ဆောင်းပါး

အာဇာနည်မျိုး သေရိုး မရှိ

Want create site? Find Free WordPress Themes and plugins.

မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေသော မြန်မာ အဘိဓာန်ထဲ၌ အာဇာနည်နှင့် ပတ်သက်ပြီး ဤကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆို ထား၏။

အာဇာနည် –

(၁) အကြောင်း ဟုတ် မဟုတ်ကို ကောင်းစွာ သိသောသူ။

(၂) သာမန်ထက် လက်ရုံးရည် နှလုံးရည်ထူးကဲ သာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ ဟု အဓိပ္ပာယ် ဖွင့်ဆို ထားခဲ့လေသည်။

အာဇာနည်နှင့် ပတ်သက်ပြီး မိမိတို့ ရှုထောင့်အသီးသီးမှနေ အဓိပ္ပာယ်ဖွင့်ဆိုချက် အများအပြားလည်း ရှိ၏။ နိုင်ငံ အတွက်၊ လူမျိုးအတွက်၊ မိမိယုံကြည်ချက် အတွက်၊ လူသားများအတွက် သက်စွန့်ကြိုးပမ်းခဲ့သူများ၊ မိမိအကျိုးကို မြှုပ် နှံပြီး အများအကျိုးအတွက် အနစ်နာခံ ဆောင်ရွက်ခဲ့သူများကို အာဇာနည်များဟု ယေဘုယျအားဖြင့် ခေါ်ကြသည်။

သူရဲကောင်းနှင့် အာဇာနည်ကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌ ထိုဝေါဟာရ ၂ ခုမှာ အဓိပ္ပာယ်တခုတည်း မထွက်ပေ။ သူရဲကောင်းမှာလည်း စွန့်လွှတ်အနစ်နာခံသူ ဖြစ်သလို အာဇာနည် မှာလည်း စွန့်လွှတ် အနစ်နာခံသူဖြစ်သည်။

သို့သော် သူတို့၏ စွန့်လွှတ် အနစ်နာခံပုံချင်းမှာ ယေဘုယျအားဖြင့် မတူညီနိုင်ပေ။ လူတစု အတွက်၊ အသက်ဘေး နှင့် ကြုံကြိုက် နေသော လူတယောက်၊ နှစ်ယောက်အတွက် မိမိအသက်၊ အကျိုးစီးပွားကို စွန့်လွှတ်၍ အနစ်နာခံ စွန့်လွှတ် ကယ်တင်သူများကို ယေဘုယျအားဖြင့် သူရဲကောင်းဟု သတ်မှတ်ကြသော်လည်း အာဇာနည်ဆိုသည်မှာမူ ထိုထက် ပို ၍ အဓိပ္ပာယ် လေးနက်ပါ တော့သည်။

ထို့ကြောင့် အာဇာနည်များကို သူရဲကောင်း အာဇာနည် စသဖြင့် ထိုထက် လေးနက် ကျယ်ပြန့်စေရန် ခေါ်ဝေါ် သုံးနှုန်း ကြပါသည်။

အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း (ဓာတ်ပုံ – Wikimedia)

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့က သစ္စာဖောက် အာဏာရူး ဂဠုန်ဦးစောနှင့် သူ့တပည့်များက လုပ်ကြံ သတ်ဖြတ် ခဲ့ သော ဗိုလ်ချုပ် အောင်ဆန်းနှင့် သူ၏ အစိုးရအဖွဲ့ကို၊ မြန်မာ အစိုးရအဖွဲ့ ခေါင်းဆောင်ကြီးများကို နောင်လာ နောင် သား မြန်မာပြည်သူများ အားလုံးက အာဇာနည်ကြီးများဟု သတ်မှတ်ခဲ့သည်။

ထိုသတ်မှတ်ချက် အတိုင်း အာဇာနည်နေ့ကို ပြည်သူ အားလုံးက အာဇာနည်များ အဖြစ် သတ်မှတ်ကာ ဝိဝါဒမကွဲပြား ဘဲ နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် ၇၁ နှစ်ရှိခဲ့လေပြီ။

ယခင်က အာဇာနည်နေ့ လုပ်ကြံသတ်ဖြတ်သော အချိန်ရောက်တိုင်း ဥသြဆွဲကြ၊ ကားဟွန်းများ တီးကြ၊ လှုပ်ရှား သွား လာ နေသူများ ကလည်း ရပ်တန့်ကာ အလေးပြုကြဖြင့် အာဇာနည်နေ့ကို ဖြတ်သန်းခဲ့ကြသည်။

ဗိုလ်ချုပ် အောင်ဆန်းလို အစားထိုးဖို့ မလွယ်လှသော တိုင်းပြည်အတွက် စွန့်လွှတ်ခဲ့သော ခေါင်းဆောင်တဦးနှင့် အတူ အာဇာနည် အရည်အချင်းများနှင့် ပြည့်မီကာ စွန့်လွှတ် အနစ်နာခံသွားသော လုပ်ကြံခံရသည့် ခေါင်းဆောင်များကို အာဇာနည်များ အဖြစ် နှစ်စဉ် အလေးပြု နေခြင်းသည် အာဇာနည် စိတ်ဓာတ်ကို မွေးမြူပေးခြင်းဖြစ်ကာ လုပ်ကြံ သတ်ဖြတ်ခြင်း Assassination ကိုလည်း ရွံရှာ စက်ဆုတ်စေပြီး သူရဲဘောကြောင်မှုနှင့် ယုတ်မာ ပက်စက်မှုကို လည်း အမှတ်ရစေပါသည်။

တိုင်းပြည် အတွက် လူမျိုးအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ခဲ့သော ခေါင်းဆောင်များအား ထိုသို့ မလုပ်နိုင်အောင် လုပ်ကြံ သတ်ဖြတ်မှုများသည် ယနေ့တိုင် နိုင်ငံတိုင်းတွင် တွေ့ကြုံနေရသည်။

လူမျိုးများ၏ အခွင့်အရေးကို ပိတ်ပင်ရန်၊ မိမိတို့၏ ဖောက်ပြန်မှားယွင်းသော ရည်ရွယ်ချက်များ အောင်မြင်ရန် ထိုသို့ လုပ်ကြံ မှုများကို ကမ္ဘာအနှံ့ တွေ့ရပါ၏။

အိန္ဒိယ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမ ဂန္ဒီ (ဓာတ်ပုံ – cantwait2say.com)

အစွန်းရောက် ဘာသာရေး ပဋိပက္ခများ မဖြစ်အောင်၊ ဘာသာ မတူသော်လည်း မတူသူချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး လူသားချင်း လက်တွဲနိုင်ရန် အမြဲတစေ ဆုံးမ ပြောဆိုတိုက်ပွဲဝင်ခဲ့သော အိန္ဒိယက မဟတ္တမဂန္ဓီလို အာဇာ နည် မျိုးကိုလည်း အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံ သတ်ဖြတ်ခဲ့လေသည်။

အမေရိကန်နိုင်ငံ ၏ ၁၆ ဦးမြောက် သမ္မတ အေဗရာဟမ် လင်ကွန်း (ဓာတ်ပုံ – cantwait2say.com)

အမေရိကန်က သမ္မတဟောင်း အေဗရာဟမ် လင်ကွန်း၊ ရုရှား က ဗလာဒီမာ လီနင် စသော နိုင်ငံ့ ခေါင်းဆောင် များ သည် လည်း မြန်မာနိုင်ငံမှ ခေါင်းဆောင်များ ကဲ့သို့ပင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရ၏။

ရုရှား ဆိုဗီယက် ခေါင်းဆောင် လီနင် (ဓာတ်ပုံ – The New York Times)

တိုင်းပြည်အတွက် အမှန်တကယ် စွန့်လွှတ် အနစ်နာခံခဲ့သော ခေါင်းဆောင်များသည် တချိန်ချိန်တွင် လုပ်ကြံ သတ် ဖြတ် ခြင်း မခံရအောင် ဆင်ခြင် သတိထားရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပူပူနွေးနွေး လုပ်ကြံခံရသောသူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဥပဒေ အကြံပေး ဦးကိုနီ ဖြစ်လေသည်။

ဦးကိုနီ ဘာကြောင့် လုပ်ကြံခံရသလဲ ဆိုသည့် မေးခွန်းကို နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် နိုင်ငံရေး အသိုင်း အဝိုင်း ကမူ ခိုင်ခိုင်မာမာ ပြောဆိုနိုင်သည်။

သို့သော် ယခုတရားစွဲဆို ခံထားရသည့် တရားခံ ကြည်လင်းလို လူမျိုးကမူ ဘာကြောင့် လုပ်ကြံရသလဲ ဆိုသည်ကို အသေအချာ မပြောနိုင်ပေ။

ဦးစောလို နိုင်ငံရေးအရ မကျေနပ်ချက်များ ကြည်လင်းတွင် ရှိနေသည် မဟုတ်ပေ။ သူသည် ကြေးစား လူသတ်သမား ဖြစ်၏။ သူ့ကိုငှားကာ လုပ်ကြံ သတ်ဖြတ်ခိုင်းခြင်း ဖြစ်၏။ လူပုဂ္ဂိုလ်ရေး မကျေနပ်မှု နှင့် ပုဂ္ဂိုလ်ရေး အာဃာတကြောင့် လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပေ။ ဦးကိုနီနှင့် ကြည်လင်းတို့ကြား ပုဂ္ဂိုလ်ရေးအရ အာဃာတများ မရှိခဲ့ကြပေ။

သို့သော် နောက်ကွယ်မှ လုပ်ကြံ သတ်ဖြတ်ခိုင်းသူများမှာ နိုင်ငံရေးအရ အာဃာတနှင့် ဦးကိုနီ၏ ဉာဏ် ထက်မြက်မှု နှင့် အတူ ဥပဒေရေး ကျွမ်းကျင်မှုတို့ကို ရေရှည်စိုးရိမ်လာပြီး သူတို့အုပ်စု၊ သူတို့ အဖွဲ့အစည်း၊ သူတို့ရည်မှန်းချက်များ နှင့် ဆန့်ကျင်သော အကြံဉာဏ်များ၊ လှုပ်ရှားမှုများကို ဦးကိုနီက အကြံပြုလာမှာ၊ လုပ်ဆောင်လာမှာကို စိုးရိမ်သော ကြောင့် ယခုလို အငြိုးအတေးကြီးစွာ လုပ်ကြံ သတ်ဖြတ်နိုင်ခြင်း ဖြစ်ပါသည်။

ဦးကိုနီကို လူပုံအလယ်၌ ပြောင်ပြောင်တင်းတင်း လုပ်ကြံ သတ်ဖြတ်သူမှာ ငွေရ၍ သတ်သော ကြေးစား လူသတ် သမား ဟု သတ်သူက ဝန်ခံသလို မျက်မြင်သက်သေ တပုံကြီးဖြင့် ခိုင်လုံသော လူသတ်မှုဖြစ်ကြောင်း ထွက်ဆိုနိုင်ခဲ့၏။

ဦးကိုနီ ကိုသာမက တက္ကစီသမား ကိုနေဝင်းကိုပါ သတ်ဖြတ်ခဲ့သူ ဖြစ်၏။ နောက်ကွယ်က လုပ်ကြံခိုင်းသူ၊ ပုန်းလျှို နေ သော လက်မည်းကြီးကို ဖော်ထုတ်နိုင်ဖို့ လိုသည်။

သေချာသည်မှာ နိုင်ငံရေး အပြောင်းအလဲ အတွက် ဦးကိုနီ၏ စွမ်းဆောင်မှုများနှင့် ဥပဒေ ကျွမ်းကျင်မှုများကြောင့် ဦးကိုနီ ကို လုပ်ကြံမှုသည် ပုဂ္ဂိုလ်ရေး လုံးဝမပါ။ နိုင်ငံရေးကိစ္စ၊ နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှုဖြစ်သည်မှာ သေချာ၏။

သို့သော် ထွက်ပြေးတိမ်းရှောင်နေသူကို မမိသရွေ့ နောက်ကွယ်က လူများကို မိဖို့မလွယ်ပေ။ ထိုသို့ မိဖို့ဆိုလျှင် အား တက် သရော ဖမ်းဆီးနိုင်အောင် ကြိုးပမ်းပါမှ စနစ်တကျ စုံစမ်း ထောက်လှမ်းနိုင်မှ၊ နိုင်ငံရေး အသိစိတ်ဓာတ် ရှိရှိဖြင့် ဖော်ထုတ်နိုင်မှသာလျှင် တရားခံများကို ဖမ်းဆီး အပြစ်ပေးနိုင်ပေလိမ့်မည်။

ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံ သတ်ဖြတ်သူများအား ချက်ချင်း လက်ငင်း ဖမ်းဆီး နိုင်ခဲ့၏။ စုံစမ်း ထောက်လှမ်းသူများ၊ တာဝန်ရှိသူ များကလည်း တရားခံအစစ်ကို ချက်ချင်းပင် ဖော်ထုတ်နိုင်ခဲ့ ၏။ ပြည်သူလူထုကလည်း အားတက်သရော ပါဝင်ခဲ့ကြသည်။

ထို့ကြောင့် ဘယ်သူတွေ သတ်သည်၊ ဘယ်သူတွေပါသည်။ ဘယ်နေရာမှာ နေသည်က အစ  လူသတ် လက်နက်များ ပါ မိသည်။ ရှောင်တိမ်း သွားချိန်မရှိလောက်အောင် မြန်ဆန်စွာ ဖမ်းမိခဲ့သည်။ လက်နက်များ ထုတ်ယူသွားသော ဗြိတိသျှ စစ်ဗိုလ်ကိုလည်း ဖမ်းမိခဲ့၏။

လင်ကွန်းကို လုပ်ကြံသူအားလည်း ဖမ်းမိခဲ့သလို သူ့နောက်ကွယ်က လူများကိုလည်း စုံစမ်းနိုင်ခဲ့သည်။ ဘာကြောင့် လုပ်ကြံ ရသလဲ ဆိုသည်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါသည်။ အာဏာရနေသော အစိုးရကိုယ်တိုင် ထိုလူသတ်မှုများကို ခွန်စိုက်အားစိုက် စုံစမ်းစစ်ဆေး နိုင်ခဲ့သောကြောင့် တရားခံကို အမြန်ဆုံး ဖမ်းမိပြီး လုပ်ကြံရသည့် အကြောင်း အရင်း ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါသည်။

ဂန္ဓီကို လုပ်ကြံ သတ်ဖြတ်သူ၊ အင်ဒီယာဂန္ဓီကို လုပ်ကြံ သတ်ဖြတ်သူများကို အစိုးရက နောက်ကွယ်က လက်မည်းကြီး များ ကို စုံစမ်း ဖော်ထုတ်နိုင်သည် အထိ တာဝန် ကျေကြလေသည်။ လူသတ်ဝါဒကို မလိုလားကြောင်း စိတ်ဓာတ်ကို ဖော်ထုတ် ရာလည်း ရောက်ပါသည်။

ထိုကဲ့သို့ လုပ်ကြံ သတ်ဖြတ်ခံရသော အာဇာနည်များကို ဂုဏ်တင်ပြီး “အာဇာနည်မျိုး သေရိုးမရှိ” ဟု ဆိုရိုးစကား ပေါ်ထွက် လာခဲ့လေသည်။

ဆိုလိုသည်မှာ လူသာသေသော်လည်း နာမည်မသေသည့် သဘော၊ လူ့ခန္ဓာကိုယ်များသာ ဖျက်ဆီးခံခဲ့ရပြီး သူတို့၏ စွန့်လွှတ် အနစ်နာခံမှုမှာ ထာဝရ ရှင်သန်နေသည့် သဘော၊ သူတို့၏ ဂုဏ်သတင်းမှာ ပြည်သူ များကြား လုံးဝ မေ့လျော့မသွားဘဲ လူထု၏ ရင်ထဲ၊ အသည်းထဲ၌ ထာဝရ ကိန်းအောင်းနေခြင်းကို ဆိုလို လေသည်။

မြန်မာ ပြည်သူများအဖို့ ဗိုလ်ချုပ် အောင်ဆန်း ဆိုလျှင် ရှင်သန်နေသလား ထင်မှတ်ရအောင် ကလေးများအထိ ဗိုလ်ချုပ် အောင်ဆန်း၏ လွှမ်းမိုးမှုမှာ ကြီးမားနေဆဲ ဖြစ်ပါသည်။

စင်စစ်အားဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်းသည် အလွန်ပင် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်၏။ အထူးသဖြင့် နိုင်ငံရေး အရ မိမိ၏ ပြိုင်ဘက်၊ မိမိနှင့် နိုင်ငံရေးအရ အယူအဆချင်း မတူသော ခေါင်းဆောင်များကို ကြေးစားငှား သည်ပင် ဖြစ် စေ၊ တပည့်တပန်းများကို ခိုင်းစေသည်ပင် ဖြစ်စေ၊ လုပ်ကြံ သတ်ဖြတ်လိုက်သည်နှင့် မိမိ၏ မူဝါဒ အောင်မြင်သွားမည် ဟု ယူဆခြင်းသည် မှန်ကန်သော နိုင်ငံရေး လုပ်ရပ်မဟုတ်ဘဲ အောက်တန်းကျလှသော၊ သူရဲဘောကြောင်လှသော ဖက်ဆစ်တို့၏ လုပ်ရပ်သာဖြစ်သည်။ လူယုတ်မာတို့၏ လုပ်ရပ်သာဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံလျှင် အာဏာရမည်ဟု မှတ်ထင်ထားသော ဦးစော၏ လုပ်ရပ်ကို အောက်လမ်း နိုင်ငံ ရေး ဟု လူထုက မှတ်ယူကြသည်။ မျက်မှောက်ခေတ် လူ့ယဉ်ကျေးမှုတွင် လူသားမဆန်သော ရက်စက် ကြမ်းကြုတ် သော၊ သားရဲ တိရစ္ဆာန်တို့၏ ဥပဒေသ ဖြစ်သည်ဟု လူသားအားလုံးက သတ်မှတ် ထားလေတော့သည်။

ယခုဆိုလျှင် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်မှာ ၇၁ နှစ်ရှိပြီး ရာစုနှစ် တဝက် ကျော်လာသည် အထိ မြန်မာ့ နိုင်ငံရေးတွင် ထိုသို့ လုပ်ကြံသတ်ဖြတ်မှုနှင့် လူ အစုလိုက် အပြုံလိုက်ကို ရက်စက်စွာ သတ်ဖြတ်ခြင်းမှာ ပျောက်ပျက် မသွား သေးပေ။

အာဏာရှင် စနစ် ရှိခဲ့သောကြောင့် မြန်မာ့ နိုင်ငံရေး လောကတွင် ထိုသို့သော လုပ်ရပ်များ ကျန်ရှိနေဆဲ ဖြစ်သည်ဟု ဆိုရမည်။ အကြမ်းဖက်မှုများကို တာဝန်ရှိသူများက ထိထိရောက်ရောက် မထိန်းချုပ်နိုင်ပေ။

အမျိုးသား စည်းလုံးညီညွတ်ရေး ပြိုကွဲနေသောကြောင့် ပြည်သူလူထု ကြားတွင်လည်း စားဝတ်နေရေး ဒဏ်၊ နှစ်ပေါင်း များစွာ စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုဒဏ်၊ တရားမျှတမှု ကင်းမဲ့နေသော ဒဏ်တို့ကြောင့် အားကိုးရာ ရှာမမြင်ဘဲ သက် ဆိုင် ရာ အာဏာပိုင်များနှင့် လက်မတွဲနိုင်ကြပေ။ ရာဇဝတ်မှုများ ထူပြောလာသလို အသက်ရှင် ရပ်တည်ရေး အတွက် ခိုးဆိုး လုယက်မှုများလည်း များသထက် များလာ၏။

စစ်အစိုးရ ခေတ်လွန် စစ်တပိုင်း အစိုးရများ လက်ထက်တွင်လည်း ထိုအစိုးရများ၏ သစ္စာမဲ့မှု၊ ကတိပျက်မှု၊ မရိုးသားမှု၊ ရှေ့စကား နောက်စကား မညီညွတ်မှု၊ အာဏာရလာသည်နှင့် ပြည်သူလူထုကို ကျောခိုင်းပြီး မျက်ကွယ်ပြုမှု စသည် တို့ကြောင့် ပြည်သူလူထုမှာလည်း အာဏာပိုင်များနှင့် လက်တွဲဖို့ အားနည်းလာကြ၏။

ထိုဖြစ်စဉ်များတွင် ပြည်သူလူထု၏ တာဝန် မရှိ၊ ပြည်သူလူထု၏ အမှားမဟုတ်၊ ယခုတိုင် ပြည်သူလူထုကို ဖြားယောင်း လိမ်ညာ နေသော အာဏာရူးများ၊ အယောင်ဆောင် နိုင်ငံရေးသမားများနှင့် နိုင်ငံရေး ပါတီများ၊ စစ်အာဏာရှင် စနစ်၊ ထိုစနစ်နှင့် ထိုစနစ်ကို ကိုယ်စားပြု နေသူများတွင်သာ တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။  ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading