ဆောင်းပါး

ဗိုလ်ချုပ်ကြေးရုပ်နောက်ကွယ်က ကယားနိုင်ငံရေး

Want create site? Find Free WordPress Themes and plugins.

၂ဝ၁၂ ဇူလိုင်လရဲ့တခုသော ညသန်းခေါင်အချိန်မှာ စိတ်တူကိုယ်တူရှိကြတဲ့ ကရင်နီလူငယ်တချို့ဟာ လျှို့ဝှက်နိုင်ငံရေးလှုပ်ရှားမှုတခု လုပ်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။

ဆယ်စုနှစ် နှစ်ခုကျော်ကြာတဲ့ စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားချိန် စစ်အစိုးရဟောင်းရဲ့လူတွေ အဲဒီအချိန်က သူတို့ကို နေရာအနှံ့ကနေ စောင့်ကြည့်နေတဲ့ကြားက ဗိုလ်ချုပ်အောင်ဆန်းကို အမွှမ်းတင်ထားတဲ့၊ အာဇာနည်နေ့နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို မြို့အနှံ့ လိုက်ကပ်ကြပါတယ်။

ရက်အနည်းငယ်ကြာတော့ သူတို့ဟာ ပိတ်ထားတာကြာပြီဖြစ်တဲ့ ကယားပြည်နယ် လွိုင်ကော်မြို့လယ်က အာဇာနည် ကျောက်တိုင် စိုက်ထူထားတဲ့ ပန်းခြံထဲက မြက်တွေကို စတင်ရှင်းလင်းပါတော့တယ်။

အာဇာနည်နေ့အရောက်မှာတော့ လူငယ် ၅ဝ လောက်ဟာ ရဲနဲ့ အရပ်ဝတ်ထောက်လှမ်းရေး ၂ဝဝ လောက် စောင့်ကြည့်နေတဲ့ကြားထဲကနေ လွတ်လပ်ရေးခေါင်းဆောင်တွေကို ချီတက် အလေးပြုခဲ့ကြပါတယ်။

“နိုင်ငံရေးသမားပါလို့ အခုပြောနေတဲ့သူတွေ (အဲဒီတုန်းက) တယောက်မှမပါဘူး” လို့ အာဇာနည်နေ့ကို အသစ်တဖန်ပြန် အသက်သွင်းခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့ ကယန်းလူငယ် ခွန်းအသန်းက ပြောပါတယ်။

နောက်ခြောက်နှစ်အကြာ ၂ဝ၁၈ ဇူလိုင်မှာတော့ အဲဒီလူငယ်ထဲက တဒါဇင်လောက်ဟာ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး အစီအစဉ်ကို ကန့်ကွက်မှုကြောင့် တရားစွဲခံနေရပြီး လေးယောက်ဟာ လွိုင်ကော် အကျဉ်းထောင်မှာရောက်နေပါတယ်။

စစ်ပွဲတွေ၊ ဘာသာရေးပဋိပက္ခတွေ မရှိဘဲ ငြိမ်သက်နေတဲ့ မြန်မာနိုင်ငံအရှေ့ဖျား ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်ကြေးရုပ်စိုက်ထူဖို့ ပြည်နယ်အစိုးရက စီစဉ်ခဲ့ပြီးတဲ့နောက်ဒေသခံတွေနဲ့ အစိုးရအကြား တင်းမာမှုတွေ၊ အမြင်မကြည်လင်မှုတွေ ဖြစ်နေပါတယ်။

တချိန်က ဗိုလ်ချုပ်ကို စံပြအဖြစ် ယုံကြည်ကြတဲ့ ဌာနေတိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်နေကြရပါတယ်။ သူတို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲ အနိုင်ရအောင် ကြိုးစားပေးခဲ့ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမည့် နေရာ (ဓာတ်ပုံ – Myanmar Now)

အကျပ်အတည်းများ၏ အစ

ကျပ်သိန်း ၈ဝဝ နီးပါး ကုန်ကျမယ့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမနားက ပန်းခြံမှာထားဖို့ ပြည်နယ်အစိုးရက ဖေဖော်ဝါရီလဆန်းမှာ ဆုံးဖြတ်တဲ့နောက် နှစ်ဖက်အကြားတင်းမာမှုက စတင်ပါတော့တယ်။

ပြည်နယ်ထဲ ပထမဆုံးစိုက်ထူမယ့် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံအချို့က သဘောမကျပါဘူး။ အထူးသဖြင့် ဌာနေ တိုင်းရင်းသားတွေ စိတ်မသက်မသာ ဖြစ်နေကြပါတယ်။ ဗိုလ်ချုပ်ဟာ လူများစုဖြစ်တဲ့ ဗမာတွေအတွက် လွတ်လပ်ရေး သူရဲကောင်း ဖြစ်ပေမယ့် ကယားပြည်နယ် အတွက်တော့ ဒီအချက်ဟာမဟုတ်ခဲ့ဘူးလို့ ကန့်ကွက်သူတွေက ထောက်ပြပါတယ်။

‘ကရင်နီပြည်’လို့ခေါ်တဲ့ ကယားဒေသဟာ သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိခဲ့တဲ့ ဒေသအဖြစ် ၁၈၇၅ ခုနှစ်မှာ ဗမာနဲ့ အင်္ဂလိပ်ဘုရင်ရဲ့သံတမန်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ အချက်ကို သူတို့က ကိုင်စွဲထားခဲ့ကြပါတယ်။ ဒီအချက်ကြောင့် အဲဒီဒေသဟာ ဗမာဘုရင်ထိန်းချုပ်ထားတဲ့ဒေသမဟုတ်သလို အင်္ဂလိပ်ကိုလိုနီဒေသလည်း မဖြစ်ခဲ့ဘူးလို့ ကယားလူမျိုးတွေက အခိုင်အမာ ယုံကြည်ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးအကြိုကာလမှာ ကယားပြည်နယ်ကို တကြိမ်ရောက်ခဲ့ဖူးပြီး နိုင်ငံသစ်ကိုအတူတကွ တည်ထောင်ကြဖို့နဲ့ ဒီလိုတည်ထောင်ရာမှာ တန်းတူအခွင့်အရေးပေးမယ်လို့ ကတိကဝတ်တွေလည်း ပြုခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့အခြားဒေသတွေလိုပဲ ကယားပြည်နယ်မှာလည်း အာဏာရအစိုးရတွေရဲ့ ဗိုလ်ကျလွမ်းမိုးမှုတွေ တိုင်းရင်းသား အခွင့်အရေးတွေကို ကန့်သတ်မှုတွေ ဖြစ်လာခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ‘ကရင်နီနယ်’ လို့သတ်မှတ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း ထည့်သွင်းခဲ့ပါတယ်။ ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ (၈) အရ ‘ကယားပြည်နယ်’ အမည်နဲ့ သီးခြားပြည်နယ်တခု ဖြစ်လာခဲ့ပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် ကလူဦးရေရဲ့ တဝက်တောင်မရှိတဲ့ လူဦးရေ ၂၉ဝ,ဝဝဝ နီးပါးနေထိုင်တဲ့ နိုင်ငံ အရှေ့ပိုင်းက ကယားပြည်နယ်ဟာ လွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်း တိုးတက်မှု နှေးကွေးခဲ့ရတဲ့ ဒေသတခုဖြစ်ခဲ့ပါတယ်။

နိုင်ငံကို လျှပ်စစ်စွမ်းအင် ထုတ်ပေးရာ အဓိက နေရာဖြစ်တဲ့ လောပိတ ဓာတ်အားပေး စက်ရုံဟာ ကယားပြည်နယ်ထဲမှာ ရှိတာဖြစ်ပေမယ့် ပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်ဘဲ အစိုးရလျှပ်စစ်မီးရတယ်လို့ ၂ဝ၁၄ သန်းခေါင်စာရင်းက ဆိုပါတယ်။

အခြားဒေသတွေနဲ့ ကွဲပြားတဲ့ သမိုင်းနောက်ခံ ရှိတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူဖို့အစီအစဉ်ကို ဒေသခံတွေက လနဲ့ချီ ကန့်ကွက်ခဲ့ကြပေမယ့် အစိုးရဟာ နောက်မဆုတ်ခဲ့ပါဘူး။ နှစ်ဖက်အကြား တင်းမာမှုတွေဟာ အခုအချိန်မှာအမြင့်ဆုံးအဆင့်ရောက်နေခဲ့ပြီး၊ ကန့်ကွက်ဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွင်းတာ၊ တရားစွဲဆိုတာတွေ ဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဒေသခံလူငယ် ၂ဝ လောက်ဟာ ကရင်နီသမိုင်း စာရွက်ဖြန့်ဝေမှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။ သူတို့ထဲက တချို့ဟာ လွိုင်ကော်ထောင်မှာ ထိန်းသိမ်းခံနေရပါတယ်။

ဒေသခံတွေနဲ့ အစိုးရအကြား တင်းမာလာတဲ့ ဒီပြဿနာ အစပြုတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူရေးအတွက် ပါတီနဲ့ အစိုးရက သူတို့မူဝါဒမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ လအတွင်းက ထုတ်ပြောလိုက်ပြီးတဲ့နောက်မှာ ဒေသခံအများအပြားရဲ့ ဒေါသဟာ ပြည်နယ်အစိုးရဆီကို စုပြုံရောက်သွားခဲ့ပါတယ်။

အထူးသဖြင့် ရုပ်ထုစိုက်ထူရေးကို တက်တက်ကြွကြွဦးဆောင်နေတဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဦးတည်ကန့်ကွက်ကြပါ တော့တယ်။

မျက်နှာသစ် ခေါင်းဆောင်

ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပေမယ့် ခရစ်ယာန်တွေ မှည့်လေ့ရှိတဲ့ကျမ်းစာထဲက “အယ်လ်ဖောင်းရှို” ဆိုတဲ့ အမည်နဲ့ အမျိုးသားဟာ ရွေးကောက်ပွဲအပြီး ကယားမှာ လူသိနည်းတဲ့မျက်နှာသစ်ဖြစ်ပါတယ်။

ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို (ဓာတ်ပုံ – ကယားပြည်နယ်အစိုးရအဖွဲ့ရုံး)

လူဦးရေ သုံးသိန်းတောင် မပြည့်တဲ့ကယားက လက်ချိုးရေတွက်လို့ရတဲ့ နိုင်ငံရေးသမားတွေကြားထဲမှာလည်း ၃၉ နှစ်အရွယ် ဦးအယ်လ်ဖောင်းရှို ဘယ်သူဘယ်ဝါမှန်း မသိကြသလို ပြည်နယ်ထိပ်ပိုင်းNLD ခေါင်းဆောင်အချို့လည်း သူ့ကို မသိကြပါဘူး။

ကယန်းနဲ့ ရှမ်း သွေးပါတဲ့ ဦးအယ်လ်ဖောင်းရှိုဟာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ လပိုင်းအလိုရောက်မှ ပညာရေးဝန်ထမ်းအဖြစ်ကနေ နုတ်ထွက်ပြီး NLD ထဲဝင်ဖို့ စာရင်းပေးခဲ့တာ ဖြစ်ပါတယ်။

လောပိတရှမ်းရွာလို့ခေါ်တဲ့ လွိုင်ကော်မြို့နယ်ထဲက ကျေးရွာလေးမှာ မွေးဖွားခဲ့တဲ့သူဟာ စစ်ကိုင်းက ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းဆင်း တဦးပါ။

ဒို့တာဝန်အရေးသုံးပါးကို လိုက်နာပြီး ပါတီနိုင်ငံရေးကင်းရှင်းပါ့မယ်လို့ ကတိပေးမှ တက်ခွင့်ရခဲ့တဲ့ အဲဒီတက္ကသိုလ်ဟာ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦးဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီ ပေါ်ပေါက်ပြီး နှစ်နှစ်အကြာ ၁၉၆၄ မှာ တည်ထောင်တာ ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်မှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက် ရောက်သွားပါတယ်။

အဲဒီတက္ကသိုလ်ကနေ B.Ed ပညာရေးဘွဲ့ ရခဲ့ပြီးတဲ့နောက် လူဦးရေ ၆ဝဝဝ လောက်ပဲရှိတဲ့ ကယားပြည်နယ် မယ်စဲ့ မြို့နယ်မှာ လက်ထောက်မြို့နယ်ပညာရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ဝန်ထမ်းဘဝမျာ သူဟာ စည်းကမ်းလိုက်နာပြီး နာမည်ပျက်မရှိဘဲ နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်နဲ့ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုရေး တံဆိပ်ဆိုတဲ့ ဆုနှစ်ဆုလည်း ရခဲ့ပါသေးတယ်။

NLD ပါတီရဲ့ သုတေသနနှင့် မဟာဗျူဟာ လေ့လာရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းဟာ ရွေးကောက်ပွဲမတိုင်ခင် မယ်စဲ့ကိုရောက်ချိန်မှာ ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ဦးအယ်လ် ဖောင်းရှိုကို အမတ်လောင်းအဖြစ် တင်မြှောက်ဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ အမည်မဖော်လိုတဲ့ NLD ပါတီဝင်အချို့က ပြောပါတယ်။

၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် မယ်စဲ့မဲဆန္ဒနယ် အမှတ်(၂) မှာ ထောက်ခံမဲ ၇၂၅ မဲနဲ့ ပြိုင်ဘက်ခုနစ်ယောက်ကို အလဲထိုးပြီး ဦးအယ်လ်ဖောင်းရှို အမတ်ဖြစ်လာခဲ့ပေမယ့် ဝန်ကြီးချုပ်အဖြစ် ရေပန်းစားတာ သူမဟုတ်ပါဘူး။ အဲဒီတုန်းက ရေပန်းစားတာကတော့ လွိုင်ကော်မြို့ ပြည်နယ်ဆေးရုံ လက်ထောက်ဆရာဝန်ဟောင်း အသက် ၄၉ နှစ်အရွယ် ဒေါက်တာအောင်ကျော်ဌေးပါ။

တချိန်တည်းမှာ ရွေးကောက်ပွဲပြီးတော့ ရက်ပိုင်းအတွင်း ပြည်နယ်ထဲက လူငယ်တွေနဲ့ လက်နက်ကိုင်အချို့က လူထုအစည်းအဝေးတခုခေါ်ခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့်သူဟာ ဒေသခံဌာနေ တိုင်းရင်းသားဖြစ်သင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ရန်ကုန်ကော့မှူးဖွား ကရင်မျိုးနွယ်စုဝင် ဒေါက်တာ အောင်ကျော်ဌေးဟာ ဝန်ကြီးချုပ် နေရာနဲ့ လွဲခဲ့ရပါတယ်။

ဒေသခံတွေဟာ အဲဒီဆုံးဖြတ်ချက်ကို ပြည်နယ် NLD ခေါင်းဆောင်တွေက တဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီ အရောက်ပို့ခဲ့ပါတယ်။ နောက်ထပ် အလားအလာရှိတဲ့သူကို ထပ်မံရှာဖွေတဲ့အချိန်မှာ ဦးအယ်လ်ဖောင်းရှိုဟာ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပါတော့တယ်။

“ကျနော်တို့အမြင်မှာတော့ NLD ဟာ ရွေးချယ်စရာ မရှိဘူး။ ဝန်ကြီးချုပ်အဖြစ် သူ့ကို မလွဲမသွေ ခန့်လိုက်ရတယ်လို့ ယူဆတယ်” လို့ ကယားပြည်နယ်မှာ နိုင်ငံရေးလှုပ်ရှားသက်တမ်း ၁ဝ နှစ်ကျော်ရှိတဲ့ အသက် ၃ဝ အရွယ် ခွန်းအသန်းက ပြောပါတယ်။

NLD ခေါင်းဆောင်တွေဟာ ကယားဝန်ကြီးချုပ်ကို ရွေးချယ်ချိန်မှာ အတော်လေး အကျပ်ရိုက်ခဲ့ဖွယ်ရှိတယ်လို့ ဒေသခံတွေက ထင်မြင်ကြပါတယ်။ ဒီအကျပ်အတည်းဟာ ရွေးကောက်ပွဲ အတွက် အမတ်လောင်း ရွေးကတည်းက စတင်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD ဟာ ၁၉၉ဝ ရွေးကောက်ပွဲအလွန် ကာလတွေ ကတည်းက ကယားပြည်နယ်မှာ လွန်စွာ ကျပ်တည်းတဲ့ အခြေအနေနဲ့ ရုန်းကန်ရှင်သန်ခဲ့ရလို့ပါပဲ။

မဖွဲ့ခင်က ကွဲနှင့်သည်

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ခဲ့တဲ့ တပ်မတော်အစိုးရဟာ သူ့ရဲ့မဟာပြိုင်ဘက် NLD ကို ချေမှုန်းတဲ့ စစ်ဆင်ရေးမှာ ကယားပြည်နယ်ဟာ ဦးစားပေးအဆင့်မှာ ရှိခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ကယားပြည်နယ် မဲဆန္ဒနယ် ရှစ်နယ်အနက် ထက်ဝက်အနိုင်ရခဲ့တဲ့ NLD ကို ပြည်နယ်တွင်း လှုပ်ရှားလို့မရအောင် NLD ကင်းစင် နယ်မြေလို့ ကြွေးကြော် ဖိအားပေးခဲ့ပါတယ်။

လွိုင်ကော်မြို့ နေအိမ်မှာ တွေ့ရတဲ့ ဒေသခံ နိုင်ငံရေးသမားကြီး ဦးအောင်တင် (ဓာတ်ပုံ – ဖဒူ ထွန်းအောင်/Myannmar Now)

“မြို့နယ် စည်းရုံးရေးမှူးတွေ စာရင်း ရသွားတော့ ဘယ်သူမှန်းတော့ သူတို့ (စစ်ထောက်လှမ်းရေးတွေ) က မသိဘူးပေါ့။ ဒါပေမယ့် နာမည်တူတဲ့သူတွေ အကုန်လုံးကို လိုက်ဖမ်းတော့တာပဲ” လို့ ကယား NLD ရဲ့၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ် ဦးအောင်တင်က ပြန်ပြောင်းပြောပါတယ်။

အပြင်းအထန် ထိုးနှက်မှုတွေကြောင့် ၁၉၉၄ မှာ ရှားတောမဲဆန္ဒနယ် အမတ်ဦးအောင်တင် NLD ကနေ နုတ်ထွက်ခဲ့သလို မိတ်ဆွေတွေလည်း အကျဉ်းကျခံခဲ့ရပြီးတဲ့နောက် ကယားပြည်နယ်မှာ NLD လှုပ်ရှားမှုဟာ မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီး NLD ဟာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်လာတဲ့ရွေးကောက်ပွဲတွေကို ဝင်ဖို့ ပါတီကို ၂ဝ၁၁ နှောင်းပိုင်းမှာ ပြန်ပြီးမှတ်ပုံတင်ခဲ့တဲ့နောက် ကယား NLD လည်း ပြန်အသက်ဝင်လာခဲ့ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲကတည်းက ပါခဲ့တဲ့ ကယား NLD ပါတီဝင်ဟောင်းတွေဟာ အလျင်အမြန်ပဲ ပြည်နယ်ပါတီ ဖြစ်လာအောင် စုစည်းလိုက်ကြပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ်လူသစ်အုပ်စုတစုက ကယား NLD ဆိုပြီး ဆိုင်းဘုတ်အပြိုင်တင်တဲ့နောက်မှာ ဗဟိုရဲ့ အသိအမှတ်ပြုမှုကို ရယူဖို့ကြိုးပမ်းတဲ့ လူဟောင်း နဲ့ လူသစ် NLD ပါတီနှစ်ဖွဲ့ဆိုပြီး စင်ပြိုင်သဘောမျိုး ဖြစ်လာခဲ့ပါတယ်။

လွိုင်ကော်က NLD နှစ်ဖွဲ့ကွဲတဲ့ပြဿနာကို ရန်ကုန်က ဝင်ရှင်းရပါတယ်။ ရှင်းအပြီးမှာ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးအောင်တင် ပါဝင်တဲ့ NLD ကို အသိအမှတ်မပြုဘူးလို့ ရန်ကုန် ရုံးချုပ်က ကြေညာလိုက်ပါတယ်။

“NLD ရဲ့ဆုံးဖြတ်ချက်ကတော့ ဗဟိုဆန်လွန်းအားကြီးတယ်။ ကျနော်တို့တင်ပြတာတော့ နားမထောင်ဘူး။ သူတို့လုပ်ချင်တာလုပ်တာ” လို့ ၈၃ နှစ်အရွယ် နိုင်ငံရေးသမားကြီး ဦးအောင်တင်က ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ချိတ်ဆွဲထားတဲ့ သူဧည့်ခန်းထဲမှာ ထိုင်နေရင်းပြောပါတယ်။

NLD ဌာနချုပ်ရဲ့ အသိအမှတ်ပြုတာမခံရတဲ့ နိုင်ငံရေးသမားတွေဟာ နောက်တနှစ်အကြာမှာ “ကယားလူမျိုးစု ဒီမိုကရေစီပါတီ” ကို တည်ထောင်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပေမယ့် အနိုင်မရခဲ့ပါဘူး။ အဲဒီပါတီဟာ ပြီးခဲ့တဲ့နှစ်က ဒေသခံကယားပါတီတခုနဲ့ပေါင်းပြီး “ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ” အဖြစ် ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

မဟာမိတ်များနှင့် အိုးစားကွဲခြင်း

ရန်ကုန်ရုံးချုပ် အသိအမှတ်ပြုခံရတဲ့အဖွဲ့မှာ ပါဝင်သူတွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ပါတော့တယ်။

“ပြောင်းလဲချိန်တန်ပြီ” လို့ကြွေးကျော်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲဝင်ချိန်မှာတော့ စစ်အုပ်ချုပ်ရေး ဆန့်ကျင်ကြဖူးတဲ့ ကယားပြည်နယ်ကနိုင်ငံရေး အင်အားစုတွေဟာ NLD ကို မဟာမိတ်အဖြစ် သတ်မှတ်ပြီး ရွေးကောက်ပွဲအတွက် ဝိုင်းကူခဲ့ကြပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အသာရခဲ့တဲ့ ရလဒ်မျိုး ၂ဝ၁၅ မှာ အဆုံးသတ်နိုင်ဖို့ ဒေသခံ နိုင်ငံရေးအင်အားစုတွေဟာ NLD အတွက် မဲဆွယ်ပေးခဲ့ ကြပါတယ်။

“အထူးသဖြင့် အရင်အစိုးရ ဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့တွေ ဝင်ရောက်ယှဉ်ပြိုင် တဲ့နေရာတွေမှာ ကျနော်တို့ဒေသခံတွေ နိုင်မှပဲ ဖြစ်မယ်ဆိုပြီး ပစ်မှတ်ထားပြီး (NLD အနိုင်ရအောင်) ရွေးကောက်ပွဲ မဲဆွယ်မှုတွေလုပ်ကြတယ်” လို့ ကယန်းတိုင်းရင်းသား ခွန်းအသန်းက ပြောပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD ဟာ ပြည်နယ်တွင်း မဲဆန္ဒနယ် အားလုံးရဲ့ လေးပုံသုံးပုံ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအလွန် ကာလရောက်ချိန် NLD အစိုးရဟာ သူတို့မဟာမိတ်တွေနဲ့ ဆက်ဆံရေး မရှိသလောက်ဖြစ်သွားခဲ့တယ်လို့ ဝန်းရံခဲ့ကြတဲ့ ဒေသခံနိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။

NLD အစိုးရဟာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုကို ထိန်းချုပ်လာတာ၊ ယဉ်ကျေးမှုပွဲလမ်းသဘင်တွေ ကျင်းပရင် ထောက်ခံချက် အဆင့်ဆင့် တောင်းတာ စတာတွေ တစ်စတစ်စ တိုးပြီးလုပ်လာခဲ့တယ်လို့ နယ်ခံ နိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။

NLD ပါတီ အစိုးရရဲ့တုံ့ပြန်ပုံဟာ သူတို့ကိုအံအားသင့်စေခဲ့တယ်လို့ ခွန်းအသန်းက ပြောပါတယ်။

“ယုံကြည်မှုပြန်တည်ဆောက်ဖို့က တော်တော်နဲ့ မလွယ်တော့ဘူး။ လမ်းက တလမ်းစီ ဖြစ်သွားတဲ့ ပုံစံမျိုးပါ” လို့ သူကဆိုပါတယ်။

အဓိပ္ပာယ်နှစ်ခုနဲ့ ဗိုလ်ချုပ်ကြေးရုပ်

ဝေဖန်မှုတွေ အပြင်းအထန်ခံနေရတဲ့ ပြည်နယ်ဝန်ကြီးချုပ် ရဲ့ ဗိုလ်ချုပ်ရုပ်တုကို ထောက်ခံတဲ့သူတွေလည်း ရှိကြပါတယ်။ Myanmar Now က လွိုင်ကော် ဒေသခံ ၁၅ ယောက်လောက်ကို မေးမြန်းကြည့်တဲ့အခါ တဝက်လောက်က ဒီအစီအစဉ်ကို သဘောတူကြပါတယ်။ အထူးသဖြင့် ဗမာမျိုးနွယ်စုတွေက ထောက်ခံကြပါတယ်။

သူတို့တွေဟာ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာတယ် လို့ ထောက်ခံပြောဆိုပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်ကြေးရုပ်ဟာလည်း ပြည်နယ်အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။

“သူတို့ (ကန့်ကွက်တဲ့သူတွေ) အတွက်လည်း ဘာမှ နစ်နာသွားတာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အထိမ်းအမှတ်တခုအနေနဲ့ ထားသင့်တယ်လို့မြင်တယ်” လို့ ၂၁ နှစ်အရွယ် ကယန်းအမျိုးသမီး တစ်ယောက်က Myanmar Now ကိုပြောပါတယ်။

ကြေးရုပ်စိုက်ထူရေး ကန့်ကွက်သူတွေကတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ NLD ဟာ လွတ်လပ်ရေးခေါင်းဆောင်ရဲ့ နာမည်ကို အသုံးပြုပြီး ရွေးကောက်ပွဲမှာ မဲရဖို့အတွက် ကြိုးစားနေကြတယ်လို့ စွပ်စွဲကြပါတယ်။

“သူတို့က နိုင်ငံရေး မပါးနပ်ဘူး။ နိုင်ငံရေးကို ဖြတ်လမ်းနည်းနဲ့ လုပ်တယ်။ ပုံရိပ် တည်ဆောက်တဲ့နေရာမှာလည်း ကိုယ့်အရည်အချင်းနဲ့ မလုပ်ဘူး။ အားကိုးနဲ့ နိုင်ငံရေးပုံရိပ်တွေ ဩဇာတွေ တည်ထောင်နိုင်ဖို့ လုပ်တယ်” လို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တာကြောင့် ၂ဝဝ၈ တုန်းက ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံခဲ့ရတဲ့ ဒီးဒီက ဝေဖန်ပါတယ်။

NLD အစိုးရဟာ မွန်ပြည်နယ်ချောင်းဆုံ တံတားကို ဒေသခံတွေ သဘောထားနဲ့ ဆန့်ကျင်ပြီး ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးခဲ့တာ၊ နေပြည်တော်မှာ နိုင်ငံအတွင်း အကြီးဆုံး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ စီစဉ်နေတာတွေလည်း ရှေ့မှာ ရှိခဲ့ပါတယ်။ ကယားမှာတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဟာ သူ့ကို NLD ထိပ်ပိုင်းခေါင်းဆောင်တွေ သဘောကျလာအောင် ဗိုလ်ချုပ်ရုပ်တုကို မဖြစ်မနေ ထုလုပ်ချင်တဲ့သဘောရှိတယ်လို့ ဝေဖန်ခံနေရပါတယ်။

“ဗိုလ်ချုပ်မြင်တာနဲ့ ဒေါ်စုဆိုတာ မြင်လာမယ်။ ဒေါ်စုမြင်တာနဲ့ NLD အစိုးရဆိုတာ မြင်လာမယ်။ နိုင်ငံရေးကို အသုံးချတယ်” လို့ ပြည်ခိုင်ဖြိုးပါတီဝင် ယခင် ကယားပြည်နယ်အစိုးရ စည်ပင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဦးအယ်လ်ဖောင်းရှို ရွေးကောက်ပွဲနီးမှ NLD ပါတီဝင်ဖြစ်လာခဲ့ပေမယ့် ပါတီတွင်း အလျင်အမြန် ဩဇာကြီးလာပြီး ထိပ်ပိုင်းနေရာ တက်လှမ်း နိုင်ခဲ့ပါတယ်။ ပါတီဝင် သက်တမ်း သုံးနှစ်နီးပါးသာ ရှိသေးပေမယ့် ပြီးခဲ့တဲ့လက ကျင်းပတဲ့ NLD ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအပြီးမှာ သူဟာ ဗဟိုကော်မတီဝင် ဖြစ်လာပါပြီ။

သူ့အပေါ် စွပ်စွဲမှုတွေကို မေးမြန်းဖို့ Myanmar Now က ဝန်ကြီးချုပ်ရုံးကို ဇူလိုင် ဒုတိယပတ်အတွင်း စာပို့မေးမြန်းခဲ့ပေမယ့် နေပြည်တော်ရောက်နေတာကြောင့် အဆက်အသွယ် မရခဲ့ပါဘူး။ ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိကို ဆက်သွယ်ရာမှာလည်း ဝန်ကြီးချုပ် အလုပ်များနေတယ်လို့သာ ဖြေကြားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် စီမံကိန်းစကတည်းက သူတို့အစိုးရဟာ ထင်သာမြင်သာဖြစ်အောင် ချပြထားတယ်လို့ ဦးအယ်လ်ဖောင်းရှိုက ဇူလိုင်လ အစောပိုင်းက RFA သတင်းဌာနကို ပြောခဲ့ပါတယ်။

“ဗိုလ်ချုပ်ကြေးရုပ် စတင်လုပ်ဆောင်တဲ့အချိန်မှာ တပြည်နယ်လုံးမှာရှိတဲ့ ကျေးရွာရပ်ကွက် အုပ်စု အုပ်ချုပ်ရေးမှူးတွေ အားလုံး၊ ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှု ကော်မတီအဖွဲ့တွေ အားလုံး ကို ဖိတ်ပြီးမှ သူတို့ရဲ့ ဆန္ဒက လိုလိုလားလား လုပ်ချင်တယ်ဆိုလို့သာ ကျနော်က ဖော်ဆောင်ပေးတာ” လို့ ဝန်ကြီးချုပ်က RFA ကို ပြောပါတယ်။

ကန့်ကွက်တဲ့သူတွေဟာ လူနည်းစုသာဖြစ်ပြီး အများစုက ထောက်ခံတယ်၊ ဒါကြောင့် အစိုးရက အများဆန္ဒကို ဖော်ထုတ်ပေးဖို့ နောက်ဆုတ်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒီလိုအကျပ်အတည်း တွေ့လာရနိုင်တယ်ဆိုတာကို ပြည်နယ်NLD ကလည်း လွန်ခဲ့တဲ့ငါးလလောက် ကတည်းက ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရကို အကြံပေးခဲ့သေးတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီကိစ္စက လောလော လောလော မလုပ်သင့်ဘူး။ ပြည်သူ့သဘောထား ခံယူပြီးတော့ လုပ်ရမယ်။ ဒါ့ကြောင့် ယာယီ ရပ်ဆိုင်းထားသင့်တယ်လို့ ဖေဖော်ဝါရီလောက်ကတည်းက ပါတီက ဆုံးဖြတ်ထားတာ” လို့ ကယားပြည်နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောပါတယ်။

အစိုးရဘက်က ရှေ့ဆက်တိုးရင် ကြုံတွေ့လာမယ့် တင်းမာမှုတွေအတွက် စိုးရိမ်နေကြတဲ့သူတွေ ရှိပါတယ်။

ပြည်နယ်အစိုးရဝန်ကြီးဟောင်းတွေကတော့ ဒေသတွင်း ဌာနေတိုင်းရင်းသားတွေဟာ သူတို့ရဲ့ သီးခြားတည်ရှိခဲ့တဲ့ သမိုင်းကြောင်းကို လေးစားသူတွေဖြစ်တဲ့တွက် သူတို့အစိုးရ သက်တမ်းအတွင်းကလည်း ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ မဖြစ်အောင် အတော်လေး သတိထားကိုင်တွယ်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဒီမှာ (ကယားပြည်နယ်မှာ) လူမျိုးရေးရယ်၊ မျိုးနွယ်စုရေးရယ်၊ ဘာသာရေးရယ် လုံးဝ ထိလို့မရဘူး” လို့ ပြည်ခိုင်ဖြိုးပါတီဝင်၊ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း ဦးရဲဝင်း ကပြောပါတယ်။

“အစိုးရ တော်တော်လေး ကိုင်တွယ်လို့ ခက်မယ်။ သူက မီးက စမွှေးထားပြီးသားဖြစ်နေတယ်” လို့ ဂေဘားမျိုးနွယ်စု နွယ်ဖွား ဝန်ကြီးဟောင်းက ပြောပါတယ်။

မကျေလည်မှုတွေဟာ အရပ်ဘက်အင်အားစုတွေတင်မဟုတ်ဘဲ ဒေသတွင်းလက်နက်ကိုင် အင်အားစုတွေ ဆီကိုပါ ရောက်သွားတဲ့အတွက် ဒေသတွင်းမှာ စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။

၂ဝ၁၂ အထိ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြီးခဲ့တဲ့သတင်းပတ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာနဲ့ ကန့်ကွက်တဲ့ဒေသခံတွေကို ဖမ်းဆီး တရားစွဲတဲ့အပေါ် စိုးရိမ်မကင်းဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို စာပို့ပါတယ်။

အပြန်အလှန်အားဖြင့် ဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံတဲ့ ပြည်နယ်အခြေစိုက် နိုင်ငံရေးအင်အားစုတွေက နေပြည်တော်မှာ လုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံကို သပိတ်မှောက်ဖို့ KNPP ကို တောင်းဆိုခဲ့ပါတယ်။

တချိန်က ပိတ်ပင်တားဆီးမှုတွေကို ကျော်ဖြတ်ရင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို အလေးပြုခဲ့ကြတဲ့ ကယားပြည်နယ်ထဲက လူငယ်တချို့ဟာ ဒီနှစ်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် အလေးမပြုနိုင်ကြတော့ပါဘူး။

အကြောင်းက သူတို့ထဲ တချို့ဟာ ရွေးကောက်ပွဲအကြိုကာလက မဟာမိတ် NLD အစိုးရနဲ့ သဘောထား မတိုက်ဆိုင်ဘဲ ဖမ်းဆီးထိန်းသိမ်းခံနေရလို့ဖြစ်ပါတယ်။

“ဒီလိုအခြေအနေဖြစ်လာမယ် မထင်လို့ ဝိုင်းကူခဲ့တာ။ အခုတော့ ကိုယ့်သမိုင်းကိုယ် ရေးကြရတော့မှာပေါ့” လို့ ရွေးကောက်ပွဲအကြိုကာလမှာ NLD အနိုင်ရရေးအတွက် အကူအညီပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဒီးဒီက သူ အဖမ်းမခံရင် တရက်အလို ဇူလိုင် ၁ဝ ရက်မှာ Myanmar Now ကို ပြောပါတယ်။

(Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading