ကော်မရှင်၏ အစီရင်ခံစာသစ်က ဆိုသည်။
၂၀၁၂ ခုနှစ် နှစ်လယ်မှ စတင်ပြီး ဦးသိန်းစိန်အစိုးရသည် ရခိုင်ပြည်နယ်အတွက် အချိန်နှင့် အားထုတ်မှုများ အကြီးအကျယ် စိုက်ထုတ်ခဲ့သော်လည်း ဖြစ်ရပ်များကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တန်ပြန်ရေး အစီအစဉ်များကိုသာ လုပ်ဆောင်နေရသည်ဟု အစီရင်ခံစာသစ်က ဆိုသည်။
“၂၀၁၃ ခုနှစ် ရခိုင်ပြည်နယ်ကော်မရှင်နှင့် ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် အကောင်အထည်ဖော်ရေး စီမံချက်အပါအဝင် သူ၏ အစီအစဉ်များသည် ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသလို နိုင်ငံတကာပြစ်တင်ဝေဖန်မှုများကိုလည်း တားဆီးနိုင်ခြင်းမရှိခဲ့ပေ” ဟုလည်း အစီရင်ခံစာက ဆိုသည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် မြန်မာအရပ်သား အစိုးရကို ဦးဆောင်သောအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်သည် အဓိကကျသော နိုင်ငံရေးအတားအဆီးဖြစ်မည်ကို သိရှိပြီး ထိုပြဿနာကိုဖြေရှင်းရေး အကူအညီတောင်းခံရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
ရာထူးတာဝန် စတင်ယူပြီးနောက် ဒုတိယမြောက်လတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏မိတ်ဆွေ နိုဗယ်ဆုရှင် ဒေါက်တာကိုဖီအာနန်ကို ချဉ်းကပ်ပြီး ရခိုင်ပြည်နယ်အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး အကြံပေးမည့် ကော်မရှင်ကို ဦးဆောင်ရန် ပြောကြားခဲ့သည်။
ကိုဖီအာနန်ဖေါင်ဒေးရှင်မှ ၂၀၁၆ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့ လေ့လာရေးခရီး လာရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကို ကိုဖီအာနန်က လက်ခံခဲ့သည်။ ကိုဖီအာနန်မှလွဲပြီး ထိုကော်မရှင်အဖွဲ့ဝင်များကို မြန်မာနိုင်ငံမှ ကျွမ်းကျင်သူများသာ ခန့်အပ်ရန် ဒေါ်အောင်ဆန်းစုကြည်က မူလက ရည်မှန်းထားခဲ့သည်ဟု ထို အစီရင်ခံစာက ဆိုသည်။
သို့သော် ပြည်တွင်း ပြည်ပ ပါဝင်မှု မျှတစေရန် နောက်ထပ်နိုင်ငံခြားသား နှစ်ဦး ထည့်သွင်းရန် ကိုဖီအာနန်နှင့် သူ၏ဖေါင်ဒေးရှင်းတို့က တောင်းဆိုခဲ့ရာ နောက်ဆုံးတွင် ပြည်တွင်းမှ ၆ ဦးနှင့် ပြည်ပမှ သုံးဦးတို့ဖြင့် ကော်မရှင်ကို ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။
ကော်မရှင်၏ ပြည်ပမှ အဖွဲ့ဝင်များသည် အာဖရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့မှဖြစ်သည်။ ပြည်တွင်းမှ အဖွဲ့ဝင်များတွင် ရခိုင်လူမျိုး နှစ်ဦး၊ မွတ်စလင် နှစ်ဦးပါသော်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။
ထိုပါဝင်မှုသည် အစိုးရ ရခိုင်အကျပ်အတည်းဖြေရှင်းရေးတွင် နိုင်ငံတကာမှ ကျွမ်းကျင်သူများ ပထမဆုံး အကြိမ် စတင် အသုံးပြုခြင်းဖြစ်သည်။ ပြည်တွင်းနှင့်ပြည်ပမှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခြင်းသည် ထိုပဋိပက္ခကို အမျိုးသားအမြင်နှင့် နိုင်ငံတကာအမြင်တို့ဖြင့် ဖွင့်ဆိုရာတွင် ကြီးမားသောခွန်အားဖြစ်စေခဲ့သည်ဟု ကော်မရှင်ကဆိုသည်။
ဆန့်ကျင်မှု

ကော်မရှင်သည် စတင်ဖွဲ့စည်းစဉ်ကပင် အတိုက်အခံပါတီများ၊ အထူးသဖြင့် ယခင်အာဏာရ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်အမျိုးသားပါတီ ANP တို့၏ ဆန့်ကျင်မှုကို ခံရသည်။ တနိုင်ငံလုံး ကျယ်ပြန့်သည့် အစွန်းရောက် အမျိုးသားရေး အဖွဲ့ဖြစ်သည့် မဘသ ကလည်း အပြင်းအထန် ဆန့်ကျင်သည်။ လုံခြုံမှုနှင့် အမျိုးသားရေးကို ထိခိုက်နိုင်သော ပြည်ပကြားဝင်စွက်ဖက်မှုဖြစ်သည်ဟု ဆိုပြီး ကော်မရှင်ကို ဖျက်သိမ်းရန် ၎င်းတို့က တောင်းဆိုကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်၏ လုပ်ငန်းများကို ကူညီမည်ဟု ကိုဖီအာနန်ကို ပြောကြားသော်လည်း တပ်မတော်ဘက်မှ အလားတူ ကန့်ကွက်မှုများရှိသည်ဟု အစီရင်ခံစာသစ်ကဆိုသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ကော်မရှင်ကို ဖျက်သိမ်းရန် အဆိုတင်သွင်းသည်။ ထိုရှုံးနိမ့်သွားသောအဆိုကို ANP၊ USDP နှင့် တပ်မတော်က ခန့်အပ်သည့် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည်။
ပဋိပက္ခ အဆင့်တက်လာခြင်း

ကော်မရှင်လုပ်ငန်းများ စတင်ပြီး တလအကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ARSA သည် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်း သုံးခုကို ချိန်ကိုက်တိုက်ခိုက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးသည်။
စစ်ဘက်က လချီကြာသည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း မွတ်ဆလင် ၇၀, ၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ လူ ၁၀၀၀ ခန့်သေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။
ထိုအကြမ်းဖက်မှုသည် ပဋိပက္ခကို အသွင်ပြောင်းလဲသွားစေခဲ့သည်ဟု ကော်မရှင်က ဆိုသည်။ ရခိုင်ပြည်နယ် မွတ်ဆလင် အသိုင်းအဝိုင်းမှ အစိတ်အပိုင်းများသည် မျိုးဆက်တခုမျှ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော်နှင့် ရဲတပ်ဖွဲကို စနစ်တကျ လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြသည်ဟု ဆိုသည်။
ပေါ်ပေါက်လာသော ဖြစ်ရပ်သစ်များသည် ကော်မရှင်၏ လုပ်ငန်းများကို အကြီးအကျယ် ပိုမိုရှုပ်ထွေးစေခဲ့သည်ဟု ကော်မရှင်က ဆိုသည်။
ပထမအချက်မှာ မြန်မာအစိုးရ နှင့် စစ်ဘက်တို့သည် ရခိုင်ပြည်နယ်ပြဿနာကို အကြမ်းဖက်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအမြင်များဖြင့် စတင်ရှုမြင်လာသည်။ ဒုတိယအချက်မှာ ရခိုင်ပြည်နယ် အခြားနေရာများသို့ အကြမ်းဖက်မှု ပျံ့နှံ့ခြင်းမရှိသည့်တိုင် ပြည်နယ်တဝန်းရှိ အဓိက အသိုင်းအဝန်း နှစ်ခုအကြား ဆက်ဆံရေး အကြီးအကျယ် ဆိုးရွားသွားသည်။ တတိယအချက်မှာ အစိုးရနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လုပ်ဖေါ်ကိုင်ဖက်များအကြား ဆက်ဆံရေး သိသိသာသာဆိုးရွားသွားသည်။
ထိုအကြမ်းဖက်တိုက်ခိုက်မှု အပြီးတွင် အရေးပေါ် လုပ်ဆောင်ရန် လိုအပ်သည်ဟု ယူဆသောကြောင့် ကော်မရှင်သည် ၎င်းတို့၏ ကြားဖြတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်မေလတွင် ထုတ်ပြန်ခဲ့သည်။ သို့သော် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့် သြဂုတ်လအထိ ထိုစဉ်က အကြံပြုချက် လက်တဆုပ်စာမျှကိုသာ အကောင်အထည်ဖေါ်သေးသည်ဟု ဆိုသည်။
ရောထွေးနေသော တုံ့ပြန်မှု

ကော်မရှင်သည် သြဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အပြီးသတ်အစီရင်ခံစာကို ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်က အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို ချက်ခြင်း ထောက်ခံပြီး မြေပြင်အခြေအနေအရ တတ်နိုင်သမျှ ဆောလျှင်စွာ အကောင်အထည်ဖေါ်မည်ဟု ပြောသည်။
သို့သော် တပ်မတော်ဖက်မှ တုံ့ပြန်မှုမှာ ရောထွေးခဲ့သည်ဟု ကော်မရှင်က ဆိုသည်။ အစီရင်ခံစာတွင် ချို့ယွင်းချက်အချို့နှင့် အပြစ်အနာအဆာအချို့ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တစောင်တွင် ပြောသည်။
ဝေဖန်မှုကို မျှော်လင့်ထားပြီးဖြစ်ကြောင်း ကော်မရှင်ကပြောသည်။ အစီရင်ခံစာကို ထုတ်ပြန်ခြင်းမပြုမီ ကော်မရှင်သည် အစီရင်ခံစာ မူကြမ်းအပေါ်ဆွေးနွေးရန် တပ်မတော်ကိုယ်စားလှယ်များနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ပင် တကြိမ်တွေ့ခဲ့သည်ဟု ကော်မရှင်က ဆိုသည်။
ထိုသို့တွေ့ဆုံသော အစည်းအဝေးများတွင် တပ်မတော်က အစီရင်ခံစာနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှု အများအပြားကို ပြောဆိုခဲ့ကြောင်း၊ အဓိကအားဖြင့် ဖြစ်ရပ်နောက်ခံဇာတ်ကြောင်းနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုကို ပြောဆိုပြီး လုံခြုံရေး အခြေအနေ ရှုပ်ထွေးမှုနှင့် ARSA ခြိမ်းခြောက်မှုကို ကော်မရှင်က လုံလောက်စွာ အသိအမှတ်ပြုခြင်း မရှိဟု ဝေဖန်သည်ဟု ဆိုသည်။
ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ပြီး ၈ နာရီအကြာတွင် ARSA က မောင်တောရှိ ရဲကင်းစခန်း ၃၀ ကို ချိန်ကိုက် တိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရေး နှောင့်နှေးသွားစေခဲ့သည်။
ထိုတိုက်ခိုက်မှုများအပြီးတွင် တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများဆောင်ရွက်ပြီး လူ ၇၀၀, ၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြရသည်။
ကော်မရှင်၏ လုပ်ပိုင်ခွင့်
လူ့အခွင့်အရေးချိုးဖေါက်မှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်ကို လုပ်ပိုင်ခွင့်ပေးထားခြင်း မရှိခဲ့ပေ။ ထိုသို့သော စုံစမ်းစစ်ဆေးမှုကို ပို၍ လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့က လုပ်လျှင် ပိုသင့်တော်သောကြောင့် ကော်မရှင်အတွက် အကောင်းဆုံးဖြစ်ခဲ့သည်ဟု ကော်မရှင်၏ အစီရင်ခံစာသစ်က ဖော်ပြသည်။
ကော်မရှင်၏ လုပ်ငန်း အကောင်အထည်ဖေါ်ခြင်း အခြေအနေကို စောင့်ကြည်နိုင်ရန် လိုအပ်သည့် နည်းလမ်းယန္တရားကို ဖော်ဆောင်ရန် နိုင်ငံတကာမှ တိုက်တွန်းခဲ့သည်ဟု ကော်မရှင်က ဆိုသည်။ သို့သော် ကိုဖီအာနန်က ထိုမျှ ရည်မှန်းချက်မကြီးသော နည်းလမ်းဖြစ်သည့် လုပ်ငန်းတိုးတက်မှုကို အစိုးရနှင့် ပုံမှန်ဆွေးနွေးခြင်းဖြင့်သာ လုပ်ဆောင်ရန် ရွေးချယ်ခဲ့သည်။
စနစ်တကျ လေ့လာစောင့်ကြည့်ရန် ဝန်ထမ်း လုံလုံလောက်လောက် မရှိသောကြောင့် နှင့် အခြားနည်းလမ်း အသုံးပြုပါက ကော်မရှင်နှင့် အစိုးရအကြား ယုံကြည်မှု ထိခိုက်နိုင်သောကြောင့် ထိုဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်းကော်မရှင်က ဖေါ်ပြသည်။
ကော်မရှင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တိုက်ရိုက် တင်ပြရန် ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ပြဌာန်းထားသည်ဟု ကော်မရှင်က ဆိုသည်။ ထိုကြောင့် ကော်မရှင်သည် အစိုးရအကြီးအကဲနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ဝန်ကြီးဌာနအဆင့်ဆင့်ကို ကျော်ဖြတ်ရန် မလိုအပ်ခဲ့ဟု ဆိုသည်။
ဆွေးနွေးတိုင်ပင်မှုများ

ကော်မရှင်သည် တွေ့ဆုံဆွေးနွေးပွဲများ လုပ်ရာတွင် ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းကို အရေအတွက် တူညီစွာတွေ့ဆုံခဲ့သည်ဟု ဆိုသည်။
ထိုသို့မျှတအောင် စီစဉ်ခြင်းသည် ကော်မရှင်၏ ဘက်မလိုက်မှုအတွက်သာမက ပြည်တွင်းမှ အဖွဲ့ဝင်များအတွက် အကာအကွယ်ပေးရာတွင်လည်း အရေးပါသည်ဟု ကော်မရှင်က ဆိုသည်။ ကော်မရှင်နှင့် ထိတွေ့ဆက်ဆံရန် အချို့သော သူများက ပြည်တွင်းမှ အဖွဲ့ဝင်များကို ဖိအားပေးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
သက်ဆိုင်သူ အများအပြားနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သော်လည်း ARSA နှင့် ရက္ခိုင့်တပ်မတော် AA ကဲ့သို့သော လက်နက်ကိုင် အဖွဲ့အစည်းများကို တမင်ထည့်သွင်း မစဉ်းစားသည့် ကော်မရှင်၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာမှ အချို့က မေးခွန်းထုတ်ကြကြောင်း အစီရင်ခံစာသစ်တွင် ဖေါ်ပြထားသည်။
“ထိုကိစ္စသည် လက်တွေ့တွင် လက်တွေ့ကျသော လုပ်ဆောင်မှု မဟုတ်ပေ။ ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ပြီးနောက် ARSA က အကြောင်းကြောင်းကြောင့် လူသိရှင်ကြားဖွင့်ချရန် ဆုံးဖြတ်လျှင် ကော်မရှင်အတွက် သေလောက်သော ထိုးနှက်ချက်ဖြစ်သွားလိမ့်မည်”ဟု အစီရင်ခံစာသစ်က ဆိုသည်။
“ထိုလုပ်ရပ်သည် သစ္စာဖေါက်ခြင်းဖြစ်သည်ဟု အစိုးရက မြင်နိုင်ပြီး လူထုအမြင်တွင်လည်း ကော်မရှင်ကို ဆန့်ကျင်ကြမည်” ဟုလည်း ဆိုသည်။
ကော်မရှင်၏ သက်တမ်းအတွင်း အရေးပါသော ဖြစ်ရပ်များဖြစ်ပွားခဲ့သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ တကြိမ်ထပ်မံ သွားရောက်ခဲ့သင့်ကြောင်း ကော်မရှင်က ဆက်လက်ရေးသားသည်။
အကျုံးဝင်နေဆဲ
“ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ARSA တိုက်ခိုက်မှုနောက်ပိုင်းတွင် ရခိုင်ပြည်နယ်၏ နိုင်ငံရေး အရှိတရားသည် အကြီအကျယ်ပြောင်းလဲသွားခဲ့သော်လည်း ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာသည် [လက်ရှိအချိန်အထိ] အကျုံးဝင်နေဆဲဖြစ်သည်” ဟု အစီရင်ခံစာသစ်က ဆိုသည်။
(အင်္ဂလိပ်ဘာသာဖြင့် Rakhine Commission Stands By Work, With Some Regrets, in New Report တွင် ဖတ်ပါ)