အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရရဲ့ ရည်မှန်းချက်တွေထဲမှာ အမြဲပါဝင်နေတာတခုက ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးပါ။ အဲဒါကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲကို လူထု ထောက်ခံမှုနဲ့ အပြတ်အသတ် အနိုင်ရတဲ့အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သူကိုယ်တိုင် ဦးဆောင်ခဲ့ပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်းကူပြောင်းရေးနဲ့အတူ ငြိမ်းချမ်းရေး ရရှိဖို့ အားထုတ်လာတာကို သူ့ရဲ့ အစောပိုင်း မိန့်ခွန်းတွေကို ကြည့်ရင် မြင်သာပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဆက်ဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို ဆက်လက် အမွေခံပြီး ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ၃ ကြိမ် စလုံးမှာ တိုင်းရင်းသား ပြည်သူတွေ လိုချင်တဲ့ သေနတ်သံတွေ တိတ်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ရောင်နီလေးတောင် မမြင်ရသေးပါဘူး။
အခုလို နေပြည်တော်မှာ ဗိုလ်ချုပ် ကတိပေးခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အမှတ်ရစေဖို့၊ ပင်လုံစာချုပ် ချုပ်ဆို ခဲ့တဲ့ နိုင်ငံရေး အမှတ်သညာကို သတိရစေဖို့ ပင်လုံညီလာခံလို့ အမည်တပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် ကိုယ်ပိုင်ပြဌာန်း ခွင့်နဲ့ တန်းတူရေးတို့လို့ နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ ကိစ္စမျိုးတွေ ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့တာက ဝေဖန်အခံရဆုံး ကိစ္စတခု ဖြစ်ခဲ့ပါတယ်။
တနှစ်နီးပါးကြာအောင် ပြန်လည် ကျင်းပဖို့ အချိန်ယူခဲ့ရတဲ့ တတိယအကြိမ် ပင်လုံဟာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မလုပ်နိုင်ခဲ့တာ၊ နိုင်ငံရေးနဲ့ လုံခြုံရေး ကဏ္ဍတွေမှာ အရေးပါတဲ့ အချက်တွေ သဘောတူညီမှု မရခဲ့တာကြောင့် ဖြစ်ပြီး အခုတခေါက် မှာတော့ သဘောမတူနိုင်သေးတဲ့အချက်တွေကို ချန်ထားခဲ့ပြီး တူတာတွေနဲ့ ခရီးဆက်ဖို့ ပြုလုပ်ခဲ့ရတဲ့ ဆွေးနွေးပွဲတခုပဲ ဖြစ်ပါတယ်။
သဘောတူညီမှု ရရှိခဲ့တဲ့ ဖက်ဒရယ်မူ ၁၄ ချက်
နေပြည်တော်မှာ ဇူလိုင်လ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံမှာ နိုင်ငံရေးအရ အနှစ်သာရ ရှိမှု နည်းပါးတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၁၄ ချက် ရရှိခဲ့ပါတယ်။ နိုင်ငံရေးကဏ္ဍမှာ ကျားမ တန်းတူရေးဆိုတဲ့ မူအောက်က အချက် ၄ ချက်ကို ရရှိခဲ့ပေမယ့် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ” ဆိုတာ ထည့်မထည့်ကို တော်တော်လေး အငြင်းပွားခဲ့ရပြီး နောက်ဆုံး တပ်မတော်ရဲ့ အဆိုပြုချက်အတိုင်း ဒီနာမည်ကို သဘောတူခဲ့ကြပါတယ်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော် ပူးပေါင်းထားတဲ့ အစိုးရ အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တို့ ပါဝင် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကနေ ဇူလိုင်လ ၁၆ ရက်နေ့မှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
“နောက်ဆုံးတော့ တပ်မတော်ရဲ့ သဘောထားပါပဲ။ အခုက အရာရာတိုင်းဟာ တပ်ရဲ့ သဘောထားအတိုင်းပဲ ဆုံးဖြတ်နေရတာ။ ကျားမ တန်းတူရေးမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ဟာကို အဖွဲ့ ၄ ခု က မထည့်ဘူး။ တပ်က ထည့်ချင်တယ်။ နောက်ဆုံးမှာတော့ တပ်ရဲ့ သဘောထားအတိုင်းပဲ အတည်ပြုပေးလိုက်ရတယ်” လို့ တိုင်းလျှံ ရှမ်းနီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
ချမှတ်လိုက်ကြတဲ့ မူကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်” ရဲ့ ဘယ်နိုင်ငံသားကိုမှ ကျား/မ ဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံတဲ့ ခွဲခြားဆက်ဆံခြင်း မရှိစေရေးနဲ့ တန်းတူ ညီမျှှု ရှိစေရေး မူဝါဒ ချမှတ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။
အစတုန်းကတော့ “ပြည်ထောင်စု” ဆိုတာပဲ ပါပြီး နိုင်ငံအမည်ကို ဖော်ပြထားတာ မပါတဲ့ တပ်မတော်ရဲ့ အဆိုပြုချက်နဲ့ နိုင်ငံအမည်ပါ တခါတည်း သတ်မှတ်နိုင်လိုက်တဲ့ သဘောလို့ ညီလာခံ နောက်ဆုံးရက်မှာ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက မီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
ဒီကျားမ တန်းတူရေး ကဏ္ဍကို ဝင်ရောက် ဆွေးနွေးခဲ့သူ ကရင် အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ် နော်မေဦးကတော့ ကျားမ တန်းတူရေးကိစ္စဟာ တိုင်းပြည်အတွက် ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စတခုအဖြစ် ဆွေးနွေးသူတွေက မမြင်တာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဆိုပါတယ်။
“ကျမ မြင်တာ ကိုယ့်အုပ်စု နိုင်ဖို့ဆွေးနွေးတာ။ ငါတင်တဲ့အချက် ပါသွားဖို့ ဒါမျိုးဆွေးနွေးတယ်ဆိုရင် အကျပ်အတည်း ရှိမှာပဲ။ ကျမတို့က တိုင်းပြည်ကို ရှေ့ရှုပြီး တိုင်းပြည်အကျိုးအတွက် ဆွေးနွေးတယ်ဆိုရင် ဒီအကျပ်အတည်းကနေ ထွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ UPDJC အစည်းအဝေးမတိုင်မီ တရက်က ဧရာဝတီကို နော်မေဦးက ပြောခဲ့တာပါ။
နောက်တချက်ဖြစ်တဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကိစ္စမှာလည်း “အားပေးရန်” ဆိုတဲ့ စကားလုံး အဆင့်လောက်နဲ့ပဲ အတည်ပြုခဲ့ရပါတယ်။
“ပါဝင်ရေးကို အားပေးဖို့အတွက်ပဲဆိုရင် ကျမတို့ အားလုံးသိတဲ့ နာမည်ကြီးအဆိုတော် တီးဝိုင်းကို သွားအားပေးတဲ့ ဝေးလေးဝါးလား၊ ဘောလုံးပွဲ သွားကြည့်တော့ အားပေးတာ ဝေးလေးဝါးလားပဲ။ ကျမတို့က အမျိုးသမီး ပါဝင်ရေးကို အားပေးမယ်ဆိုတာ သမိုင်းကြောင်း တလျှောက်လုံး နှစ်ကာလကြာရှည်စွာ ဖိနှိပ်ခံရတဲ့ လူအုပ်စုတစုကို တန်းတူ ပြန်ဖြစ်လာဖို့အတွက် ကျမတို့ အားပေးတာလောက်နဲ့ ပဲဆိုရင် သဘောထားကြီးမှုကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်” လို့ နော်မေဦးက ထောက်ပြခဲ့ပါတယ်။
ကျန်တဲ့ ၂ ချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာမှာ ကျားမ အခြေပြု အကြမ်းဖက်မှုတွေ ကာကွယ်ရေး အတွက် မူဝါဒတွေကို ချမှတ် အကောင်အထည်ဖော်ဖို့နဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို မြင့်တင်ပေးရမယ်ဆိုတာတွေမှာတော့ အများသဘော တူညီခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေး ကဏ္ဍမှာတော့ တခုတည်းသော အချက်ဖြစ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အများပြည်သူ အကျိုးစီးပွားအတွက် ဦးစားပေး အကောင်အထည် ဖော်ရမယ့် လုပ်ငန်းတွေမှာ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး မူဝါဒ စီမံကိန်းတွေ ရေးဆွဲ အကောင်အထည်ဖော်ရေးကို အတည်ပြုနိုင်ခဲ့ပေမယ့် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ” ဆိုတာကိုပါ ထည့်သွင်းဖို့ ကြိုးစားကြလို့ အပြင်းအထန် ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။
လူမှုရေးကဏ္ဍမှာတော့ အခြေခံမူ ၇ ချက် ရေးဆွဲနိုင်ခဲ့ပြီး ပြန်လည် နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ လူမှု ဖွံ့ဖြိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ဆောင်ရွက်ဖို့၊ လူတိုင်း လွှမ်းခြုံနိုင်တဲ့ ပညာရေးစနစ် ဖော်ဆောင်နိုင်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ဖို့၊ မသန်စွမ်း၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်သည်တွေအတွက် လိုအပ်တဲ့ ဥပဒေတွေ ပြန်ဌာန်းပေးဖို့ ကိစ္စတွေအပါအဝင် မူယစ်ဆေး တိုက်ဖျက်တဲ့ကိစ္စတွေမှာပါ ထိရောက်တဲ့ မူတွေ ချမှတ်ဖို့အထိ ပါဝင်ခဲ့ပါတယ်။
မြေယာကဏ္ဍမှာတော့ ၂ ချက် ဆွေးနွေးခဲ့တဲ့အခါ နိုင်ငံအတွင်းမှာ ရှိတဲ့ မြေယာတွေကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရရှိပြီး နိုင်ငံခြားသားနဲ့ တရားမဝင် နေထိုင်သူတွေဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပိုင်ဆိုင်ခွင့် မရှိစေရဆိုတာမှာ အငြင်းပွားစရာ မရှိပေမယ့် မြေယာကို အသုံးချပြီး စီမံကိန်းတွေကို ဖော်ဆောင်ရာမှာ ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ ဒေသခံလူထုနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းကို “ကြိုတင်ပြုလုပ်ရမည်” ဆိုတာလောက်ပဲ ရရှိခဲ့ပါတယ်။
“မြေသိမ်းယူရင် ဒေသခံပြည်သူတွေရဲ့ ကြိုတင်သဘောထား ရယူရမယ်ဆိုတဲ့အချက်ကို မူတခုအနေနဲ့ ပါစေချင်လို့ ပြောတဲ့အခါမှာ လက်မခံတဲ့အပြင် လက်ရှိ ညီလာခံက ဆုံးဖြတ်တဲ့အတိုင်းကို UPDJC က မလုပ်တော့ တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ညီလာခံမှာ မြေယာကဏ္ဍကို KNU ကိုယ်စားလှယ် နော်အုံးလှက ပြောပါတယ်။
လုံခြုံရေးကဏ္ဍမှာတော့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပေမယ့် တစုံတရာ ဆုံးဖြတ်ချက် ရနိုင်တာမျိုး မရှိဘဲ သဘောထား စုစည်းမှုတွေလောက်ပဲ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပွဲဆူခဲ့ရဲတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း
၂၁ ရာစု ပင်လုံ ညီလာခံ အဖွင့် မိန့်ခွန်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မိန့်ခွန်း ကလည်း နိုင်ငံရေး အသိုင်းအဝိုင်းမှာ ဝေဖန်ပြောဆိုမှုတွေနဲ့ တော်တော်လေး ပွဲဆူခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ရဲ့ ရပ်တည်ချက်၊ အပစ်ရပ်၊ အပစ်မရပ် အဖွဲ့အားလုံးကိုပါ သတိပေး ပြောဆိုတာမျိုးတွေ လုပ်ခဲ့လို့ ငြိမ်းချမ်းရေးကို မျှော်လင့် ကြသူတွေဟာ စိုးရိမ်ခဲ့ကြပါတယ်။
တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေတာဟာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာရယ်၊ တပ်မတော်ဟာ ပြည်သူ လူထုကို ကိုယ်စားပြုတာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်မဆွဲဘဲ အပြီးသတ်ဖို့ တိုက်တွန်းတာ၊ အဖွဲ့အားလုံးကို NCA ထိုးဖို့ တိုက်တွန်းတာတွေက ဆွေးနွေးပြောဆိုစရာတွေ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သူ ဦးမင်းဇင်က “ဒုတိယ အကြိမ်မှာ NCA ကို ပြောရင် ဆွဲဆောင်တာမျိုး ပြောတယ်။ အခုက ဆွဲဆောင်တာထက် စာရင် ပိုပြီး တင်းတင်းမာမာ သဘောဆောင်တာကို တွေ့ရတယ်။ ငါတို့ အားနည်းလို့ လုပ်တာ မဟုတ်ဘူး။ လက်မှတ်ထိုး၊ ဒီနည်းလမ်းက လွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ ပြောတယ်” လို့ ထောက်ပြပါတယ်။
တပ်မတော်ဟာ ပိုပြီး တင်းမာတဲ့ သဘောထားအပေါ်မှာ အထိုင်ရပ်နေတာမျိုးကို တွေ့ရပြီး မိန့်ခွန်းမှာလည်း သမိုင်းအပေါ်မှာ အခြေခံ ပြီးတော့ အဓိပ္ပာယ်အသစ်များ ကောက်ယူသွားခြင်းဟာ အငြင်းပွားစရာ အများကြီး ရှိနိုင်လို့ မိန့်ခွန်းပြောမယ်ဆိုရင် သမိုင်းထက်စာရင် မူဝါဒအပေါ် အခြေခံပြီး ပြောမှသာ ငြိမ်းချမ်းရေးခရီးက ရှေ့ကို ပိုရောက်နိုင်လိမ့်မယ်လို့ ၎င်းက သုံးသပ်ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ မိန့်ခွန်းတွေဟာ ပုံမှန်ပြောနေကြ မိန့်ခွန်းပုံစံအတိုင်း လက်ရှိ လမ်းကြောင်းကိုပဲ ဆက်သွားအောင် ပြောဆိုနေတာဖြစ်လို့ လက်ရှိမှာ နှေးကွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုထိရောက်လာအောင် ဆောင်ရွက်မယ်ဆိုတာမျိုး မပါဘူးလို့ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။
UPDJC အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်တဲ့ သူက “ခေါင်းဆောင်တွေက ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်ဖို့ ကောင်းတယ်။ ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းကိုပဲ ပြောနေတော့ ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်းက တကယ်တန်း ဖြစ်နေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ စိန်ခေါ်ချက်တွေ၊ အားနည်းချက်တွေကို ရဲရဲရင့်ရင့် ကိုယ့်ကိုယ်ကိုယ်လည်း ဝေဖန်၊ သူများကိုလည်း ဝေဖန်ပြီး ပြောဖို့ ကောင်းတယ်။ အခုကတော့ ထူးမခြားနဲ့ မိန့်ခွန်းတွေလို့ပဲ မြင်တယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် တပ်ချုပ်ရဲ့ အဖွင့်မိန့်ခွန်းမှာ တင်းမာတဲ့ သဘောထား ရပ်တည်ချက်ကို ပြသထားတာကြောင့် တတိယအကြိမ် ၂၁ ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ သိပ်ပြီး အလျှော့ပေးတာမျိုး မလုပ်တော့ဘဲ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ညီလာခံတက်ရောက်သူတချို့က ပြောပြကြပါတယ်။
အမျိုးသား လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ မဟာဗျူဟာ လေ့လာရေးအဖွဲ့ သေနင်္ဂအင်စတီကျုရဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက တပ်မတော်ရဲ့ သဘောထားမှာ တို့တာဝန် အရေး ၃ ပါးကို အရေးကြီးဆုံးအဖြစ် ခံယူထားပြီး အဲဒီ ၃ ချက်ကို ထိပါးလာရင် လိုအပ်တဲ့ ကန့်ကွက်မှုတွေ လုပ်တာ၊ သူတို့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်တာမျိုးတွေ ရှိလာမှာလို့ ပြောပါတယ်။
“တပ်မတော်ကတော့ သူတို့ ပြောထားတဲ့အတိုင်း ဒို့တာဝန် အရေး ၃ ပါးနဲ့ ဖြစ်လာမယ့် အခြေအနေအရ နိုင်ငံတကာ အခြေအနေ တွေကိုပါ ဆက်စပ်တွေးတောမယ်ဆိုရင် သူ့ဘက်က Pressure လည်း များတဲ့အပြင်ကို နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရမ်းကို ခြိမ်းခြောက် ခံရတဲ့အချိန်မျိုးမှာ သူကတော့ စိုးရိမ်စိတ် ပိုများမှာပဲ” လို့ သူက ဆိုပါတယ်။
အပစ်မရပ်သူများနဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်
ဒီညီလာခံရဲ့ ထူးခြားချက်ကတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရခြင်း မရှိသေးတဲ့ UWSA “ဝ” ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ ညီလာခံ ဖွင့်ပွဲကို တက်ရောက်လာပြီး အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မြောက်ပိုင်းအဖွဲ့တွေထဲက တချို့ အဖွဲ့တွေဟာ NCA ကို ထိုးဖို့ ဆန္ဒရှိနေကြပြီး တချို့အဖွဲ့တွေကတော့ NCA နောက်ပိုင်း ဖြစ်လာမယ့် ကိစ္စတွေကို စိုးရိမ်နေကြတုန်းပဲ ရှိပါသေးတယ်။
မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါဖို့ NCA ထိုးရမယ်ဆိုတဲ့ အချက်ကို ကျော်လွှားရဦးမှာဖြစ်ပြီး တရုတ်ရဲ့ စေ့စပ်ညှိနှိုင်းမှု၊ ဖိအားပေးမှုတွေကြောင့် ပါလာခဲ့ရင်တောင် ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိသေးတယ်လို့ ညီလာခံကို လေ့လာသူ တဦး အနေနဲ့ တက်ရောက်ခဲ့သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်ရင်တောင်မှ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အချက်တွေ ရဖို့က နည်းနည်း ခက်ခဲလိမ့်မယ် ထင်ပါတယ်။ တချို့အဖွဲ့တွေက လက်ခံကောင်း လက်ခံမယ်။ တချို့အဖွဲ့တွေက လက်မခံနိုင်တာမျိုး ဖြစ်နိုင်တယ်” လို့ သူက ဆိုပါတယ်။ ဒါပေမယ့် NLD အစိုးရ အာဏာလက်ကျန်ကာလမှာတော့ အကုန်ပြီးပြတ်သွားဖို့ကတော့ ခက်လိမ့်မယ်လို့ ပြောပါတယ်။
UWSA “ဝ” အပါအဝင် မြောက်ပိုင်းအဖွဲ့တွေဟာ NCA မထိုးချင်ဘူးလို့ ပြောတဲ့အဖွဲ့ မရှိဘဲ NCA ထိုးပြီးနောက်ပိုင်း အကောင်အထည် ဖော်မယ့်အခါ ဘယ်လို ပုံစံဖြစ်မလဲဆိုတာကို တချို့က အသေးစိတ် သိချင်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။
“NCA လမ်းကြောင်းကို လက်ခံတဲ့အနေအထားမျိုးတော့ တွေ့ရပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်ဆီမှာ ထိုးပါ့မယ်လို့ ကတိပေးထား တာတော့ မဟုတ်ဘူး။ သို့သော် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး မဟာမိတ်တွေ လုပ်ထားတဲ့အတွက် တယောက်တည်းတော့ ထိုးလို့ မရပါဘူး။ ဒီအဖွဲ့နဲ့ ပါမှ အားလုံးထိုးလို့ ရပါမယ်ဆိုတဲ့ အနေအထားမျိုးလို့ ပြောပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။
ဘာတွေ ဆက်ဖြစ်ဦးမလဲ
အပစ်ရပ်အဖွဲ့တွေနဲ့ အဓိက ညှိနှိုင်းနေရတဲ့ UPDJC ဟာ အောက်ခြေက တက်လာတဲ့ ဆွေးနွေးချက်တွေက ခိုင်ခိုင်မာမာ အဖြေ ထွက်လာအောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိဘဲ နိုင်ငံရေးကဏ္ဍမှာ ဆိုရင်လည်း နိုင်ငံရေး အနှစ်သာရ ရှိတာမျိုး မပါတော့ဘဲ ကျား မ တန်းတူရေးဘက်ကို လျှောကျသွားတာကြောင်း နိုင်ငံရေး ဆွေးနွေးမှု ပုံစံတွေ ပြောင်းသင့်နေပြီလို့ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဦးလှစောက သုံးသပ်ပါတယ်။
“နိုင်ငံရေး ဆွေးနွေးပွဲပုံစံ ပြောင်းသင့်နေပြီ။ ဒီတိုင်းသာ ဆက်သွားရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အားနည်းသွားလိ့မ်မယ်။ ကျနော်တို့ ပြန်သုံးသပ်ရမယ်။ UPDJC မှာ တာဝန်ရှိသလား၊ တပ်ကိုယ်စားလှယ်တွေမှာ တာဝန်ရှိသလား။ အားနည်းချက်တွေကို အပြုသဘော ဝေဖန်မှုတွေ ရှိရမယ်” လို့ ရခိုင် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဦးလှစောက ပြောပါတယ်။
အဲဒါကြောင့် UPDJC မှာ ဆွေးနွေးကြတဲ့အခါ အဆုံးအဖြတ်ပေးနိုင်တဲ့ သြဇာရှိတဲ့ပုဂ္ဂိုလ်တွေက အားနည်းနေပြီး ဥပမာ – ဆွေးနွေးဘက် ၂ ယောက်က ညှိနှိုင်းမရ ဖြစ်နေတဲ့အခါ ကြားကနေ သြဇာရှိတဲ့သူက ထိန်းပေးနိုင်တာမျိုး မရှိတော့ အဖြေတွေ မထွက်နိုင်ဘူး ဖြစ်နေတယ်လို့ ဦးဦးလှစောက ဆိုပါတယ်။
အခု ညီလာခံအပြီး နောက်ညီလာခံ မစမီမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ဆို့နေတဲ့ ကိစ္စတွေ ဖြစ်တဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ တန်းတူရေးလို ကိစ္စမျိုးတွေမှာ အလွတ်သဘော ညှိနှိုင်းမှုတွေ၊ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ရရှိလာတဲ့ ရလဒ်တွေကို လာမယ့် ညီလာခံမှာ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဆိုပါတယ်။
ငြိမ်းချမ်းရေးရဖို့ဆိုရင် NCA ထိုးပြီး အရင် အပစ်ရပ်ရမှာဖြစ်လို့ အပစ်ရပ်လိုက်မှသာ ကျန်တာတွေ ဆက်လုပ်နိုင်မှာ ဖြစ်တာကြောင့် စစ်ရှိန်လျှော့နိုင်တာနဲ့ ဆွေးနွေးပွဲ အပိုင်းက ပိုပြီး အားသာလာမှာ ဖြစ်ကြောင်း၊ ၂၀၂၀ မတိုင်ခင်မှာ NCA လက်မှတ်ကို အကုန်လုံး ထိုးနိုင်ပြီဆိုရင်တော့ ငြိမ်းချမ်းရေးဘက်ကို အတော်ကြီး နီးသွားပြီလို့ ပြောနိုင်ကြောင်း သေနင်္ဂ အင်စတီကျုက ဦးသိန်းထွန်းဦးက ပြောပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ “ဆွေးနွေးပွဲတွေမှာ လောလောဆယ် တွေ့နေရတာက ဆွေးနွေးတယ်ဆိုတာက ဆွေးနွေးဘက်အားလုံး လက်ခံတဲ့ အဖြေရှာဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့် အခုတွေ့နေရတာက အားလုံးက ကိုယ့်မူကို ဆုပ်ကိုင် ထားပြီး ကိုယ့်မူပေါ်ကနေ ရပ်ခံပြီးတော့ မလျှော့ဘူးဆိုရင်တော့ သဘောတူညီချက်တွေ ရဖို့ ခက်ပါလိမ့်မယ်” လို့ သုံးသပ်ခဲ့ပါတယ်။