နှစ်စဉ် အာဇာနည်နေ့ ရောက်လာတိုင်း ပြည်သူလူထုကတော့ အာဇာနည်ခေါင်းဆောင် ၉ ဦး နဲ့ ပတ်သက်ပြီး အမြဲ အမှတ်တရပါပဲ။ အာဇာနည်နေ့ မရောက်ခင်ကတည်းက အာဇာနည်ကုန်းမှာ ဂါရဝပြုဖို့၊ အလှူအတန်းလုပ်ဖို့ကအစ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ကြလေ့ရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးရာဇတ်၊ မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးတို့ဟာ မြန်မာနိုင်ငံအတွက် အာဇာနည်တွေပါပဲ။ ဒီခေါင်းဆောင် ၉ ဦးကို နောင်လာနောက်သားတွေ အမြဲအမှတ်တရ ရှိနေဖို့၊ သိနေဖို့ လူကြီးတွေ လူငယ်တွေကို ဗဟုသုတပေးကြ၊ ပြောပြကြတာတွေလည်းရှိပါတယ်။
ယနေ့ခေတ် လူငယ်အချို့ဆိုလ ျှင် အာဇာနည်ခေါင်းဆောင် ၉ ဦးရဲ့ နာမည်တွေကိုတောင် အကုန် မသိကြတာမျိုးတွေ ရှိပါတယ်။
ဒါကြောင့် အာဇာနည်နေ့ ရောက်ပြီဆိုလ ျှင် အာဇာနည်ကုန်း၊ ဗိုလ်ချုပ်ပြတိုက်၊ ဝန်ကြီးများရုံးနေရာစတဲ့ နေရာတွေကို မိဘများ၊ လူကြီးများက ကလေးတွေကို လိုက်ပို့ပြီး မြန်မာ့အာဇာနည်တွေအကြောင်းသိရှိအောင်၊ လေးစားတတ်အောင်၊ အမှတ်ရနေအောင် ရှင်းပြ ပြောပြကြပါတယ်။
ယနေ့ ကျရောက်တဲ့ နှစ် ၇၁ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဌများ နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အာဇာနည်ကြီးများ၏ မိသားစုဝင်များက ရန်ကုန်မြို့ အာဇာနည် ဗိမာန်သို့ တက်ရောက် ဂါရဝပြု ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
ယခင်နှစ်များနည်းတူ အာနည်ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ အမှတ်တရနေရာတိုင်းမှာ လာရောက်ဂါရဝပြုသူ၊ လေ့လာသူတွေက ထောင်ချီရှိသည်အထိကို အများအပြား ရှိနေခဲ့တာပါ။
ရန်ကုန်မြို့ ဝန်ကြီးများရုံးကို လာရောက်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ ဒေသခံ ဦးထွန်းရွှေကလည်း ”
အာဇာနည်နေ့ဆိုတာ အဘတို့ကတော့ ရင်ကွဲမတတ်ပါ။ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတွေဟာတိုင်းပြည်မှာ အလုပ်မလုပ်ရသေးဘဲနဲ့ ကျဆုံးသွားတာဟာ အဘတို့ ပြည်သူလူထုအတွက် အားလုံး ရင်နာရတာပေါ့၊ နစ်နာရတာပေါ့။ ကလေးတွေက အာဇာနည်နေ့ဆိုတာ ဘာမှန်းလည်း မသိဘူးလေ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူမှန်း မသိကြဘူး။ အဘတို့ကသာ မှီတာကိုး။ အဲဒါထက် တိုင်းပြည်က ရှေ့ကောင်းအောင် နောင်လာမယ့်သူတွေ ဒီထက်ကောင်းအောင် ကြိုးစားပြီးတော့ ဆောင်ရွက်နိုင်ပါစေ” လို့ ပြောပါတယ်။
ဝန်ကြီးများရုံးကိုလာရောက်လည်ပတ်လေ့လာသူဟာ ထောင်ချီရှိပြီး မနက်အစောပိုင်းကတည်းက တန်းစီစောင့်နေခဲ့ကြတာပါ။ ယခင်နှစ်က အဆောက်အဦအတွင်းပိုင်းတွေ၊ အခန်းတွေအထိ ဝင်ရောကေ်လ့လာခွင့်ပြုခဲ့ပေမယ့် ယခုနှစ်မှာတော့ ပြင်ဆင်နေဆဲအစိတ်အပိုင်းတွေရှိတာကြောင့် ရုံးဝန်းအတွင်းကိုပဲ လေ့လာခွင့်ပြုထားတယ်လို့ သိရပါတယ်။
အာဇာနည်ကုန်း ကို လာရောက်ကာ အာဇာနည် ၉ ဦးဗိမာန်ကို လာရောက်ဂါရဝပြုသူ အများအပြားကတော့ “အာဇာနည်နေ့ တို့မမေ့”၊ “၁၉ ဇူလိုင် မမေ့နိုင်”စတဲ့ ခေါင်းစည်းများ၊စတစ်ကာများ၊ တီရှပ်အနီ၊ အမဲရောင်များကိုလည်း ဝတ်ဆင်လာကြတာ တွေ့ရပါတယ်။ အာဇာနည်ကုန်းမှာတော့ ယနေ့လိုနေ့ရက်မှာဆိုရင် ပြည်သူလူထု ထောင်ချီဟာ တလေးတစားနဲ့ကို လာရောက် ဂါရဝပြုကြတာပါ။
မိသားစုလိုက်လာကြသူတွေ၊ ကျောင်းသားသမဂ္ဂလို အဖွဲ့အစည်းတွေ၊ လူငယ်လူရွယ်တွေဟာ သူတို့အစုအဖွဲ့အလိုက် လာရောက်ကြတာတွေ့မြင်ရပါတယ်။
ဗိုလ်ချုပ်နေထိုင်ခဲ့ရာအိမ် ဗိုလ်ချုပ်ပြတိုက်ကိုလည်း လာရောက်လေ့လာသူတွေကလည်း ယခင်နှစ်များနည်းတူ အများအပြားပါပဲ။ ယခုနှစ်မှာ ပြတိုက်ရဲ့ အပေါ်ထပ်ကို တက်ရောက်ခွင့်မပြုတော့ပဲ ပရိုဂျက်တာနဲ့ပဲ ပြသထားပါတယ်။ ပြတိုက်အပေါ်ထပ် ကြံ့ခိုင်မှု မရှိတာကြောင့် လူများစွာ တက်ရောက်ခွင့်ကို ပိတ်ထားရတာလို့သိရပါတယ်။
ပြတိုက်အဝင်မှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ဖူးတဲ့ မိန့်ခွန်းများ၊ စကားများကို ထုတ်နှုတ်ဖော်ပြထားတဲ့ ဗီနိုင်းများကိုလည်း ချိတ်ဆွဲထားပါတယ်။
ဗိုလ်ချုပ်ပြတိုက်ကို လာရောက်ခဲ့သူ ဒေါ်သီတာအေးကလည်း “မနှစ်ကလည်း မိသားစုနဲ့ အတူရောက်တယ်။ လူတွေကတော့ ဒီလိုနေ့ဆို နှစ်တိုင်းစည်ကားနေတာပဲ။ စောင့်ဆိုင်းရတာ ကြာပေမယ့် ပြတိုက်ကို ရောက်သွားရင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အထိမ်းအမှတ်တွေကို ကလေးတွေကို ပြပြီးရှင်းပြလို့ရတယ်။ ကလေးတွေကလည်းစိတ်ဝင်စားတယ်။ သူတို့ သိချင်ကြတယ်။ အာဇာနည်နေ့ဆိုတာကို ကလေးတွေသိရအောင် လိုက်ပို့တယ်။ ဒါပြီးရင်တော့ ဘုရားလိုက်ပို့မယ်လေ” လို့ ပြောပြပါတယ်။
ဗိုလ်ချုပ်ပြတိုက်ကိုတော့ လာမယ့် ၂၁ ရက်နေ့ထိ မနက် ၆ နာရီမှ ညနေ ၆ နာရီထိ လာရောက်လေ့လာ ကြည့်ရှု့ခွင့် ပြုထားပါတယ်။
နတ်မောက်လမ်းက ဗိုလ်ချုပ်ကြေးရုပ်တည်ရှိရာနေရာမှာလည်း လာရောက်ဂါရဝပြုသူ အများအပြားရှိသလို လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေလည်း တွေ့ရပါတယ်။ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်းတချို့ရဲ့ အမှတ်တရ ပန်းခွေ၊ လွမ်းသူ့ပန်းခွေများ ချထားတာတွေလည်း ရှိပါတယ်။
ရန်ကုန်မြို့မှာဘဲ အာဇာနည်နေ့ဆိုရင် စည်ကားတာမဟုတ်ပါဘူး။ အခြားတိုင်းနဲ့ ပြည်နယ်အသီးသီးမှာလည်း အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက သူတို့အစီအစဉ်တွေနဲ့ အထိမ်းအမှတ်ပွဲတွေ၊ အမှတ်တရပန်းခွေတွေလုပ်ဆောင်ကြတာတွေရှိကြပါတယ်။
ဒီနေ့ ဒီလိုရက် ရောက်တိုင်း အာဇာနည်ကုန်းမှာ ပြည်သူလူထုက လာရောက် ဂါရဝပြုကြတယ်။ အထိမ်းအမှတ်နေရာတွေကို သွားရောက်ကြတယ်။ ဗိုလ်ချုပ်အပါအဝင် အာဇာနည် ၉ ဦးကျဆုံးခဲ့ရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်ရောက်တာနဲ့ ကားတွေဟာ ဟွန်းတီးသံနဲ့ အတူ ရောက်ရာနေရာမှာ ရပ်တန့် ဦးညွတ်ကြတယ်။ လူထုက ရောက်ရာနေရာမှာ ရပ်တန့်ပြီး ကျဆုံးသွားလေတဲ့ အာဇာနည်တွေကို ဦးညွတ်အလေးပြုကြတယ်။ ၁၉ ဇူလိုင် ဆိုတာ မြန်မာ့ပြည်သူလူထုအတွက် ဘယ်တော့မှ မေ့မရမယ့် မမေ့အပ်တဲ့ နေ့တနေ့ပါပဲ။
ဆက်စပ်ဖတ်ရှုရန် – ဝန်ကြီးများရုံးကို သူတို့ဘာကြောင့် လာကြသလဲ