ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းတွင် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် အပေါ် အကျင့်ပျက်ခြစားမှုဖြင့် အရေးယူမည့် စွဲချက်များကို နောက်ဆုံးအဆင့် အချောသပ်ရန် ရည်ရွယ်ချက်ဖြင့် ရှေ့နေချုပ် Abdul Gani Patail က သူ၏ ရုံးသို့ ရောက်ရှိလာသည်။
ပါတီကို သစ္စာ စောင့်သိသူတဦး ဖြစ်သည့် Abdul Gani Patail သည် ယခင်က ဆိုလျှင် ဝန်ကြီးချုပ်၏ ပြိုင်ဖက်များ၏ နောက်သို့ (ဖမ်းဆီးရန်) လိုက်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် Clare Rewcastle Brown က ရရှိသွားပြီး သတင်း ဖော်ပြခဲ့သော စွဲချက်က 1MDB ကို စုံစမ်းစစ်ဆေးမှု ရလဒ်များအရ ဝန်ကြီးချုပ်ကို အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆို ရန် ဖြစ်သည်။
ရှေ့နေချုပ် အနေဖြင့် အဆိုပါစွဲချက်များဖြင့် တရားစွဲဆိုခြင်း ဘယ်တော့မှ မလုပ်နိုင်တော့ပါ။ သူ့ရုံးသို့ ရောက်သည့် အချိန် တွင် သူ့ကို ပြည်သူ့ဝန်ထမ်း အဖြစ်မှ ရုတ်တရက် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
တရားဝင် ထုတ်ပြန်ခဲ့သည့် ကျေညာချက် တစောင်တွင် နာဂျစ် က Abdul Gani Patail သည် ထိုရာထူးတွင် ဆက် လက် ထမ်းဆောင်နိုင်သည့် ကျန်းမာရေး မရှိ၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အထူး ထောက်လှမ်းရေး အဖွဲ့ အကြီး အကဲ နှင့် ဒု ဝန်ကြီးချုပ် တို့ကိုလည်း ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။
ထိုအချိန်တွင် လွှတ်တော် ငွေစာရင်း စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ၄ ဦးကို ရွေးချယ်စရာ မပေးဘဲ အစိုးရအဖွဲ့ ရာထူး နေရာများသို့ ရာထူးတိုးမြှင့် ခန့်ထားလိုက်သည့်အတွက် သူတို့မှာ ဆက်လက်စုံစမ်း စစ်ဆေးရန် အခွင့်အာဏာ ကင်းမဲ့ သွားခဲ့ရသည်။ ကော်မတီ၏ လုပ်ငန်းကိုလည်း ဆိုင်းငံ့ထားလိုက်ကြောင်း ကြေညာခဲ့သည်။
နောက်တနေ့တွင် အစိုးရ အရာရှိများ၏ ပြစ်မှုမှတ်တမ်းများ ရှိနေသော ရဲတပ်ဖွဲ့ ဌာနချုပ်သည်လည်း ထူးဆန်း အံ့သြ ဖွယ် ရာ မီးလောင်ကျွမ်းမှု တခု ဖြစ်ပွားခဲ့သည်။
ဝန်ကြီးချုပ် နာဂျစ် က ထိန်းချုပ်မှုကို ပြန်လည် ရရှိသွားဟန် ရှိပါသည်။
ထိုကဲ့သို့ ဖြိုခွင်းလိုက်ခြင်းက နာဂျစ် ၏ ညှာတာမှုကင်းမဲ့ခြင်းကို ဖော်ပြခဲ့သည်။ သို့သော်လည်း အားလုံးကို ဖြေရှင်းပြ နိုင်သည့် လမ်းစတခု ရှိနေသည်။ Xavier Justo ဖြစ်သည်။ သူက 1MDB နှင့် PetroSaudi တို့၏ သဘောတူညီမှုမှ သတင်း အချက်အလက်များကို ထုတ်ပေးခဲ့သည်သာမက ဘဏ္ဍာရေး အရှုပ်တော်ပုံနှင့် ပတ်သက်သည့် အနာဂတ် တရားခွင် စစ်ဆေးမှု မှန်သမျှတွင် အဓိကကျသည့် သက်သေတဦး ဖြစ်လာနိုင်သူလည်း ဖြစ်ပါသည်။
ခြိမ်းခြောက် ငွေညှစ်မှုဖြင့် Xavier Justo ကို ဖမ်းဆီးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဇွန်လတွင် ဘန်ကောက်သို့ ပို့ဆောင်ပြီး အကျဉ်းခန်း တခုတည်းတွင် အခြားသော အကျဉ်းသား ၇၀ နှင့်အတူ ထားရှိခဲ့သည်။ ကြမ်းပြင်က ချွေးများ၊ ကျင်ငယ် ရည် များဖြင့် ဖုံးလွှမ်းနေသည့် အခန်းထဲတွင် ရှိသော အကျဉ်းသားများမှာ ကျောချ၍ မအိပ်နိုင်အောင်ပင် အခန်းက ကျဉ်းမြောင်း သည်။
Xavier Justo ၏ ဇနီး ဖြစ်သူ Laura ၏ အဆိုအရ သူ့ခင်ပွန်းထံသို့ ပထမဆုံး လာရောက်တွေ့ဆုံသည့် နိုင်ငံခြား သား ဧည့်သည်မှာ သူ၏ လုပ်ဖော်ကိုင်ဖက် နှင့် မိတ်ဆွေဟောင်း PetroSaudi မှ ဒါရိုက်တာ Patrick Mahony ဖြစ်သည်ဟု သိရ သည်။ ပြေပြပျစ်ပျစ်နှင့် နှစ်လိုဖွယ်ရာကောင်းသော Patrick Mahony က အကူအညီပေးရန် လာခဲ့ခြင်းဖြစ်သည် ဟု အပြုံးတခု နှင့်အတူ ပြောသည်။
Patrick Mahony က Xavier Justo ကို သဘောတူညီချက်တခု ကမ်းလှမ်းခဲ့သည်ဟု Laura ကပြောသည်။ ဝန်ခံရန် နှင့် အပြစ်အတွက် တောင်းပန်ရန် ဖြစ်သည်။ PetroSaudi က နှစ်ကုန်ပိုင်းတွင် သူ့ကို အပြင်ပြန်ထုတ်ပေးမည် ဟု ဆို သည်။
Xavier Justo က တုန့်ဆိုင်းစွာဖြင့် သဘောတူညီခဲ့သည်။ သူက အလုပ်ရှင်ဟောင်းများကို ငွေညှစ်ရန် ကြိုးစားခဲ့ ကြောင်း နှင့် Patrick Mahony နှင့် Tarek Obaid တို့ကို စိတ်ပင်ပန်း ဆင်းရဲအောင် ပြုလုပ်ခဲ့ခြင်းအတွက် တောင်းပန် ကြောင်းများ ဖော်ပြထားသည့် ဝန်ခံချက်ကို ရှေ့နေ တဦးတယောက်မှ မပါဘဲ လက်မှတ်ထိုး ပေးခဲ့၏။
Laura ၏ အဆိုအရ သူ့ကိုယ်သူ Scotland Yard မှ စုံထောက်တဦးဟု ပြောသူတဦး (နောက်ပိုင်းကျမှ သူ့ကို PetroSaudi က ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း Laura ကိုပြောခဲ့သည်) က ယူဆောင်သွားခဲ့သည် ဟ ုသိရသည်။ (Xavier Justo က စီးပွားရေးအရ ထိရှလွယ်ပြီး လျှို့ဝှက်ထားရမည့် ပုဂ္ဂလိက စာရွက်စာတမ်းများကို တရားမဝင် ရယူသွားခဲ့ပြီး အကျပ်ကိုင် ငွေညှစ်သည့် အတွက် ဖမ်းဆီး ထောင်ချခံရခြင်း ဖြစ်သည်ဟု PetroSaudi က The Guardian သို့ ပြော သည်။)
Xavier Justo ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် ဘန်ကောက် တောင်ပိုင်း ရာဇဝတ် တရားရုံးက စီရင်ချက် ချမှတ် ခဲ့သည်။ တရားခွင်တွင် သူ့အတွက် စကားပြန်တဦး ရရှိခဲ့သော်လည်း သူ့ရှေ့နေက ကိုယ်တိုင် ရောက်မလာဘဲ လက်ထောက် တဦးကိုသာ စေလွှတ်ခဲ့သည်။ တရားခွင်တွင် စစ်ဆေးခြင်းနှင့် စီရင်ချက် ချမှတ်ခြင်းက ၁၅ မိနစ်သာ ကြာမြင့် ခဲ့သည်။ အင်္ဂလန်မှ ကုမ္ပဏီတခုကို ခြိမ်းခြောက် ငွေညှစ်ခဲ့သည့်အတွက် Xavier Justo က ထိုင်းနိုင်ငံမှ ထောင် တခုတွင် ထောင်ဒဏ် ၃ နှစ် ကျခံရမည် ဖြစ်သည်။
Xavier Justo ကို အကျဉ်းချထားသည့် Klong Prem ဗဟိုအကျဉ်းထောင်မှ ဘဝက သတ္တိနည်းသူတို့ အတွက် မဖြစ် နိုင် ပါ။ အပူချိန်က ၂၆ စင်တီဂရိတ် အောက်သို့ ရောက်ခဲလှသည့် မြို့တွင် Xavier Justo က အရေးကြီး ပုဂ္ဂိုလ်(VIP) ခန်းဟု ခေါ်သည့် အခန်းထဲတွင် အခြား အကျဉ်းသား ၂၅ ဦး နှင့် အတူနေရသည်။ နံနက်စာကို နံနက် ၇ နာရီတွင် ကျွေး သည်။ ရေက ခွဲတမ်း စနစ်နှင့် ဖြစ်သည်။ ညနေ ၃ နာရီ နောက်ပိုင်းတွင် အကျဉ်းသားများကို အစားအစာ မကျွေး တော့ပါ။ အခန်း နောက်ဘက်တွင် ရေချိုးရန် နေရာရှိပြီး ဘုံဘိုင်ခေါင်းတခုနှင့် အိမ်သာအဖြစ် အသုံးပြုသည့် အပေါက် တပေါက်တို့ ပါဝင်သည်။
၂၀၁၅ ခုနှစ် ကုန်လုနီးသည်နှင့် အမျှ သူ၏ ခင်ပွန်းသည် နှစ်မကုန်ခင် ထောင်မှ ပြန်လွတ်တော့မည် မဟုတ်ကြောင်း ရှင်းရှင်း လင်းလင်း သိလာရသည့် Laura က PetroSaudi မှ သူ၏ အဆက်အသွယ်များ အပေါ် ပို၍ သံသယ ရှိလာ သည်။
ဆွစ်ဇာလန်နှင့် မလေးရှား သတင်းစာများတွင် ဆက်တိုက်ဖော်ပြခဲ့သော သတင်းများ၌ Xavier Justo ကို မလေးရှား ဝန်ကြီးချုပ် ကို တိုက်ခိုက်သည့် နိုင်ငံရေးကစားကွက်မှ အမေ့လျော့ခံ နယ်ရုပ်လေးတရုပ် အဖြစ် ပုံဖော် ရေးသားနေကြ သည်။
Xavier Justo အတွက် အခြေအနေများက ပိုမိုကောင်းမွန်မလာခဲ့ပါ။ ပို၍ပင် ဆိုးရွားလာသည်။ အကျဉ်းခန်းထဲတွင် စောင်ပါးလေး တထည်ပေါ်တွင် အိပ်စက်နေရသည်။ သူရောက်လာပြီး လအနည်းငယ်အကြာ သူ လေ့ကျင့်ခန်း လုပ် နေစဉ် သူ၏ မွေ့ယာကို ဖယ်ရှားခြင်း ခံခဲ့ရသည်။
Xavier Justo သည် သူ၏ မိတ်ဆွေဟောင်းများ၏ လှည့်ဖျားမှုကိုခံခဲ့ရသော သားကောင်တဦး အဖြစ် Laura ယုံကြည် လာခဲ့သည်။ အမှုကို ဖျောက်ဖျက်ခြင်းအားဖြင့် သူတို့ကိုယ်တိုင်နှင့် မလေးရှားမှ သူတို့၏ မဟာမိတ်များကို ကာကွယ် ရန် ကြိုးစားသည့် အနေဖြင့် သူတို့က သူ့ကို ဝန်ခံချက်ပေးရန် နှင့် PetroSaudi ၏ ဆာဗာများမှ ရရှိခဲ့သည့် စာရွက် စာတမ်းများ၏ မိတ္တူများ လွှဲပြောင်းပေးရန် လှည့်စားခဲ့ကြသည်။
၂၀၁၆ ခုနှစ် မေလတွင် သူ့ခင်ပွန်းကို ကယ်တင်ရန် နောက်ဆုံး အားထုတ်မှု တခုအနေဖြင့် Laura က Xavier Justo ယုံကြည်စိတ်ချသည်ဟု သူသိထားသူ တဦးထံသို့ ရောက်လာခဲ့သည်။ Clare Rewcastle Brown ဖြစ်ပါသည်။ Clare Rewcastle Brown က သူ့ကို The Guardian သို့ ခေါ်လာပေးခဲ့သည်။
၂၀၁၆ ခုနှစ် ဇွန်လက ကျနော် Laura နှင့် တွေ့ဆုံခဲ့သည့် အချိန်တွင် ပထမပိုင်း၌ သူက အေးအေးဆေးဆေး တည် တည် ငြိမ်ငြိမ်ရှိနေခဲ့သည်။ သို့သော်လည်း သူ၏ခင်ပွန်းသည် အကြောင်းပြောသည့် အချိန်တွင် မျက်ရည်များ ကျဆင်း လာပြီး သူ့အသံမှာ ခံစားချက်ကြောင့် ကွဲအက်နေသည်။ Xavier Justo က သူတို့၏ သားဖြစ်သူကို ၈ လသား အရွယ် ကတည်းက မတွေ့ ရတော့ပါ။
“ကျမက တရားမျှတမှုကိုပဲ လိုချင်ပါတယ်။ Xavier က သူခိုးမဟုတ်ပါဘူး။ သူက သူ့ကို ကတိပေးထားတဲ့ ဟာကိုပဲ တောင်းဆိုတာပါ။ အခုအချိန်က သူ့အတွက် အမှောင်မိုက်ဆုံး အခက်ခဲဆုံး ဖြစ်နေတာတောင်မှ ကျမသားနဲ့ ကျမ အ တွက် သူ ခွန်အားရှိအောင် ထိန်းထားမယ်။ ကျမတို့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်မယ်လို့ သူက ကျမဆီစာရေးပါ တယ်”ဟု Laura က အီးမေးလ် တစောင်တွင် မကြာသေးခင်က ပြောသည်။
Clare Rewcastle Brown နှင့် The Guardian သို့ ဆက်သွယ်ပြီး နောက်ပိုင်းတွင် Laura က ထောင်တွင်းမှ ခိုးထုတ် လာသော စာများကို လက်လွှဲပေးခဲ့သည်။ အဆိုပါ စာများထဲတွင် Xavier Justo က သူထောင်ချောက်ဆင်ခြင်း ခံရ ကြောင်း ပြောဆိုထားသည်။ PetroSaudi မှ Patrick Mahony က Xavier Justo ၏ ထောင်တွင်းဘဝကို ထိန်းချုပ် ထားသည်ဟု Laura က ယုံကြည်သည်။
သူနေထိုင်ရသည့် နေရာက မည်မျှ သက်တောင့်သက်သာ ရှိရမည်၊ သူ့ထံသို့ မည်သူလာရောက် တွေ့ဆုံနိုင်မည် အစ ရှိသဖြင့် ဖြစ်သည်။ နိုင်ငံခြားသား အကျဉ်းသားများအတွက် ခွင့်ပြုသည့် ဧည့်သည်စာရင်းကို ထောင် အပြင်ဘက်တွင် ဖော်ပြထားသည်။ Xavier Justo ၏ စာရင်းတွင် Patrick Mahony က အမှတ်စဉ် ၂ ဖြစ်ပြီး Laura က အမှတ်စဉ် ၅ ဖြစ်သည်။
Laura က သူ့တွင် အီးမေးလ်နှင့် WhatsApp မှ မက်ဆေ့ချ်များ အပြင် နာဂျစ် က Patrick Mahony အပေါ် ဖိအား ပို ပေး လာနေသည်ဟု ယူဆရသည့် ယခင်နှစ် အတွင်းမှ တယ်လီဖုန်းခေါ်ဆိုမှု မှတ်တမ်းများ ရှိကြောင်း ပြောသည်။ တခြား တဘက်တွင် အမေရိကန် နှင့် ဆွစ်ဇာလန်မှ စုံစမ်း စစ်ဆေးရေး သမားများက 1MDB ၏ သဘော တူညီ ချက် များကို ပိုက်စိပ်တိုက် စစ်ဆေးနေကြသည်။
အသံ ဖမ်းယူထားသည့် Laura နှင့် တယ်လီဖုန်း ပြောဆိုမှုများထဲတွင် Patrick Mahony က Clare Rewcastle Brown နှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်နေသည့် အသွင်ရှိသည်။ “ခွေးမ” ဟုပင် သူက ရည်ညွှန်းခဲ့သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလက Laura နှင့် ပြောသည့် တယ်လီဖုန်း မှတ်တမ်းတခုတွင် Patrick Mahony က Xavier Justo ၏ ပြစ်ဒဏ်ကို လျှော့ချနိုင်အောင် ကူညီနိုင်သည့် သြဇာအာဏာရှိသူ တဦးအကြောင်းကို အနည်းငယ် ပြောဆို ခဲ့သည်။
“ဘယ်သူက ဒီကိစ္စကို အဓိက ထိန်းချုပ်နေတယ်ဆိုတာ ခင်ဗျားကို ကျနော် အရင်နေ့တွေက ပြောခဲ့ပါတယ်။ ကျနော် သူနဲ့ နောက်ထပ် တွေ့ဆုံဖို့ ရှိပါတယ်။ သူက အခုအချိန်အထိ စိုးရိမ်နေတုန်းပဲ။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ နိုင်ငံ ရေး ဘဝက တည်းတည်းလေးပဲ ကျန်တော့တယ်။ သူတကယ်ကို ဒုက္ခရောက်နေတယ်။ သူက အဲဒါကိုပဲ ဂရုစိုက် တယ်။ ကျန်တာ ဂရုမစိုက်ဘူး”ဟု Patrick Mahony က ပြောသည်။
သူ၏ ခင်ပွန်းသည်ကို မည်သို့ ပြောသင့်သနည်းဟု Laura ကမေးသည့် အခါ “ခင်ဗျားက သူ့ရဲ့ ဘက်မှာရှိတယ် တဖွဲ့ တည်းပဲ ဆိုတာကို သူ့ကို ပြနိုင်တဲ့ တခုတည်းသော နည်းကတော့ မီဒီယာတွေမှာ ပြနိုင်အောင် ခင်ဗျားကိုယ် ခင်ဗျား အသင့် ဖြစ်အောင် လုပ်ထားဖို့ပါပဲ။ သူ့ကို မတရားကြံစည်ခဲ့တဲ့ သူအားလုံးကို ထုတ်ဖော်ပြောဆိုဖို့ အသင့်ဖြစ်နေ ရ မယ်။ ကျနော် ခင်ဗျားကို မလိမ်ပါဘူး။ ခင်ဗျားက ဒီအခြေအနေကို ကူညီနိုင်လိမ့်မယ်။ ကူညီချင်မှလည်း ကူညီ နိုင် လိမ့်မယ်”ဟု Patrick Mahony က ပြန်ပြောသည်။
Xavier Justo လွတ်မြောက်ရေး အတွက် Laura က ဖိအားပေးသည့် အချိန်တွင် “အဲဒီ အရှုပ်တွေကို ကျနော် နေ့တိုင်း ရှင်း နေရတုန်းပါပဲ။ ခင်ဗျား မှတ်ထားဖို့လိုတာက ကျနော်တို့ အားလုံးက အဲဒီ အရှုပ်ထဲမှာပါ။ သူက ထောင်ထဲမှာ ရှိ တယ်၊ ခင်ဗျားက ကလေး တယောက်နဲ့ ဒုက္ခရောက်နေတယ် ဆိုတာ ကျနော် သိပါတယ်။ အရင်နေ့တွေမှာ ခင်ဗျားနဲ့ တွေ့ တော့ ခင်ဗျားအတွက် ကျနော် ခံစားရတယ် ဆိုတာ ကျနော် ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော့် အနေနဲ့ ကျနော် ကိုယ်တိုင်လည်း အရှုပ်ထဲမှာ နစ်နေတယ်။ တခြားလူတွေ အများကြီးလဲပါတယ်။ နိုင်ငံတခုက ဝန်ကြီးချုပ် တယောက် လည်း တကယ်ကို နက်တဲ့ အရှုပ်ထဲမှာ ရောက်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ကို အဲဒီထဲ အထည့်ခံခဲ့ရလို့ပါ” ဟု Patrick Mahony က ပြောဆိုသည်။
ဒီဇင်ဘာလ ရောက်သည့် အခါ နောက်ထပ် ဖုန်းခေါ်ဆိုမှုတခုတွင် Patrick Mahony အမေရိကန်သို့ ရောက်နေခဲ့ ကြောင်း ဝန်ခံခဲ့သည်။ အမေရိကန်တွင် FBI က အရှုပ်ထုပ် အားလုံးကို ရှာဖွေနေပြီး သူ့ကို ဆွစ်ဇာလန် နိုင်ငံ ရှေ့နေ ချုပ် ရုံးခန်းသို့ ခေါ်သွားခြင်း ခံခဲ့ရသည်။
“ဆွစ်ဇာလန်တွေက ကျနော်တို့ကို ဆက်ပြီး ပြဿနာ ရှာနေတယ်။ သူတို့မှာ ဘာမှမရှိဘူး ဆိုတာကို သူတို့သိတယ်။ ဒါပေမယ့် သူတို့ ဘာမှ မလုပ်ဘူးလို့ အစွပ်စွဲခံရမှာကိုလည်း ကြောက်တယ်လို့ ပြောကြတယ်”ဟု Patrick Mahony က ပြောသည်။
PetroSaudi က သူတို့ အနေဖြင့် မည်သည့် အာဏာပိုင် အဖွဲ့အစည်း၊ မည်သည့် တရားစီရင်ရေး အဖွဲ့အစည်းနှင့် မဆို ပူးပေါင်း လုပ်ဆောင်မည် ဖြစ်သည်ဟု ပြောသည်။ မည်သည့် တရားစီရင်ရေး ပိုင်နက် (နိုင်ငံ) တွင်မှ စုံစမ်း စစ်ဆေးမှု ခံနေရခြင်း မရှိကြောင်း ပြောသည်။ Patrick Mahony ကို အမေရိကန် သို့မဟုတ် ဆွစ်ဇာလန် တာဝန်ရှိသူများက တွေ့ဆုံ မေးမြန်းခြင်း မရှိခဲ့ပါ။
Xavier Justo ထံမှ ပေါက်ကြားခြင်း၏ အကျိုးဆက်များက တကမ္ဘာလုံးတွင် ရိုက်ခတ်နေဆဲ ဖြစ်သည်။ အမေရိကန် တရား ရေးဌာနက 1MDB နှင့် ပတ်သက်သည့် အမှုကို ထုတ်ပြသည့် အချိန်တွင် ဆက်လက်၍ ရှိနေသည်။
“မလေးရှား ပြည်သူတွေက အကြီးအကျယ် အလိမ်ခံခဲ့ရတယ်”ဟု FBI ဒုတိယ ညွှန်ကြားရေးမှူး Andrew McCabe က ပြောသည်။ ရှေ့နေချုပ်၏ ရှင်းလင်းချက်များကို ခုခံချေပချင်သည့် မည်သည့် အဖွဲ့အစည်းမဆို စွပ်စွဲချက်များကို ဖြေကြားရန်အတွက် ရက်ပေါင်း ၆၀ အတွင်း ဖက်ဒရယ် တရားရုံးတခုတွင် တုံ့ပြန် တရားစွဲဆိုရမည် ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက The Guardian သို့ပြောသည်။
သီးခြား အမှုတခုတွင် 1MDB အတွင်း ပြုလုပ်သော ငွေချေးစာချုပ်များ နှင့် ပတ်သက်သည့် ဒေါ်လာ ၆.၅ ဘီလီယံ ကို ကိုင်တွယ်ရာတွင် Goldman Sachs က အမေရိကန် ဘဏ်ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ရှိ မရှိ ကိုလည်း အမေရိကန် တရားရေး ဌာန က စုံစမ်းနေသည်။ အဆိုပါ ကိစ္စကို ဆောင်ရွက်ပေးသည့် အတွက် Goldman Sachs က ဒေါ်လာ ၅၉၃ သန်း ရရှိခဲ့သည်။ မည်သည့် အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း Goldman Sachs က ငြင်းဆန်ခဲ့သည်။
“ကျနော်တို့က မလေးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ရန်ပုံငွေ တခုအတွက် ငွေကြေး ရှာဖွေရာမှာ ကူညီပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီရန်ပုံငွေ အချို့က အခြားသော ရည်ရွယ်ချက်တွေကို ပြောင်းလဲသွားနိုင်ခြင်း ရှိ မရှိ ကို ကျနော်တို့ မသိနိုင်ခဲ့ပါဘူး”ဟု Goldman Sachs က The Guardian သို့ ပြောသည်။
အရေးအကြီးဆုံးမှာ အမေရိကန် တရားရေးဌာန၏ စွပ်စွဲမှုများက သူ၏ ပုဂ္ဂလိက ငွေစာရင်းများတွင် အဆုံးသတ်ခဲ့ သည့် သန်းပေါင်း ရာနှင့် ချီသော ဒေါ်လာများ၏ မူလဇစ်မြစ်နှင့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် နာဂျစ် ထပ် တလဲလဲ ပြောဆိုချက်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကွဲလွဲနေသည်။ သူက ဆော်ဒီ အာရေးဗီးယားမှ အလှူရှင် တဦး ပေးသောငွေ ဟု ဆိုသည်။
အမေရိကန် တရားရေးဌာန၏ စွဲဆိုမှုက မလေးရှားနိုင်ငံ၏ ဒီမိုကရေစီ အတွက် အရေးပါသည့် အချိန်တခုတွင် ထွက် ပေါ် လာခြင်း ဖြစ်သည်။
သြဂုတ်လ ၁ ရက်နေ့တွင် နာဂျစ် ၏ ပြင်းထန်သော အမျိုးသားလုံခြုံရေး ဥပဒေတခု စတင် အာဏာတည်ခဲ့ပြီး မည် သည့် နေရာဒေသတွင် မဆို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရန် မလေးရှား အစိုးရကို အခွင့်အာဏာ ပေးထားသည်။ အဆိုပါ ဥပဒေက မလေးရှာ လုံခြုံရေးတပ်ဖွဲ့၏ အာဏာကိုလည်း သိသိသာသာ တိုးချဲ့ပေးထားသည်။ ဝရန်း မပါဘဲ ဖမ်းဆီး ခြင်း၊ ရှာဖွေ သိမ်းဆည်းခြင်း နှင့် အဆောက်အအုံများကို ဖြိုဖျက်ခြင်းများ အတွက် ခွင့်ပြုချက် ပေးထားသည်။
သို့သော်လည်း ကမ္ဘာ၏ အခြားနေရာများတွင်မူ ကျယ်ပြန့်သော အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများက တိုးချဲ့ လာနေသည်။ ဆွစ်ဇာလန် နိုင်ငံတွင် RBS Coutts နှင့် Rothschild ဘဏ်များက အရှုပ် တော်ပုံ ၏ ငွေလွှဲပြောင်းမှုများတွင် ကြားခံဖြစ်ခဲ့ကြောင်း အမေရိကန် တရားရေးဌာန က ဖော်ထုတ်ခဲ့သည်။
ဆွစ်ဇာလန် ရှေ့နေချုပ် က ဒေါ်လာ ဘီလီယံနှင့် ချီသည့် မသမာမှုကို အနီးကပ် စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေ သည်။ The Guardian က ဆက်သွယ်သည့် အချိန်တွင် ဘဏ်များက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။
အဓိက ဘဏ်ကြီးများတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အားနည်းချက်များ ရှိနေကြောင်း စင်ကာပူ နိုင်ငံ က တွေ့ရှိခဲ့သည်။ စင်ကာပူနိုင်ငံ၏ သမိုင်းတွင် ပထမဆုံးအနေဖြင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တခုကို အာဏာ ပိုင် များက ပိတ်သိမ်းခဲ့သည်။
ဧပြီလ အတွင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က 1MDB မသမာမှုတွင် ပူးပေါင်း ကြံစည်သူများဟု ယူဆရသူများ၏ ငွေစာရင်းများထဲရှိ သန်း ရာနှင့် ချီသော ဒေါ်လာများကို ထိန်းသိမ်းလိုက်ပြီး ထိုငွေစာရင်း ပိုင်ရှင်များ ကို ပြည်ပသို့ သွားလာခွင့် ပိတ်ပင်လိုက်၏။
1MDB ဘုတ်အဖွဲ့က ၎င်းတို့ အနေဖြင့် မည်သည့် အမှားအယွင်းမျှ ပြုလုပ်ခဲ့ခြင်း မရှိဟု ယုံကြည်ကြောင်း ပြောသည်။
သို့သော်လည်း ကြိုတင် ကာကွယ်မှုတခု အနေဖြင့် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ် ငွေစာရင်းများ အတွက် မည်သည့် အဖွဲ့ အစည်း အပေါ်တွင်မှ ယုံကြည်မှု မရှိသင့်ကြောင်းလည်း ပြောသည်။ ဝန်ကြီးချုပ် နာဂျစ် က သူ့အနေဖြင့် မည်သည့် ရာဇဝတ်မှု သို့မဟုတ် မကောင်းမှုကိုမျှ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ပြောကြားသည်။ သူ၏ ရှေ့နေချုပ် ကလည်း နာဂျစ် သည် အကျင့်ပျက်ခြစားမှုနှင့် ကင်းရှင်းကြောင်း ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့သည်။
ယခုအခါတွင် ဤကဲ့သို့ ကြီးမားသော မသမာမှုတခုကို အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် ဖော်ထုတ်ပေးခဲ့ သူမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အကျဉ်းထောင် တခုအတွင်း ရှိနေဆဲ ဖြစ်သည်။ သူ့အပေါ် သစ္စာဖောက်ခဲ့သော မိတ်ဆွေ တဦးကို အနိုင်ယူလိုသော ဆန္ဒ သို့မဟုတ် လက်စားချေလိုစိတ်နှင့် ကိုယ်ကျင့်သိက္ခာတို့က ပေါင်းစပ်၍ Xavier Justo ကို စေ့ဆော် ခဲ့ကြသည်။ လက်စားချေရန် နှင့် တန်ဖိုးတခု အတွက် သူက ဖွင့်ချရန် ရွေးချယ်ခဲ့သည်။
သူက သမိုင်းတွင် အမှန်တရားကို ဖော်ထုတ်ရန် အတွက် တကိုယ်ကောင်းမဆန်စွာ အန္တရာယ်ကို ရင်ဆိုင်ခဲ့သူ တဦး အဖြစ် ဖော်ပြခြင်း ခံရကောင်းမှ ခံရပါလိမ့်မည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရင်း လူမသိသူမသိ သူ့ကိုယ်သူ စတေး ခဲ့ရသည်။ ။
The Guardian တွင် ဖော်ပြထားသည့် Randeep Ramesh ၏ 1MDB: The inside story of the world’s biggest financial scandal ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
စက်စပ် ဖတ်ရှုရန် – ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၁)
ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၂)
ကမ္ဘာ့အကြီးဆုံး ငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံ (၃)