၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်၊ လူမသမာတစု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ မြန်မာ့ ခေါင်းဆောင်ကြီးများ ကျဆုံးသောနေ့ကို မေ့မရသကဲ့သို့ ကျနော့်အဖို့ သက္ကရာဇ် ၁၂၂၈ ခု ဒုတိယဝါဆို လပြည့်ကျော် ၇ ရက် ကြာသပတေးနေ့ (၂၊ ၈၊ ၁၈၆၆) နေ့ နှစ်ချက်တီးခန့် အချိန်၊ မန္တလေး တောင်ခြေ နန်းမြေဘုံသာ စံနန်းတော် လွှတ်တော်အနီး တဲကြီးတွင် အိမ်ရှေ့ကနောင်မင်းနှင့်တကွ မြန်မာ မှူးကြီးမတ်ကြီး အချို့ အား မြင်ကွန်းစားနှင့် မြင်းခုံတိုင်စားတို့ လုပ်ကြံသော နေ့ကိုလည်း မေ့၍ မရနိုင်ပါ။
နန်းမြေဘုံသာ စံနန်းတော်၏ ပုံ၊ လွှတ်တော်၏ ပုံ၊ မြင်ကွန်းမင်းသား၏ ဝင်းပုံများပါသော ရှေးဟောင်း မြေပုံတခုကို မန္တလေးမြို့ ပုဂံအတွင်းဝန်မင်း ကျောင်းတိုက် ဆရာတော် ဦးပညာဝံသထံမှ တွေ့ရှိ လေ့လာခွင့် ရရှိသောအခါ၊ ထိုနေ့ ထိုရက်က ဖြစ်ပျက်ခဲ့ပုံများကို မျက်ဝါးထင်ထင်မြင်ရဘိသကဲ့သို့ ထင်မြင်လာပါသည်။
ကနောင်မင်းသား ကျဆုံးသောနေရာ အတိအကျကို မြေပုံအရ မန္တလေးတောင်ခြေသို့ ကွင်းဆင်း သုတေသန ရှာမှီးခဲ့ သည်။
လွှတ်တော်ဝင်း နေရာသည် မန္တလေး တောင်ခြေ၊ ရွှေနန်းတော် ကျောင်းများရှိရာ၏ တောင်ဘက်၊ ယခု ရွာသာယာ ဟူ၍ လည်းခေါ်သော အကွက်အမှတ် ၅၄ စီဝိုင် ၉ နေရာဖြစ်သည်။ လွှတ်တော်၏ မြောက်တွင် မြင်ကွန်းမင်းသား ဝင်း ရှိ၍ အနောက်တွင် မယ်တော်ဘုရား ဝင်းရှိသည်။
နန်းမြေဘုံသာ စံနန်းတော် နေရာသည်ကား ယခု စန္ဒာမုနိဘုရား တည်ထားသောနေရာဖြစ်၍ ထိုစံနန်းတော်၏ တောင် ဘက်တွင် နန်းမတော် ဘုရားဝင်း၊ မြောက်နန်းတော် ဘုရားဝင်း၊ အနောက်နန်းတော် ဘုရားဝင်းဟူ၍ အရှေ့-အနောက် စဉ်လျက်ရှိသည်။
ကနောင်မင်းသား ကျဆုံးသော နေရာမှာ ကုန်းဘောင် ရာဇာဝင်ကြီး အလိုအရ “လွှတ်တော် တောင်လှေကား အနီး မြင်ကွန်းစား လူ ငဖြူသီး လုပ်ကြံ၍ နတ်ရွာစံသည်” ဟု ဖော်ပြထားသည်။
ထို့နောက် သက္ကရာဇ် ၁၂၂၈ ခု ဒုတိယဝါဆို လပြည့်ကျော် ၉ ရက်နေ့ အိမ်ရှေ့မင်း အလောင်းကို နန်းမြေဘုံသာ စံနန်း တော် ဆောင်မတွင် ခေါင်းသွင်း၍ ထီးဖြူဝဲယာ လေးစင်းစီ အဆောင်အရွက် အစောင့်အနေများနှင့် ခင်းကျင်းထား သည်။
သက္ကရာဇ် ၁၂၂၉ ခု နယုန်လဆန်း ၅ ရက်နေ့ နန်းမြေဘုံသာ စံနန်းတော်ဆောင်မကို ဖျက်သိမ်း၍ အိမ်ရှေ့မင်း အလောင်း သဂြိုဟ်ရန် အုတ်ဂူ၊ ယင်းအနီး မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ သဂြိုဟ်ရန် အုတ်ဂူ တည်ပြီးလျှင် ယင်းဂူများတွင် အိမ်ရှေ့မင်း အလောင်း၊ မင်းသားများ အလောင်းကို ခေါင်းနှင့်တကွ ဝန်ထောက် စာရေး ကြီး လွှတ်တော်အဇာရှိ မှူးမတ်တော် မင်းဆွေမင်းမျိုးတို့ ကြပ်မတ်၍ သွင်းထားရသည်။
ယင်းသို့ ဂူအရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိဘုရား ကိန်းဝပ်ရန် ပလ္လင်ခံ၍ တည်သည်။ အုတ်ဂူများအပေါ် အုတ်ရိုး စေတီ တည်ထားသည်။
ဤကား ကနောင်မင်းသား ကျဆုံးရာနှင့် သဂြိုဟ်ရာ နေရာများ သုတေသန လာရောက်ပြုသူများနှင့် အချို့သော ပုဂ္ဂိုလ် များသည် ကနောင်မင်းသားတို့အား လုပ်ကြံသည်ကို အုတ်မြို့ရိုးအတွင်းရှိ လွှတ်တော်နှင့် နန်းတော်ကြီးမှာ ဟု အထင် ရှိတတ်လေသည်။
မင်းတုန်း မင်းတရားကြီးသည် သက္ကရာဇ် ၁၂၂၄ ခု နှောင်းတန်ခူး လပြည့်ကျော် ၅ ရက်နေ့မှ စ၍ နန်းမြေဘုံသာ စံနန်း တော်သို့ ထွက်၍နေသည်။ ဗေဒင်ကြောင့်သာ ပြင်ပထွက်နေသည်ဟု ယူဆရန် မရှိချေ။
မင်းတုန်းမင်းကြီး၏ လုပ်ငန်းများသည်ကား မန္တလေးတောင်နှင့် တောင်ခြေတဝိုက်မှာသာ ရှိနေသည်။ ခုနစ်ဌာန အပါ အဝင် ကုသိုလ်တော်ကြီး ဘုရား၊ အတုမရှိ ကျောင်းတော်ကြီး၊ ပိဋကတ်တိုက်၊ ပဋ္ဌာန်းသိမ်တော်၊ သုဓမ္မာဇရပ်များ ဆောက်လုပ်ဆဲဖြစ်သည်။
ထို့အနီး၌ ကျောက်တော်ကြီး ဘုရား ထုလုပ်နေသည်။ စံကျောင်းတော် ဆောက်နေသည်။ မန္တလေး တောင်ပေါ် ဘုရား (အနော်ရထာ၏ ဆုတောင်းပြည့်) နှင့် ဗျာဒိတ်ညွှန်း ရုပ်ပွားတော်ကြီးများ၊ စောင်းတန်းများ ဆောက်လုပ်နေသည်။
ဤသို့ နည်းဖြင့် ရန်ကင်းတောင်ခြေ သွား၍ မြို့သာကုန်း အရပ်တွင် ယာယီစံနန်း ဆောက်ကာ ကုသိုလ်တော် ကျောက် စေတီကြီး တည်ရန် စီစဉ်ခဲ့သေးကြောင်း မှတ်သားရလေသည်။
မင်းတုန်းမင်းသည် ၁၂၂၈ ခု ဒုတိယဝါဆို လပြည့်ကျော် ၇ ရက်နေ့တွင် ပွဲတော်ဆောင်မှ သားတော် မက္ခရာ မင်းသား၊ အနောက်ဝန် ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့စား၊ ဘုန်းတော်ဖြစ် သေနတ်ဗိုလ် ကိုယ်ရံတော်၊ စားတော်ကွမ်း၊ ရေ ထီး ဓား လက်စွဲ ရုံးမိသမျှ လူ ၄၀ ကျော် ၅၀ ခန့် နန်းမတော် မိဖုရားခေါင်ကြီး၊ မင်းမိဖုရား သားတော် သမီးတော်တို့ပါ စံနန်းတော် အနောက်တံခါးသို့ ထွက်လာကြသည်။
ဝင်းတော်ပြင် ရောက်ရာ မြင်ကွန်း၊ မြင်းခုံတိုင် စားတို့က လုပ်ကြံရန် အစောင့်ထားသူ ငပိုက်ကြီးကို တွေ့ကြသည်။ ငပိုက်ကြီး မလုပ်ကြံဝံ့၍ မင်းတုန်းမင်းအား ထမ်း၍ မြင်းရှိရာသို့ ပို့လျှင် မင်းတုန်းမင်းလည်း မြို့မြောက် မျက်မန်းဦး တံခါးမှ ရွှေနန်းတော် သို့ ဝင်လေသည်။
ထိုနေ့ထိုရက်က မြင်ကွန်း၊ မြင်းခုံတိုင်တို့ အရေးတော်ပုံကို မန္တလေးတောင် အရှေ့ သီလရှင်ဆရာ မယ်ကင်းချောင်မှ ဆီး၍ ကြည့်ပါလျှင် နန်းတော်သူ နန်းတော်သားများ သတ်ကြ၊ ခုတ်ကြ၊ ပြေးကြ၊ လွှားကြသည်များကို အတိုင်းသား မြင်ရနိုင်လေသည်။
မြင်ကွန်း၊ မြင်းခုံတိုင် စားတို့သည် ထိုနေ့ထိုရက်၌ နန်းမြေဘုံသာ စံနန်းတော် တောင်နေ အိမ်ဝင်းက လူဆိုးလူသွမ်း တို့ကို ပေါင်းသင်းစုရုံး စည်းကြပ် အရက်သေစာ တိုက်လျက် ရှိသည်။
တဖန် ရွှေမြို့တော်ကြီး တောင်မျက်နှာ ဟော်ကုန်းအရပ်မှ မီးထင်း ရှို့ပြ၍ လူ ၄၀ ကျော် ၅၀ ခန့် ဓားလွတ်ကိုယ်စေ့နှင့် မြင်ကွန်း မြင်းခုံတိုင်တို့ ဦးစီးကာ နန်းတော်၊ လွှတ်တော်များဆီကို ဝင်လာကြသည်။
အိမ်ရှေ့ ကနောင်မင်းသည် လွှတ်တော်၌တက်ရာ လက်သုံးတော် ဓား၊ လှံ၊ သေနတ်မှစ၍ နောက်ပါ ကျွန်တော်မျိုး များ ကို စံနန်းတော်ဝင်းပြင် အုတ်ဇရပ်မှာ ထားခဲ့ရလေသည်။ ရှောင်တခင်ဖြစ်၍ တဲကြီးက ဆင်းသွားသည်တွင် လွှတ်တော် တောင်လှေကား အနီး၌ ငဖြူသီး လုပ်ကြံ၍ နတ်ရွာစံသည်။
မြတောင်မြို့စား သေနတ်ဝန်ကြီးလည်း သူပုန်တို့ ဓားချက်နှင့် ဆုံးသည်။ လောင်းရှည်မြို့စား ဝန်ကြီး၊ လက်ဝဲဝင်းမှူး မြေဒူးမြို့စား လယ်ဝန်သံတော်ဆင့်၊ နားခံ ငပြားကြီး၊ ငရနဲခေါ် သန္တီ နှစ်မြို့အုပ်တို့နှင့် လူအများမှာ သူပုန်တို့ ဓားထိ ခြင်း ခံရသည်။
ဝန်ထောက်မြို့သစ်မြို့စား မိုးနဲ ဗိုလ်မှူး၊ ဝန်ထောက် ပုပ္ပားမြို့စား၊ ကျောက်ရဲမြို့စား၊ မြို့ဝန်၊ မြို့သာ မြို့စား၊မြို့ဝန်၊ သစ်တောဝန်၊ ကျီဝန်၊ ဆင်ဝန်၊ ပင်းတလဲဝန်၊ တောင်ငူရမည်သင်း နှစ်မြို့ဝန် တို့မှစ၍ မှူးတော်မတ်တော် တို့လည်း ကိုယ်လွတ်ရှောင်ရှား ထွက်ပြေးကြသည်။
သားတော် မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသား တို့ကိုလည်း အိမ်ရှေ့မင်း အမိန့်တော်နှင့်ဆို၍ ထင်ယောင် ထင်မှား ပြုလုပ် လူစေလွှတ်ခေါ်ပြီး စံနန်းတော် လက်ယာဝင်း တံခါးပြင်၌ လုပ်ကြံ အသတ်ခံရသည်။
သူပုန်လူ ၄၀ ကျော်နှင့် မြင်ကွန်းစား၊ မြင်းခုံတိုင်စားတို့လည်း တံခါးနီက အတင်းဝင်ပြီး “နန်းမြေဘုံသာ စံနန်းတော်” သို့ တက်ကြသည်။ ရှေ့ဝင်းမှူး သူရဲဝန်၊ တောင်ဒဝယ်ဗိုလ်၊ ကင်းဝန်တို့လည်း ခုခံကြရာ စံနန်းတော်ထက် ဦးလည်ပြန် သွေးသံတချင်းနှင့် သေဆုံးကြသည်။
ကနောင်မင်းသား၏ ကျေးကျွန်များလည်း သူတို့၏ သခင်ကို အနှံ့ရှာဖွေရန် စံနန်းတော်တံခါးမှ ဝင်လာကြရာ၊ မြင်ကွန်း မင်းသားနှင့် သူပုန်တို့လည်း ထွက်ပြေးကာ ကျုံးအတွင်း ရွှေမြို့တော် ဦးထိပ်တံခါးကို ဖွင့်၍ ရွေးတော်ယူ တံခါးကို ဖောက်ကြ ပြန်သည်။
ထိုမှတဆင့် သစ်တပ်တွင်းသို့ ဝင်ရောက်နိုင်ပြီး နန်းမြို့တွင်း လွှတ်တော်တွင် ရှိနေကြသော မကွေးမြို့စား ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှသီဟသူ၊ ဝန်ထောက် ကျောက်ရဲမြို့စား မင်းကြီးမင်းခေါင် မဟာသီဟသူ၊ ဝန်ထောက် အသည်ဝန် မဟာသီဟသူရ တို့လည်း ဖမ်းမိကာ ချည်နှောင် ခံနေကြရသည်။
သူပုန်တို့ တံခါးနီတော်ကို ပွင့်အောင် ကြိုးစားသော်လည်း မရ။ မင်းတုန်း မင်းတရားကြီးလည်း “ငါ့ကို ရန်မပြုနှင့်” ဟူ သော အမိန့်တော် စာပုရပိုက်ကို ပဝါနီ ရစ်ပတ်ပြီး မြင်ကွန်း၊ မြင်းခုံတိုင်စားတို့ မယ်တော် တောင်ရွှေရေး မိဖုရားအား သွားရောက် ပေးစေသည်။
မြင်ကွန်း သူပုန်တို့စီးထားသော လွှတ်တော်သို့ အိမ်ရှေ့မှုထမ်းများက ဝင်ရောက် တိုက်ပြန်ရာ၊ မြင်ကွန်းစား ညီအစ်ကို နှင့် သူပုန်တပ်ကို မရပ်မနေနိုင်။ သူပုန်တို့ သေကျေပျက်စီးကာ ထွက်ပြေးရလေသည်။ တဖန် နန်းတော် အနောက် တံခါး သို့ လာ၍ တိုက်ခိုက်ပြန်ရာတွင်လည်း သေကျေ ပျက်စီးများ၍ ရွှေမြို့တော် တောင်မျက်နှာ ရန်နည်းတံခါးက ထွက် ၍ ဧရာဝတီမြစ် ဆိပ်ကမ်းတွင် ဆိုက်ထားသော “ရေနန်းစကြာ” မင်းသင်္ဘောကို ယူပြီး စုန်ဆင်း ပြေးကြ လေတော့ သည်။
ဤသို့ မမေ့နိုင်သော ၁၂၂၈ ခု အရေးတော်သည်ကား မည်သို့သော သူများ၏ ပယောဂကြောင့် ဖြစ်ရပါသနည်း။ အခါပေး ဦးပုညကြောင့်ချည်းကား ဗေဒင်နှင့် ဆက်စပ် တွေးနေ၍ မဖြစ်တော့ချေ။
၁၉၄၇ ခု ဗိုလ်ချုပ် အောင်ဆန်းတို့၏ လုပ်ကြံမှုကို ဖန်တီးသူတို့ကား မည်သူတို့နည်း။ နယ်ချဲ့၏ ပယောဂ ဖြစ်ကြောင်း အထင်အရှား တွေ့ခဲ့ကြပြီ။
၁၂၂၈ ခုနှစ်အတွင်း မန္တလေး နန်းတွင်းရေး၌ ဆာ အာသာဖယ်ရာ တို့သည် အောက်မြန်မာပြည် ရန်ကုန်မြို့မှ မည်မျှ စက်ပုန်း ခုတ်၍ ကြံစည်နေကြပေမည်နည်း။ ဒေါက်တာ ဝီလျံတို့လည်း မန္တလေးတွင် ရောက်လျက် ရှိလေပြီ။ နောက်ပိုင်း ၌ မြင်ကွန်းနှင့် မြင်းခုံတိုင်စားတို့အား အင်္ဂလိပ်တို့ ကူညီနေပုံများကို တွေ့ရခြင်းပင် နယ်ချဲ့၏ ပယောဂ မကင်းနိုင် ပုံကို ရိပ်စားဖွယ် ရှိလေသည်။
အိမ်ရှေ့ ကနောင် မင်းသားကြီး၏ စွမ်းရည်များကိုကား မချဲ့ပြီ။ ထိုစဉ်က အိမ်ရှေ့ ကနောင်မင်းသား ကျဆုံးသည့် အတွက် မြန်မာများ ဆုံးရှုံး နစ်နာခဲ့ရဘိသို့ ဗိုလ်ချုပ်တို့ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ ကျဆုံးသည်မှာ မြန်မာ့အတွက် ဆုံးရှုံးနစ်နာခဲ့ရသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ချီတက်ရာ နယ်ချဲ့ကို သတိပြုရာသည်။ ။
ဤဆောင်းပါးကို ရာပြည့် စာအုပ်တိုက်က ထုတ်ဝေသော ဦးမောင်မောင်တင် (မဟာဝိဇ္ဖာ) ရေးသား ပြုစုသည့် “မြန်မာမင်း လက်ထက်တော် စာတမ်းများ”စာအုပ်မှ ကူးယူ ဖော်ပြပါသည်။