ဗိုလ်ချုပ် အောင်ဆန်းကို သတ်တဲ့ တရားခံအစစ်အမှန် ဘယ်သူဖြစ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး ၁၉၉၇ နှစ်ဆန်း လောက် က ဘီဘီစီ သတင်းထောက် ရော့ဘ် လင်မ်ကင် (Rob Lemkin) က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကို စာနဲ့ မေးမြန်းခဲ့ပါတယ်။
ဗိုလ်ချုပ် ကျော်ဇော ဖြေတာက ဗိုလ်ချုပ်တို့ကို သတ်တဲ့တရားခံ အစစ်အမှန်ဟာ ဗြိတိသျှ အစိုးရလို့ ဖြစ်ပါတယ်။ အသတ် ခံရတဲ့ အကြောင်းအရင်း ၃ ခု ရှိတယ်။
၁။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်တခုလုံးကို စည်းရုံးနိုင်သူ ခေါင်းဆောင်ဖြစ်တယ်၊ နယ်ချဲ့အစိုးရက တိုင်းပြည် တခု လုံး စည်းလုံးသွားမှာကို ကြောက်တယ်။
၂။ ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ ပြန်ပြီး ညီညွတ် စည်းရုံးသွားမှာကို ကြောက်တယ်။
၃။ ဗိုလ်ချုပ် အောင်ဆန်းကို ဗမာ့နိုင်ငံရေး လောကက ဖယ်ရှားလိုက်နိုင်ရင် ဗမာပြည်ရဲ့ နိုင်ငံရေးကို လွယ်ကူစွာ ကိုင်တွယ် သွားနိုင်လိမ့်မယ်လို့ ယူဆကြလို့ပဲလို့ ဖြေတယ်။
ဒီလိုဖြေတာ အကြောင်းမဲ့မဟုတ်ဘူး၊ အထောက်အထားတွေ ရှိတယ်၊ ဗြိတိသျှ အစိုးရဟာ ဗိုလ်ချုပ်တို့ကို မသတ်ခင် ဦးစောရဲ့ လက်နက်ကိုင် ရာဇဝတ်မှုကို အစိုးရ စုံထောက်အဖွဲ့က စောင့်ကြည့်သိရှိ နေခဲ့တယ်။ ဦးစော လှုပ်ရှားမှုကို စောင့်ကြည့်ရတဲ့ ပုလိပ်ကလေး မောင်မောင်က ပြောပြပါသတဲ့။
အဲဒီအချိန်က မရမ်းကုန်း ရဲဌာနအုပ် ဖြစ်ခဲ့ဖူးတဲ့ ရဲအရာရှိကြီး တဦးက ဦးစော အိမ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ပြီး ဦးစောဟာ ရာဇဝတ်မှုကြီး တခုကို ကျူးလွန်တော့မယ် ဆိုတဲ့အကြောင်း အကြိမ်ကြိမ် အစီရင်ခံစာ တင်ပေမယ့် ဗြိတိသျှ အစိုးရ က အရေးမယူခဲ့ကြောင်း ၁၉၇၀ ပြည့်နှစ်မတိုင်ခင်က (၁၉၆၅ – ၁၉၆၆ ခုနှစ် လောက်က လုပ်သား သတင်းစာလို့ ထင်ပါတယ်) မြန်မာ သတင်းစာ တစောင်မှာ ဆောင်းပါး နဲ့ ဖွင့်ချခဲ့တယ်။
၁၉၄၇ ဇွန် ၂၄ ရက်နေ့နဲ့ ဇူလိုင် ၁၀ ရက်မှာ ပုလိပ် လက်နက် ထောက်ပံ့ရေးဌာန ရာဇဝတ်ဝန် ဗီဗီယန်းက ဦးစောကို ဘရင်းဂန်း ၂၀၀၊ ပြောင်းပို၊ အခြားလက်နက်များ၊ ခဲယမ်းများ မေတ္တာရိသက်သက် ထုတ်ပေးခဲ့တယ်။ ဒီလောက် များ တဲ့ လက်နက်တွေ ထုတ်ပေးတာ အစိုးရမသိဘဲ နေမလား။
အဲဒီ လက်နက်တွေအပြင် ဘီအီးအမ်အီး တပ်မှူး ဗိုလ်မှူး စီအိပ်ချ်ရန်း၊ ဗိုလ်မှူး လန်းစ်ဒိန်း တို့ဆီကလည်း စက်လတ် အပါ အဝင် လက်နက်မျိုးစုံနဲ့ ဗိုလ်ချုပ်တို့ကို ပစ်တဲ့ ကျည်ဆန်ကိုပါ ဝယ်ယူခဲ့ပုံရတယ်၊ အဲဒီ ကျည်ဆန်ဟာ အင်မတန် ပြင်းတဲ့ အဆိပ်ပါတယ်လို့ ဆိုတယ်။
ဒါ့အပြင် ဗိုလ်ချုပ်တို့ကို လုပ်ကြံမှု စုံစမ်းရာမှာပါတဲ့ ပုလိပ်မင်းကြီး ဦးလှထွန်းအောင်ရဲ့သား ဦးအောင်ခင် ၁၉၉၃ လောက် က ရေးတဲ့ (Who Kill Aung San) ဆိုတဲ့ စာအုပ်မှာလည်း ဦးစော ကြိုးမိန့် ကျခံရပြီးချိန် ထွက်ပြေး လွတ် မြောက်ဖို့ ထောင်မင်းကြီး ဦးစံတင်ကို ငွေပေးဖို့ လိုလာတယ်။ အဲဒီငွေရဖို့ အင်္ဂလိပ် အရာရှိကြီးတွေဆီ ငွေတောင်းခံ တာတွေကို တိတိပပ ရေးပြထားတယ်။
ဒီ အထောက်အထားတွေကို ကြည့်ရင် ဗိုလ်ချုပ်တို့ကို လုပ်ကြံသတ်ဖြတ်တဲ့ တရားခံအစစ်ဟာ ဗြိတိသျှ အစိုးရ ဖြစ် တယ်။ ဗိုလ်ချုပ် တယောက်တည်းကို သတ်ဖို့ရည်ရွယ်တာ မဟုတ်၊ အစိုးရတဖွဲ့လုံးကို သတ်တာဖြစ်တယ်။ ဗိုလ်ချုပ် အစိုးရ မရှိတော့ရင် ဘုရင်ခံက ဦးစောကို အစိုးရဖွဲ့ခိုင်းမယ်လို့ ယူဆပြီး သတ်တာပါ။
ဒီလုပ်ကြံမှု မအောင်မြင်ရင် ဦးစောဟာ လက်နက်ကိုင် ဆူပူဖို့ လက်နက်တွေ စုဆောင်းတာလို့လည်း ထင်ကြေးပေးကြ တယ်။ ဒီထင်ကြေးဟာ မမှားပါဘူး။ ဒီလောက် လက်နက်တွေ အများကြီးပေးတာဟာ ဗြိတိသျှ အစိုးရက ပြည်တွင်းစစ် ကို ဖန်တီးပြီး သူတို့လိုချင်တဲ့ အစိုးရကို ဖန်တီးချင်လို့ပဲ။
အထက်မှာ တင်ပြခဲ့တာတွေက ဗိုလ်မှူးချုပ် ကျော်ဇော တင်ပြခဲ့တဲ့ အထောက်အထားတွေပါ။
အခုစာရေးသူ တင်ပြမယ့် အချက်တွေက ဗိုလ်ချုပ်တို့ကို လုပ်ကြံသတ်ဖြတ်တာ မလုပ်ခင် ဗမာပြည် လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ ဗြိတိသျှ အစိုးရရဲ့ သဘောထား၊ ဗြိတိသျှ အရင်းရှင်ကြီးတွေရဲ့ဆန္ဒ၊ တပ်ဘက် နိုင်ငံရေးဘက် ဆိုင်ရာ ပုဂ္ဂိုလ်ကြီးတွေရဲ့အမြင် သခင်ဗစိန်၊ ဦးစောတို့ရဲ့ အတွင်းသဘောတို့ကို တင်ပြမှာ ဖြစ်တယ်။
ဒီအချက်တွေဟာ ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ တင်ပြချက်အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယူဆတဲ့ အတွက် တင်ပြ တာပါ။ ကြေးနန်း သတင်းတွေ၊ သံကြိုးစာတွေဟာ “ရှုးတင်ကာ” (Hugh Tinker) ရေးတဲ့ BURMA, The Struggle for Independence 1944 – 48 ကို ကိုးကားပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းဟာ ဗြိတိသျှအစိုးရ ဝန်ကြီးချုပ် အက်တလီ နဲ့ “အောင်ဆန်းအက်တလီ” စာချုပ်ချုပ်ဆို လိုက် တာ နဲ့ ပတ်သက်ပြီး ကျန်သူတွေ လက်မှတ်ထိုးပေမယ့် ဦးစောနဲ့ သခင်ဗစိန်တို့ လက်မှတ် မထိုးကြဘူး။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ၁၉၄၇ ဇူလိုင် ၂၈ ရက်ထုတ် ရန်ကုန် လမ်းညွှန် သတင်းစာမှာ “ဗိုလ်ချုပ်အောင်ဆန်းတို့ အဖွဲ့ ၁၉၄၇ ဇန်နဝါရီလ အောင်ဆန်းဆက်တလီ စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် အင်္ဂလန်ရောက်ခဲ့စဉ်က ဦးစောနှင့် သခင် ဗစိန် တို့က လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဦးစောက ဖဆပလ အဖွဲ့ကြီး ပြိုကွဲရန် ရည်ရွယ်ချက်ဖြင့် အင်္ဂလန်မှာ နေရစ်ခဲ့ကြောင်း၊ ထို့အပြင် လူဖြူများရဲ့အကူအညီနဲ့ ဦးစောဟာ မြန်မာ ကျပ်ငွေ ၅ သိန်းနဲ့ ညီမျှတဲ့ စတာလင်ပေါင် ငွေ ကို လက်ခံ ရရှိခဲ့ကြောင်း၊ အင်္ဂလန်မှ အရင်းရှင်တို့က ဦးစောအား ငွေ အမြောက်အမြား ပေးခဲ့ကြောင်း”ဖော်ပြခဲ့တယ်။
အဲဒီ သတင်းကြောင့် “ဒီလုပ်ကြံမှုကြီးမှာ အင်္ဂလိပ် ကိုလိုနီအစိုးရတို့ မပါဝင်ကြောင်း အင်္ဂလိပ်အစိုးရနှင့် အတူ တရားခံ အစစ် ကို ရဖို့အတွက် ကြိုးစား ရှာဖွေလျက် ရှိကြောင်း” ဆိုတဲ့ ဦးနုအစိုးရက ဗြိတိသျှအစိုးရကို ကာကွယ်ပေးတဲ့ ကြောညာချက်ကို ထုတ်ပြန်တော့မယ့်ဆဲဆဲ မထုတ်ပြန်တော့ဘဲ ဖျက်ဆီးခဲ့ပါသတဲ့။
ဒီသတင်းမတိုင်ခင် ဗိုလ်ချုပ် အောင်ဆန်းတို့ အောင်ဆန်းအက်တလီ စာချုပ် ချုပ်ဆိုပြီး လန်ဒန်မှ မြန်မာပြည် အပြန် သတင်းစာ ရှင်းလင်းပွဲတခု လုပ်ခဲ့တယ်၊ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ပြန်ဖြေခန်း မှာ သခင်ဗစိန် နဲ့ ဦးစော တို့နဲ့ပတ်သက်ပြီး မေးခွန်းမေးပါတယ်။
ဗိုလ်ချုပ်က ပြန်ဖြေရာမှာ –
“သူတို့နဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ပြောစရာမရှိဘူး၊ သူတို့ရဲ့ အပြုအမူနဲ့ သဘောထားဟာ ကိုယ်စားလှယ် အဖွဲ့ ဗမာပြည်က စထွက်ကတည်းက သိလာခဲ့ကြပါတယ်။ သူတို့ဟာ တိုင်းပြည်အတွက် အလုပ်လုပ်ကြတာ မဟုတ်ဘူး၊ သူတို့ပါတီ အတွက် အဓိက စိတ်ဝင်စားကြသူတွေပဲ၊ သူတို့ဟာ လန်ဒန်မှာ ရှိစဉ်လည်း ကိုယ်ကျိုးစီးပွားနဲ့ ကျုပ်တို့ကို အနှောင့်အယှက် ပေးဖို့ လုပ်ကြတာပဲ၊ ဦးစော ခင်ဗျား သဘောတူ စာချုပ်တခုလုံးကို ဖတ်ပြီးပြီလား လို့ မစ္စတာ အက်တလီ က မေးတယ်။ ဦးစော ဘာပြန်ဖြေတယ် ထင်သလဲ၊ သူ့မျက်လုံး မကောင်းဘူး၊ သဘောတူစာချုပ်ကို ဖတ်ပြ ပါ လို့ ဦးစောက အက်တလီ ကို ပြန်ပြောတယ်။
ဒီသဘောတူ စာချုပ်ဟာ ဗမာပြည်အတွက် သင့်တော်တဲ့ စာချုပ်ဖြစ်တယ်လို့ လန်ဒန်မှာရှိတဲ့ ဦးစောတို့ မိတ်ဆွေတွေ ကတောင် ဝန်ခံပြောဆိုကြတယ်၊ ဦးစောကတော့ လက်ရှိ သဘောတူ စာချုပ်ဟာ ၁၉၃၅ ခုနှစ် အက်ဥပဒေထက် ညံ့ဖျင်း တယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီထက်ကောင်းတဲ့ အဆိုတခုတောင် မတင်နိုင်ရှာဘူး။
ဦးစောက ခေါင်းဆောင် တယောက်လို ပြောနိုင်သေးတယ်။ သခင်ဗစိန် လန်ဒန်မှာ ပြုမူတဲ့ အပြုအမူကတော့ အင်မတန် ကလေး ဆန်တယ်။ သခင်ဗစိန်ဟာ ဘယ်တော့မှ ခေါင်းဆောင် မဖြစ်နိုင်ဘူး”လို့ ဗိုလ်ချုပ် အောင်ဆန်းက သတင်း ထောက်တွေကို ပြော ပါတယ်။
Bogyoke Aung San Speak to Press Conference, IOR : M/4/2509, 3 February 1947 မှ ၁၉၄၇ ဖေဖော်ဝါရီ ၇ ရက်။ ဘုရင်ခံ (ဆာဟူးဘတ်ရန့်စ်) မှ ပက်သစ်လောရင့်စ်သို့ အကြောင်းကြား သံကြိုးစာအမှတ် (၆၂) ပေးပို့ချိန် ၁၅း၃၀ နာရီ။ (ဘုရင်ခံ ပုဂ္ဂိုလ်ရေးစာ) မှာ ဖော်ပြထားတာက မနေ့က မွန်းလွဲပိုင်းမှာ ဗစိန်နဲ့ ကျနော် တွေ့တယ်၊ သူ ကောင်စီမှ နုတ်ထွက်တဲ့စာ တင်ခဲ့တယ်။ ဒါပေမယ့် ဒီစာကို သူတရားဝင် စာပို့နိုင်တဲ့ အချိန်ထိ လျှို့ဝှက်ထားပေးဖို့ ပြော ခဲ့တယ်။
ဒီမနက် သတင်းစာမှာ သူ့သတင်းစာ ရှင်းလင်းပွဲ အကြောင်း ပါလာတာတွေ့ရတယ်။ မနေ့က သူကျနော့်ဆီ လာ မတွေ့ ခင် သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်လိမ့်မယ်၊ အမှုဆောင်ကောင်စီက သူန၏ုတ်ထွက်ရန် ရည်ရွယ်တဲ့ အကြောင်း ကြေညာ ခဲ့တယ်။
သူဟာ အောင်ဆန်း၊ တင်ထွတ် နဲ့ တခြား ကိုယ်စားလှယ်တွေကို ခါးခါးသီးသီး ဆန့်ကျင်သူဖြစ်တယ်။ ဒီစာကိုကြည့်ရင် သခင်ဗစိန်နဲ့ ဦးစောဟာ အင်္ဂလန် ရောက်နေစဉ် တော်တော်လေး ခြေပုန်းခုတ်ခဲ့တယ် ဆိုတာနဲ့ ဗြိတိသျှ အာဏာပိုင် တွေနဲ့ အပေးအယူ အတော်မျှနေတယ်လို့ ယူဆစရာတွေ့ရတယ်။ အောင်ဆန်းအက်တလီ ကိစ္စမှာ သခင်ဗစိန်နဲ့ ဦးစော တို့က တမင်ဂွတိုက်နေတာကို ဗိုလ်အောင်ဆန်း သဘောပေါက်တယ်။ ဒါကြောင့် သတင်းထောက်တွေ မေးတဲ့ အခါ ဖွင့်ချလိုက်တယ်။ သခင်ဗစိန် နဲ့ ဂဠုန် ဦးစောတို့ ဆတ်ဆတ်ခါ နာကြပေမပေါ့။
ဗြိတိသျှအစိုးရ အဝန်းအဝိုင်းအတွင်း လျှို့ဝှက်ဖြန့်ချိခဲ့တဲ့ ဗမာပြည်ဆိုင်ရာ အတွင်းဝန်ကြီးရဲ့ မှတ်တမ်း “ဗမာပြည်မူဝါဒ” စာတန်း အပိုဒ် ၁၁ မှာ ဒီလို ဖော်ပြထားတယ် –
“အမှုဆောင် ကောင်စီဝင်များကို ကန့်သတ် ဖိတ်ကြားရပါလိမ့်မယ်၊ ဒါအရေးကြီးတယ်၊ ကိုယ်စားလှယ်တွေကို ဖဆပလ က ချည့် ဖိတ်ကြားလို့ မဖြစ်ပါဘူး၊ အောင်ဆန်း၊ ဘဘေ၊ တင်ထွတ် တို့ ၃ ဦးနဲ့ ဦးစော ခရီးသွားနိုင်ရင် ဦးစောကိုပါ ဖိတ်ရမယ်” လို့ ဖော်ပြ ထားပါတယ်။
ဒါ ဦးစောနဲ့ သခင်ဗစိန်ကို မပါပါအောင် ဖိတ်တယ်လို့ ယူဆစရာ ရှိတယ်။ သူတို့ကို ဖိတ်လို့ လန်ဒန်မှာ မွှေဖို့ အခွင့် အရေး ရသွားတာကိုး။ သူတို့ဘယ်လိုပဲ ဂွတိုက်တိုက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စည်းရုံးရေး မကျဘူး။ ရှမ်းစော်ဘွားတွေ က လန်ဒန်သွား ကိုယ်စားလှယ် အဖွဲ့ဟာ လူမျိုးစုတွေကို ကိုယ်စား မပြုပါဘူးလို့ လန်ဒန် အစိုးရကို စာရေးကန့်ကွက်တယ်။ ဒါပေမယ့် ရှမ်းပြည်သူလူထုက ထောက်ခံတယ်။ ဒါကြောင့် ပင်လုံညီလာခံကိုအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး လူမျိုးစု ကိုယ်စားလှယ်တွေပါလို့ ပြသ နိုင်ခဲ့တယ်။
တခြားတဘက်မှာလည်း ကွန်မြူနစ်ပါတီနဲ့ ပြန်လည် စည်းလုံးရေးဟာ မရှိမဖြစ် လိုအပ်တယ်လို့ မြင်လာပုံ ရတယ်။ ဒါကြောင့် လက်ဝဲညီညွတ်ရေး အတွက် အထူးသဖြင့် ကွန်မြူနစ်ပါတီနဲ့ ညီညွတ်ရေး အတွက်ကိုလဲ ကြိုးပမ်းနေတယ်။ နောက်တခုကလည်း ဗိုလ်ချုပ်အောင်ဆန်း နောက်မှာ ပြည်သူလူထုရှိတယ်။ အလုပ်သမား၊ လယ်သမားတွေရှိတယ်။ အဲဒီ အင်အားတွေနဲ့ ကွန်မြူနစ်ပါတီ ပေါင်းလိုက်ရင် သူတို့အတွက် အင်မတန်ရင်ပူရမယ့် အဖြစ်မျိုးနဲ့ ရင်ဆိုင်ရနိုင် တယ်။
သူတို့ ရင်ပူနေရတဲ့ နောက်တခုက ဗမာပြည်ဆိုင်ရာ အတွင်းဝန်ကြီးရဲ့ မှတ်တမ်း “ဗမာပြည်ဆိုင်ရာ မူဝါဒ” I.B(46) 40 IOR: L/PO/911 နေ့စွဲ ဗမာနိုင်ငံဆိုင်ရာရုံး ၂၂ နိုဝင်ဘာ ၁၉၄၆ ဖြစ်တယ်။ (ဒီစာဟာ သူတို့အတွင်း လျှို့ဝှက်ဖြန့်ဝေစာ ဖြစ်တယ်) အဲဒီစာရဲ့ အပိုဒ် (၄) မှာ ဖော်ပြထားတာက –
“ကျွနု်ပ်တို့ရဲ့ မူဝါဒက ဗမာပြည်မှာ အဓိကနိုင်ငံရေး ပါတီကြီး ဖြစ်တဲ့ ဖဆပလကို ဘုရင်ခံ အမှုဆောင်ကောင်စီထဲ ပါလာ အောင် ဆွဲဆောင်ရမယ့် မူ” ပါလို့ ဖော်ပြထားတယ်။ ဒီစာပိုဒ်ရဲ့ အဓိကဆိုလိုချက်က ဖဆပလကို ကောင်စီထဲ ဆွဲသွင်း ပြီး ညီညွတ်ရေး ပျက်ပြားအောင် ကြံဆောင်လိုက်တဲ့ အပြင် ဖဆပလနဲ့ ကွန်မြူနစ်ပါတီ ဖြစ်နေတဲ့ ပဋိပက္ခကို ပိုမို နက်ရှိုင်း စေပါတယ်။
အဲဒီစာမှာပဲ ပါတဲ့ စာပိုဒ် အမှတ် (၇) မှာ ဒီလို ရေးထားပါတယ် –
“ဘုရင်ခံ အတိုင်ပင်ခံကောင်စီမှာ ပါဝင်တဲ့ ဖဆပလ ကောင်စီဝင်တွေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက် ခံနေရတယ်၊ သူတို့ တကယ် နုတ်ထွက်သွားရင် သူတို့နေရာမှာ ကျွနု်ပ်တို့ အစားမထိုးနိုင်ဘူး၊ ဒါထက်ပိုပြီး ဝန်ထမ်းတွေ၊ ပုလိပ်တွေ၊ ကွန်မြူ နစ် တွေနဲ့ပေါင်းပြီး သပိတ်မှောက်ဖို့ ဆော်သြတာ၊ တော်လှန်ရေးလုပ်ဖို့ လှုံ့ဆော်တာတွေ ဖြစ်လာရင် ကျွနု်ပ် တို့ ဖြေရှင်းရ ခက်လာလိမ့်မယ်။ ကျွနု်ပ်တို့မှာ လက်နက်အင်အား အတော်ချိနဲ့နေတယ်၊ လက်ရှိဖြစ်နေတဲ့ ပုလိပ် သပိတ် ကြောင့် လေ့ကျင့်ပြီး ပုလိပ်တွေ အတော်လျော့သွားတယ်။ အကြီးတန်း အရာရှိကြီးတွေလည်း လျော့ပါးမယ့် လက္ခဏာ တွေ့ရတယ်။ အငယ်တန်း အရာရှိတွေ က ဖဆပလကို တိမ်းညွတ်နေကြတယ်”လို့ ရေးထားပါတယ်။
ဒီစာပိုဒ်က ဘာကို ပြောနေသလဲဆိုရင် ဖဆပလရဲ့ ညီညွတ်တဲ့အားကို နယ်ချဲ့ အစိုးရ ဘယ်လောက် ကြောက်သလဲ ဆိုတာကို ဖော်ပြနေတယ်။ ဖဆပလနဲ့ ကွန်မြူနစ် ညီညွတ်ခဲ့စဉ်က အထွေထွေ သပိတ်ကြီးရဲ့ နမူနာက ရှိခဲ့ပြီးသား လေ။ အဲဒီသပိတ်က အစိုးရယန္တရားတွေ ရပ်သွားခဲ့ဖူးတယ် မဟုတ်လား။
အဲဒါအပြင် အပိုဒ် ၅ မှာဖော်ပြထားတာက –
“ဘုရင်ခံ အတိုင်ပင်ခံ ကောင်စီထဲက ကွန်မြူနစ် ကောင်စီဝင်တွေ နုတ်ထွက်သွားတဲ့ အချိန်နဲ့ ဖဆပလ ထဲက ကွန်မြူနစ် ပါတီကို ထုတ်လိုက်တဲ့ အချိန်ကတည်းက ဖဆပလ က ဘုရင့်အစိုးရနဲ့ ဆက်သွယ်ခဲ့ရမှာ ဖြစ်တယ်” လို့ ဖော်ပြထားတယ်။
ဒီအချက်ကိုကြည့်ရင် ဖဆပလထဲက ကွန်မြူနစ်တွေကို ထုတ်လိုက်တာကို အတော်ဝမ်းသာပုံ ရတဲ့အပြင် ဖဆပလက နယ်ချဲ့အစိုးရနဲ့ ဆက်သွယ်တာ နောက်ကျနေတဲ့ပုံ အပြစ်တင်တဲ့လေသံနဲ့ ပြောထားပါသေးတယ်။
နယ်ချဲ့သမားဟာ တနှစ်အတွင်း လွတ်လပ်ရေး ပေးပါ့မယ်လို့ အာမခံလိုက်ပေမယ့် တကယ့် စိတ်ရင်း စေတနာက ဗြိတိသျှ ဓနသဟာယ အတွင်းမှာ ဒိုမီနီယံ အဆင့်လောက်နဲ့ ထားချင်တယ်။ တကယ်လို့ ဒိုမီနီယံ အဆင့်နဲ့မနေဘဲ လုံးဝ လွတ်လပ်ရေး ပေးရတော့မယ်ဆိုရင် သူတို့သြဇာညောင်းမယ့် အလိုတော်ရိတွေ ဒါမှမဟုတ် ဆိုရှယ် ဒီမိုကရက် တွေကို မွေးပြီး သူတို့အလိုကျ ခိုင်းစားလို့ရတဲ့ အစိုးရမျိုးကို ပြုစုပျိုးထောင် ထားချင်ကြတယ်။
ဗိုလ်အောင်ဆန်းလို သူတို့ကို ထော်လော်ကန့်လန့် လုပ်မယ့်လူမျိုးကို အလိုမရှိဘူး။ ဒီလိုလူမျိုး ရှိနေရင် သူတို့ လုပ်ချင် တိုင်း လုပ်မရဘူး။ သူတို့ အကျိုးစီးပွားကို ထိခိုက်မယ်။ သူတို့နဲ့ အပေါင်းပါ အရင်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားကို ထိခိုက် မယ်၊ ဒါမျိုး အဖြစ်မခံနိုင်ဘူး။
ဗမာပြည်မှာ နယ်ချဲ့သမားနဲ့အပေါင်းပါ အရင်းရှင်ကြီးတွေရဲ့ ဓနဥစ္စာ ရင်းနှီးမြှုပ်နှံမှုတွေက ဗမာ့စီးပွားရေးရဲ့ ၇၀ ရာခိုင် နှုန်း ကျော်ရှိတယ်။
ရေနံလုပ်ငန်းမှာ ဘီအိုစီ၊ အင်အိုစီ၊ အိုင်ဘီပီ၊ စတဲ့ ရေနံကုမ္ပဏီကြီးများ၊ သစ်လုပ်ငန်းကို ချုပ်ကိုင်ထားတာ ဘုံဘေ ဘားမားနဲ့ စတီးဘရားသား၊ မက်ဂရီကာ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို ဧရာဝတီ ဖလုပ်တီလာ၊ အာအီးတီ၊ ဘာမား ရေးလ်ဝေး နဲ့ သတ္ထုလုပ်ငန်းကို ဘားမား ကော်ပိုရေးရှင်း စတဲ့ အရင်းရှင် ကုမ္ပဏီကြီးတွေ ဖြစ်တယ်။ တခြား အလုပ်တို့လို ကုမ္ပဏီ အလတ်နဲ့ အသေးတွေလည်း အများအပြားပဲ။
ဒီကုမ္ပဏီကြီးတွေ၊ အရင်းရှင်ကြီးတွေ သူတို့ကို ကျောထောက်နောက်ခံပေးနေတဲ့ အစိုးရဌာနပိုင်းဆိုင်ရာတွေ ဝန်ကြီး ဝန်ကလေးတွေ၊ ရှေးရိုးစွဲအယူအဆရှိသူတွေဟာ ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ တွန့်ဆုတ်နေကြတယ်။ တဖက်မှာ ရေရှည်ကို မျှော်တွေးတတ်တဲ့သူတွေ အချိန်ကာလနဲ့ တပြေးညီ စဉ်းစားတွေးခေါ်တတ်သူတွေ တပ်နဲ့ပတ်သက်တဲ့ အကြီး အကဲတွေ တပ်ထောက်လှမ်းရေး ဌာနက ပုဂ္ဂိုလ်တွေက ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ လိုလားကြတယ်။
ဘုရင့်အစိုးရ အတွင်းမှာ ဗမာပြည် လွတ်လပ်ရေးနဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးကွဲပြားနေတယ်၊ ဒါကြောင့် အစိုးရ တင် မဟုတ်တော့ဘဲ အရေးကြီးဌာနတွေဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များရဲ့သဘောထား ထောက်လှမ်းရေး အကြီး အကဲတွေကို ဗမာပြည် လွတ်လပ်ရေးပေါ် သဘောထားကို မေးမြန်းခဲ့တယ်။
အစိုးရရဲ့ မေးမြန်းချက်ကို ကာကွယ်ရေး ဝန်ကြီးဌာန အရှေ့တောင်အာရှ ဗဟိုထောက်လှန်းရေး ဌာနက ကြေးနန်းနဲ့ ပြန်ဖြေတဲ့ ကြေးနန်းစာကို ဖော်ပြလိုက်ပါတယ်။
ကြေးနန်း IOR : L/W/S 1/1053 (ထိပ်တန်းလျှို့ဝှက်) စင်ကာပူ ၁၄ ဇန်နဝါရီ ၁၉၄၇ အရ ကြေးနန်းစာမှာ –
“ဗမာပြည် လွတ်လပ်ရေး အတွက် ဖဆပလ ရော ကွန်မြူနစ်ပါ ဘယ်လိုတန်ဖိုးမျိုးပဲ ပေးရပေးရ လွတ်လပ်ရေး အရေး ယူမယ်လို့ မျှော်လင့်ရတယ်။ အောင်ဆန်းကတော့ အတိုင်းအတာတခုထိ အောင်မြင်ရမယ်လို့ စကားကျွံထားတယ်။ လန်ဒန် ဆွေးနွေးပွဲမှာ တစုံတရာ အလျော့ပေးမယ့်ပုံ မပေါ်ဘူး၊ ကျွနု်ပ်တို့ သုံးသပ်ချက်အရ သူတို့ တောင်းဆိုချက်တွေ ကို ချက်ချင်း လိုက်လျောပါမယ်လို့ အာမခံချက်ပေးရုံမှတပါး အခြားနည်းလမ်းမရှိပါ”လို့ ပါရှိတယ်။
သူတို့ တောင်းဆိုတာကို လိုက်လျောပြီး ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ တကယ်လို့ နိုင်ငံရေးစစ်ရေး အရ အယုံ သွင်း လှည့်ဖျားပြီး အချိန်ဆွဲ ချုပ်ကိုင်နေမယ်ဆိုရင် ဒတ်ချ် နဲ့ ပြင်သစ် တို့ ကျူးလွန်ခဲ့တဲ့ အမှားမျိုး ဖြစ်နေပါ လိမ့်မယ်။ အခု ကျွနု်ပ်တို့ အနေနဲ့ သူတို့ တောင်းဆိုနေတာကို ပေးကြရမယ့် အချိန် ရောက်နေပါပြီ။
စင်ကာပူ အခြေစိုက် အရှေ့တောင်အာရှ ကြည်းတပ် ထောက်လှမ်းရေးဌာနရဲ့ သဘောထား ဖြစ်ပါတယ်။
အင်္ဂလန် ဘုရင့် အစိုးရ အဖွဲ့ထဲမှာ အဲဒီလို သဘောထား အယူအဆတွေ ကွဲနေပေမယ့် သူတို့ရဲ့ တခုတည်းသော ရည်မှန်းချက်က ဗမာပြည် ကွန်မြူနစ်နိုင်ငံ မဖြစ်ရေးဘဲ။ ဗမာပြည်ကို လွတ်လပ်ရေးပေးပြီး နှစ်နိုင်ငံ မိတ်ဝတ်မပျက် အရင်းရှင်နိုင်ငံများ အဝန်းအဝိုင်းထဲမှာပဲ နေသွားစေချင်တယ်။
ဗမာပြည်မှာ ကွန်မြူနစ်တွေ အာဏာမရရေး ကွန်မြူနစ်ရန်က ကာကွယ်ရေးအတွက် ပူးပေါင်းကာကွယ်ချင်သူတွေ၊ နိုင်ငံရေးသမား လက်ဟောင်းကြီးတွေ လက်ျာဆိုရှယ်လစ်တွေ ဖေဘီယံတွေ (အလုပ်သမား အရေး ဆောင်ရွက်တဲ့ ဆိုရှယ်လစ်) လက်ထဲကို တိုင်းပြည် အာဏာ လွှဲပေးချင်တယ်။
ဗိုလ်အောင်ဆန်းတို့ လက်ထဲကို အာဏာလွှဲမပေးချင်ဘူး၊ ဗိုလ်အောင်ဆန်းကို အာဏာလွှဲပေးလိုက်ရင် သူတို့ အကျိုး စီးပွားတွေ အားလုံး ဆုံးရှုံး ပျက်စီးသွားနိုင်တယ်။ ပြီးတော့ ဗိုလ်အောင်ဆန်းက သူတို့ခိုင်းတဲ့အတိုင်း လုပ်မှာ မဟုတ် ဘူး။ ဗိုလ်အောင်ဆန်းဟာ ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့သူဖြစ်တယ်။ ဗိုလ်အောင်ဆန်းရှိနေရင် ကွန်မြူနစ်တွေ နဲ့ ပြန်ပြီး ညီညွတ်နိုင်တယ်၊ ဒါဆိုရင် သူတို့ လုပ်ချင်သလိုလုပ်လို့ မရနိုင်ဘူး။ သူတို့ ခိုင်းကောင်းတဲ့သူ၊ ခိုင်းလို့ရတဲ့ သူ တွေနဲ့ သူတို့ ထင်တိုင်း မလုပ်နိုင်ဘူး။
ဒါကြောင့် ဗိုလ်အောင်ဆန်းနဲ့ ကွန်မြူနစ်တွေကို ဘယ်သူ ဆန့်ကျင်သလဲ၊ ဗိုလ်အောင်ဆန်းတို့ လုပ်သမျှ ဆန့်ကျင်မယ့် သူ၊ သူတို့ထားရာနေ စေရာသွား လုပ်မယ့်သူ၊ ဆိုရှယ်ဒီမိုကရက်တွေ၊ ဖေဗီယန်တွေကို မွေးမြူဖို့ ကျောသပ် နေချိန်လည်း ဖြစ် တယ်။ အဲဒီမှာ ဦးစောကို တွေ့တာပါပဲ။ အဲ့ဒါဟာ ဗိုလ်ချုပ်တို့ကို ဖယ်ရှားဖို့ လုပ်ကြံဖို့ ဖြစ်လာတာပါပဲ။ ။
စာရေးသူ လှကွန့်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသော စာနယ်ဇင်း မီဒီယာများတွင် သမိုင်း ဆိုင်ရာများ နှင့် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသားနေသူလည်း ဖြစ်ပါသည်။