“ကျမရဲ့ ပထမဆုံး ကင်မရာက Canon တခါသုံး ကင်မရာလေးပါ။ ဟုတ်တယ် အဲဒီတုန်းက အားလုံး ဖလင်နဲ့ပဲ”
ပတ္တနီ Pattani မြို့စွန်မှ တနင်္ဂနွေနေ့ နေ့လည်ခင်း တခု ဖြစ်သည်။ အမ်ပန်နီး ဆာတိုး Ampannee Satoh က ကြည်လင်သော အပြာရောင် ကောင်းကင်နှင့် နေလုံးကြီးအောက်မှ စပါးခင်းများကို နောက်ခံပြု၍ ထိုင်နေသည်။ ပြီးခဲ့သည့် ရက်က အိမ်နီးချင်း ယာလာ Yala ခရိုင်တွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ခဲ့သော်လည်း လူဦးရေ ၄၄,၀၀၀ သာ နေထိုင်သည့် ပတ္တနီတွင် တည်ငြိမ် အေးချမ်းမှုကို ခံစားရသည်။
“အခုတော့ ကျမ Nikon D200 သုံးတယ်” ဟု အသက်၂၈ နှစ်အရွယ် မွတ်ဆလင် ဓာတ်ပုံဆရာမက ရယ်မောရင်း ပြောသည်။
မီတာ အနည်းငယ်မျှသာ ကွာဝေးသည့် နေရာတွင် အဖြူရောင် ပြခန်းတခုကို အံ့သြဖွယ်ရာ တွေ့ရသည်။ ကြီးမားသော ဓာတ်ပုံများ နံရံတွင် ချိတ်ဆွဲထားသည်။ အနက်ရောင် အဝတ်အစားများဖြင့် ဖုံးလွှမ်းထားသော အမည်မသိ အမျိုးသမီးများ၏ ဓာတ်ပုံများ ဖြစ်သည်။ သူတို့ အားလုံးနီးပါးက မျက်လုံးများ သို့မဟုတ် ကိုယ်ခန္ဓာ တပိုင်းတစမှ အပ တကိုယ်လုံးကို အဝတ်နှင့် လွှမ်း၍ ကိုယ်ဟန်ပြထားကြသည်။
“ဒီဓာတ်ပုံတွေက ကိုရမ်မှာ ရောင်ပြန်ဟပ်ထားသလို ရိုးရှင်းမှုနဲ့ ဂုဏ်သိက္ခာရဲ့ သဘောတရားကို ဖော်ပြထားပါတယ်။ စကားလုံးတွေကို သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ အမျိုးသမီး အဝတ်အစားရဲ့ ဓလေ့ထုံးစံ အပေါ် လူတွေရဲ့ အလေးပေးမှုကို ကျမက ပြန်ချိန်ညှိချင်တယ်။”
အမ်ပန်နီး ဆာတိုး၏ စိတ်ဝင်စားစရာ ဓာတ်ပုံ စုစည်းမှုက ထိုင်းနိုင်ငံ တောင်ပိုင်း၏ ထိပ်တန်း ယဉ်ကျေးမှုဆိုင်ရာ နေရာများထဲမှ တခုဖြစ်သည့် ပတ္တနီ အတ်စပေ့စ် Patani Artspace တွင် ပြသထားသည်။ ပုဂ္ဂလိကပိုင် အနုပညာပြခန်းတခု ဖြစ်သည့် Patani Artspace က ဂျဟတ်ဘ်ဂျူးလိုး ဂျာဆော်ဟိုး Jehabdulloh Jehsorhoh နှင့် မူဟာမတ်စူရီယီ မာဆူး Muhammadsuriyee Masu တို့ကဲ့သို့သော ဒေသတွင်းမှ အကောင်းဆုံး ခေတ်ပြိုင် အနုပညာရှင်များ၏ လက်ရာများကို ပြသသည့်နေရာ တခု ဖြစ်သည်။
“အမျိုးသမီးတိုင်းက သူတို့ကိုယ်သူတို့ ဟိဂျပ် hijab (ခေါင်းစည်းပုဝါ) နဲ့ပဲ ဖုံးဖို့ ရွေးချယ်ကြတာ မဟုတ်ပါဘူး။ တောင်ပိုင်းက အမျိုးသမီး အများစုက ဘူခါ burka (မျက်လုံးမှ အပ တကိုယ်လုံးဖုံးသည့် ဝတ်စုံ) ကို ဝတ်ကြတယ်” ဟု ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များ ဖြစ်သည့် ပတ္တနီ၊ ယာလာ၊ နာရာသီဝပ် Narathiwat နှင့် ဆောင်ခလာ့ Songkhla တို့ကို ရည်ညွှန်း၍ ပြောသည်။ တောင်ပိုင်း အကျဆုံးဖြစ်သည့် ပတ္တနီ၊ ယာလာ နှင့် နာရာသီဝပ် တို့ကို တောင်ပိုင်းဟု သတ်မှတ်ပြီး ဒေသရှိ လူဦးရေ ၈၀ ရာခိုင်နှုန်း ကျော်မှာ မွတ်ဆလင်များ ဖြစ်ကြသည်။
ပတ္တနီ ခရိုင်မှ ယလန်း Yarang မြို့နယ်တွင် မွေးဖွားခဲ့သော အမ်ပန်နီး ဆာတိုးက ဓာတ်ပုံပညာ လေ့လာလိုက်စားခြင်းကို အိမ်မှ စတင်ခဲ့သည်။ “အထက်တန်းတက်တုန်းက ကျမ မိသားစုကို ဓာတ်ပုံရိုက်တယ်။ အပျော်သက်သက်ပါပဲ။”
အသက် ၁၉ နှစ်တွင် ဓာတ်ပုံပညာသင်ယူရန် အတွက် ဘန်ကောက်မှ လန်းစစ် Rangsit တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ယခုအခါတွင်လည်း ဘန်ကောက်တွင် နေထိုင်၍ ပညာသင်နေသည်။ “ကျမဘဝမှာ တခြား အသက်မွေးဝမ်းကျောင်း အစီအစဉ် မရှိဘူး။ ဓာတ်ပုံပညာကို အမြဲတမ်း မြတ်နိုးခဲ့ပါတယ်။”
၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် ဆောင်ခလာ့ အစိတ်အပိုင်း အချို့တွင် National Revolutionary Front (BRN) စစ်သွေးကြွအဖွဲ့နှင့် ထိုင်းအစိုးရကြားမှ ပဋိပက္ခ မြင့်တက်လာသည့် အချိန်တွင် အမ်ပန်နီး ဆာတိုးက ဓာတ်ပုံပညာ ဆက်လက်လေ့လာရန် ပြင်သစ်သို့ သွားခဲ့သည်။
“အားလေးစ် Arles (ပြင်သစ်တောင်ပိုင်းမြို့) မှာပါ။ အဲဒီမှာ ကျမ ဟိဂျပ် စ ဝတ်ပါတယ်။ ခွဲခြားခံရတဲ့ ခံစားမှုက ဘယ်လိုလဲဆိုတာ ကိုယ်တိုင်မြင်တွေ့ဖို့ ကျမက ကြိုးစားခဲ့ပါတယ်။” အဲဒီအချိန် သမ္မတ နီကိုလတ် ဆာကိုဇီ Nicolas Sarkozy က ဘူခါ နှင့် မျက်နှာဖုံးများကို ကြိုဆိုမည် မဟုတ်ကြောင်း ကြေညာထားခဲ့သည်။
“ဘာတွေ ဖြစ်နေသလဲဆိုတာကို ကျမ မယုံနိုင်ခဲ့ဘူး။ လက်မခံနိုင်စရာလို့ ခံစားရတယ်။”
ပြင်သစ် မွတ်ဆလင် အမျိုးသမီးများ ရင်ဆိုင်ရသည့် အခက်အခဲများကို သတိပြုမိပြီးနောက် သူ၏ တိုင်းပြည် ထိုင်းနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော ပဋိပက္ခများ၏ နောက်ဆက်တွဲတခု အနေဖြင့် အမျိုးသမီးများ ရင်ဆိုင်နေရသည့် နစ်နာမှုများ ဘက်သို့ အမ်ပန်နီး ဆာတိုး ပြောင်းလဲ အာရုံစိုက်မိခဲ့သည်။
“ပြင်သစ်ကို မသွားခင်က ဒေသခံ အမျိုးသမီးတွေကို ကျမ ဓာတ်ပုံရိုက်ခဲ့တယ်။ ဒါပေမယ့် အခု ဒီက ပဋိပက္ခမှာ သူတို့ရဲ့ ဇာတ်ကြောင်းတွေကို ပြောပြဖို့ ကျမ ပိုပြီး လုပ်ချင်တယ်။ အထူးသဖြင့် ဟိဂျပ်၊ ဘူခါ သို့မဟုတ် မျက်နှာဖုံး ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေအတွက် ဖြစ်ပါတယ်။ သူတို့ရဲ့ ယောက်ျားတွေကို စစ်တပ်က သတ်သွားတဲ့ အချိန်မှာ အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ မုဆိုးမတွေ အကြောင်းကို ဖော်ပြချင်လာတယ်။”
၂၀၀၁ ခုနှစ်မှ စ၍ တောင်ပိုင်းနှင့် ဆောင်ခလာ့ အစိတ်အပိုင်းများတွင် မုဆိုးမ ဖြစ်ခဲ့ရသော အမျိုးသမီး အနည်းဆုံး ၃၀၀၀ ရှိပါသည်။ “သူတို့က ကလေးတွေကို တယောက်ထဲ စောင့်ရှောက်ခဲ့ရတယ်။ အဲဒါက ခက်ခဲပါတယ်။”
အမှန်တွင် “ခက်ခဲသည်”ဟု ဆိုခြင်းမှာ အကြမ်းဖက်မှုများက ချန်ထားခဲ့သော တုန်လှုပ်ခြောက်ခြားဖွယ်များကို လျှော့ပေါ့၍ သရုပ်ဖော်ခြင်းတခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် စစ်တပ်နှင့် ရဲအဖွဲ့တို့က နာရာသီဝပ်မှ တဂ်ဘိုင် Tak Bai မြို့နယ်တွင် ဆန္ဒပြသူ ၇ ဦး ကို ပစ်သတ်ခဲ့ကြသည်။ လူ ၇၈ ဦးကို ဖမ်းဆီးထိန်းသိမ်း၍ တိရိစ္ဆာန် အသေကောင်များသဖွယ် ထရပ်ကားများပေါ်တွင် လူမဆန်စွာ စုပြုထည့်သွင်းခဲ့ကြသည်။ တယောက်မှ အသက်မရှင်ခဲ့ကြပါ။ အဖမ်းခံရသူများမှာ အသက်ရှုကြပ်၍ သို့မဟုတ် လူပိမိ၍ ကျိုးပဲ့သေဆုံးခဲ့ကြရသည်။
သို့သော်လည်း အမ်ပန်နီး ဆာတိုး၏ လက်ရာအများစုက လိင်ကွဲပြားမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ပဋိပက္ခများမှ တဆင့် စရိုက်လက္ခဏာကို ဖော်ထုတ်ရင်း ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်များ အလွန်မှ သူတို့၏ အဓိပ္ပါယ် ထူးခြားမှုကို ဖော်ပြနေသည်။
“ကျမရဲ့ လက်ရာတွေ အထူးသဖြင့် နောက်ဆုံးတခုက ဒေသတွင်း အတွေ့အကြုံကိုပဲ ပြောတာ မဟုတ်ပါဘူး။ ကျမရဲ့ အနုပညာက အားလုံး နဲ့ သက်ဆိုင်ပါတယ်။ အဝတ်အောက်က ထိုင်းအမျိုးသမီးတယောက် သက်သက် ပဲ မဟုတ်ပါဘူး။”
သူ့ဓာတ်ပုံပြပွဲ ဖွင့်လှစ်၍ ရက်ပေါင်းများစွာ ကြာခဲ့ပြီးနောက် အမ်ပန်နီး ဆာတိုး ဘန်ကောက်သို့ ပြန်ရောက်လာသည်။ တောင်ပိုင်းနှင့်မတူ ပြည့်ကျပ် ဆူညံနေသော လမ်းများ၏ ယောက်ယက်ခတ် လှုပ်ရှားနေမှုများကို ကားပြတင်းပေါက်မှ နေ၍ သတိထားမိသည်။ “ဒီနားမှာ ပတ္တနီ အစားအစာတွေ ရတဲ့ စားသောက် ဆိုင်တခု ရှိတယ်” ဟု သူက နွေးထွေးစွာ ညွှန်ပြသည်။
နိုင်ငံ၊ ဘာသာစကားနှင့် အသားအရောင် အမျိုးမျိုးသော မွတ်ဆလင် အမျိုးသမီးများ ဖိနှိပ်မှု ပုံစံ တမျိုးမဟုတ် တမျိုးနှင့် ရင်ဆိုင်နေရသည့် ကမ္ဘာတွင် တူညီသော ဘာသာစကားတခုကို အနုပညာတွင် ရှာဖွေရခြင်းက အရေးကြီးလေ့ရှိပါသည်။ တစုံတယောက်က အကြမ်းဖက်မှုနှင့် ဝမ်းနည်းစရာများကို ကျော်ဖြတ်ပြီး စိတ်ဓာတ် ဆက်လက်ကြံံ့ခိုင်နေဖို့ အတွက်ဆိုလျှင် ပြောရန်ပင် လိုမည် မဟုတ်ပါ။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)